သူတို့အာဘော် မောင်မောင်စိုး

မောင်မောင်စိုး – အလံရှူး တသိုက်နှင့် ဆက်မိုက်ကြဦးမှာလား

 
မောင်မောင်စိုး – အလံရှူး တသိုက်နှင့် ဆက်မိုက်ကြဦးမှာလား
(မိုးမခ) နိုဝင်ဘာ ၁၉ ၊ ၂၀၁၅
 
အလံရှူး

ပွဲတပွဲ ဖြစ်မြောက်အောင် ကြံစည်ကြရာဝယ် ကိုယ်လူ သူ့ဘက်သားလုပ်၍ ပွဲစည်အောင်လုပ်ပေးသူများကို အလံရှူးဟု ခေါ်ပါသည်။

ညောင်နှစ်ပင်

 
၁၉၉၃ လောက်က မြစ်ဝကျွန်းပေါ်ဒေသ နယ်မြို့လေးတမြို့သို့ ရှိနေအိမ်တတအိမ်သို့ ထိုစဉ်က တန်ခိုးထွားနေသော စစ်ထောက် လှမ်းမှ ရောက်ရှိလာရာ အိမ်သားများ အထိတ်တလန့်ဖြစ်ကြ ရသည်။စစ်ထောက်လှမ်းရာက ၎င်းအိမ်မှ သားဖြစ်သူအား အိပ်ယာလိပ်ယူ၍ လိုက်ခဲ့ရန်လာခေါ်သည်။ အကျိုးအကြောင်း မသိရ။ အထက်အမိန့်အရဟုဆိုသည်။အခေါ်ခံရသည့် လူငယ်မှာ ဘွဲ့ရလူငယ်တစ်ဦးဖြစ်သော်လည်း မိဘ လယ်ငုတ် လယ်ယာ လုပ်ငန်းအားဆက်လက်လုပ်ကိုင်ပြီး စပါးအရောင်းအဝယ် လုပ်နေသော လူငယ်ဖြစ်သည်။ ဤသို့ဖြင့် ထိုလူငယ်လည်း ထောက်လှမ်းရေးခေါ်ဆောင်ရာ သို့ လိုက်ပါခဲ့ရသည်။ စပါးရောင်းဝယ်မှုနှင့် ညိ၍ လော အဘယ်အမှုနှင့်ညှိ၍လော သို့လော သို့လောနှင့် စစ်ထောက်လှမ်းရေးခေါ်ဆောင်ရာ ပါလာသော လူငယ်သည် ပုသိမ်ရောက်မှ ညောင်နှစ်ပင် အမျိုးသားညီလာခံတွင် တောင်သူလယ်သမားကိုယ်စားလည် အဖြစ် တက်ရောက်ရန် ရွေးချယ်ထားခြင်းဖြစ်၍ ခေါ်ဆောင်ခြင်းဖြစ်ကြောင်း အံ့သြစွာသိလိုက်ရသည်။
 
၁၉၉၃ တွင်စတင်ခဲ့သော အမျိုးသားညီလာခံဟုဆိုသည့် ညောင်နှစ်ပင်ညီလာခံသည်။ ၁၉၉၀ရွေးကောက်ပွဲရလဒ်ကို ဆန့်ကျင်မှုပြုရာမှပေါ်လာခြင်းဖြစ်သည်။ လွှတ်တော်ခေါ်ပေးရ မည့်အစားလူတန်းစား လူ့အလွှာအသီးသီး အဖွဲ့စည်းအသီးသီး၏ သဘောထားအမြင်များကို ရယူရမည်ဟူသော အကြောင်းပြချက်ဖြင့် အလုပ်သမား လယ်သမား တိုင်းရင်းသား ရုပ်ရှင် သဘင် စီးပွါးရေးသမားစသည့် မိမိစိတ်ကြိုက် ကိုယ်စားလည် များကိုရွေးချယ်ပြီး ထိုလူအများစုကြီး၏သဘောထားကို ရယူ ပါသည်ဟူသော လေသံပစ်၍ ညောင်နှစ်ပင် ညီလာခံကြီးကို ကျင်းပခဲ့ပြီး ၂၀၀၈ အခြေခံဥပဒေဆိုသည်ကို အတည်ပြု ရေးဆွဲခဲ့သည်။
 
ရွေးကောက်ပွဲ ရွေးကောက်တင်မြှောက်လိုက်သော အမတ်များ ပစ်ပယ်၍ ဤသို့လုပ်ဆောင်ခြင်းသည် လူထုအများစု၏ သဘောထားကို ပစ်ပယ်လိုက်ခြင်းလည်းဖြစ်သည်။ မိမိ၏ အလံရှူးတသိုက်နှင့် အတည်ပြုလိုက်၍ ယနေ့အထိ တိုင်းပြည်ပြသနာသည် ပြေလည်မှုမရခဲ့ပေ။ ယနေ့တိုင် မြန်မာပြည်နိုင်ငံရေး မငြိမ်မသက်ဖြစ်ပြီး ဖွဲ့စည်းအုပ်ချုပ်ပုံဥပဒေဆိုင်ရာ အကြပ်အတည်း တွေ့နေရခြင်းသည်လူထုဆန္ဒမပါဘဲ အလံရှူးတသိုက်နှင့် မိမိသဘောအတိုင်းလုပ်ခဲ့ကြ၍ ဖြစ်သည်။
 
အကူးအပြောင်းကာလ အလံရှူး
 
လက်ရှိအချိန်တွင် အာဏာရပြည်ခိုင်ဖြိုးပါတီရွေးကောက်ပွဲတွင် ခွက်ခွက်လန်ရှုံးနိမ့်ပြီး နောက်အစိုးရသစ်အား အာဏာလွှဲ ပြောင်းပေးရမည့်အချိန်တွင်လည်း ညောင်နှစ်ပင်ကကွက် ပြန်ပွဲထုတ်လာသည်ကိုတွေ့ရသည်။ သို့သော် ပုံစံတော့အနည်းငယ်ကွာသည်။
 
၁၉၉၀ တုန်းကတော့ ရွေးကောက်ပွဲဝင်၍အမတ်အရွေးမခံရ သည့် ပါတီများကိုဖျက်သိမ်းသည်။ ညောင်နှစ်ပင်အတွက် ကိုယ်စားလည်များကို အလွှာအသီးသီကဆိုပြီး စိတ်ကြိုက်ရွေးချယ်ခဲ့သည်။ ယခု ၂၀၁၀ မှာ ပါတီများကို ဖေါဖေါသီသီဖွဲ့ခွင့်ပေးသည်။ အမတ်တနေရာမှ အရွေးမခံလည်းရပ်တည်ခွင့်ပေးထားသည်။ ဤသို့ဖြင့် နှစ်ယောက်တပိုင်း ပါတီများ အလံရှူးပါတီများများစွာထွက်လာခဲ့သည်။ သုံးစရာပေါ်လျင် နိုင်ငံရေးပါတီအများကို ညှိနှိုင်းတိုင်ပင်သည်ဟုဆိုသည်နိုင်ငံရေးပါတီအများ၏ သဘောထားကို အလေးထားရမည်ဟုဆိုကြသည်။
 
နိုင်ငံရေးအင်အားစုများ၏ သဘောထားကို လေးစားခြင်း ညှိနှိုင်းခြင်းသည် ကောင်းမွန်သည်။ သို့သော် နိုင်ငံရေး အင်အားစုအားလုံးပါဝင်ဖို့လိုသည်ဟူသော ခေါင်းစည်းအောက် တွင် နှစ်ယောက်တပိုင်းနှင့် ဖွဲ့စည်းထားသော အလံရှူးပါတီများနှင့် ပွဲဆူအောင်လုပ်ခြင်းသည် လက်ခံနိုင်ဖွယ်ရာ မရှိပေ။ အဘယ်ကြောင့်ဆိုသော် ထိုနှစ်ယောက်တပိုင်းပါတီများကို လူထု လက်ခံခြင်းမရှိကြောင်း လူထုကိုကိုယ်စားပြုခြင်း မရှိကြောင်း

ရွေးကောက်ပွဲရလဒ်က သက်သေပြခဲ့ပြီဖြစ်သည်။ထိုနှစ်ယောက် တပိုင်းပါတီအများစုသည် အမတ်တနေရာမှ အရွေးချယ် မခံရသည့်အပြင် သိက္ခာရှိသည့် မဲအရေအတွက်ပင် ရကြသူများ မဟုတ်ပေ။

 
၂၀၁၅ ရွေးကောက်ပွဲတွင်အမျိုးသားလွှတ်တော်နှင့် ပြည်သူ လွှတ်တော်တွင် အရွေးချယ်ခံရသည့်ပါတီ ၁၂ ပါတီသာရှိသည်။ NLD နှင့်ပြည်ခိုင်ဖြိုးမှအပ ကျန် ၁၀ ပါတီသည် သက်ဆိုင်ရာ ပြည်နယ်အလိုက် တိုင်းရင်းသားပါတီများဖြစ်ကြသည်။ ရွေးကောက်ပွဲ၏ရလဒ်အရ လူထုအများစု က မည့်သည့်ပါတီကို ထောက်ခံသည် လူထုကို ကိုယ်စားပြုသည်ကို ရှင်းလင်းစွာ မြင်နိုင်သည်ဖြစ်သည်။ ထို့ပြင် ရွေးကောက်ပွဲတွင် ရှုံးနိမ့်သည် ဆိုရာတွင်လည်း လူထုကထောက်ခံမှု အတော်အတန်သင့် ရှိသည်ဆိုက သိက္ခာရှိသည့် မဲအရေအတွက် တော့ရကြသည် ဖြစ်သည်။ သို့သော် နှစ်ယောက်တပိုင်းအလံရှူးပါတီများကား သိက္ခာရှိသည့် မဲအရေအတွက်မရကြ။ ရှက်စရာကောင်းသည့် ရယ်စရာကောင်းသည့်မဲအရေအတွက်သာ ရကြသူများဖြစ်ပေသည်။
 
သို့ဖြစ်ရာ နိုင်ငံအကူးအပြောင်းတွင် လူထုအများစုကို ကိုယ်စား ပြုသူများအား အလေးမထားဘဲညောင်နှစ်ပင်တုန်းကလို အလံရှူးတသိုက်နှင့်ဆက်စခန်းသွားပါက မြန်မာနိုင်ငံရေး အကြပ် တည်းပြေလည်မည် မဟုတ်ပေ။ မြန်မာပြည်နိုင်ငံရေးအကြပ် အတည်းကို အမှန်တကယ်ပြေလည်စေချင်ပြီး တိုင်းပြည်ကို ရှေ့တန်းရောက်စေလိုလျင်လူထုအများစုကိုယ်စားပြုသူများအား မျက်မှောက်ပြုဆွေးနွေး ညှိနှိုင်းရန်လိုအပ်ပေသည်။
 
ဤသို့ဆို၍ အနဲစုသဘောထားကိုပစ်ပယ်ဘို့ဆိုလို သည် မဟုတ်ပေ။ အနဲစုသဘောထားကိုလေးစားရန်လိုအပ်သည်ဆိုသော်လည်း တန်းတူဖြစ်လိမ့်မည်မဟုတ်ပေ။ ရှင်းလင်းစွာပြောရလျင်လူ ၁၀၀ လျင် ၉၉ ယောက်အား ကိုယ်စားပြုသောပါတီကလည်း ကိုယ်စားလည်တနေရာ လူ ၁၀၀ လျင် ယောက်သာ ကိုယ်စားပြုသော ပါတီကလည်း ကိုယ်စားလည် တနေရာ ပေးသော အစည်းအဝေးမျိုးသည် တရားမျှတမှု လုံးဝမရှိချေ။ လူအများစုကို လစ်လျူရှုသော အများစုသဘောထားဆိုသည်ကို ဟန်ပြပြုလုပ်သော အယောင်ဆောင် အစည်းအဝေးမျိုးဖြစ်ပေလိမ့်မည်။ လူ ၉၉ ယောက်အား ကိုယ်စားပြုသူအားလည်း ကိုယ်စားပြုတနေရာ လူ ၁ယောက်အား ကိုယ်စားပြုတနေရာ ပေးသည်ဆိုသည် မတရားမှုကို ဖေါ်ပြခြင်း သာဖြစ်သည်။
 
၂၀၀၈ ခြေဥကိုပင် ဆန်ကျင်သော အလံရှူးများ
 
၂၀၁၅ နိုဝင်ဘာ ၁၅ ရက်နေ့က သမတ နှင့် နိုင်ငံရေးပါတီ ၈၆ ပါတီ တွေ့ဆုံပွဲတွင် လူထုထောက်ခံရွေးချယ်မှု မရှိသော ဂုဏ်သိက္ခာမဲပင် မရသော နှစ်ယောက်တပိုင်း အလံရှူးပါတီအချို့သည် လူထုက ၉၀ ရာခိုင်နှုံးကျော် အတည်ပြုထားသည်ဟု နိုင်ငံတော်ခေါင်းဆောင်ဆိုသူများက တဖွဖွပြောနေသော ၂၀၀၈ ခြေဥကိုပင် ပြောင်ပြောင်တင်းတင်းဆန်ကျင်သည်ကိုတွေ့ရသည်။
 
၂၀၁၅ ရွေးကောက်ပွဲရလဒ်အရ အနိုင်ရပါတီအား ၂၀၀၈ အခြေခံဥပဒေနှင့်အညီ အစိုးရအာဏာလွှဲပြောင်းပေးရမည့် အချိန်တွင် အာဏာသိမ်းရန်သဘောသက်ရောက်သည့် အပြောအဆိုမျိုးပြောဆိုခြင်း လက်ရှိ ရွေးကောက်ပွဲတွင် ပြည်သူလူထု လက်မခံ၍ ခွက်ခွက်လန်ရှုံးနိမ့်သွားသော အာဏာရ ပါတီဥက္ကဌအား ဆက်လက်၍ အစိုးရအဖွဲ့အားဦးဆောင်ရန် ပြောဆိုခြင်းများသည် လက်ရှိအခြေခံဥပဒေနှင့် ဖြောင့်ဖြောင့်ချည်း ဆန့်ကျင်နေပေသည်။ သို့သော် တာဝန်ရှိသူများက ထိုသို့ပြောဆိုမှုများအား တားဆီးခြင်း ဟန့်တားခြင်း ပစ်တင်ခြင်းမပြုသည်မှာ အံ့သြသင့်စရာဟုဆိုရပေမည်။
 
ဤသို့ လူအများစု၏ ထောက်ခံမှုမရှိသော အလံရှူးအချို့အား ပွဲထုတ်ခြင်းသည် ပြသနာအားပြေလည်စေခြင်းမရှိသည့်ပြင် လူအများစု၏ အမြင်နှင့် လုံးဝဆန့်ကျင်နေသဖြင့် အပြုသဘော ဆောင်သည့်ဘက်ကို ရောက်စေလိမ့်မည်မဟုတ်ပေ။
 
MPC နှင့်အလံရှူး
 
လက်ရှိတွင် UPWC နှင့် MPC တို့သည်လည်း NCA လက်မှတ် ထိုးထားသည့် အဖွဲ့များကို အခြေခံပြီး နိုင်ငံရေးမူဘောင် ဆွေးနွေးပွဲဆိုသည်ကို ကျင်းပရန်ပြင်ဆင်နေကြပေသည်။ တိုင်းရင်းသားလကနက်ကိုင်တပ်ဖွဲ့အင်အား ၈၀ % အားကိုယ်စားပြုသော တိုင်းရင်းသားအဖွဲ့များ NCA လက်မှတ်ထိုး ခြင်း နိုင်ငံရေးဆွေးနွေးပွဲတွင်ပါဝင်ခြင်း မရှိသော်လည်း ဆွေးနွေးကြမည်ဟုဆိုသည်။
 
ထိုသို့ဆွေးနွေးရာတွင် အစိုးရဖက်မှ ၁၆ ယောက် တိုင်းရင်းသားအဖွဲ့များဖက်မှ ၁၆ ယောက် နိုင်ငံရေးပါတီများမှ ၁၆ ယောက်ထည့်သွင်းမည်ဟုဆိုသည်။ ရွေးကော်တွင် မှတ်ပုံတင်ထားသည့် ပါတီ ၉၀ ကျော်ရှိနေရာ နိုင်ငံရေးပါတီကိုယ်စားလည်ရွေးရန်ခက်နေသည်ဟု MPC ဆရာများကဆိုသည်။
 
တကယ်တမ်း ၂၀၁၅ ရွေးကောက်ပွဲရလဒ်အရအမျိုးသား လွှတ်တော် နှင့်ပြည်သူ့လွှတ်တော်တွင် NLD နှင့် ကြံ့ခိုင်ရေး ပါတီနှင့် တိုင်းရင်းသား၁၀ ပါတီရှိပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်တွင် NLD နှင့် ကြံ့ခိုင်ရေး ပါတီအပြင် ပြည်နယ်အလိုက် တိုင်းရင်းသားပါတီ ၁၉ ပါတီနှင့် ဒီမိုကရက်တစ်ပါတီ တစ်ပါတီ ပေါင်း ၂၂ ပါတီသာ ရှိသည်။ ကိုယ်စားပြုမှုနှင့် လူထုထောက်ခံမှုကိုဦးစားပေးကြည့်ရန်သာလို

သည်။ လူထုထောက်ခံမှုမရှိသော ပါတီများကိုထည့်သွင်းစဉ်းစား ရန်မလိုပေ။

 
အပစ်ရပ်ရေး ငြိမ်းချမ်းလက်တွေ့ပြသနာကိုဖြေရှင်းရာတွင်  ထိုလက်နက်ကိုင်အင်အားစုများကို ကိုယ်စားပြုသူများပါရန် လိုအပ်သကဲ့သို့ မြန်မာနိုင်ငံရေးပါတီများထဲမှလည်း လူထုကို တကယ်ကိုယ်စားပြုနီိုင်သူများလည်းပါသည်။ ရွေးကောက်ပွဲရလဒ်သည် လူထုဆန္ဒသဘောထားကို ပြတ်ပြတ်သားသားဖေါ်ပြထား

သည်။

 
အနောက်တိုင်းမှ အတွေ့အကြုံများစွာရခဲ့ပြီး အနောက်တိုင်းမှ ပညာများစွာသင်ခဲ့ကြသည်ဆိုသော MPC မှ ဆရာကြီးများက ညောင်နှစ်ပင်ဆရာများ၏ နည်းနာအတိုင်း အလံရှူးများနှင့် အလုပ် လုပ်ဖို့ ထည့်သွင်းစဉ်းစားနေသည်မှာ လွန်စွာစိတ်ပျက်ဖွယ် ကောင်းလေစွဟု ဆိုရပေမည်။
 
နိဂုံး
 
လက်ရှိအစိုးရအာဏာလွှဲပြောင်းရေး အကူးအပြောင်းကာလ နှင့်ပတ်သက်၍ ဖြစ်စေ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များနှင့် ငြိမ်းချမ်းရေး နိုင်ငံရေးပြသနာ များကို ဆွေးနွေးဖြေရှင်းရာတွင် အဓိကကျသောအင်အားများ ပါဝင်ဖို့လိုသည်။ထိုအင်အားစုများ၏ ကိုယ်စားလည်များပါဖို့လိုသည်။ လူထုအများစုကို ကိုယ်စား ပြုနိုင်သူများ လူထုအများစုကထောက်ခံသူများပါဖို့ လိုသည်။


ထိုသူတို့၏ အခန်းကဏ္ဏကို အသိအမှတ်ပြုရန်လို သည်။ သို့မှသာ ပြသနာကို တကယ်တမ်းဖြေရှင်း နိုင်လိမ့်မည်။ လူထုကို ကိုယ်စားပြုခြင်း မရှိသည့် မိမိအကြိုက် မိမိလိုရာ တဖက်သတ် လိုက်ပြောပေးမည့် အလံရှူးတသိုက်နှင့် ပြသနာကို ဖြေရှင်း မရနိုင်ပေ။
 
မြန်မာ့နိုင်ငံရေးပြသနာ အကူးအပြောင်းပြသနာ အာဏာ လွှဲပြောင်းရေးပြသနာ တိုင်းရင်းသားပြသနာ ငြိမ်းချမ်းရေးပြသနာ စသည် စသည်တို့ကိုဖြေရှင်းရာတွင် အင်အားစုအသီးသီး၏ လူထုအများစု၏ ကိုယ်စားပြုသူများပါဝင်ဖြေရှင်းဖို့လိုသည်။


လူထုကိုယ်စားပြုသူများမပါဘဲ ညောင်နှစ်ပင်ကဲ့သို့ အလံရှူး တသိုက်နှင့် ကိုယ်လိုချင်သည့်ပုံအတိုင်းသာဖြေရှင်းပါက ယနေ့ကဲ့သို့ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာအကြပ်အတည်း ဆိုက်နေပြီး တိုင်းပြည်နလံထူလိမ့်မည်မဟုတ်ပေ။ အဆင်းရဲဆုံးတိုင်းပြည် လူတဦးချင်းဝင်ငွေနိမ့်ပါးသည့်တိုင်းပြည် ကျန်းမာရေးစောင့်ရှောက်မှု ကမ္ဘာမှာ အဆင့် ၁၉၀နှင့်နောက်ဆုံး တန်းကတိုင်းပြည် စသည့် စသည့်စိတ်ပျက်ဘွယ်ရာ အမှတ် တံဆိပ်များနှင့် ပြည့်နှက်နေပေလိမ့်မည်။
 
လက်ရှိအခြေအနေတွင် မြန်မာပြည်ပြသနာဖြေရှင်းရန်အတွက် မြန်မာစစ်ဖက်ခေါင်းဆောင်များနှင့် ညှိနှိုင်းရန်လိုအပ်သည်ဟု တဖက်ကအသိမှတ်ပြုသလို တဖက်ကလည်း လူထုအားအမှန်တကယ်ကိုယ်စားပြုသူများ အင်အားစုများ ကို မှန်မှန်ကန်ကန် အသိအမှတ်ပြုပြီး တွေ့ဆုံညှိနှိုင်း အလုပ်လုပ်ရန် လိုအပ်ပေသည်။ အပြန်လေးစားမှုရှိရန် အပြန်အလှန်အသိအမှတ်ပြုရန်လိုသည်။

 

 
ထိုသို့မဟုတ်ဘဲ အလံရှူးတသိုက်နှင့် အလုပ်လုပ်နေပါက တိုင်းပြည်ကောင်းဖို့ မဖြစ်နိုင်။မြန်မာနိုင်ငံရေးပြသနာမဖြေရှင်းပေ။ သို့ဖြစ်ရာ အလံရှူးတသိုက်နှင့် ဆက်မိုက်ဖို့ကြိုးစားသည်များကို လည်းပြတ်ပြတ်သားသား ဆန့်ကျင်ကြဖို့ လိုပေသည်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts