အတွေးအမြင် ငြိမ်းချမ်းအေး

ခွေးတူဝက်တူ ဒီမိုကရေစီ၊ ဝစီပိတ် လွှတ်တော် နိုင်ငံရေး နဲ့ အသေမွေးခဲ့တဲ့ ဗမာ့ဒီမိုကရေစီ

ငြိမ်းချမ်းအေး
ဧပြီ ၂၆၊ ၂၀၁၃

လက်ပံတောင်းတောင် ဒေသက တရားမဲ့မှု အသံတွေ ထပ်ကြားလာရတယ်။  ဒီရက်ပိုင်းတပြည်လုံးတင်သာမက တကမ္ဘာလုံး မှာပါ လုပ်သမျှ တင့်တယ် နေတဲ့ ဗိုလ်သိန်းစိန်အစိုးရ သတင်းတွေ ကလည်း နားမဆန့် ဖြစ်နေတယ်။  နိုင်ငံအဝှမ်းက လယ်သမား၊အလုပ်သမား၊ အခြေခံ လူတန်းစား အရေး၊ မြေယာတိုက်ပွဲ နဲ့ တိုင်းရင်းသားပြဿနာ ကတော့ ဒုံရင်း ဒုံရင်း ဆိုတာထက် ပို မလာတဲ့ အပြင် တနေ့တခြား

အဖိနှိပ်ခံရသူတွေဟာ အဖေခေါ်စရာမရှိ၊ အမေပျောက်ဘဝနဲ့ “အမိမဲ့သားရေနည်းငါးပမာ” အားကိုးရာမဲ့လာပြီး အခြေအနေဟာ အဆိုးဘက်ကိုသာ ဦးတည်သွားနေဆိုတာကိုလည်း မြင်နေရတယ်။

 

ပြည်တွင်းမှာ “ကြက်တူရွေးက တော်တော် မယ်ဘော်က ကဲ” နဲ့“သူခိုးဓားရိုးကမ်း” သလို လုပ်နေတော့ နိုင်ငံတကာ ကပါ “အဆိပ်ပင်ရေလောင်း”လုပ်နေတာ အပြစ်မဆိုသာဘူး။  လွန်ခဲ့တဲ့ နှစ် (၂၀) ကျော် တရုတ်၊ အိန္ဒိယ၊အာဆီယံ တို့ရဲ့ တိတ်တဆိတ် ကျိတ်ကြံကျိတ်လုပ် အပျိုရည်ဖျက်ခြင်း နဲ့နှစ်ပေါင်း (၅၀) ကျော် စစ်အုပ်စုရဲ့ အဓမ္မ မုဒိမ်းကျင့်ခြင်း ခံခဲ့ရပေမယ့်အပျိုသွေး အများကြီး ကျန်သေးတဲ့ ဗမာပြည်ဆိုတဲ့ မိန်းမပျိုဟာ ဒီမိုကရေစီအတု သနပ်ခါးလိမ်း၊ ပေါင်ဒါဖို့၊ ပန်းပန်လိုက်တော့ အနောက်အုပ်စုကပါ အခုပရောပရည်ပြုချင်၊ သွားရည်တများများကျ အာသာငမ်းငမ်းထပြီး အမဲဖျက်ဖို့အားလုံး အဆင်သင့်ဖြစ်နေပြီ။

 

ဗိုလ်နေဝင်းက ဆိုရှယ်လစ် အရေခြုံပြီး “ဗမာ့နည်း၊ ဗမာ့နည်းဟန် ဆိုရှယ်လစ်”လမ်းစဉ်ကြီး ကြေညာ စစ်တပ်အာဏာသိမ်းမှုကို ပုံဖျက် စစ်အုပ်စု အကျိုးစီးပွားနဲ့ အာဏာကို ဆောက်တည် လိုက်တော့ စစ်အေးခေတ် ကမ္ဘာ့ လက်ဝဲယိမ်းနိုင်ငံကြီးအားလုံးက ဖက်လဲတကင်း အရေးတယူ လုပ်ခဲ့ကြဖူးတယ်။ ကွန်မြူနစ် တစ္ဆေအခြောက်ခံနေရတဲ့ လက်ယာ အနောက်အုပ်စုကလည်း ဗိုလ်နေဝင်း နဲ့ စစ်အုပ်စုဟာကွန်မြူနစ် ကို ချေမှုန်းနေသူ အဖြစ် ရှုမြင်ကာ ဒီမိုကရေစီ နဲ့လူ့အခွင့်အရေး အသံကောင်းလေးမှ ခပ်ကျယ်ကျယ် ဝင် မဟစ်ခဲ့ဘူး။

 

အခု ဗိုလ်သန်းရွှေ ရဲ့ ကစားကွက် (ဝါ) မျက်လှည့်ပွဲ (ဝါ) လူတိုင်း သိပေမယ့်လူတိုင်းနီးပါး အတိတ် မေ့သလိုလို၊ ရွှေကောက်ရသလိုလိုနဲ့ ရူးချင်ယောင်ဆောင်သာယာကာ “နတ်ကရာ ကျီးမော့” ဖြစ်စေတဲ့ “ဒီမိုကရေစီ မျောက်ပွဲ” အတွက်ဗိုလ်သိန်းစိန် နဲ့ ကြံ့ဖွတ် အစိုးရက စည်းကမ်းပြည့်ဝ စစ်မှန်လှတဲ့ကလိမ်ချုံ “ဗမာ့နည်း၊ ဗမာ့နည်းဟန် ဒီမိုကရေစီ” ကို အသုံးချပြီး စစ်အုပ်စုစီးပွား နဲ့ အာဏာကို ဆွဲဆန့်လိုက်တော့ အစကတည်းက စီးပွားရေး နဲ့ ဒေသတွင်းပထဝီနိုင်ငံရေး အလို့ငှာ ပါချင်ချင် ဖြစ်နေတဲ့ အနောက်အုပ်စုဟာ ဒီမိုကရေစီ

ရွှေရည်စိမ် ဟုတ်/မဟုတ် မှတ်ကျောက်တင် စောင့်ကြည့်ဖို့ စိတ်မဝင်စား၊လူ့အခွင့်အရေး စံနှုန်းလည်း ဂရုမစိုက်တော့ဘဲ အကြောင်းပြချက် ကောင်းကောင်း၊စကားလှလှတွေသုံးပြီး “ကြောင်ခံတွင်းပျက် နဲ့ ဆက်ရက်တောင်ပံကျိုး”တွေ့သလို၊ “ဖိနပ်ပြတ်နဲ့ ခွေးငတ်” တွေ့သလို သူတို့ အကျိုးစီးပွား နဲ့လိုဘ ပြည့်ဖို့ရာ အတွက်ပဲ စဉ်းစား ဖော်ဆောင်လာတော့တာ အထူးအဆန်း မဟုတ်ဘူး။

 

ဒါပေမယ့် စစ်ပွဲအတွင်း နဲ့ လူမှုဒုက္ခ ဆင်းရဲတွင်း က တကယ့် ပကတိတိုင်းရင်းသား ပြည်သူတွေရဲ့ ဘဝ ကတော့  “ရွှေပြည်တော် မျှော်တိုင်းဝေး”နေဆဲပဲ ဖြစ်တယ်။  အရင်တုန်းကမှ စစ်အစိုးရဖြစ်လို့၊စစ်အာဏာရှင်စနစ်ဖြစ်လို့ ဆိုပြီး ဖြေတွေးလို့ရပေမယ့် အခုဟာက “နောင်လာတဲ့မောင်ပုလဲ ဒိုင်းဝန်ထက်ကဲ” ဆိုသလို ပြည်သူ့ အစိုးရ အမည်ခံပြီး စစ်အုပ်စုနဲ့ အပေါင်းအပါ စီးပွားဘီလူးကြီးတွေဟာ ကိုယ်ကျိုးအတွက် ပြည်သူကို ပိုဖိနှိပ် ရမ်းကား၊ လုပ်ချင်တိုင်း လုပ်ခွင့်ရနေတာဟာ ပိုဆိုးတဲ့ အနေအထား၊ပိုခံပြင်းစရာကောင်းပြီး လက်သင့်မခံနိုင်တဲ့ အခြေအနေ ဖြစ်တယ်။“ဒီမိုကရေစီ အစိုးရ” လို့ ပါးစပ် သနခံ ခေါ်ရ၊ “ခံလည်း ခံရ” ဆိုတော့“နာလည်း နာသေး၊ နံလည်း နံသေး” ဆိုတဲ့ အခြေအနေမျိုး၊ မနှစ်မြို့ဖွယ်၊ မသတီစရာ ဒီမိုကရေစီ မီးယပ် စွဲနေတဲ့ ကလိယုဂ် ခေတ်ဆိုးကြီး ဖြစ်တယ်။

 

ခု ဖြစ်ပေါ်နေတဲ့ ပြုပြင် ပြောင်းလဲ တိုးတက်မှု အားလုံးကို ကြည့်ကြည့်ပါ။စစ်အုပ်စုရယ်၊ သူတို့နဲ့ ပုလင်းတူ ဗူးဆို့တွေရဲ့ အကျိုးစီးပွားကိုမထိခိုက်တဲ့ အရာတွေချည်းပါ။  သူတို့ကို မထိခိုက်တဲ့ အပြင် ဒီလို အပေါ်ရံဟန်ပြ ဈေးခေါ်ကောင်းအောင် လုပ်ပြနေတဲ့ အလုပ်တွေကြောင့် သူတို့အကျိုးစီးပွားတွေ ပိုဖြစ်ထွန်း၊ သူတို့ကို အရင် နိုင်ငံတကာမှာထိန်းချုပ်ခံထားရမှုတွေတောင် ဖြေလျော့လာစေတယ်။  ဒါကြောင့်လည်း မဖြစ်မနေလုပ်ပြနေတဲ့ အစစ်အမှန် မဟုတ်၊ စေတနာအရင်းမခံတဲ့ ပြုပြင်ပြောင်းလဲမှုတွေပါ။  ဒါပေမယ့် သူတို့ စီးပွား နဲ့ အာဏာ ကို တိုက်ရိုက်ထိခိုက်စေတဲ့ ကိစ္စမျိုးတွေဖြစ်တဲ့ ပြည်သူ့ အကျိုးစီးပွား နဲ့ စစ်အုပ်စုအကျိုးစီးပွား တိုက်ရိုက် ယှဉ်လာရင်၊  ပြည်သူ့အာဏာ နဲ့ စစ်အုပ်စု အာဏာထိပ်တိုက် တွေ့လာရင် ဘာမှ မပြုပြင် မပြောင်းလဲဘဲ အကျင့်ဟောင်းအတိုင်းဘီလူးအစွယ် ကို အစွမ်းကုန်ထုတ်ပြ၊ ရက်စက် ဖိနှိပ် လုပ်ပြတာချည်းပဲမဟုတ်လား။

 

ဒီမိုကရေစီ အင်အားစု ကိုယ်တိုင်ကလည်း “နောက်ပြန်လှည့်အကြောက်တရား”ဆေးမိပြီး လျှာလေး၊ အာလေး ဖြစ်၊ မတရားမှုတွေကို အသံကျယ်ကျယ် မထွက်နိုင်၊အလိုတူ အလိုပါ သဘော ဖြစ်ကုန်တော့တယ်။  ဆိုတော့ စစ်အုပ်စုဟာ ရှေ့မှာလည်းပိုလို့ လက်ရဲဇက်ရဲ နိုင်လာဖို့ပဲ ရှိတော့တယ်။

 

မြန်မာစကားပုံ ရှိတယ်။  “တောဆူမှ မြို့ဝ” တဲ့..။ တောသား ဆူဖြိုးမှမြို့သားလည်း သာယာဝပြောမှာ..။  ဒါမှ တိုင်းပြည်လည်း တိုးတက်ချမ်းသာမှာ..။ ဗမာပြည်မှာ လူအများစု ဖြစ်တဲ့ တောနေ လူတန်းစား တောင်သူလယ်သမား နဲ့အခြေခံလူတန်းစား အလုပ်သမား၊ လက်လုပ် လက်စား အရေး အလေး မပေးသမျှ၊ သူတို့ဆူဖြိုးရေး မရှေးရှုသမျှ၊ လူမှုတရားမျှတမှု မဖော်ဆောင်နိုင်သမျှ၊ သူတို့မျက်ရည်ကြီး၊ မျက်ရည်ငယ် ကျအောင် လုပ်နေသမျှ၊ သူတို့ ထမင်းအိုးကိုခွဲနေသမျှ၊  သူတို့ ဗိုက်တွေ ဟောင်းလောင်း ဖြစ်နေသမျှ၊ သူတို့ ကျောတွေမွဲပြီး ပြောင်နေသမျှ ဒီမိုကရေစီ လေသံ ဘယ်လောက် ပစ်ပစ်၊ နိုင်ငံခြားရင်းနှီး မြှုပ်နှံမှု ဘယ်လောက်ဝင်ဝင် တိုင်းပြည်မှာ ဒီမိုကရေစီသုခချမ်းသာရ၊ လောက နိဗ္ဗာန် တည် ဆိုတဲ့ အခြေအနေမျိုး ဘယ်တော့မှ ရောက်လာမှာမဟုတ်ပါ။ ဆင်းရဲ ချမ်းသာ ကွာခြားချက်တွေ မြင့်သထက် မြင့်၊ လူမှုမတည်ငြိမ်မှုတွေ များသထက်များ၊ လူ့အဖွဲ့အစည်းမှာ မတရားမှုတွေ ဒင်းကြမ်းဖြစ်သထက် ဖြစ် ပြီး တိုင်းပြည်ဟာ “ဓားမနောက်ပိတ်ခွေး” ဘဝ က ဘယ်လိုမှလွတ်လာမှာ မဟုတ်ပါ။

 

ခုတော့.. ဖြစ်နေတာက.. ဗမာ့ သမိုင်းဝင် ဒီမိုကရေစီ အပြောင်းအလဲကြီးမှာ လူထုဟာ —

 

ဖယောင်းတိုင် ထွန်း နေတတ် ရမယ်။  ထမင်းတနပ် လျှော့စား နိုင်ရမယ်။စိတ်ရှည်၊ သည်းခံ ခန္တီ ပါရမီ ကျင့်ကြံ ရမယ်။  သူများဆီမှာ အလကားနီးပါးရနေတဲ့ လူထု ဆက်သွယ်ရေး စနစ်၊ နစ္စဓူဝ အခြေခံ လိုအပ်မှု ကို အရင်တုန်းကအေးဓားပြတိုက်သလို ပိုက်ဆံတွေ မတန်တဆ နင်းခွ တောင်းခဲ့ပြီ အခုမှရေမြေ့အရှင် မိုဘိုင်းသခင် အနေနဲ့ နာမည်ကောင်း ယူ ဈေးလျှော့ပေးတာကိုလည်း ကျေးဇူးသိနိုင်ရလောက်အောင် နုံအ တတ်ရမယ်။  ပြည်သူလူထုရဲ့ အခြေခံနဲ့ မူလ အခွင့်အရေး အားလုံးကို အလုံးစုံ ထိန်းချုပ်ထားခဲ့ပြီး အခုမသဒ္ဓါရေစာ မယားငယ် ပေးပေး ပြန်ပေးကာ ပြည်သူ့အခွင့်အရေး ကိုနိုင်ငံရေးလက်နက် အဖြစ် အသုံးချနေတာကို ကြည်ဖြူ နားလည်ပေးရုံမကရှိခိုးဦးတင် ကျေးဇူးတင် တတ်ရမယ်။

 

ဒါကို ကျောမွဲလူထု နင်းပြားတွေမှာ မခံနိုင်လို့ အာခံပြန်ရင်လည်း —

 

“ရွှေရေးပန်းကန်တက်” တယ် ဆိုပြီး လူ့ပေါက်ပန်း အာဏာရှင် နောက်မြီးဆွဲတွေရဲ့ အငြိုအငြင် ခံရမယ်။  အာဏာရှင်ရဲ့ မီးလောင်ဗုံးဒဏ် ခံနိုင်ရမယ်။လက်ကိုင်တုတ်တွေရဲ့ နံပါတ်တုတ်ဒဏ် ခံနိုင်ရမယ်။  သေနတ်ကျည်ဆံလည်း “ပီး”ရမယ်။  ဒါဟာ ဗမာပြည်က ကျားသနားမှ နွားချမ်းသာမယ့် “ခွေးတူ ဝက်တူဒီမိုကရေစီ” ရဲ့ အကျင့်၊ အကြံ နဲ့ ဝိသေသလက္ခဏာတွေ ဖြစ်တယ်။

 

“သမဏေနမဏော၊ ဂေါဏေနဂေါဏော” ဆိုသလို ဒီမိုကရေစီ နဲ့ နိုင်ငံရေး သမားဆိုသူများကလည်း —

 

ဘောင်းဘီဝတ်များ နဲ့ ဘောင်းဘီချွတ်များကြီးစိုးရာ လွှတ်တော် မှာ“မတိုက်မခံ” လုပ်တတ်ရမယ်။  မတိုက်လည်း မတိုက်၊ တာဝန်လည်း မခံတဲ့နိုင်ငံရေးဓလေ့ဟာ နာမည်သာဆိုးတာ အနေ၊ အစားတော့ တကယ် ချောင်တယ်။“အားလုံးကောင်းပါသည်” လည်း မကြာမကြာ အော် တတ်ရမယ်။  “လက်ညှိုးထောင်ခေါင်းညိတ်” အချိန်ကိုက် လုပ်တတ်ရမယ်။  မြင်းက မလှုပ် ခုံကလှုပ်၊ယုန်ကမတိုး ပိုက်ကတိုး နဲ့ “စိတ်တော်သိ၊ ဗောင်းတော်ညိတ်” လည်း တတ်ရမယ်။ရေလိုက်ငါးလိုက် နဲ့ “အမြီးစားဖက် ခေါင်းစားဖက်” လုပ်တတ်ရမယ်။  ဒါဟာ..“ပြည်ထဲအရေး ပေါက်နဲ့ကျေး”၊ “ကြက်ဥအရောင် တိမ်တောင်သဖွယ် မင်းရေးကျယ်”တယ်ဆိုပြီး နိုင်ငံအရေး၊ ပြည်သူ့အရေးကို ဆင်စွယ်နန်းပေါ်တင်၊ သုခမိန်စကားလုံးတွေသုံး၊ လူထုနဲ့ ကင်းကွာအောင် လုပ်၊ လူထုလှုပ်ရှားမှုကိုသင်းကွပ်၊ စကားအရာမှာတော့ ကြီးကြီးကျယ်ကျယ်ပြော၊ လေဖမ်းဝါးလုံးတန်းချည်လူထုကို ဝါဝါ ချရင်း အစစ်အမှန် နိုင်ငံရေး “ဝါဒ” နဲ့ ယုံကြည်ချက် တော့လက်ဆုပ်လက်ကိုင် မပြနိုင်ဘဲ စကားအရာသာ ဝါဝါပြီး ချ တတ်တဲ့ “ဝါတတ်”အချောင်သမား၊ လောက်ကောင်၊ ဆိတ်ခလောက်၊ မနုသီဟ ဖင်နှစ်ခွ တွေသာကြီးစိုးတဲ့ “ဝစီပိတ်” စစ်လွှတ်တော် နိုင်ငံရေး ရဲ့ “တေမိ ဒီမိုကရေစီ”အကျင့်၊ အကြံတွေ ဖြစ်တယ်။

 

အခုလို ဆိုတော့.. နင်ပဲငဆ နင့်နင့်သီးသီး နဲ့ ဘေးထိုင် ဘုပြော တယ်လို့ဆိုချင်ကြမယ်။  မဟုတ်ဘူး..။  ဗမာပြည် ပြုပြင် ပြောင်းလဲရေးကို အတိုင်းအတာတခု အထိ ကြိုဆို အသိအမှတ်ပြုကြောင်း နဲ့ အတိုက်အခံ နိုင်ငံရေးလမ်းကြောင်း ကို အပြုသဘော ဆောင်တဲ့ ဆောင်းပါး အမြောက်အများ ရေးခဲ့ဖူးတယ်။ နောင်လည်း အလျင်းသင့်သလို အပြုသဘောဆောင် ရေးဖို့ အများကြီး ရှိတယ်။ဒါပေမယ့် စစ်အုပ်စု နဲ့ ခရိုနီ အကျိုးသက်သက် စစ်ဖွဲ့စည်းပုံ နဖားကြိုးထိုးခံထားရတဲ့ စစ်လွှတ်တော် နိုင်ငံရေး တခုတည်း အလုပ်မဖြစ်ဘူး။ရှေ့မရောက်ဘူး။  လမ်းမပေါက်ဘူး။  မတရားမှုတွေ၊ ဖိနှိပ်မှုတွေအတွက်မာမာထန်ထန် အသံကျယ်ကျယ် ထွက် ဆန့်ကျင်ဖို့ ပို အခွင့်သာ၊ လူးသာ၊ လွန့်သာ၊လှုပ်သာတဲ့ လွှတ်တော် ပြင်ပနိုင်ငံရေး၊ လူထု နိုင်ငံရေး က အခုထက် ပိုကျယ်ကျယ်ပြန့်ပြန့် ရှိရမယ်၊ ရှိသင့်တယ် ဆိုတာလည်း မြင်သလောက် ထောက်ပြပြောဆိုမှ နိုင်ငံသား တယောက်၊ ပြည်သူတယောက် အနေနဲ့ ကျင့်ဝတ် တာဝန် (MoralObligation) ကျေမယ်။

 

လယ်ကွင်းထဲ၊ ယာကွက်ထဲ၊ စက်ရုံထဲ နဲ့ တောထဲ၊ တောင်ထဲ က ဘဝတွေဟာ စိတ်ကူးယဉ်ပြီး တည်ဆောက်လို့ မရဘူး။  စိတ်ကူးသက်သက်နဲ့ တည်ဆောက်လို့ မရဘူး။သူတို့အတွက် လက်တွေ့ အလုပ်နဲ့ အခွင့်အရေး ရဖို့ လိုတယ်။  လိုအင်ဆန္ဒ နဲ့အကြောက်တရား က လွတ်မြောက် (Freedom from Want & Fear)၊ ဒီမိုကရေစီအိမ်မက် မက်ဖို့ဆိုတာဟာ လက်တွေ့ သဘာထား မှန်တဲ့ အလုပ်တွေ၊ အပြုအမူတွေပါဖို့ လိုတယ်။  ပြည်တွင်း ငြိမ်းချမ်းရေး နဲ့ တိုင်းရင်းသား အရေးတည်ဆောက်တာပဲဖြစ်ဖြစ်၊ လယ်သမား၊ အလုပ်သမားအရေး ကိုင်တွယ်တာပဲဖြစ်ဖြစ်မှာစကားချည်းသက်သက်၊ လက်ချည်းသက်သက် နဲ့ ကိုယ်အသာရဖို့၊ “ငို့ဘ” အကျင့်ကစားသမားစိတ်ဓာတ် (Gamesmanship)  နိုင်ငံရေး ကစားကွက်ဆင်၊အလျှော့အတင်းလုပ်၊ လှည့်ကွက် ထောင်ခြောက်ဆင် ကစားနေတာတွေ ရပ်ပြီး တကယ့်အစစ်အမှန် အရင်းခံ စိတ်စေတနာ နဲ့ သူတို့တွေ တကယ်ပဲ ဒုက္ခ၊ သုက္ခ ကြီးစွာခံစားနေရပါ့လား ဆိုတာ စာနာနားလည် ဆင်ခြေ နိုင်ဖို့လိုပြီး လက်တွေ့သူတို့အတွက် အလုပ်တွေ၊ အခွင့်အရေးတွေ လုပ်ဖို့၊ ပေးဖို့ လိုတယ်။  ခုတော့နိုင်ငံတကာ နဲ့ ပြည်တွင်းက ရွှေပြည်အေး သမားများ ရဲ့ အထင် နဲ့ အမြင်ဟာနင်းပြားများ လက်တွေ့ ခံစားနေရတဲ့ ပကတိ အခြေအနေနဲ့ ပါစင်အောင်လွဲ နေတယ်။

 

တန်ခိုးရှင် မဟုတ်မှန်း သိတယ်။  နေ့ချင်း၊ ညချင်း ဘယ်အရာမှမဖြစ်နိုင်ဘူးဆိုတာလည်း နားလည်တယ်။  လက်ဖျောက်တချက် တီးလိုက်ရုံနဲ့တမဟုတ်ချင်း အရာရာ မပြီးပြည့်စုံနိုင်ဘူးဆိုတာလည်း တွက်မိတယ်။  ဒါပေမယ့်အရာရာကို အကောင်းမြင်၊ အချိန်တွေ စောင့်စား၊ စိတ်ရှည်၊ သည်းခံဖို့ဟာလူတိုင်းအတွက် အဆင်မပြေဘူး။  အထူးသဖြင့်  စစ်ပွဲ နဲ့ ဆင်းရဲ ဒုက္ခကြားကအနာဂတ်မဲ့နေတဲ့ ဘဝတွေအတွက် အဆင်မပြေဘူး။  အင်းလျားကန်စောင်း အအေးခန်းထဲကလူတန်းစားအတွက် အဆင်ပြေချင် ပြေမယ်။  ကွန်ပျူတာ ကီးဘုတ် ကို ခလုတ်လက်တင်ခု စာရေးနေတဲ့ စာရေးသူအတွက် အဆင်ပြေချင် ပြေမယ်။  ကွန်ပျူတာဖန်သားပြင်ကို ခု စူးစိုက် ဖတ်နေတဲ့ စာဖတ်သူ အတွက် အဆင်ပြေချင် ပြေမယ်။

 

ဒါပေမယ့်  နွေးထွေးတဲ့ အိမ်ဆိုတာ ဘယ်နားနေမှန်း မသိဘဲ အသက်ဘေး အတွက်တောထဲ ပြေးနေရတဲ့ သူတွေ အတွက် အဆင်မပြေဘူး။  ကိုယ့် အိမ်ကနေ အတင်း အဓမ္မစွန့်ခွာနေရတဲ့ လယ်မဲ့၊ ယာမဲ့၊ မြေမဲ့ ဘဝတွေ အတွက် အဆင်မပြေဘူး။အလုပ်ရှင် သွေးစုပ်သမျှ လည်စင်း ခံပေးနေရတဲ့ အလုပ်သမားတွေ အတွက်အဆင်မပြေဘူး။  “အိမ်ဆိုပေမယ့် အိမ်ရယ် မမည်တော့တဲ့” ဘဝ  အိမ်တွေ မှာ နေနေရသူ တွေအတွက် အဆင်မပြေဘူး။  မလွယ်ဘူး။

 

ဒီလိုအနေအထားမှာ ဗမာ့ နိုင်ငံရေး ကို “Political Illusion” က ဘယ်လို၊“Democratisation” ဘယ်ပုံ၊  “Liberalisation” က ဘယ်အရာ၊ “Transition toDemocracy” မှာ ဘာတွေ ရှိတယ်.. စတဲ့ စကာလုံး တွေ၊ သီအိုရီ တွေ ချရေး၊ချပြောဖို့ စိတ်မပါဘူး။  လိပ်ပြာမလုံဘူး။

 

ဗမာပြည်အတွက် လွတ်လပ်ခြင်း နဲ့ တန်းတူညီမျှခြင်း ဒီမိုကရေစီ တရား ဟာမီးတွင်းထဲတင် နိဋ္ဌိတံ တယ်လို့တောင် မဆိုနိုင်ဘဲ “အသေမွေးခဲ့တယ်” လို့ပဲတိုတို ဆိုရမယ်။

 

ဒီလို “အသေမွေး ဗမာ့ ဒီမိုကရစီ” အတွက် အပေါ်ရံ သကာမဖုံးဘဲ ဆိုခဲ့တဲ့စကားလုံး အကြမ်းထည်တွေကပဲ အနည်း၊ အကျဉ်း ပုံဖော် နိုင်မယ် ထင်တယ်။ဒါတောင် ပကတိ အခြေအနေနဲ့ အများကြီး အလှမ်းကွာနေသေးတယ်။

 

နောက်ဆုံး အနေနဲ့တော့  “ခွေးတူဝက်တူ ဒီမိုကရေစီ အကျင့်အကြံ၊ ဝစီပိတ်လွှတ်တော် နိုင်ငံရေး နဲ့ အသေမွေးခဲ့တဲ့ ဗမာ့ဒီမိုကရေစီ” အတွက်ဗားတော့ဘရက် ရဲ့ ကဗျာ လေး တပုဒ် နဲ့ နိဂုံးချုပ်ချင်တယ်။

 

အဆီယစ်နေသူများ

 

ပြည်သူ့ချွေးနှီးစာ အခွန် ဘဏ္ဍာတော်ကို

အလွဲသုံးစားလုပ်နေသူတွေက

နည်းနည်းနဲ့ ရောင့်ရဲကြပါလို့

ဆုံးမနေပါလားဟေ့..။

 

ဗိုက်အပြည့် စားသောက်နေရတဲ့ သူတွေက

လူငတ်တွေကို

အနစ်နာခံကြစမ်းပါတဲ့..။

 

တိုင်းပြည်ကြီးကို ဂျောက်ထဲ ဆွဲခေါ်ချမယ့် လူတွေက

တိုင်းပြည်ကြီး သာယာဝပြောမယ့် အချိန်

နီးလာပြီတဲ့လေ..။

 

တိုင်းပြည်အုပ်ချုပ်ရေးဆိုတာ

သာမန်ပြည်သူပြည်သားတွေ နားလည်ဖို့

အင်မတန် ခက်ပါတယ် ဆိုပါလားဟေ့..။

 

အားလုံး ဆင်ခြင်၊ တွေးခေါ်၊ ခံစား၊ နားလည်၊ စာနာ နိုင်ကြပါစေ။

 

ငြိမ်းချမ်းအေး

၂၆ ၊ ဧပြီ ၊ ၂၀၁၃

မှတ်ချက်။  ။ ဗားတော့ဘရက် (၁၈၉၈-၁၉၅၆) (ဂျာမန် ကဗျာဆရာ / ပြဇာတ်ရေးဆရာ /ပြဇာတ်ဒါရိုက်တာ) ရဲ့ ကဗျာကို ‘တင်မောင်အေး’  ဘာသာပြန်‘အနာဂတ်အတွက်ကဗျာ’ စာအုပ် (၁၉၇၀) ကနေ ယူတယ်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts