သာဂိ သူတို့အာဘော်

နိုင်ငံတကာ သာဂိ – အစွန်းရောက်တွေရဲ့ အမုန်းစိတ်နဲ့ ကြောက်စိတ် – သင်ကိုယ်တိုင်လား

နိုင်ငံတကာ သာဂိ – အစွန်းရောက်တွေရဲ့ အမုန်းစိတ်နဲ့ ကြောက်စိတ် – သင်ကိုယ်တိုင်လား
(မိုးမခ) နိုဝင်ဘာ ၂၆၊ ၂၀၁၅

၂၀ ရာစု နှစ်ကုန်ပိုင်းတုန်းကတော့ ဒီမိုကရေစီနိုင်ငံလို့ သူတို့ကိုသူတို့ ယူဆတဲ့ အမေရိကန်နဲ့ ဥရောပနိုင်ငံတွေက တဖက်၊ တပါတီ အာဏာရှင်နိုင်ငံတွေဖြစ်တဲ့ ရုရှား၊ တရုတ်၊ မြောက်ကိုရီယား စတဲ့ နိုင်ငံတွေက တဖက်ရယ်လို့ ရှိခဲ့ကြတာပဲ။ အဲသည်တုန်းက ဘာသာရေးအစွန်းရောက် အကြမ်းဖက်အုပ်စုတွေဟာ အာဖရိကနဲ့ အရှေ့အလယ်ပိုင်းဒေသတွေမှာ အချင်းချင်းဗိုလ်လု၊ နယ်မြေတွင်း မိုက်ကြေးခွဲနေကြတာနဲ့ အရှိန်ယူခဲ့ကြတယ် ဆိုနိုင်ပါတယ်။

၂၁ ရာစုအ၀င် နိုင်းအီလဲဗင်းအကြမ်းဖက်မှုကြီးအလွန်မှာတော့ အနောက်အုပ်စုတွေဟာ အာဖရိက၊ အရှေ့အလယ်ပိုင်းနဲ့ အာရှအတွင်းပိုင်းအထိ ချင်းနင်းဝင်ရောက်ပြီး အစွန်းရောက်အကြမ်းဖက်သမားတွေကို ချေမှုန်း နှိမ်နင်းဖို့ ကြိုးပမ်းခဲ့ကြတယ်။ အဲသည်က စလိုက်တာဟာ အနောက်အုပ်စုနဲ့ ဘာသာရေးအစွန်းရောက် အကြမ်းဖက်အုပ်စုတွေရဲ့ စစ်ပွဲဟာ ၂၀၁၀ နောက်ပိုင်းမှာ တကမ္ဘာလုံးအနှံ့ ပြန့်ကျက်သွားခဲ့တယ် ဆိုရပါမယ်။ အရင်တုန်းက တာလီဘန်တို့၊ အယ်ကိုင်ဒါတို့ အကြမ်းဖက်အုပ်စုတွေကတွေကနေ အရှေ့အလယ်ပိုင်းမှာ အိုင်အက်စ်အုပ်စုတွေ မိုးထိုးလို့ တက်လာပါတော့တယ်။ နိုင်ငံမဲ့ အကြမ်းဖက်အုပ်စုတွေဟာ နိုင်ငံလက်ရှိ အာဏာရှင်နိုင်ငံတွေဖြစ်တဲ့ ရုရှား၊ တရုတ်တွေနဲ့ပါ ဘာသာရေးနယ်ချဲ့စစ် ဆင်နွှဲလာပါတယ်။ ဘာသာရေးအစွန်းရောက်တွေကို တွန်းလှန်ဖို့အတွက် နိုင်ငံတော်တွေက နိုင်ငံသားတွေကို မျိုးချစ်စိတ်၊ အမျိုးသားရေးစိတ်တွေ နှိုးထ လှုံဆော်ကြပါတော့တယ်။

အမေရိကန်က သူတို့ကို ခြိမ်းခြောက်တဲ့ အစွန်းရောက်အကြမ်းဖက်သမားတွေကို တွန်းလှန်တဲ့နေရာမှာ မူဆလင်မုန်းတီးရေးကို ၀ါဒဖြန့်ချိဖို့ အမုန်းစိတ်မွေးဖို့ ဆိုတာတွေကို လက်ရှောင်ဖို့ ကြိုးစားပါတယ်။ လူသားမဆန်သူတွေကို လူသားဆန်သူတွေက ဆန့်ကျင်တဲ့ တိုက်ပွဲအဖြစ် ပုံသွင်းဖို့ လုပ်ကြပါတယ်။ အစွန်းရောက်အကြမ်းဖက် အုပ်စုနဲ့ ပတ်ဝန်းကျင်ကိုသာ ပစ်မှတ်ထား ချေမှုန်းရေးကို မူသဘောထားပါတယ်။ သို့သော် အမေရိကန်က မျိုးချစ်တွေ၊ မျိုးစောင့်တွေကတော့ တိုင်းပြည်ရန်သူဟာ မူဆလင်တွေအဖြစ် တသားတည်း ပုံစံခွက်သွင်း သတ်မှတ် နှိပ်ကွပ်တာမျိုး သဘောထားကြတာတွေ တွေ့ရပါတယ်။

လက်ရှိမှာ ဥရောပဟာ နှစ်ဖက်စလုံးက အစွန်းရောက်သူတွေရဲ့ ပဋိပက္ခအသွင်ကို အထင်ရှားဆုံး မြင်တွေ့ရတာပါပဲ။ အရှေ့အလယ်ပိုင်းမှာ အိုင်အက်စ် အစွန်းရောက်အကြမ်းဖက်တွေရန်က အသက်လုပြေးရသူ ခရစ်ယာန်ကော မူဆလင်ကော အပါအ၀င် ဒုက္ခသည်တွေကို လက်ခံကာကွယ်ပေးဖို့ ဥရောပနိုင်ငံတော်တွေက လုံးပမ်းနေဆဲမှာ ဒုက္ခသည်အယောင်ဆောင် အစွန်းရောက်အကြမ်းဖက်သမားတွေရဲ့ တိုက်ခိုက်မှုတွေကိုပါ ရင်ဆိုင်နေရပါတယ်။ ဥရောပရဲ့ အမျိုးသားအရေး အစွန်းရောက်သူတွေ ပါတီတွေ နိုင်ငံရေးသမားတွေဟာ အဲသည်လို ဒုက္ခသည်တွေရော အကြမ်းဖက်စအစွန်းရောက်တွေကိုပါ တတန်းစားတည်း သဘောထားပြီး ကန့်သတ် ဖယ်ရှားဖို့ ကြိုးစားလာကြတော့တာပါပဲ။

သူတို့ဖက်က သမိုင်းသက်သေအဖြစ် ပါလက်စတိုင်းနဲ့ အစ္စရေးတို့ ပဋိပက္ခကို ထုတ်သုံးပါတယ်။ အမျိးသားစိတ် မျိးချစ်စိတ် ပြင်းထန်သူ ဘက်နှစ်ဘက်ရဲ့ မပြီးဆုံးနိုင်တဲ့ ရန်ဘက်ဖြစ်ပွားနေမှုဟာ အမှန်တရားရယ်လို့ သက်သေထူကြပါတယ်။ ရုရှားကိုယ်တိုင်ကလည်း ဘာသာရေးအစွန်းရောက် အကြမ်းဖက်မှုကို ပြင်းပြင်းထန်ထန် နင်းချေပစ်ရမယ်၊ နိုင်ငံတော် တည်တံ့ခိုင်မြဲ ငြိမ်းချမ်းရေး၊ အချုပ်အခြာ အာဏာ ကာကွယ်ဖို့ ဘယ်နည်းနဲ့မဆို နိုင်ငံသားတိုင်း အမျိုးသားရေးတာဝန်တရပ်အဖြစ် တိုက်ပွဲဝင်ရမယ်လို့ ထုတ်ပြန်ပါတယ်။ တရုတ်အာဏာပိုင်တွေကလည်း ထိုနည်း၎င်းပါပဲ။ ပရိသတ်တော်တော်များများကလည်း အာဏာရှင်တွေ အမျိးသားရေး ပြင်းထန်သူတွေရဲ့ လေသံနောက် လိုက်ပါကာ ဘာသာရေးအစွန်းရောက်တွေသာမက ဘာသာဝင်တွေကိုပါ နင်းချေ ရှင်းလင်းဖို့ သဘောတူကြပါတယ်။

ဒါဟာ ဘာသာရေးအစွန်းရောက်အကြမ်းဖက်တွေကို ချေမှုန်းဖို့ အခြားတဖက်စွန်းကို ရွေးချယ်လိုက်ကြတဲ့ သဘောပဲ ဖြစ်ပါတော့တယ်။ ဒီလို အစွန်းမရောက်ဘဲ အကြမ်းဖက်သမားတွေကို ရင်ဆိုင်ဖြေရှင်းဖို့ နည်းလမ်း မရှိတော့ဘူးလား၊ အခြားရွေးချယ်စရာကို လမ်းပြနိုင်တဲ့ ခေါင်းဆောင်မှု မရှိတော့ဘူးလားဆိုတာ စဉ်းစားစရာ ဖြစ်ပါတယ်။

အမေရိကန်သမ္မတ အိုဘားမားကတော့ အမုန်းစိတ်၊ ကြောက်စိတ်ကို အညံ့မခံဖို့ ပြောပါတယ်။ သတ္တိရှိရှိနဲ့ အစွန်းရောက်တရားတွေကို အနိုင်မခံစိတ်နဲ့ ရင်ဆိုင်ဖို့ ပြောပါတယ်။ သမိုင်းကို ပြန်ကြည့်ရင် ဟစ်တလာတို့ မူဆလီနီတို့ရဲ့ နာဇီတွေ ဖက်ဆစ်တွေကို ချေမှုန်း အနိုင်ယူတဲ့နေရာမှာ ဂျာမန်တွေ အီတလီယျံတွေကို မျိုးတုန်း သတ်ဖြတ်ပစ်ခြင်းနဲ့ နှိမ်နင်းခဲ့တာ မဟုတ်ပါ။ တောင်အမေရိကတိုက်က မူးယစ်ရာဇာတွေနဲ့ အပေါင်းအပါတွေကို နှိမ်နင်းတဲ့နေရာမှာလည်း နိုင်ငံတော်တွေ နိုင်ငံသားတွေကို မီးတိုက်ပစ်ခဲ့တာမျိုး မရှိပါ။ ကျေးကျွန်စနစ်ကို တိုက်ဖျက်ဖို့ တောင်နဲ့ မြောက်စစ်ခင်းကြတဲ့အခါ တောင်ပိုင်းအမေရိကန်တွေ မြေလှန်ပစ်ခြင်း မရှိခဲ့ပါ။ အမုန်းစိတ်၊ ကြောက်စိတ်တွေကိုသာ အညံ့ခံခဲ့ရင် ကျနော်တို့တွေ ကိုယ်တိုင်လည်း အမုန်းစိတ် ကြောက်စိတ်တွေရဲ့ ၀ါးမြိုမှုကို ခံကြရမှာပဲ ဖြစ်ပါတယ်။ အနီးစပ်ဆုံး သာဓကအနေနဲ့ ရိုဟင်ဂျာ ဘင်ဂါလီတွေကို အမုန်းစိတ်နဲ့ ကြောက်စိတ်နဲ့ မြန်မာမျိုးစောင့်တွေ၊ မဘသတွေရဲ့ လှုပ်ရှားမှုတွေ တိုက်ပွဲတွေဟာ ၂၀၁၅ ရွေးကောက်ပွဲကို လွှမ်းမိုးနိုင်မှု မရှိခဲ့တာ ပြန်ကြည့်ပါ။ မဲဆန္ဒရှင်တွေဟာ အမုန်းစိတ်တွေ ကြောက်စိတ်တွေ သံသယတွေနဲ့သာ တုန့်ပြန်ခဲ့မယ်ဆိုရင် အကြမ်းဖက်မှုတွေ တရားလက်မဲ့ မင်းမဲ့စရိုက်တွေနဲ့ နိုဝင်ဘာ ၈ ရက်နေ့ဟာ နိဂုံးအဆိုးချုပ်ရလိမ့်မယ် ထင်ပါတယ်။

အခုချိန်မှာ နိုင်ငံတော်ကြီးတွေက ခေါင်းဆောင်အတော်များများကတော့ အစွန်းရောက်အကြမ်းဖက်သမားတွေ အုပ်စုတွေကို အမုန်းစိတ်၊ ကြောက်စိတ်တွေနဲ့ တုန့်ပြန်ဖို့ တရားမဟောကြသေးပါ။ လူတွေကလည်း လူသားဆန်မှုနဲ့ တုန့်ပြန်ကြဖို့ အညံ့မခံကြဖို့ပဲ အားသန်နေတယ် ဆိုရပါမယ်။ သာဓက ၂ ခု တင်ပြပါ့မယ်။

လွန်ခဲ့တဲ့တပတ် ပြင်သစ်ပြည် ပါရီမြို့တော် အကြမ်းဖက်တိုက်ခိုက်မှုမှာ လူ ရာချီပြီး သေဆုံးပါတယ်။ အဲသည်ရဲ့ သွေးမြေကျရာနေရာကို ပြင်သစ်နိုင်ငံသားတွေက ပန်းတွေ ဖယောင်းတိုင်တွေ လာရောက် ထွန်းညှိ အလေးဂရုပြုကြပါတယ်။ အဲသည်မှာ အာရှနွယ်ဖွား ပြင်သစ်နိုင်ငံသား သားအဖ ၂ယောက် စကားပြောခန်းက အမှတ်တရဖြစ်ပါတယ်။ ကလေးက အဖေ့ကို “သေနတ်သမားတွေက သားတို့ကို သတ်နေကြတယ်၊ သားတို့တွေ အိမ်ပြောင်းကြရတော့မလား” တဲ့။ အဖေက “ဘယ်မှ ပြေးစရာမလိုဘူးသား၊ လူဆိုးတွေဟာ နေရာတိုင်းမှာ ရှိပြီးသား” တဲ့။ “ငါတို့ ဒီမှာပဲ ဆက်နေကြမယ်” တဲ့။ သားက ‘သူတို့မှာ သေနတ်တွေ ရှိတယ်လေ” ဆိုလိုက်တော့ ၊ အဖေက ‘သားတို့ အဖေတို့ဆီမှာလည်း ပန်းတွေ၊ ဖယောင်းတိုင်တွေ ရှိတယ်။ အခု ကွယ်လွန်သွားတဲ့သူတွေကို သားတို့ အဖေတို့ မမေ့မလျော့ လာပြီး ဂရုစိုက်ကြတယ်လေ” တဲ့။ ဒီတော့ သားက ‘ဟုတ်ပြီ၊ ဖေဖေ … သား မကြောက်တော့ဘူး၊ သားတို့မှာ ပန်းတွေ ဖယောင်းတိုင်တွေ ရှိတာပဲ” တဲ့။ ပြင်သစ်တွေရဲ့ နိုင်ငံသားစိတ်ဓာတ်ဟာ ချစ်စရာ လေးစား ဂုဏ်ယူစရာပါ။ သည်လိုနိုင်ငံသားစိတ်ဓာတ်နဲ့ပဲ ဒုတိယကမ္ဘာစစ် ပြာပုံထဲက ပါရီဟာ ပြန်နိုးထခဲ့ရတယ် မဟုတ်ပါလား။

နောက်သာဓကတခုကတော့ အမေရိကန်ပြည်က ပြည်နယ်တချိ့က ပြည်နယ်အုပ်ချုပ်ရေးမှူးတွေက ဆီးရီးယားဒုက္ခသည်တွေကို လက်ခံနေရာချထားပေးဖို့ ငြင်းဆန်ခဲ့ကြတယ်။ အမေရိကန်ပြည် အောက်လွှတ်တော်ကြီးကလည်း အကြမ်းဖက်ရန်ကို ကြောက်လို့ ဆိုပြီး ဆီးရိးယားဒုက္ခသည်တွေကို ပြည်တော်မ၀င်နိုင်အောင် ဥပဒေထုတ်ပြီး တားမြစ်ဖို့ ကြိုးစားကြတယ်။ သမ္မတအိုဘားမားကတော့ အစွန်းရောက်အကြမ်းဖက်သမားတွေဟာ လူတွေကို ကြောက်အောင် လုပ်နေတယ်။ ဒါကို အညံ့ခံပြီး ကြောက်စိတ်နဲ့ တုန့်ပြန်တဲ့ နိုင်ငံရေးသမားတွေ အစိုးရမင်းတွေကို ရှုံ့ချ ပြစ်တင်လိုက်ပါတယ်။ သို့သော်လည်း အခြားအမေရိကန်ပြည်နယ်တွေကတော့ ဆီးရီးယားဒုက္ခသည်တွေကို ကြိုဆိုဆဲဖြစ်ကြောင်း ထုတ်ပြန်ကြေညာချက်တွေ ထုတ်ခဲ့ကြပါတယ်။ စကားစပ်မိလို့ ပြောရရင် ယခင်သမ္မတ ဘွတ်ရှိ လက်ထက်တုန်းကလည်း နိုင်းအီလဲဗင်း အကြမ်းဖက်မှုကြီးအပြီးမှာ ပြည်ပက လက်နက်ကိုင်သူပုန်တွေအားလုံးကို သိမ်းကြုံးပြီး အကြမ်းဖက်သမားတွေ အုပ်စုတွေအဖြစ် သတ်မှတ်ခဲ့လို့ မြန်မာပြည်က ထိုင်းနယ်စပ်က ဒုက္ခသည်စခန်းက ပြောင်းရွှေ့ဖို့ စောင့်နေတဲ့ မြန်မာတိုင်းရင်းသားဒုက္ခသည်တွေကို အကြမ်းဖက်သမားတွေနဲ့ ဆက်နွယ်သူတွေဆိုပြီး ပြည်ဝင်ခွင့်တွေ ကြန့်ကြာခဲ့ဖူးပါရဲ့။

အခု မြန်မာပြည်မှာကော တဲ့။ ပြည်တွင်းစစ်မီးကြီးဟာ ၂၀၁၅ ရွေးကောက်ပွဲကြိး ငြိမ်းချမ်း အောင်မြင်စွာ ပြီးဆုံးသွားပြီးတဲ့နောက်မှာ ပိုလို့တောင် တောက်လောင် ကြီးမားလာနေတာပေါ့။ သို့သော်လည်း မြန်မာပြည်သူတွေဟာ ပြည်တွင်းစစ်သင့် တိုင်းရင်းသားတွေအပေါ်မှာ အမုန်းစိတ်တွေ ကြောက်စိတ်တွေနဲ့ ဥပက္ခာစိတ် မထားကြဘဲ ပြည်တွင်းစစ်ရပ်စဲရေးအတွက် ငြိမ်းချမ်းရေးအတွက် ဆုတောင်းပွဲတွေ ဆန္ဒထုတ်ဖော်ပွဲတွေ ပိုလို့တောင် တိုးမြှင့်ပြီး လုပ်လာကြပါတယ်။ မိမိတို့ တပိုင်တနိုင်နဲ့ ကူညီ စောင့်ရှောက်ဖို့ တိုးလို့တောင် ကြိုးစားလာကြပါတယ်။ လူသားတွေဟာ လူသားစိတ်နဲ့ပဲ အစွန်းရောက်အကြမ်းဖက်သမားတွေကို ဆန့်ကျင် ချေမှုန်း အနိုင်ယူကြရမှာပါ။

ပြင်သစ်သားအဖ စကားလက်ဆုံ ကြည့်ချင်ရင် – https://www.facebook.com/jrous92/videos/10156190732035487/?pnref=story


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts