သူတို့အာဘော် ငြိမ်းချမ်းအေး

ငြိမ်းချမ်းအေး – ခွဲထွက်ရေး အတိတ်တစ္ဆေ ခြောက်လှန့်မှုက ရုန်းထွက်နိုင်ပါစေ

ငြိမ်းချမ်းအေး – ခွဲထွက်ရေး အတိတ်တစ္ဆေ ခြောက်လှန့်မှုက ရုန်းထွက်နိုင်ပါစေ
(မိုးမခ / သည်လေဒီးစ်နယူးစ်) စက်တင်ဘာ ၁၀၊ ၂၀၁၅
တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး (NCA) အတွက် စက်တင်ဘာ ၉ ရက်နေ့ ကျတ်ပြေးနေပြည်တော်ဆွေးနွေးပွဲအပြီး အခြေ အနေအရ လူမျိုးစုတိုင်းရင်းသားလက်နက်ကိုင် ၁၅ ဖွဲ့ကို ပါဝင်လက်မှတ်ရေးထိုးဖို့အတွက် သမ္မတက စက်တင်ဘာလ ၂၉ ရက်နေ့အဆိုပြုခဲ့တယ်။  ဒါပေမဲ့ တဖက် တိုင်းရင်းသားတွေဘက်ကတော့ အပစ်ရပ်စာချုပ်မှာ ဘယ်အဖွဲ့တွေ ပါဝင်လက်မှတ် ထိုးမလဲဆိုတာ ဆုံးဖြတ်ထားခြင်းမရှိသေးသလို အပြီးသတ် လက်မှတ်ထိုးဖို့ကို အောက်တိုဘာ ၁၅ ရက်နေ့အထိ အထိ ရွှေ့ဖို့လည်း ဆန္ဒရှိနေတယ်။  ဘာတွေများစိုးရိမ်ကြောင့်ကြ လက်မှတ်တွေထိုးဖို့ လက်တွန့်နေရပါသလဲ။

လူနည်းစု ခေါင်းဆောင်တွေလည်း ပြီးခဲ့တဲ့ အတိတ်သင်ခန်းစာတွေအရ စာရွက်ပေါ်က သဘောတူညီချက်တွေက ဘာမှ လက် တွေ့အရာမရောက်တာ သိနေကြပါပြီ။  အပစ်အခတ်ရပ်ပြီး လုပ်ရမယ့် နိုင်ငံရေးဆွေးနွေးပွဲတွေအတွက် ပေးထားတဲ့ အာမခံချက်များက လုံလောက်ပါရဲ့လား။

ပြည်တွင်းစစ်ပြဿနာ၊ လူနည်းစုလူမျိုးရေးရာအရေးကို ဟိုအရင်တပတ်ကျော်က ဖက်ဒရယ်ဆောင်းပါးမှာ ဆွေးနွေးခဲ့ဖူးပါ တယ်။ အခုဒီအပတ်မှာတော့ ခွဲထွက်ရေးကို ခုတုံးလုဗန်းပြနေတဲ့ မြန်မာစစ်ဗိုလ်ချုပ်ကြီးများရဲ့ မပြောင်းလဲသေးတဲ့ Mindset ကို ထောက်ပြချင်ပါတယ်။  ခွဲထွက်ရေးခေတ်ကုန်ပြီ ဖြစ်ကြောင်း ပြောင်းလဲခဲ့ပြီဖြစ်တဲ့ ခေတ်သစ် ကမ္ဘာ နိုင်ငံတကာအရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ နည်းပညာ ဥပမာများနဲ့ ဆွေးနွေးထားပါတယ်။  စိတ်ဝင်စားသူ မိုးမခ စာဖတ်ပရိသတ်များ ဖတ်ရှု သုံးသပ် ဝေဖန်ကြည့်ပါ။

■ စကော့တလန် ဥပမာ
ဗြိတိသျှအင်္ဂလိပ် လက်အောက်ကနေ သီးခြားနိုင်ငံခွဲထွက်ခွင့်အတွက် ပြုလုပ်ခဲ့တဲ့ စကော့တလန် လွတ်လပ်ရေး ၂၀၁၄ ခုနှစ် စက်တင်ဘာလ ဆန္ဒခံယူပွဲ အလွန် တနှစ်အကြာမှာ  ခွဲထွက်ရေးအတွက် အလွတ်သဘော စစ်တမ်းကောက်ယူမှုအသစ် ရလဒ်တွေ ထွက်လာခဲ့ပြန်ပါတယ်။  နောက်တခေါက် ဆန္ဒခံယူပွဲသာ လုပ်ဖြစ်ရင် သီးသန့် လွတ်လပ်တဲ့ နိုင်ငံအဖြစ် ရပ်တည်ခွင့်ဘက်က မဲများနိုင်တယ်ဆိုပြီး စစ်တမ်းအသစ်လုပ်မှုက ဖော်ပြခဲ့ကြောင်း ဗြိတိသျှသတင်းဌာနတွေက ရေးသား ကြတယ်။  ဒါဟာ စကော့လူမျိုးတွေရဲ့ နိုင်ငံရေးမှာ တစုံတခု အပြောင်းအလဲ မြင်ချင်မှု၊ အိမ်ဈေးကြီးမှုအပါအဝင် အထွေထွေ စီးပွားရေး ကျပ်တည်းမှု စတာတွေက တဆင့် နောက်ဆက်တွဲ ရေပန်းစားလာတဲ့ အမျိုးသားရေးဝါဒ တကျော့ပြန်လာမှုကြောင့် ဖြစ်ပါတယ်။  ဒီသဘောကြောင့် ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ် မေလ ဗြိတိန်/ယူကေ (အင်္ဂလန်၊ စကော့တလန်၊ ဝေလ၊ မြောက် အိုင်ယာလန်) အထွေထွေရွေးကောက်ပွဲမှာ စကော့အမျိုးသားပါတီ အပြတ်အသတ် အနိုင်ရခဲ့ကြတာပါ။  ၂၀၁၆ ခုနှစ်မှာ ကျင်းပမယ့် စကော့တလန် ပါလီမန် ရွေးကောက်ပွဲအတွက်လည်း အမျိုးသားရေးဝါဒီတွေပဲ ‘တစ်’ ပြေးနေကြတယ်လို့ ကြိုတင်စစ်တမ်းကဆိုပါတယ်။  ဒါပေမဲ့ ခေတ်သစ်မှာ ခွဲထွက်ရေးအလုပ်မဖြစ်ကြောင်းကို စကော့လူမျိုးတွေ ကောင်းကောင်း သိကြပါတယ်။  မနှစ်က ဆန္ဒခံယူပွဲ မတိုင်ခင် အကြို အလွတ်သဘော စစ်တမ်းတွေမှာလည်း လွတ်လပ်သီးခြားနိုင်ငံ အဖြစ် ခွဲထွက်မှုမဲ အသာရခဲ့တာတွေ ရှိတာပါပဲ။  နောက်ဆုံး တရားဝင်မဲဆန္ဒခံယူရမှာတော့ ပေါင်းစည်းတည်ရှိရေးကသာ အသာရ ခဲ့ပါတယ်။

■ မှန်ကန်တဲ့ အမျိုးသားရေး
၂၁ ရာစု နိုင်ငံရေးမှာ အမျိုးသားကြီးပွားတိုးတက်ဖို့အတွက် တနည်းအားဖြင့် ‘အမျိုးသားရေး’ အတွက် မတူကွဲပြားတဲ့ လူမျိုးစုတွေဟာ ပေါင်းစည်းရေးကိုသာ မဖြစ်မနေ ရှေးရှုလာရပါတယ်။  ကိုယ့်နိုင်ငံ ကိုယ့်လူမျိုး အကျိုးအတွက် ဖွံ့ဖြိုးတိုး တက် ချမ်းသာရေး ရှေးရှု လူမျိုး မတူကွဲပြားခြင်းတွေကို လက်ခံ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်နိုင်စွမ်း ရှိတာဟာ အမျိုး သားရေး အလုပ်ဖြစ်လာပါတယ်။ ကိုယ့်မင်း ကိုယ့်ချင်း ကိုယ့် နိုင်ငံ၊ ကိုယ့်လူမျိုး၊ ကိုယ့်ဘာသာရယ် သက်သက် သီးသန့် ဆိုတဲ့ အစွဲစိတ်ရှိမှ အမျိုးသားရေးလုပ်တာ မဟုတ်တော့ပါဘူး။ အမျိုးသားရေးဆိုတာ တိုင်းပြည်နဲ့ မှီတင်းနေထိုင်နေသူ လူမျိုးစုစုံ ကြီးပွားချမ်းသာ ဖွံ့ဖြိုးတိုးတက် ငြိမ်းချမ်း တည်ငြိမ်ရေးက လိုရင်း ဖြစ်လာရပါပြီ။

■ ပေါင်းစည်းရေး နည်းပညာခေတ်
ဒါ့အပြင် လက်ရှိ ခေတ်ကိုက ကွဲပြားသီးခြားရပ်တည်တဲ့ ခေတ်လည်း မဟုတ်တော့ပါဘူး။  မတူညီမှုတွေ ပူးပေါင်းရပ်တည် ဘုံအကျိုးစီးပွား ဖြစ်ထွန်း အကျိုး တည်ဆောက်တဲ့ ခေတ်ကြီး ဖြစ်နေပါပြီ။  မျက်မှောက် စားသုံးသူအကြိုက် ခေတ်နည်းပညာဟာ  ‘စုစည်းမှုနည်းပညာ’ ပါ။  စွယ်စုံသုံး အသိဉာဏ်ရှိ လက်ကိုင်ဖုန်း (Smart Phone) တွေကို ကြည့်ပါ။  ‘ပေါင်းစပ်ခြင်းနည်းပညာ’ ကို သုံးထားတယ်။  ခရီးဆောင် ကွန်ပျုတာ၊ အင်တာနက်၊ ရုပ်မြင်သံကြား၊ ကက်ဆက်၊ ရေဒီယို၊ နှိုးစက်၊ နာရီ၊ ပြက္ခဒိန်၊ မိုးလေဝသ၊ ဂဏန်းပေါင်းစက်၊ မှတ်စုစာအုပ်၊ စွယ်စုံကျမ်း အစရှိတဲ့ မတူညီတဲ့ အသုံးဝင်မှု လုပ်ဆောင်မှု အစုံ အားလုံး တစုတစည်းတည်း လက်ကိုင်မိုဘိုင်းလ်ဖုန်း တလုံးတည်းမှာ တည်ရှိနေပါတယ်။

■ ပေါင်းစည်းရေး စီးပွားရေးခေတ်
ကမ္ဘာကြီး တခုလုံးမှာလည်း မတူကွဲပြားတဲ့ နိုင်ငံအချင်းချင်း ဘုံအကျိုးစီးပွားတည်ဆောက် ပူးပေါင်းနေရတဲ့ ခေတ်ကြီး အဖြစ် ပြောင်းသွားခဲ့ပါပြီ။  ဘောဂဗေဒပညာရပ်မှာ ကမ္ဘာ့လုံးပတ်လည် စီးပွားလုပ်ဆောင်မှုခေတ်စားလာခဲ့ခြင်းက ကမ္ဘာလုံး ဆိုင်ရာဖြစ်တည်မှု၊ ကမ္ဘာဆန်လာမှု (Globalization) ဖြစ်စဉ်ကြီးကြောင့်ပါ။ စီးပွားရေးမှာ ကမ္ဘာအနှံ့နိုင်ငံတွေ ပိုမို ပူးပေါင်း ဆောင်ရွက်လာမှုနဲ့ အပြန်အလှန်မှီခိုမှု ပိုများလာမှုကြောင့် ဖြစ်ပါတယ်။ အရင်တုန်းက ဘယ်လိုမှ ဆက်စပ်ပတ် သက်မယ်လို့ ယူဆမထားတဲ့ ကမ္ဘာ့ထောင့် တဖက် တနေရာစီ မှာရှိနေတဲ့ ဈေးကွက်တွေ၊ ကုန်ထုတ်လုပ်မှု ဖြစ်စဉ်တွေ ပူးပေါင်းလုပ်ဆောင် လာခဲ့ရတယ်။  ဒီလိုလုပ်ဆောင်ရာမှာ အပြန်အလှန် မှီခို၊ ပူးပေါင်းတဲ့ ကမ္ဘာ့ဈေးကွက် (Globalization of Markets) နဲ့ အပြန် အလှန် မှီခို၊ ပူးပေါင်း ထုတ်လုပ်တဲ့ ကမ္ဘာ့ကုန်ထုတ်လုပ်မှု (Globalization of Production) ဆိုပြီး ဖြစ်လာခဲ့ကြတယ်။

■ ပေါင်းစည်းရေး ကမ္ဘာ့ဈေးကွက်
နိုင်ငံတနိုင်ငံ (သို့မဟုတ်) ကုမ္မဏီ (သို့မဟုတ်) နိုင်ငံပေါင်းစုံပါဝင်တဲ့ ကော်ပိုရေးရှင်းကြီး တခုက တင်ပို့တဲ့ ထုတ်ကုန်၊ နည်းပညာ၊ ဝန်ဆောင်မှုတခုရဲ့ဈေးကွက်ဟာ ကမ္ဘာတခုလုံးဖြန်ကြက်လာပါတယ်။   ဥပမာ – ဂျပန်ရဲ့ ကားတင်ပို့မှု ဈေး ကွက်ဟာ ကမ္ဘာတခုလုံး ဖြစ်သလို၊ အမေရိကန်ရဲ့ အင်တယ်လ် (Intel)၊ မိုင်ကရိုဆော့ (Microsoft)၊ အယ်ပယ်လ် (Apple)၊ ဆစ်စကို (Cisco)လို နည်းပညာ ဝန်ဆောင်မှုတွေရဲ့ ဈေးကွက်ဟာလည်း ကမ္ဘာနဲ့ချီပြီ ကျယ်ပြန့်ပါတယ်။  ဈေးကွက်တွေ ကမ္ဘာနဲ့ချီလာတဲ့ အတွက် အပြန်အလှန် မှီခိုမှု၊ အဆိုး၊အကောင်း ဆက်စပ်ပတ်သက်မှုက ကြီးမားလာပါတယ်။  ‘ညောင်ဦး ကမ်းပါးပြိုလို့စမ္ပာနဂိုက နွားမပေါင်ကျိုးရတယ်’ ဆိုသလိုမျိုးဟာ ပူးပေါင်းဖြစ်တည်ရတဲ့ ကမ္ဘာ့စီးပွားရေးမှာ တကယ်ဖြစ် လေ့ရှိပါတယ်။  ထိုနည်းတူ အပြန်အလှန်အကျိုးစီးပွားဖြစ်ထွန်းမှု သဘောအရ နိုင်ငံတနိုင်ငံရဲ့ စီးပွားရေးအကျိုးဖြစ်ထွန်းမှုကိုလည်း အခြားနိုင်ငံက ပိုမိုလိုလားလာရပါတယ်။  လူ့အဖွဲ့အစည်းတခုနဲ့ တခု ပိုမို ထိတွေ့ဆက်ဆံလာရတာနဲ့အမျှ စားသုံးသူယဉ်ကျေးမှု (Consumer Culture) (သို့မဟုတ်) ဈေးကွက် ယဉ်ကျေးမှု (Market Culture) အလေ့အထ၊ ဓလေ့ တွေကလည်း ပြောင်းလဲတိုးတက် ကျယ်ပြန့်လာပြီး ကမ္ဘာ့လုံးသဘောဆောင်လာပါတယ်။  ဥပမာ – ဗမာပြည်အပါအဝင် ကမ္ဘာအနှံ့ ရေပန်းစားတဲ့ Apple ရဲ့ iPhone လို ရေပန်းစား နည်းပညာ၊ ကိုကာကိုလာ၊ မက်ဒေါ်နယ်၊ ကင်တာကီ ကြက်ကြော်၊ ပီဇာ၊ ဆူရှီ လို ရေပန်းစား စားသုံးမှု ပုံစံတွေ ပိုမိုဖြစ်ထွန်းလာမှုဟာ ပူးပေါင်းမှီခို ဖြစ်ထွန်းကြီးပွားရတဲ့ ကမ္ဘာ့ခေတ်သစ် ဈေးကွက် အနေအထားကို ညွှန်းဆိုနေပါတယ်။

■ ပေါင်းစည်းရေး ကမ္ဘာ့ကုန်ထုတ်လုပ်မှု
ကုန်ထုတ်လုပ်မှု ဖြစ်စဉ်တခုလုံးကိုလည်း အရင်ခေတ်တွေကလို  နေရာတနေရာတည်း၊ နိုင်ငံတနိုင်ငံတည်းမှာပဲ အကုန်လုံး မလုပ်တော့ဘဲ ကမ္ဘာ့အနှံ့ ဖြန့်ကြက်လုပ်ဆောင်လာကြပါတယ်။  အကြောင်းက နိုင်ငံတနိုင်ငံချင်းရဲ့ အားသာတဲ့ အချက်တွေ အပေါ် အကျိုးရှိအောင် အသုံးချပြီး ခွဲဝေလုပ်ကိုင်လိုတာကြောင့်ပါ။  အလုပ်သမား၊ လူ့စွမ်းအား၊ စွမ်းအင်၊ မြေ၊ အရင်းအနှီး၊ နည်းပညာ စတာတွေအပေါ်မူတည်ပြီး နိုင်ငံတခုနဲ့ တခု အားသာတဲ့ အချက်တွေကွာပါတယ်။  အရင်းအနှီး အများကြီးရှိတဲ့ နည်းပညာမှာ ထိပ်တန်းရောက်တဲ့ အမေရိကန်လို နိုင်ငံတွေက ကုန်ကျစရိတ်များ၊ အဆင့်မြင့်နည်းပညာလည်းလိုတဲ့ သု တေသနလုပ်ငန်းတွေ၊ ဒီဇိုင်းပိုင်းတွေကို အဓိကလုပ်ဆောင်ပြီး တပ်ဆင်မှု၊ ထုတ်လုပ်မှုကိုတော့ အခြား လုပ်အားပေါ၊ လုပ်ခ သက်သာ၊ စွမ်းအင်ပေါတဲ့ နိုင်ငံတွေမှာ လုပ်ဆောင်စေလာပါတယ်။  ဥပမာ – နီကေးလို အဝတ်အထည်၊ အားကစား၊ အသုံးအဆောင်ပစ္စည်းတွေထုတ်တဲ့ အမေရိကန် ထုတ်လုပ်သူတွေဟာ ဒီဇိုင်းပိုင်း၊ သုတေသနပိုင်း၊ အရည်အသွေး မြှင့်တင် ရေးနဲ့ စိစစ်ရေးပိုင်း၊ ဈေးကွက်မြှင့်တင်ရေးပိုင်းတွေကိုသာ အမေရိကန်မှာလုပ်ဆောင်ပြီး တကယ့်ကုန်ပစ္စည်း ထုတ်လုပ်မှု အဆင့်ကိုတော့ လုပ်အားပေါတဲ့၊ လုပ်ခနည်းတဲ့ အင်ဒိုနီးရှားလို နိုင်ငံတွေမှာ ထုတ်လုပ်စေတာမျိုး ဖြစ်ပါတယ်။

ကမ္ဘာ့ တခုလုံးဖြန့်ပြီး ကုန်ကြမ်း၊ ကုန်ချော၊ အရင်းအနှီး၊ လူ့စွမ်းအား၊ နည်းပညာစတဲ့ အရင်းအမြစ်တွေ ပူးပေါင်းစီးဆင်းပြီး စားသုံးသူထံတင်ပို့တဲ့သဘော  (Global Supply Chain) ဖြစ်စဉ်ကို လူတွေ နေ့စဉ် နိစ္စဓူဝ သုံးစွဲနေတဲ့ မိုဘိုင်းဖုန်းတွေ၊ တကိုယ်ရေသုံး လက်ဆွဲ ကွန်ပျူတာလို အသုံးအဆောင်ပစ္စည်းတွေမှာ တွေ့နိုင်ပါတယ်။  ဒီလို အသုံးအဆောင်ပစ္စည်းတွေဟာ ကမ္ဘာ့ ပထဝီ နေရာအနှံ့အပြားမှာ တည်ရှိတဲ့ အမေရိကန်၊ တရုတ်၊ ထိုင်ဝမ်၊ ကိုရီးယား၊ အစရှိသလို အနည်းဆုံး နိုင်ငံ သုံးလေးခုမှာ ပေါင်းစပ်ထုတ်လုပ်ထားခြင်း ဖြစ်ပါတယ်။  ဒီလိုနည်းနဲ့ ထုတ်လုပ်သူတွေဟာ ကုန်ပစ္စည်း အရည်အသွေးကို ထိန်းသိမ်းနိုင်ပြီး ကုန်ထုတ်လုပ်မှု စရိတ်တွေပါ လျှော့ချနိုင်ကာ အပြိုင်အဆိုင် ဈေးချထားတဲ့ ပစ္စည်းတွေ၊ နည်းပညာ ဝန်ဆောင်မှုတွေနဲ့ ဈေးကွက်မှာ ပိုမို ပြိုင်ဆိုင်လာနိုင်ကြပါတယ်။  ဒါကြောင့် ခေတ်အသုံးအဆာင် အိုင်တီနည်းပညာပစ္စည်းတွေ တနေ့ထက် တနေ့ထက် ဈေးတွေချို စားသုံးသူအများစု လက်လှမ်းမီလာနိုင်ကြတာပါ။  ဒါတွေ အားလုံးဟာ ပေါင်းစည်းခြင်း စီးပွား၊ ဈေးကွက်၊ ထုတ်လုပ်ခြင်းတွေကြောင့် ဖြစ်ပါတယ်။

■ ပေါင်းစည်းရေးကမ္ဘာ
၁၉၇၁ ခုနှစ်တုန်းဆီက ဂျွန်လင်နွန် (၁၉၄၀-၁၉၈၀) ဆိုတဲ့ ဂီတပညာရှင် ကမ္ဘာနိုင်ငံသားကြီးဟာ ကွန်မြူနစ် ကြေညာစာတန်းပါ သဘောတရားတခုကို အခြေခံပြီး ‘စိတ်ကူးယဉ်’ ဆိုတဲ့ သီချင်းလေး တပုဒ်ဖွဲ့ခဲ့ဖူးပါတယ်။  ကောင်ကင်ဘုံ မရှိ၊ ငရဲ ဆိုတာ နိတ္တိ၊ ဘာသာတရား ဆိုတာတွေ မရှိ၊ နိုင်ငံဆိုတာ မရှိ၊ (ပုဂ္ဂလိက) ပိုင်ဆိုင်မှု မဲ့၊ အလို လောဘ ကင်းကင်း၊ ဆာလောင်မှု မရှိ၊ ဘာအတွက်နဲ့မှ သတ်စရာမလို၊ ဘာအကြောင်းနဲ့မှ သေစရာ မလို၊ ‘စိတ်ကူးယဉ် ကြည့်စမ်းပါဗျာ..’ တဲ့။

တကယ်တော့ ဂျွန်လင်နွန် ရဲ့ ‘နိုင်ငံမရှိ’ ဆိုတဲ့ အတွေးအခေါ်ဟာ နှစ်လေးဆယ်ကျော်ကြာချိန် မျက်မှောက်မှာ စိတ်ကူးယဉ် သက်သက် အိပ်မက်လို့ မဆိုနိုင်တော့ပါဘူး။  လက်ရှိ ကမ္ဘာဟာ တံတိုင်းတွေ ကျိုးပျက်၊ နိုင်ငံ နယ်နိမိတ် မျဉ်းတွေ မှေးမှိန်ကုန်ခဲ့ပါပြီ။  မီးဖိုချောင်သုံးပစ္စည်းအစ၊ ကွန်ပျူတာမိုက်ခရိုချစ်ပ် အလယ်၊ မော်တော်ကား၊ လေယာဉ်၊ ဒုံးပျံ အဆုံး ကမ္ဘာ့ပထဝီ အနှံ့အပြားက နိုင်ငံစုံပေါင်းစပ်ခြင်းရလဒ် ထုတ်ကုန်တွေချည်းပဲ ဖြစ်ကုန်ပါပြီ။  ပြင်သစ် ဖရန့်၊ ဂျာမာန် မတ်၊ အီတာလျံ လိုင်ယာ ငွေကြေးတွေ အတိတ်မှာ ကျန်ခဲ့ပြီ၊ ယူရိုငွေ ကပဲ ဥရောပက နိုင်ငံစုံ လူမျိုး စုံကို စုစည်းပြီး ပြဿနာစုံကို ဖြေရှင်း ပေးနေပါပြီ။  ဥရောပတတိုက်လုံး နီးပါး နယ်စည်းမခြား ဖြစ်နေပါပြီ၊ ပြည်ဝင်ခွင့်လက်မှတ်ဆိုတာ EU နိုင်ငံတွေ အတွက် မလိုတော့ပါဘူး။  ကမ္ဘာမှာ နိုင်ငံကူးလက်မှတ် ဆိုတာတွေ နောင်ဆိုရင် လုံးလုံး ပြတိုက်ထဲ ရောက်တော့ပါမယ်။  ဒေသတွင်းအရှေ့တောင်အာရှ အာဆီယံမှာကို အခု ပြည်ဝင်ခွင့် ကင်းလွတ် နိုင်ငံတွေ အတော်များများ ရလာနေပါပြီ။

■ ‘ပေါင်းစည်းရေး’ သည်သာ ‘အနာဂတ်’
ဆိုတော့ ကမ္ဘာမှာ နိုင်ငံရေး၊ စီးပွားရေး၊ ယဉ်ကျေးမှု၊ ဂီတ၊ ရုပ်ရှင် အနုပညာ ကဏ္ဍအလုံး ပေါင်းစည်းရေး၊ အတူတကွ မှီတည် ဖြစ်ထွန်း ဖွံ့ဖြိုးတိုတက်မှုဆီကိုသာ ဦးတည်နေပါတယ်။  ဒီလိုခေတ်သစ်မှာ ဗမာပြည်မှာလည်း ပြည်ထောင်စု မပြိုကွဲရေး၊ ‘ခွဲထွက်ရေး’ အကြောင်းပြပြီး တိုင်းရင်းသားတွေလိုလားတဲ့ ဖက်ဒရယ် ပြည်ထောင်စု စစ်စစ်တည်ဆောက်ရေးကို တွန့်တို မနေသင့်တော့ပါဘူး။  လူနည်းစုတွေခံစားချက်၊ အတိတ်ရဲ့ ဆိုးဝါးတဲ့ အရိပ်ထိုးမှုကြောင့် လက်နက်တွေကိုင်ထား ရတာကို အပြစ်မြင် ဇွတ်အတင်း လက်နက်တွေ မစွန့်ခိုင်းသင့်ပါဘူး။

လက်ရှိ စစ်တပိုင်းအစိုးရ သမ္မတ စစ်ဗိုလ်ချုပ်ဟောင်းက စက်တင်ဘာ ၂ ရက်နေ့ တိုင်းပြည်ကို ပြောတဲ့ ရေဒီယို မိန့်ခွန်းမှာ ‘တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ် (NCA) ကို လူမျိုးစုလက်နက်ကိုင်တွေ အမြန်ဆုံး လက်မှတ်ထိုးကြဖို့’ တိုက်တွန်းခဲ့ပါ တယ်။  တိုင်းရင်းသားများ အစဉ်တစိုက်တောင်းဆိုခဲ့တဲ့ လိုလားချက်များနဲ့ နိုင်ငံရေး ဆွေးနွေးပွဲများအတွက် အာမခံချက်များ၊ အစီအမံများကို ဒီစာချုပ်က ခိုင်ခိုင်မာမာ ထည့်သွင်း ရေးဆွဲထားပါတယ်လို့လည်း ဆိုထားပြန်ပါတယ်။  ဒါပေမဲ့ လက်တွေ့ စစ်တိုက်နေတဲ့ တပ်မတော် လက်ရှိ ခေါင်းဆောင်ရဲ့ နောက်ဆုံး လတ်တလော စာနယ်ဇင်း မေးမြန်းခန်း ဖြေကြားမှုတွေမှာ အထိ တိုင်းရင်းသားတပ်တွေ လက်နက်စွန့် အစိုးရပြဋ္ဌာန်းထားတဲ့ ဥပဒေဘောင်အတွင်းဝင်ဖို့ကို ဇောင်းပေးဆိုနေပါတယ်။  အစတကည်းက အင်အားနည်းရတဲ့ အပြင် လက်နက်မဲ့ရင် လုပ်တိုင်းခံရမယ့် အနေအထားကို လူမျိုးစု လက်နက်ကိုင်တော် လှန်ရေးတပ်တွေ ဘယ်လိုချင်ပ့ါမလဲ။  ဒီလိုအနေအထားနဲ့ NCA ထိုးဖြစ်ဦး၊ နောက်ပိုင်း နိုင်ငံရေးဆွေးနွေးပွဲတွေ အပြီးသတ် အောင်မြင်မှာ မဟုတ်ပါ။

■ နိဂုံး
ဒါကြောင့် လက်ရှိ စစ်တပိုင်း အစိုးရ၊ တပ်မတော်နဲ့ လာမယ့် ၂၀၁၅ နိုဝင်ဘာ ရွေးကောက်ပွဲအပြီး  ဖြစ်ပေါ်လာမယ့် အစိုးရအသစ်နဲ့ လူများစု မြန်မာခေါင်းဆောင်ပိုင်းတွေဟာ လူနည်းစုလူမျိုးစုတိုင်းရင်သားတွေရဲ့ ကိုယ့်ကြမ္မာကိုယ် ဖန်တီး ကိုယ်ပိုင်အုပ်ချုပ်နိုင်ခွင့်ကို ခွဲထွက်ရေး တံဆိပ်ကပ် ဆက်လက် မငြင်းဆန်တော့ဘဲ၊ အပြည့်အဝ နားလည်လက်ခံပေးဖို့ လိုပါတယ်။  တိုင်းရင်းသားလူနည်းစုတွေ ခွဲထွက်ရေးစကား ပင်လုံကတည်းက မပြောခဲ့သလို အခုလည်း ခွဲထွက်ရေး ခေတ်ကုန်လို့ ပေါင်းစည်းရေး ခေတ်စနစ်သစ်သာ အနာဂတ်မှာ ရှိတော့ကြောင်း ‘ဘက်နှစ်ဖက်စလုံး’ က အခြေခံကျကျ ဆင်ခြင်မြင်နိုင်ဖို့ လိုပါတယ်။  ခွဲထွက်ရေး အတိတ်တစ္ဆေ ခြောက်လှန့်မှုက ရုန်းထွက်နိုင်မှသာ ပြည်တွင်းစစ်လုံးဝရပ်ရေး၊ နိုင်ငံသား အားလုံး လူမျိုး၊ ဘာသာမခွဲ အခွင့်တူညီမျှ ဝါဒဖြူစင်တဲ့ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောင်ရေး အိပ်မက် အမှန်လက်တွေ့ အကောင်အထည် ဖော်နိုင်မှာဖြစ်ကြောင်း ခေတ်သစ်ကမ္ဘာရဲ့ ပြောင်းလဲလာတဲ့ ‘ပေါင်းစည်းရေး’ သဘောတရားတွေ အခြေခံ ဆွေးနွေးတင်ပြ နှိုးဆော်တိုက်တွန်းလိုက်ကြောင်းပါ ခင်ဗျား။

ငြိမ်းချမ်းအေး
စက်တင်ဘာ ၀၃၊ ၂၀၁၅

(မိုးမခ ဆောင်းပါးဟောင်းတချို့ကို အခြေခံသည်။  သည်လေဒီးစ် သတင်းဂျာနယ်၊ အတွဲ ၂၊ အမှတ်စဉ် ၇၇၊ ၂၀၁၅ ခုနှစ် စက်တင်ဘာ ၄ ရက်၊ သောကြာနေ့ထုတ်၌ ပုံနှိပ်ခဲ့သည်။  မိုးမခတွင်လည်း အွန်လိုင်း ထပ်မံ ဖြန့်ချိသည်။  ဆောင်းပါးပါ အာဘော် ကို ဝေဖန်ရန် လွတ်လပ်စွာ မှတ်ချက်ပြုနိုင်ပါသည်၊ nyeinchanaye81@gmail.com သို့လည်း စာရေးနိုင်ပါသည်။)

The Ladies News Journal Facebook စာမျက်နှာတွင်လည်း ဖတ်ရှုနိုင်ပါသည်။
https://www.facebook.com/News.TheLadies/photos/a.179109772264000.1073741828.178829095625401/470168779824763/?type=1


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa English Site

Similar Posts

2 thoughts on “ငြိမ်းချမ်းအေး – ခွဲထွက်ရေး အတိတ်တစ္ဆေ ခြောက်လှန့်မှုက ရုန်းထွက်နိုင်ပါစေ
  1. thank you…ထပ်မံရှယ်လိုက်ပါတယ်။ … Hla Maung Shwe ဖေ့ဘုတ်
    အခုထိ ဆွေးနွေးပွဲတွေ အားလုံး အဆင်ပြေကြောင်းပါဗျာ
    ညနေ ၆:၃၀ မှာ ဒုသမတ ဒေါက်တာ စိုင်းမောက်ခမ်း က ဂုဏ်ပြု တည်ခင်းတဲ့ ညစာစားပွဲကို NCA လက်မှတ်ထိုးဘို့ ဖိတ်ကြားလွာပေးပို့ခဲ့တဲ့ ၁၅ ဖွဲ့ကို ဖိတ်ထားပါတယ်
    UWSA နဲ့ NSCN-K ကလွဲရင် ၁၃ ဖွဲ့ အားလုံးရောက်နေကြောင်းပါ

    နိုင်ငံတော်သမ္မတ နှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းထိပ်သီးခေါင်းဆောင်များ၏
    အစည်းအဝေးသို့တက်ရောက်သူများစာရင်း
    (နေပြည်တော်၊ ၂၀၁၅၊ စက်တင်ဘာလ (၉) ရက်
    အစိုးရကိုယ်စားလှယ်များ
    ၁။ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း
    ၂။ ဦးသိန်းဇော် ဒုဉက္ကဌ UPWC
    ၃။ ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း
    ၄။ ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်
    ၅။ ပြည်ထောင်စုဝန်ကြီး ဦးဝင်းထွန်း
    ၆။ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုး
    ၇။ ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်
    ၈။ ပြည်ထောင်စုဒုဝန်ကြီး ဦးအောင်သိမ်း
    ၉။ ဒုရှေ့နေချုပ်ဦးထွန်းထွန်းဦး
    အထူးဖိတ်ကြားထားသူများ
    ၁။ ဦးခင်ဇော်ဦး
    ၂။ ဦးသန်းဌေး
    တိုင်းရင်းသားကိုယ်စားလှယ်များ
    ၁။ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး KNU
    ၂။ ဗိုလ်ချုပ်ကြီး အင်ဘန်လ KIO
    ၃။ ဒုတိယဗိုလ်ချုပ်ကြီး ဆေထင် SSPP
    ၄။ နိုင်ထောမွန် MNSP
    ၅။ ခွန်အေဘယ်တွိဒ် KNPP
    ၆။ ပဒို နော်စီဖိုးရာစိန် SD
    ၇။ ဒေါက်တာလဂျာ SD
    ၈။ ပူးဇင်ကျုံး SD
    ၉။ ပဒို စောကွယ်ထူးဝင်း NCCT
    နှင့် နှစ်ဖက်အလုပ်အဖွဲ့များ၊ ကာချုပ် ဗိုလ်မင်းအောင်လှိုင် မတတ်နိုင်ပါ။ အစ္စရေးသို့ အကြမ်းဖက်နှိမ်နင်းလေ့လာရေးသွားနေသည် 🙂 မြန်မာအစိုးရအဖွဲ့ ပထမအဆင့် ငြိမ်းချမ်းရေးခရီးစင် စတင်ပြီ။

    My comment.
    ဖက်ဒရယ်မူ ပြည်နယ်-ပြည်မ နိုင်ငံရေးထက် ဝင်ငွေမျှဝေပေးမှု
    သံယံဇာတဝင်ငွေ ၄၀-၆၀
    အခွန်ကောက်ငွေ ၄၀-၆၀ .. စသဖြင့်လိုအပ်သည်။ စစ်အစိုးရချည်း ၁၀၀% ရတာအကုန်ယူခဲ့သည်မှာ နှစ်ပေါင်း၅၀ရှိပြီ။ လက်နက်လည်း စွန့်မည်မဟုတ်ပါ။
    ..

  2. If our country is free and rich, prosperous and equal, no one will think about separating away or splitting the country

Comments are closed.