သူတို့အာဘော် ဝေဖန်ရေးရာ

ဗုဒ္ဓရဲ့ ဒီမိုကရေစီရှုဒေါင့်မှ မဟနဥက္ကဋ္ဌ ဗမော်ဆရာတော်ဘုရားကြီးသြ၀ါဒကို ဘာသာပြန်ခြင်း

ဗုဒ္ဓေါဝါဒဆရာတော်
ဒီဇင်ဘာ ၁၂၊ ၂၀၁၂
မုံရွာကြေးနီတောင် စီမံကိန်းနှင့် ပတ်သက်ပြီး သံဃာတော်များ ထိခိုက် ဒဏ်ရာများရခဲ့သည်နှင့် စပ်လျင်း၍ ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ(၈)ရက်နေ့ထုတ် ကြေးမုံသတင်းစာတွင် ပြည်ထောင်စုအစိုးရ သာသနာရေးဝန်ကြီး သူရဦးမြင့်မောင် ပြည်ထဲရေးဝန်ကြီးဌာန ဒုဝန်ကြီး ရဲချုပ်ကျော်ကျော်ထွန်းတို့ သံဃမဟာနာယကဆရာတော် ကြီးများအား ၀န်ချတောင်းပန်ခဲ့လို့ အတွင်းကအနှစ်သာရမပါစေကာမူ အမြင်ပြယုဂ်အနေနဲ့ကတော့ ကြည့်လို့ ကောင်းသွားသလိုဖြစ်ကောင်း ဖြစ်မှာပါ၊၊

“အဖျက်သမားအချို့ ဘာသာရေးကို ခုတုံးလုပ်ရုံမျှသာမက နိုင်ငံရေးအရ အမြတ်ထုတ်အသုံးချရန် စီမံချက်ချ ဆောင်ရွက်နေဆို”တဲ့ သတင်းစာပါ ခေါင်းစဉ်ကို ဖတ်ရတာဟာ ယခင်စစ်အစိုးရလက်ထက်က အကျင့်ဆိုးတွေ အတိုင်းရေးသားနေတာဟာ ယနေ့ သံဃာထုကိုဆက်လက်ပြီး စော်ကားနေတာလို့ ခံစားမိတယ်၊ဒီကနေ့ သံဃာထုရဲ့ ဆန္ဒဟာ ပြည်သူလူထုနဲ့ တစ်ထပ်တည်းဆိုတာကို တကယ်ပဲမသိတာလား မသိချင်ဟန်ဆောင်၍ လူမိုက်တွေစရိုက်မို့ စစ်အစိုးရတလျောက်ရေးခဲ့သလိုမျိုး ကြေးမုံသတင်းစာမှာ ဒီကနေ့ထိ စော်ကားတဲ့ ရေးသားမူတွေရှိနေတာဟာ သာသနာတော်ပေါ်နှင့် သံဃာများအား မထေမဲ့မြင်ပြုတာဖြစ်ပါတယ်၊၊

အဖျက်သမားဆိုတာကို စစ်အစိုးရ အဆက်ဆက်က အဓိပ္ပါယ်ဘယ်လိုဖွင့်ဆိုခဲ့လဲဆိုရင် ဒီမိုကရေစီနှင့်လူ့အခွင့် အရေး လူသားတိုင်းရဲ့ ရပိုင်ခွင့်များကို ငြိမ်းချမ်းစွာတောင်းဆိုခဲ့ကြသူများကို အဖျက်သမားရန်သူဆိုတဲ့ အတွေး အခေါ်မျိုးဖြစ်လာအောင် စစ်တပ်နဲ့ရဲဝန်ထမ်းတွေအားလုံးကို ရိုက်သွင်း ပုံထုကာ တိရစ္ဆာန်ဇတ် သွင်းပေးခဲ့ ပါတယ်၊စစ်ဗိုလ်ချုပ်ကြီးများရဲ့ လက်ချက်ကြောင့် အသက်(၅၀)ကျော်ဝန်းကျင်က စစ်တပ်နှင့်ရဲ ကြက်ခြေနီ မီးသတ်၊ ဆရာ၊ဆရာမများ၊နောက်ဆုံး သံဃမဟာနာယက၀န်ထမ်းများပါမကျန် နိုင်ငံတွင်းက ၀န်ထမ်းအားလုံး စိတ်ပိုင်းဆိုင်ရာမှာ အလွန်ပျက်ဆီးသွားခဲ့ရပါပြီ၊လူ့ဘ၀ရဲ့ သက်တမ်းတ၀က်လောက်မှားလာခဲ့တဲ့ အမှားတွေကို ဆက်တိုက် လုပ်လာခဲ့ရတဲ့ ၀မ်းထမ်းများအား ဒီကနေ့အမြင်မှန်ရအောင် Mindset မိုင်းဆက်စ် အတွေးအခေါ် အယူအဆတွေ ပြန်လည်ကောင်းမွန်ဖို့ အချိန်တိုအတွင်းမှာ ပြုပြင်ဖို့မလွယ်ပါဘူး၊၊

ဘာသာရေးကို ခုတုံးလုပ်ခဲ့တာဟာ ဘယ်သူတွေလည်းဆိုတာ အသေချာစဉ်းစားဖို့လိုပါတယ်၊နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ကြီးကို ခါးပိုက်ဆောင်တပ်သဖွယ်ထားကာ စစ်အစိုးရအဆက်ဆက်က နိုင်ငံရေးအရ မဟာဗျူဟာမြောက် ဆရာတော်ကြီးများနှင့် ဗုဒ္ဓဘာသာ၊ သာသနာတော်တခုလုံးကို ခုတုံးလုပ်ကာ အာဏာရှင် တွေက ကစားခဲ့ကြတာကို တနိုင်ငံလုံးက သံဃာထုနှင့်ပြည်သူတွေကသိနေပါတယ်၊ သူခိုးက လူပါ လူပါ အော်နေသလိုမျိုးဖြစ်နေပြီဆိုတာ သိဖို့ကောင်းပါတယ်၊လိုအပ်လာရင်  ကြည်ညိုချင်ဟန်ဆောင်ပြီး ပါးနှပ်စွာ အသုံးချ သွားခဲ့တာကို ဆရာတော်ကြီးတချို့က သိကြမယ်ထင်ပါတယ်၊သံဃနာယက အဖွဲ့ ကြီးသည် စစ်အစိုးရ လက်ထက်ကဖွဲ့ခဲ့တာမို့ ခေတ် ပြောင်း စနစ်ပြောင်း အခုလိုမျိုး ဒီမိုကရေစီစနစ်ကို အမှန်တကယ် သွားနေတယ် ဆိုရင် သံဃမဟာနယကအဖွဲ့ကြီးကို သံဃဆန္ဒနှင့်အညီ ပွင့်လင်းမြင်သာစွာနဲ့ Reform ပြုပြင် ပြောင်းလွှဲရေး လုပ်ဖို့ အရေးတကြီးလိုအပ်ပါပြီ၊၊

ဗိုလ်ချုပ်နေ၀င်း ကောင်စီပါတီခေတ်က ၁၉၈၆ ခုနှစ် အောက်တိုဘာလ(၂၀) အမိန့်ညွန်ကြားလွှာ (၇၂)ဆိုပြီး သံဃာများအပေါ်မှာ ဥပဒေထုတ်ခဲ့တာကို လက်ရှိအချိန်မှာ ပြန်လည်ပြင်စင်ဖို့လိုအပ်သလို ၁၉၉၀ ခုနှစ် အောက်တိုဘာ(၂၀)က ဗိုလ်ချုပ်စောမောင်က သံဃာများအား ဖိနှိပ်ချုပ်ချယ်တဲ့ ဥပဒေများထုတ်ခဲ့ပါတယ်၊အဲဒီ ဥပဒေတွေက အခုချိန်ထိရှိနေပါတယ်၊ ဒီလို မတရားတဲ့ ဥပဒေများကို ပြန်လည်စီစစ်ပြီး ဖျက်သင့်တာကိုဖျက် ရမယ်၊ဘုရားရှင်ရဲ့အလိုကျသာ သံဃအခြေခံစည်းမျဉ်းကို ဆွဲရမှာဖြစ်သော်လည်း စစ်အစိုးရ အလိုကျရေးစွဲခဲ့တဲ့ မတရားတဲ့ စည်းမျည်းစည်းကမ်းများကို ဖယ်ရှားရန်လိုပါတယ်၊၊

မြန်မာနိုင်ငံမှာ ရှိနေကြတဲ့ သံဃာတော်များအနေနဲ့လည်း တိုင်းပြည်မှာ လုပ်စရာတွေအများကြီးရှိနေပေမဲ့ တကယ်အရေးကြီးတဲ့ သံဃာများနဲ့ တိုက်ရိုက်သက်ဆိုင်နေတဲ့ စစ်အစိုးရအဆက်ဆက်က သံဃာများအပေါ်မှာ မတရားတဲ့ သံဃစည်းမျဉ်းများထုတ်ခဲ့တာကို ပြန်လည်သုံးသပ်ကာ သံဃာထုကြီးတခုလုံးရဲ့ ရင်ဝမှာ စိုက်နေတဲ့ လှန်နှင့် တူတဲ့ စစ်အစိုးရဥပဒေကို သံဃာအားလုံးက လိုအပ်သလို ဖျက်ခြင်း၊အသစ်ပြဋ္ဌာန်းခြင်းစတဲ့ လက်ရှိ သံဃဆန္ဒနဲ့အညီ ပြန်လည်ရေးဆွဲဖို့က အရေးကြီးပါတယ်၊ တရားဥပဒေစိုးမိုးရေးလို့ ပြောမည်ဆိုလျင် ဦးစွာ ပထမ ယင်းဥပဒေကိုက သံဃဆန္ဒ ပြည်သူတွေရဲ့ဆန္ဒနှင့်အညီ သူတော်ကောင်းများ လက်ခံနိုင်တဲ့ ဥပဒေမျိုး ဖြစ်ဖို့လွန်စွာမှ အရေးကြီးပါတယ်၊၊

“ ကြေးနီတောင်အဖြစ်အပျက်နှင့် ပတ်သက်၍ တာဝန်ယူဆောင်ရွက်သူများ မသိနားမလည်မူကြောင့် ချို့ယွင်း အားနည်းမူများရှိနိုင်” ဒါကတော့ ကြေးမုံသတင်စာက လက်ရှိ ဦးသိန်းစိန်အစိုးရသဘောထားပါ၊ လက်ပံတောင်း တောင်မှာ တာဝန်ယူတဲ့ ရဲနှင့် စစ်ဗိုလ်များက သံဃာများကို မီးလောင်းဗုံးနှင့် ပစ်ပေါက်အကြမ်းဖက် နှိပ်နှင်းခဲ့မူ ကြောင့် သံဃာနှင့် ရွာသူရွာသားများအားလုံး ခန္ဓာကိုယ်အနှံ့အပြားမှာ မီးလောင်ဒဏ်ရာများ အပြင်းအထန်ရရှိ ခဲ့တယ်ဆိုတာ သီတင်းမီဒီယာ ဓာတ်ပုံများနှင့် ဗွီဒီယိုရုပ်သံများက သက်သေပြုခဲ့ပါပြီ၊ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ် နေတဲ့ သံဃာများနှင့် ဒေသခံရွာသူရွာသားများအား ညအလယ် သန်းခေါင်းချိန်မှာ အကြမ်းဖက်သတ်ဖြတ်ခဲ့တာ ကြောင့် ရဲတပ်ဖွဲ့ကို အမိန့်ပေးတဲ့ သမ္မတ ဦးသိန်းစိန်၊ပြည်ထဲရေးဝန်ကြီး ကိုကို၊စစ်ကိုင်းတိုင်း ၀န်ကြီးချုပ် သာအေးစတဲ့ အဓိကတာဝန်ရှိသူများအနေနဲ့ မိမိတို့ကိုယ်တိုင် အမိန့်ပေးခဲ့တဲ့တာကို ရိုးသားစွာဝန်ခံပြီး ပြည်သူလူထုနှင့်တကွ ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ သံဃာတော်များအား ကိုယ်တိုင်သွားရောက် လျောက်ထားကာ တပည့်တော်တို့ အရှင်ဘုရားတိုအပေါ်မှာ ပြစ်မှားမိခဲ့တာများကို ခွင့်လွတ်ရန် ၀န်ချတောင်းပန်ရန်လိုပါတယ်၊၊

နိုင်ငံတော်အစိုးရကိုယ်စား ဒဏ်ရာရရှိသည့် ဦးပဉ္ဖင်းနှင့်ကိုရင်များအား အလေးအနက်ထား တောင်းပန်လျှောက် ထားဆိုတဲ့စာကို သာသနာရေးဝန်ကြီး  သူရဦးမြင့်မောင်က သံဃမဟာနာယကဆရာတော်များအား ရှင်းပြကာ တောင်းပန်လျှောက်ထားတာကို ကြေးမုံသတင်စားမှာတွေ့ရပါတယ်၊မြန်မာစကားမှာခြေမကောင်း ခြေမ၊လက်မ မကောင်းလက်မဆိုတာရှိတယ်၊ဒီလိုပါဘဲ ပြည်ထောင်စုဝန်ကြီးအားလုံးက သံဃာများကို မီးရှို့သတ်ဖြတ်ခဲ့တာ မဟုတ်ပါဘူး၊ပြည်ထောင်စုအစိုးရတခုလုံးက သံဃာကိုစော်ကားသတ်ဖြတ်ခဲ့တာမဟုတ်တဲ့အတွက် ဒီနေရာမှာ သံဃာကိုစော်ကားသတ်ဖြတ်ရန် အမိန့်ပေးခဲ့တဲ့ ၀န်ကြီးအချို့နှင့် ကိုယ်ထိလက်ရောက် ကျူးလွန်ကြတဲ့ ရဲဝန် ထမ်းများကသာ မိမိတို့စော်ကားခဲ့သော သံဃာများအား ကိုယ်တိုင် ၀န်ချတောင်းပန်ရမည်သာဖြစ်ပါတယ်၊၊

ရိုက်တာက ဘုန်းကြီးတပါး ၀န်ချတောင်းပန်တာက နောက်ဘုန်းကြီးတပါးဆိုရင် ဒါဟာသဘာဝမကြပါဘူး၊ကိုယ် လုပ်တဲ့ ကုသိုလ်ကံ၊အကုသိုလ်ကံဟာ အစားထိုး ခံရတာမျိုးဆိုတာမရှိဘူး ကိုယ်လုပ်ရင် ကိုယ်ခံရမယ်၊ ဘယ်သူကမှ အစားထိုးဝင်ရောက်လို့မရပါဘူး၊အဖေဖြစ်သူရဲ့ အကုသိုလ်ကို သားကခံလို့မရသလို၊သားလုပ်တဲ့ အကုသိုလ်ကိုလည်း အမေဖြစ်သူက ခံပေးမယ်ဆိုလို့မရနိုင်ဘူးဆိုတာ ဘုရားဟောခဲ့ပြီးသားပါ“ သဒိသံပါကံ ဇနေတိ” ကိုယ်လုပ်တဲ့ ကောင်းကံ မကောင်းကံအတိုင်းသာ ကိုယ်ပြန်လည်ပြီးခံစားရတာဖြစ်ပါတယ်၊ကိုယ်စား ၀န်ချတောင်းပန်လိုက်တာဟာ ဗုဒ္ဓအဆုံးအမတိုင်း နားမလည်လို့သာဖြစ်ပါတယ်၊၊

ဗမော်ဆရာတော်ကြီး ကတော့ ပင်ကိုယ်ရိုးသားမူ စာပေပရိယတ္တိကျော်စောမူစတဲ့ ကြည်ညိုလေးစားစရာတွေ ရှိပါတယ်၊ဒါပေမဲ့ ဆရာတော်ကြီးလည်း ဒီမိုးဒီရေဒီလူတွေနဲ့ လက်တွဲလုပ်ကိုင်လာခဲ့တာကြာတော့ စစ်အာဏာရှင်စနစ်ရဲ့အောက်မှာ အတူသွား အတူလာ တစ်ခရီးထဲမို့ ဘုရားဟောတိုင်း ပြတ်ပြတ် သားသား ဟောချင်ပေမဲ့ အသားထဲက လောက်ထွက်မည့် ဘုန်းကြီးလူထွက် လောဘသားများနဲ့လည်း ကင်းလို့မရသလို လက်တွဲနေတဲ့ သံဃနာယက ကိုယ်တော်ကြီးများလည်း  သံဃာများအတွက် အရေးကြောင်းဆို မညီညွတ်နဲ့ မီးကြိုးမောင်းပျက် အဖွဲ့ကို ဗိုလ်လုပ်နေရတာကြောင့် အခက်ခဲတွေတော့ ဆရာတော်ကြီးမှာလည်းရှိနေမှာပါ၊ ဗမော်ဆရာတော်ကြီး က အဋ္ဌကထာပါတဲ့ ပုံပြင်တခုပြောရာမှာ “ သီရိဓမ္မာသောကမင်းကြီးလက်ထက်မှာ အချို့ရဟန်းတော်များသည် မသင့်မတင့် ပြုကျင့်သည့်အတွက် ရဟန်းကောင်းများက မကောင်းတဲ့ ကိုယ်တော်များနဲ့ ဥပုသ်အတူတူမပြု၊ ကံကြီးကံငယ် အတူတူမဆောင်ဘဲ နေခဲ့ကြသည်မှာ နှစ်ပေါင်းများစွာ ကြာသွားသည့်အတွက် သံဃာများ မညီ မညွတ်ဖြစ်နေခဲ့တယ်၊ဒီအကြောင်းကို တချို့က ဘုရင်ကြီးအား လျောက်ထားခဲ့ပါကြောင်း၊ဘုရင်းကြီးက သိတော့ ဒါဆိုရင်ဖြင့် ညီညွတ်အောင်လုပ်ပါဟု အမတ်တဦးအား စေခိုင်ခဲ့တယ်၊ခိုင်းလိုက်တဲ့ အမတ်ကလည်း ဘယ်လိုလုပ်ရမည်ကို စဉ်းစားပြီး သံဃာများကို အစည်းအဝေး လုပ်စေခဲ့တယ်၊သံဃာများ ထိုင်တဲ့အခါမှာ မတော်တရော်လုပ်တဲ့ သံဃာများနှင့် ကောင်းကောင်းမွန်မွန် နေတဲ့သံဃာများ တခြားစီထိုင်နေခဲ့တယ်၊ကောင်း မွန်စွာနေတဲ့ သံဃာများက မတော်တရော်လုပ်တဲ့ သံဃာများနှင့် ဥပုသ်အတူတူ မပြုနိုင်ကြောင်း အမတ်အား ပြောခဲ့တယ်၊အမတ်ကလည်း ဥပုသ်အတူတူမပြုရ ကောင်းလားဆိုပြီး ကောင်းမွန်စွာနေခဲ့တဲ့ သံဃာများကို တစ်ပါးပြီး တစ်ပါးသတ်ခဲ့တယ်၊ သံဃာများ သေကုန်တယ် နောက်ဆုံး သီရိဓမ္မာသောကမင်းကြီးရဲ့ ညီတော်  တိဿက သံဃာများတော့ သေကုန်ပြီ၊ မိမိအလှည့်ကျပြီဆိုကာ သတ်မည်သူရှေ့မှာ သွားပြီးထိုင်ခဲ့တယ်၊ ညီတော်ကို သတ်ရမည့်မို့ မသတ်ရဲကြ ပါကြောင်း၊အခုလည်း ညီတော် တိဿအလှည့်ရောက်နေပြီဖြစ်ကြောင်း ကျန်တဲ့ သံဃာများမှာမူ ဥပုသ်အတူတူ မပြုဟု ငြင်းပယ်တဲ့အတွက် အားလုံးကို သတ်ခဲ့ပြီဖြစ်ပါကြောင်း ဘုရင် ကြီးအား လျောက်ထားခဲ့တယ်၊ ဘုရင်က ငါအနေနဲ့ အဲလိုမျိုး သတ်ခိုင်းခြင်းမဟုတ်ပါကြောင်းနှင့် အဲလို လုပ်ဆောင်ချက်မှာ အလွန်မိုက်မဲလှကြောင်း ပြောခဲ့တယ်၊သံဃာများကို သတ်ခဲ့တာဟာ တပည့်တော် ခိုင်းစေခဲ့ တာ မဟုတ်ကြောင်းကို ဆရာတော်များအား တောင်းပန်ခဲ့တာကြောင့် ကျေသွားသည်ဟု ဆရာတော်ကြီးက ပြောခဲ့ပါတယ်၊၊

နောက်တခုက သီဟိုဠ်ကျွန်းမှာ နံနက်ခင်းပိုင်း သံဃာတော်များအား ယာဂုဆွမ်းလောင်းတဲ့ ဓလေ့ရှိပါတယ်၊ အဲဒီအချိန်မှာ ရဟန္တာပုဂ္ဂိုလ်ကြီးတစ်ဦးက ယာဂုဆွမ်းလောင်းတဲ့နေရာမှာ သွားပြီးတော့ အလှူခံတယ်၊ သပိတ်ထဲမှာ ဆွမ်းမပါဘဲ ယာဂုသက်သက်ပဲ ဖြစ်တာကြောင့် ရဟန္တာကြီးက လမ်းဘေးမှာ ထိုင်ပြီး သပိတ်ကို မော့သောက်လိုက်တယ်၊ အဲချိန်မှာ ကိုယ်တော်လေးတပါးက မြင်တော့၊ ဒီကိုယ်တော်ကြီးက အရှက်မရှိ၊သပိတ် မော့သောက်ရမလားဆိုကာ စိတ်ထဲမှာပဲ ကဲ့ရဲ့မိပါတယ်၊ဒါနဲ့ ရဟန္တာကြီးက ကိုယ်တော်လေးကို  ဘုရား သာသနာမှာ ဆောက်ရာတည်ရာများ ရနေပြီးလာလို့ မေးတော့  သောတာပန်ဖြစ်နေပြီဖြစ်ကြောင်းကို လက်မထောင်ကာ ဖြေခဲ့ကြောင်း၊ဒါဖြင့်ရင် ဦးဇင်းလေး သောတာပန်ဆိုလျှင် နောက်ထပ်မကျင့်တော်ရန် ကျင့်ရင်လည်း ဘာမှ ဖြစ်လာမယ်မဟုတ်ကြောင်းမိန့်ကြားသဖြင့် ဦးဇင်းလေးက အကြောင်းစုံကို မေးရာ ရဟန္တာကို ကဲ့ရဲ့လျှင် ကံကြီးထိုက်ပါကြောင်း၊ ရှေ့ဆက်ပြီး အနာဂါမ်၊ဖြစ်ဖို.ဆိုတာအဲဒီ အကုသိုလ်တွေကို ကျေအောင် ၀န်ချတောင်းပန်ရန် လိုကြောင်းပြောကြားရာမှာ ဦးဇင်းလေးက ၀န်ချတောင်ပန်လို့ ကျေသွား ပါကြောင်း စသည်ဖြင့် ဆရာတော်ကြီးကတော့ သီရိဓမ္မာသောကမင်းကြီးကဲ့သို့ နှလုံးမူပြီးလည်းကောင်း သီဟိုဠ်မှ ရဟန္တာမြတ်ကြီးကဲ့သို့ နှလုံးမူပြီးတောင်းပန်သည့်အတွက် စာပေနှင့်ညီမျှတဲ့အတွက် ဘုန်းကြီးတို့က ကျေနှပ်ပါကြောင်း အခုလိုမျိုး အကုသိုလ်မျိုး ဆက်လက် မဖြစ်ရန်စေနှင့် ကောင်းကောင်းမွန်မွန် နေထိုင်ကြရန် သြ၀ါဒပေးသွားခဲ့ပါတယ်၊၊

ဗမော်ဆရာတော်ကြီးရဲ့ သြ၀ါဒကို ဒီမိုကရေစီစံနုံးတွေနှင့် ဗုဒ္ဓအလိုတော်ကျ ဆန်းစစ်ကြည့်ရင် ဘုရားရှင် တိုက်ရိုက်ဟောခဲ့တာကို ပါဠိတော်လို့ဆိုပါတယ်၊ပါဠိတော်ကို ထပ်ချဲ့ပြီးရေးခဲ့တာကို အဋ္ဌကထာလို့ ဆိုပါတယ်၊ ဘယ်လို ပင်ဖြစ်စေ ဆရာတော်ကြီးက အဋ္ဌာကထာက ပုံပြင်တခုလို့ဆိုတာကြောင့် ဘုရားဟော တိုက်ရိုက် မဟုတ်ဘူးလို့ နားလည်မိပါတယ်၊လိုရင်းကတော့ သီရိဓမ္မာသောကမင်းကြီးက သံဃာတွေ ညီညွတ်အောင် လုပ်လို့ အမတ် တဦးကို စေခိုင်းရာမှာ အသိဥာဏ်မရှိတဲ့ အမတ်က ဥပုသ်အတူတူမပြုတဲ့ ကောင်းမွန်စွာနေတဲ့ သံဃာများကို သတ်ဖြတ်ခဲ့တယ်၊အမတ်က သူထင်ရာသူလုပ်ခဲ့တာမို့ သူရဲ့တာဝန်ပဲဖြစ်ပါတယ်၊ ဘုရင် ကိုယ်တိုင် မကျူးလွန် တာမို့ ဘုရင်အနေနဲ့ တာဝန်ရှိသူအနေဖြင့် ဆရာတော်များအား သူက သတ်မိန့်မပေး ခဲ့ကြောင်း တောင်းပန် ခဲ့တာပါ၊တကယ်ကတော့ ဘုရင်အနေနဲ့ သတ်မိန့်မပေးခဲ့တာကြောင့် ဘာမှအပြစ် မရှိပါဘူး၊ အပြစ်ရှိတာက သတ်ခဲ့တဲ့ အမတ်မင်းပဲ ဖြစ်ပါတယ်၊အမတ်မင်းကိုယ်တိုင် တောင်းပန်မှသာ အမတ်မင်းဘ၀ အနာဂါတ်သာယာ နိုင်မည်ဖြစ်ပါတယ်၊ရိုးသားတဲ့ ဘုရင်ကြီးမို့သူ့မှာ တိုက်ရိုက်အပြစ်မရှိပေမဲ့ တာဝန်ရှိသူတယောက်အနေနဲ့ တောင်းပန်တာကတော့ ကောင်းတဲ့ အဆင်အလာလို့ဆိုရမှာပါ၊

ဆရာတော်ကြီးများကို ပခုံးပေါ်မှာအပွင့်တတ်လို့ မရလေတော့  ဆရာတော်များအား ဘွဲ့တံဆိပ်ကပ် အပွင့်တပ်ကာ ယပ်တောင်ကြီးတွေမှာ စားလုံးကြီးတွေနှင့် ဘာဆရာတော် ညာဆရာတော်ဆိုပြီး မြောက်ပင့် ထားတယ်၊ကိုင်ထားတဲ့ ယပ်တောင်ပဲ လွတ်မကျအောင် ထိန်း ထားရတာနဲ့ အချိန်ကုန်ရရှာပါတယ်၊ မတော်တရော်လုပ်တဲ့ ကိုယ်တော်တွေနဲ့ ဥပုသ်အတူတူမပြုလို့ သတ်လို့ သေခဲ့ရသလိုမျိုး အခုချိန်မှာလည်း လူထုဆန္ဒ သံဃဆန္ဒနှင့် မကိုက်ညီတဲ့ မတရားတဲ့ အလုပ်တွေကို ဆက်ပြီး မလုပ်ဖို.ရာ ငြိမ်းချမ်းစွာဆန္ဒပြနေတဲ့ သံဃာများအား သမ္မတဦးသိန်းစိန်က ဘယ်လိုအမိန့်ပေးခဲ့တယ်မသိဘူး၊ သံဃာနှင့်လူထုကတော့ မီးလောင်တိုက်သွင်း အသတ် ခံရပါပြီ၊၊သီရိဓမ္မာသောကမင်း လက်ထက်မှာ မတော် တရော်လုပ်တဲ့ ကိုယ်တော် များက အသတ်မခံရဘဲ၊ ကောင်းကောင်းမွန်နေတဲ့ သံဃာများပဲ အသက်ဆုံးရှုံးခဲ့ရ တယ်၊အခုခေတ်မှာလည်း တိုင်းပြည်နဲ့သာသနာအပေါ်ကျရောက်နေတဲ့ သာသနာ့အန္တာရာယ်ကာ ကွယ်ရေးကို လုပ်ဆောင်နေတဲ့ ကောင်းမွန်တဲ့သံဃာများပဲ မီးလောင်ဗုံးနဲ့ အပစ်ခံရတယ်၊၊

သီဟိုဠ်ကျွန်းမှာ ဦးဇင်းငယ်လေးက ရဟန္တာပုဂ္ဂိုလ်အား စိတ်နဲ့ပြစ်မှားမိခဲ့တာကို ဦးဇင်းလေးကိုယ်တိုင် ရဟန္တာအား ၀န်ချတောင်းပန်လိုက်လို့ ကျေသွားတယ်ဆိုတာက ဒါကတော့ သဘာဝကြပါတယ်၊ဒီလိုပဲ ဖြစ်ရမှာပါ၊အပြစ်ကျူးလွန်သူတွေကို အပြစ်က လွတ်မြောက်အောင် ကျေသွားအောင် ထာဝရဘုရားက ခံပေးတယ်ဆိုတဲ့ အယူဝါဒမျိုး ဗုဒ္ဓက မဟောခဲ့ပါဘူးဆိုတာရယ် ကိုယ်စားတောင်းပန်တယ်ဆိုတဲ့ သဘောဟာ ဘယ်လိုမှ မကျေနိုင်ဘူးဆိုတာ ကိုယ်တိုင်လုပ်တဲ့ ကံသာလျင်အမိ ကံသာလျင်အဖဆိုတဲ့အတိုင်း ကံ၏ အကျိုးတရားကို ဗုဒ္ဓဘာသာတိုင်း သိနားလည်ပြီးဖြစ်ပါတယ်၊၊

လက်ပံတောင်းတောင်ကိစ္စမှာ လယ်တီဆရာတော်ဘုရားကြီးရဲ့ သိမ်တော်ကို ဖျက်ဆီးနေတာဖြစ်တဲ့အတွက် မဟနဆရာတော်ကြီးအနေ နဲ့ဖြင့် ကြေးနီတောင်စီမံကိန်းဒေသကို ဆရာတော်ကြီးများ ကိုယ်တိုင် လာရောက် လေ့လာပြီး ဒေသခံကျောင်းထိုင်ဆရာတော်များနှင့် ရွာသူရွာသားများရဲ့ ဘ၀မှန်ကိုလေ့လာသင့်တယ်၊ လက်ပံတောင်းတောင်မှာ ဖြစ်နေသည့် ပြဿနာ အရင်းအမြစ်ကို ကိုယ်တိုင် လေ့လာ၍ ဒေသခံသံဃာများနှင့် ဆန္ဒပြလူထုအား ဆရာတော်ကြီးများ ကိုယ်တိုင် တွေ့ဆုံ၍ အဖြေရှာခဲ့မယ်ဆိုလျှင် အဖြေကောင်းရနိုင်ပါတယ်၊ ကိုယ်တိုင်မလေ့လာဘဲ တဖက်သတ် စစ်အစိုးရပြောခဲ့တာပဲ ခေါင်းညိမ့်ခဲ့မိရင် သာသနာမှာ ဆက်လက် နစ်နာနေရမည်ဖြစ်ပါတယ်၊၊

ခြောက်လကြာ ဖြစ်နေတဲ့ သံဃာ့ဆန္ဒအရ သပိတ်မှောက်နေတာကို မဟန ဆရာတော်များ သပိတ်စခန်းကို တခါမှ လာရောက်ခဲ့ခြင်းမရှိသလို မီးလောင်းဗုံးနှင့် ပစ်လို့ သံဃာများ ဒဏ်ရာများရလို့ မုံရွာ မန္တလေးစတဲ့ ဆေးရုံအသီးသီးမှာ တက်ရောက်ကုသနေရပေမဲ့ မဟနဆရာတော်များ တပါးမှ လာရောက်မေးမြန်းခြင်း မရှိ ခဲ့ကြပါဘူး၊သီတဂူဆရာတော်၊ရွေည၀ါ၊ရွှေပါမီတောရ၊ဦးကျော်သူ၊မုံရွာ၊မန္တလေးက လူမူရေးအဖွဲ့ မြို့မိ၊ မြိုဖ များကဘဲ သံဃာများအား ဆေးကုသပေးခဲ့ရတယ်၊ မဟန အဖွဲ့ကြီးဟာ သံဃာများအပေါ် လောက၀တ္တရား အရဖြစ်စေ ဓမ္မ၀တ္တရားအရဖြစ်စေ ဂိလာနရဟန်းများကို စောင့်ရှောက်သင့်ကြောင်းကို ပါဠိတော်များကို အကြိမ် ပေါင်းများစွာဖတ်ခဲ့ပြီးဖြစ်တဲ့ မဟနဆရာတော်ကြီးများဟာ ဗုဒ္ဓစကားထက် ဘယ်သူတွေရဲ့ စကားကို အလေး ထားနေရသလဲဆိုတာ စဉ်းစားစရာဖြစ်နေပါတယ်၊၊

မိမိရဲ့ ပုဂ္ဂလအဓိဌာန်အရ ပြောရရင် လက်ရှိ မဟန ဥက္ကဌ ဗမော်ဆရာတော်ဘုရားကြီးအား ကြည်ညိုလေးစား ပါတယ်၊မဟနမလုပ်ဘဲ မန္တလေးမှာနေပြီး မင်းကွန်းတောင်ရိုးမှာ ယခင်တိုင်း စာချနေပြီဆိုရင် ပိုပြီး ကြည်ညိုပါ သည်၊မင်းကွန်း ဓမ္မဒါနတိုက်မှာ တိပိဋကစာဖြေ စာကျက်တွေကို ကွပ်ကဲ၍ (ရှင်တော်ဗုဒ္ဓ၊ရှင်မဟာဗုဒ္ဓဃောသ၊ ဆရာတော် ဦးဗုဓ်) သာသနာ့နယ်ပယ်မှာ ထင်ရှားတဲ့ ဗုဓ်စ၊ဗုဓ်လယ်၊ဗုဓ်အဆုံးထဲက နောက်ဆုံး နန်းမတော် မယ်နု ကိုးကွယ်တဲ့ ဆရာတော် ဦးဗုဓ်ကဲ့သို့ လက်ရှိ ဗမော်ဆရာတော်ကြီးက ပြတ်ပြတ်သားသားနဲ့ ဦးသိန်းစိန် အစိုးရကို သံဃဆန္ဒနှင့် တိုင်းသူပြည်သားတွေရဲ့ ဆန္ဒကို လေးစားလိုက်နာဖို့နှင့် လက်ရှိ မဟနအဖွဲ့ကြီးကို လည်း  မဟနအဖွဲ့ ငါတို့အကြိုက်လည်းမဖွဲ့နဲ့ သိန်းစိန်အစိုးရအကြိုက်လည်း မဖွဲ့နဲ့တော့ ဘုရားအကြိုက် ရဟန်းရှင်လူကျောင်းသားပြည်သူများရဲ့ အကြိုက် သံဃဆန္ဒဖြင့်သာ သံဃအားလုံးရဲ့ ကိုယ်စားပြု မြန်မာနိုင်ငံ တိုင်းရင်းသားညီကိုမောင်နှမများ လေးစားကြည်ညိုရအောင် စစ်မှန်တဲ့ သံဃာ့အဖွဲ့ကြီးဖြစ်ဖို့လိုပါတယ်၊ ၂၀၁၅  အထွေထွေရွေးကောက်ပွဲမတိုင်ခင် မြန်မာနိုင်ငံ ဒီမိုကရေစီရဲ့ စံနမူနာအဖြစ် မဟနအဖွဲ့ကို လက်ရှိ ဗမော် ဆရာတော်ကြီးက ဦးဆောင်ကာ သံဃဆန္ဒနဲ့အညီပြင်စင်ဖွဲ့စည်းလိုက်မယ်ဆိုရင် တတိုင်းပြည်လုံးက သံဃာများက ဆရာတော်ကြီးအား အကြည်ညို ဆုံးဖြစ်မှာသေချာပါတယ်၊၊

သာသနာရေးဝန်ကြီးဋ္ဌာနမှာ နောက်ကြောင်းပြန်သွားချင်တဲ့သူများ ရှိခဲ့ရင် ဦးသိန်းစိန်က တာဝန်ယူဖယ်ရှား ပေးဖို့လိုသလို မဟနအဖွဲ့ထဲမှာလည်း နောက်ကြောင်းပြန်ချင်တဲ့ ကိုယ်တော်ကြီးများအား ဗမော်ဆရာတော်က သုတ်သဉ်ရှင်းလိုက်မယ်ဆိုရင် ဆရာဒကာ လက်တွဲညီစွာ မဟနပြောင်းလိုက်တာနဲ့ တဆက်တည်း တိုင်းပြည် တခုလုံး ဂုဏ်သိက္ခာတက်လာမည်ဖြစ်ပါတယ်၊၊

စစ်မှန်တဲ့ သံဃအဖွဲ့အစည်း မရှိသရွေ့ တိုင်းပြည်တွင်းမှာ ပြည်တွင်းစစ်အလားတူ သံဃဆန္ဒဖော်ထုတ်ပွဲများ ရှိနေမှာပဲဖြစ်ပါတယ်၊ လူထုဆန္ဒမှန် မပါဘဲ အစိုးရကောင်းမရနိုင်သလို၊ သံဃာ့ဆန္ဒမပါဘဲ ဗုဒ္ဓအလိုကျ သံဃအဖွဲ့အစည်းမျိုးမဖြစ်နိုင်ပါဘူး၊ဒီကနေ့ လူပဲဖြစ်စေ ဘုန်းကြီးပဲဖြစ်စေ ခေါင်းဆောင်းလုပ်မယ်ဆိုရင် ကိုယ်ရဲ့ မိသားစုအကျိုးထက်စာရင် တစ်မြို့လုံးရဲ့အကျိုးကို ရှေးရုရမယ်၊တစ်မြို့ထက်စာရင် တတိုင်းပြည်လုံးရဲ့ အကျိုးကို ဦးစားပေးလုပ်တဲ့ စိတ်ဓာတ်မျိုးလိုတယ်၊ကိုယ်ရဲ့ ဘုန်းကြီကျောင်းတခုထက်စာရင် သာသနာတော် တခုလုံးရဲ့ ရေရှည်အကျိုးကို ကြည့်ပြီး လုပ်မယ်ဆိုတဲ့ ခိုင်မာတဲ့ နှလုံးသားမျိုး ကိုယ်ရဲ့ ရင်ဘတ်ကြီးထဲမှာ အမှန်တကယ်ရှိနေပြီလားဆိုတာ သိရမယ်၊မရှိသေးရင်လည်း စိတ်ဓာတ်တွေကို ပြုပြင်ရေးလုပ်ရမယ်၊ လုံလောက်တဲ့ အသိဥာဏ်အတွေးအခေါ်မရှိဘဲ အမတ်ဖြစ်ခဲ့ရင် သို့မဟုတ် ၀န်ကြီးဖြစ်ခဲ့ရင် သီရိဓမ္မာ သောကမင်းလက်ထက်က အမတ်ကဲ့သို့ ကံကြီးကံငယ် အတူတူမဆောင်တာနဲ့ ဘုန်းကြီးတွေကို သတ်ခဲ့တယ်၊ သတ်တော့လည်း ကောင်းမွန်စွာနေတဲ့ သံဃာကို သတ်ခဲ့တာမို့ အသိဥာဏ်မရှိဘဲ မှန်ကန်စွာ စဉ်းစားတတ်တဲ့ ကိုယ်ပိုင်ဥာဏ် မပါခဲ့သည့် အခါမှာလူနဲ့မတူ တိရစ္ဆာန်အလား ရှိုင်းတဲ့ သူများအား လုပ်ပိုင်ခွင့် ရရှိ သွားရင် တိုင်းပြည်မှာ ဆုံးရှုံးနစ်နာမူမျိုးစုံကို ခံစားနေရပြီဆိုတာ မြန်မာပြည်က သက်သေဖြစ်ခဲ့ပါပြီ၊၊

သရုပ်ဖော်ပန်းချီအား ဤနေရာမှာ ရယူပါသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

One thought on “ဗုဒ္ဓရဲ့ ဒီမိုကရေစီရှုဒေါင့်မှ မဟနဥက္ကဋ္ဌ ဗမော်ဆရာတော်ဘုရားကြီးသြ၀ါဒကို ဘာသာပြန်ခြင်း
  1. တူသောအကျိုးပေးမယ်ဆိုတာ လုံးဝမှန်ပါတယ်။ယခုဘ၀မှာတင် သံဃာသတ်တဲ့လူက လက်တွေခံစားရမယ်။ဘ၀အဆက်ဆက်မှာလည်း မီးလောင်ပြီးသေရမယ်ဆိုတာ ဗုဒ္ဒတရာေးတ်ာအရ ထောက်ခံပါတယ်။

Comments are closed.