သူတို့အာဘော် ငြိမ်းချမ်းအေး

ငြိမ်းချမ်းအေး – ငြိမ်းချမ်းရေးခရီး နီးပြီလား

 ငြိမ်းချမ်းအေး – ငြိမ်းချမ်းရေးခရီး နီးပြီလား
(ဖက်ဒရယ် ဂျာနယ် / သည်လေဒီးစ်နယူးစ် / မိုးမခ)
သြဂုတ် ၂၄၊ ၂၀၁၅

တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ကို လူနည်းစုလူမျိုးစုတော်လှန်ရေးအဖွဲ့တွေအားလုံး တပြိုင်တည်း လက်မှတ်ရေးထိုးခွင့်ရမှသာ သူတို့လည်း လက်မှတ်ထိုးမယ်လို့ ကချင်လွတ်မြောက်ရေးအဖွဲ့  (KIO) က သြဂုတ် ၂၁ ရက်နေ့က ထုတ်ပြန်ကြေညာခဲ့ပါတယ်။  ကရင်အမျိုးသားအစည်းအရုံး (KNU) ဒုတိယဥက္ကဋ္ဌ နော်စီဖိုးရာစိန် ကလည်း လက်နက်ကိုင်အဖွဲ့ ၁၇ ဖွဲ့လုံးပါမှ KNU အနေနဲ့ NCA ကို လက်မှတ်ရေးထိုးမယ်လို့  သြဂုတ် ၂၃ ရက်နေ့က VOA အမေရိကအသံ (မြန်မာပိုင်း) ကို ပြောခဲ့တယ်။ အစောပိုင်းက ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးစောမူတူးစေဖိုး လက်မှတ်ရေးထိုး ထုတ်ပြန် ထားတဲ့ ဘာပဲဖြစ်ဖြစ် (သဘော) အစိုးရနဲ့ ငြိမ်းချမ်းရေး လက်မှတ်ထိုးမယ်ဆိုတဲ့ ဆုံးဖြတ်ချက်လည်း ရှိတယ်။  နော်စီဖိုး ရာစိန်ကတော့ သထောထားကွဲလွဲနေတာမျိုးမဟုတ်ဘူး ဘယ်နှစ်ဖွဲ့လဲဆိုတာ ဆွေးနွေးသွားမှာပါဆိုပြီး ပြောခဲ့တယ်။ ဒါ့အပြင် NCA မှာလက်မှတ်ထိုးပြီးတာနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအနေနဲ့ လက်နက်တွေကို ဖျက်သိမ်းရမယ် ဆိုတဲ့ ဗိုလ်မင်းအောင်လှိုင်ပြောဆိုချက်ကို KNU အနေနဲ့ လက်မခံကြောင်းလည်း နော်စီဖိုးရာစိန်ကပြောသွားခဲ့တယ်။

သမ္မတရုံးသတင်းနဲ့ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်အရ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူ စာချုပ် (NCA) ကို အစိုးရထုတ် ကြေးမုံသတင်းစာမှာ သြဂုတ် ၁၈ ရက်နေ့ ရက်စွဲနဲ့ ဖတ်လိုက်ရပါတယ်။  ကိုးကန့်၊ လားဟူ၊ ပလောင် တအောင်း၊ ရက္ခိုင့် တပ်မတော်တွေကို အစိုးရဘက်က ထည့်မထားပေမယ့် လက်နက်ကိုင် လူမျိုးစုတပ် အ တော်များများနဲ့ လက်မှတ်ထိုးကြမယ့် သဘောရှိနေပါတယ်။ ဆိုတော့ စစ်ပွဲတွေရပ်၊ ငြိမ်းချမ်းရေးခရီး တကယ်နီးပြီလား။  လူမျိုးစုအားလုံး ခွင့်တူညီမျှဝါဒဖြူစင်တဲ့ ပြည်ထောင်စု တိုင်းပြည်တကယ် မြင်ရတော့မလား။

စာချုပ်မှာ အားလုံး ခွင့်တူ တန်းတူ ကိစ္စတွေအတွက် အခြေခံမူ ၁၁ ချက်ပါပါတယ်။  အပစ်အခတ်ရပ်အောင် နှစ်ဖက်စလုံးက လိုက်နာရမယ့် ကျင့်ဝတ်တွေ၊ ယုံကြည်မှုတည်ဆောင်ရေး လုပ်ငန်းစဉ်တွေ အသေးစိတ်လည် ထည့်ထားပါတယ်။  နောက် ပိုင်း စစ်ပွဲတွေရပ်ပြီးရင် စရမယ့် နိုင်ငံရေးဆွေးနွေးပွဲများအတွက် အာမခံချက်တွေလို အရေးကြီးတဲ့ အချက်တွေလည်း ပါပါတယ်။ လူနည်းစုတိုင်းရင်းသားဒေသတွေက စစ်ဘေးရှောင်ဒုက္ခသည်များကို အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ လူ့အခွင့်အရေးနဲ့အညီ ပူးပေါင်းစောင့်ရှောက်သွားမယ့်အချက်တွေအထိ အခြားအရေးပါတဲ့ အချက်အလက်များ လည်း အပြည့်အစုံပါပါတယ်။

ဒါတွေအားလုံးကို ကြည့်ရင် တိုင်းရင်းသား လူနည်းစုအားလုံး မျှော်ရည်မှန်းတဲ့ ဖက်ဒရယ် ပြည်ထောင်စုအိပ်မက် အမှန် တကယ် မက်ခွင့်ရဖို့ နီးလာသယောင် ရှိပါတယ်။  ဆိုတော့ ဒီဖက်ဒရယ်အရေးကို ဒီအပတ် ဆွေးနွေးချင်ပါတယ်။  ကျွန်တော် ဖက်ဒရယ်ဆက်စပ် အတွက် လူနည်းစုအသံ၊ အစိုးရဘက်က ငြိမ်းချမ်းရေးဖြစ်စဉ် တာဝန်ယူထားတဲ့ပုဂ္ဂိုလ်ကြီးများ အသံ စတဲ့ ဘက်ပေါင်းစုံ အမြင်ပါတဲ့ ဖက်ဒရယ်မဂ္ဂဇင်းမှာလည်း ဆွေးနွေးဖူးခဲ့ပါတယ်။  အခု အဲဒီအာဘော်ကိုပဲ အခြေပြု ဒီမှာ ထပ်မံ ဖြည့်စွက်ဆွေးနွေးပါ့မယ်။

၂၀၀၈ ဖွဲ့စည်းပုံအောက်က လွှတ်တော်နိုင်ငံရေးနဲ့ ရွေးကောက်ပွဲလမ်းစဉ် ငါးနှစ်တာကာလအတွင်းမှာ တိုင်းရင်းသား လူနည်းစု လူမျိးစု နိုင်ငံရေးပါတီများသာမက လူအများစု မြန်မာများနဲ့ ဖွဲ့စည်းတည်ထောင်ထားတဲ့ ပါတီတိုင်းလိုလိုကပါ လူထူထူရှိရင် ထုတ်ပြောလာတဲ့ ပါတီမူဝါဒတခုက ‘ဖက်ဒရယ်စနစ် ပြည်ထောင်စု တည်ဆောက်ရေး’ ပါ။ ၁၉၆၂ စစ်အာ ဏာသိမ်းမှုမှာ ဖက်ဒရယ်ကို ရန်လုပ် အပြစ်ပုံချကာ ပြည်ထောင်စုကြီး ပြိုကွဲတော့မယ့်ဟန်၊ ပြည်ထောင်စု ရန်သူဖြစ် ဟန် ပုံဖော်ခဲ့ကြတဲ့ တပ်မတော်အင်အားစုများ ကိုယ်တိုင်က အခုဆိုရင် ဖက်ဒရယ်စကား မြိန်ရေရှက်ရေ ဆိုနေကြပါပြီ။  နောက်ပိုင်း စစ်အစိုးရခေတ်များတလျှောက်လည်း တိုင်းရင်းသား တန်းတူညီရေးကို ခွဲထွက်ရေးအဖြစ် ဇွတ်အတင်းပုံဖော် လမ်းကြောင်းတတ်တဲ့ အခြေခံအတွေးအခေါ်က ပေါက်ဖွားလာတဲ့ စစ်တပ်ကျောထောက်နောက်ခံပြုပါတီများက အခုဆိုရင် တိုင်းရင်းသားအရေးမှာ ဖက်ဒရယ်စနစ်ကို ဖော်ဆောင်ပါ့မယ် အာမဘန္တေ ခံကုန်ကြပါပြီ။

ဒါဆို စစ်ပွဲတွေရပ်ပြီပေါ့။ စစ်ဘေးရှောင် ပြည်တွင်းနဲ့ဒေသတွင်း ဒုက္ခသည်သန်းချီလည်း ကိုယ့်မြေကိုယ့်ရေပြန် တောင်ယာ လုပ် အေးအေးဆေးဆေး အသက်မွေးဝမ်းကျောင်းနေရပြီပေါ့။  လူမျိုးရေး၊ ဘာသာရေး နှိပ်ကွပ်မှုဒဏ်၊ ပြည်တွင်း စစ်ပွဲ မငြိမ်းချမ်းမှု ဆိုးကျိုးဆက် လူမှု၊ စီးပွား၊ ပညာ၊ ကျန်းမာ နိမ့်ကျမှုဒဏ်မခံနိုင်လို့ ဒေသတွင်း၊ အာရှ၊ ဥရောပ၊ အမေရိကား ကမ္ဘာအနှံ့မှာ အဝေးရောက်လုပ်နေရတဲ့ တိုင်းပြည်က မြန်မာအပါအဝင် တိုင်းရင်းသားစုံလည်း အိမ်ပြန်ခွင့်သာနေပြီပေါ့။  မွန်၊ မြန်မာ၊ ရခိုင်၊ ရှမ်း၊ ကချင်၊ ကရင်၊ ကရင်နီ၊ ချင်း အစရှိတဲ့ လူမျိုး၊ ဘာသာစုံ နိုင်ငံတော် သီချင်းပါ ခွင့်တူညီမျှ ဝါဒဖြူစင်တဲ့ ပြည်ထောင်စုမြေမှာ ဂုဏ်သိက္ခာရှိရှိ လူလိုနေနိုင်ပြီပေါ့။

Photo by Htoo Tay Zar
http://www.imageplus.me/2012/09/24/international-peace-day-2012/

ခွင့်တူတဲ့ ဖက်ဒရယ် တည်ဆောက်မယ်လည်း ပြောသေးတယ်၊ ငြိမ်းချမ်းရေးအတွက် နိုင်ငံရေးဆွေးနွေးပွဲတွေလည်း ဘာကြောင့် အလုံးစုံ အောင်မြင်ပြီးမြောက် မဖြစ်ရပါသလဲ။  အပစ်အခတ်ရပ်စဲရေးအဆင့်တောင် ဘာကြောင့် ဒီလောက် ကြန့်ကြာနေရပါသလဲ။  အဖြေကရှင်းပါတယ်။  ဆွေးနွေးနေကြတာ၊ ခံယူချက်ထားနေကြတာက အပေါ်ယံသဘော အနှစ် မပါတဲ့ ‘ဖက်ဒရယ်အတု’ အတွေးအခေါ်တွေကို အခြေခံနေလို့ပါပဲ။

အခုဆွေးနွေးချက်ကို တိုင်းပြည်ရဲ့ အုတ်မြစ် အခြေခံဥပဒေပါ ပြည်နယ်ဒေသ တိုင်းရင်းသားအရေးဆိုင်ရာ ပုဒ်ထီး၊ ပုဒ်မများနဲ့ ဆွေးနွေးဖို့ စဉ်းစားမိပါတယ်။ အနည်းဆုံး အရင်လ ဇူလိုင်လအတွင်း လွှတ်တော်မှာ ပြင်ဆင်ဖို့အရေးရှုံးနိမ့်သွားခဲ့တဲ့ တိုင်း ရင်းသားအရေးဆက်စပ်ပုဒ်မ ၂၆၁ ပါ သက်ဆိုင်ရာ ပြည်နယ်၊ တိုင်းဝန်ကြီးချုပ်တွေကို မိုးကျရွှေကိုယ် ဗဟိုခန့် ပုံစံ သမ္မတ ကပဲ ရွေးချယ်မယ့်သဘောတွေကို အကျယ်ဆွေးနွေးထောက်ပြသင့်တယ်ဆိုတာလည်း သိပါတယ်။ ဒီပုဒ်မ ၂၆၁ ဟာ ဖက်ဒ ရယ်ခရီးအတွက် ကြီးမားတဲ့အနှောင့်အယှက်ကြီးဖြစ်တာလည်း အမှန်ပါပဲ။

ဒါပေမဲ့ အာဏာနိုင်ငံရေး အလိုအရ တမျိုး၊ တဘာသာ ဗဟိုပြု မြန်မာလူမျိုးကြီးဝါဒကို နာမည်အမျိုးမျိုးနဲ့ ခေတ်အဆက်ဆက် အစဉ်တစိုက် ဖော်ဆောင်ခဲ့တဲ့ တပ်မတော်ခေါင်းဆောင်များ အာဏာဆက်လက်တည်မြဲရေးအလို့ငှာ အရောင်ပြောင်း အရေခွံလဲဖို့ရာ စိတ်တိုင်းကျ စိတ်ကြိုက် အချိန်ယူ ပြင်ဆင်ရေးဆွဲထားခဲ့တဲ့ ၂၀၀၈ စစ်ဖွဲ့စည်းပုံကိုအခြေခံပြီးတော့ကို ဒီပုဒ်မပြင်သင့်တယ်၊ ဟိုပုဒ်မ ဖြုတ်သင့်တယ် မလုပ်အပ်ပါဘူး။  ညီညွတ်တဲ့ အနာဂတ် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်ချင်ရင် ဒီဖွဲ့စည်းပုံအခြေခံကို မူတည်စဉ်းစားလို့ မရပါဘူး။  ဒီအခြေခံဥပဒေတွေက ပြင်ရမှာမဟုတ်ပါ၊ ဖျက်ရ မှာပါ။  အဖုံးကအစ လဲရမယ့် အခြေခံဥပဒေစာအုပ်ပါ။ အဖုံးက တအုပ်စု၊ တဖွဲ့ ကိုယ်စားပြုနိုင်တဲ့ စစ်တပ်အရောင် အစိမ်း ရောင် ဖြစ်နေလို့ပါ။  ဆိုချင်တာက စစ်ဖွဲ့စည်းပုံအတွင်း ဘောင်ခတ်စဉ်းစားရင်၊ ဆွေးနွေးရင် လူမျိုးစုရေးရာက ဘယ်တော့မှ ပြေလည်နိုင်မှာမဟုတ်တဲ့ အဓိကအကြောင်းကြီးကို အသားပေး တင်ပြလိုတာပါ။

ဥပမာ – အခြေခံမူ ပုဒ်မ ၂၀-င မှာဆိုရင်  “ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးတို့ကို ကာကွယ်စောင့်ရှောက်ရန် တပ်မတော်တွင် အဓိက တာဝန်ရှိသည်” ဆိုတဲ့ ပြဋ္ဌာန်းချက် ပါပါတယ်။  ဒါဟာ ၂၀၀၈ ဖွဲ့စည်းပုံအောက်က လွှတ်တော်နိုင်ငံရေးနဲ့ ရွေးကောက်ပွဲ လမ်းလျှောက်သူ နိုင်ငံရေး ပါတီတိုင်းလည်း သစ္စာစောင့်သိရတဲ့ ဒို့တာဝန်အရေး ၃ ပါးလည်း ဖြစ်ပါတယ်။  နဝတ၊ နအဖ စစ်အစိုးရခေတ် အဆက်ဆက် နေရာတိုင်းမှာ အာပေါက်မတတ်အော်ခဲ့တဲ့ ကြွေးကြော်သံလည်း ဖြစ်ပါတယ်။

[ဖြည့်စွက်ချက် — လွတ်လပ်တဲ့အာရှအသံ (RFA) မြန်မာပိုင်း ဌာနမှူး ဒေါ်ညိမ်းရွှေနဲ့ သြဂုတ် ၂၀၊ ၂၁ ရက်နေ့ ရေဒီယို မေးမြန်းခန်း မှာလည်း ဗိုလ်မင်းအောင်လှိုင်က ဒို့တာဝန်အရေးသုံးပါး ကို တပ်မတော်က ကာကွယ်ရေးနဲ့ တိုင်းရင်းသားပြဿနာ မြ့ပီးသေရွ့ စစ်တပ်က နိုင်ငံရေးမှာ ဆက်လက်ပါဝင်နေဦးမယ့် သဘောတွေကို အခိုင်အမာပြသခဲ့ပါတယ်။]

ဒီ ၃ ချက်ကို အခြေခံလက်ခံစဉ်းစားရင်ကို တိုင်းရင်းသားအရေးက သမမျှတ ညီညွတ် အဆုံးပန်းတိုင်အထိ ရှေ့ဆက်လှမ်းနိုင်ဖို့ ဝေးနေဦးမှာပါ။  အကျယ် ဆွေးနွေးချက်ကို ရှုပါ။

၁) ပြည်ထောင်စု မပြိုကွဲရေးကို အသေဆုပ်ကိုင်ထားလို့မရပါ။

ဗိုလ်ချုပ်အောင်ဆန်းနဲ့ မြန်မာခေါင်းဆောင်များ အင်္ဂလိပ်ဆီက ပြည်နယ် ပြည်မ၊ တောင်တန်း မြေပြန့် မခွဲ လွတ်လပ်ရေး အရယူဖို့ရာ လူနည်းစုခေါင်းဆောင်များနဲ့ ၁၉၄၇ ဖေဖော်ဝါရီ ပင်လုံမှာ ဆွေးနွေး သဘောတူညီခဲ့ကြတဲ့အထဲက အဓိက အချက်တခုမှာ ခွဲထွက်ခွင့်ပါပါတယ်။  ရှေးပဒေသရာဇ်ခေတ်များကတည်းက အာဏာအပြည့်အဝ မသက်ရောက်ခဲ့တဲ့ သူ့ဘာသာ စုစည်းမှုလည်းရှိကြတဲ့ ရှမ်းနဲ့ ကရင်နီကို သီးသန့်ရပ်တည်ပိုင်ခွင့်၊ နောင်မှာ ခွဲထွက်ခွင့် ပေးထားခဲ့ပါတယ်။  ဗိုလ်ချုပ်မူဝါဒသဘောက ရှင်းပါတယ်။  ခွဲထွက်ခွင့် ပေးရမယ်၊ လူနည်းစုတွေ မခွဲချင်အောင် လုပ်ဖို့က ကျွန်တော်တို့ လူအ များစု မြန်မာများတာဝန်ပါဆိုတဲ့ အခြေခံမူကို ကိုင်ထားတာပါ။  လွတ်လပ်ရေး တိုက်ယူချိန်၊ အင်္ဂလိပ်ရဲ့ သွေးထိုးမှုအောက် ခွဲထွက်ခွင့်သာချိန်မှာတောင်မှ ဘယ်လူမျိုးစုကမှ ခွဲစကား မဆိုခဲ့တာကို အခုကျမှ ပြည်ထောင်စုမပြိုကွဲရေး ကို ဇွတ်ထိပ်က ရှေ့ကပိတ် ဇောင်းမပေးသင့်ပါ။  လူနည်းစုတွေ တသက်လုံး ခွဲဖို့ စိတ်ကူးမရှိခဲ့တာကြောင့် အခုအချိန်မှာ ‘မခွဲရေးစကား’ ကို အသားပေးနေတာ နားခါးလှပါတယ်၊ ခံစားချက် အကြား၊ အသိ ရင်ဘတ်နာလှပါတယ်။

၂) တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေး ဆိုတာ ဘာကို အခြေခံပါသလဲ။

တိုင်းရင်းသားစည်းလုံးရေးဆိုတော့ စကားလုံးသဘောအရ ဘာမှ အန္တရာယ်မရှိသယောင် ရှိပါတယ်။  ဒါပေမဲ့ ညီညွတ်ရေးက ဘယ်အချက်မူကို အခြေပြု တည်ဆောက်ပါသလဲ။  လက်နက်တောင့်သူ၊ ချမ်းသာသူ အုပ်စုတွေကို အထူးဒေသတွေပေး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်တွေ ကွက်ပေး၊ စီးပွားလုပ်ပိုင်ခွင့်ပေးမယ်၊ ဘိန်းစိုက်ခွင့်ပေးပြီး သေနတ်သံတိတ်စေ၊ နိုင်ငံရေး စကားမပြောနဲ့၊ အခွင့်မတောင်းနဲ့ ဆိုတဲ့ ပါမစ်နဲ့ သေနတ်လဲတဲ့ စီးပွားပေါင်းစား ငြိမ်းချမ်းရေးပေါ်လစီကို အခြေခံမလား။  ငါခိုင်းသလိုလုပ်၊ ပြန်မပြောနဲ့၊ ငါ့လက်အောက်ဝင်၊ နယ်ခြားစောင့်တပ်ဖွဲ့နဲ့ လက်နက်ဆက်ကိုင်ထား၊ စီးပွားရှာ၊ ဆက်ကြေး ကောက်ဆိုတဲ့ သေနတ်ထောက် ငြိမ်းချမ်းရေးမှာ အခြေတည်တဲ့ တိုင်းရင်းသားစည်းလုံးရေး မပြိုကွဲရေးလား။  ဟိုအဖွဲ့၊ ဒီအဖွဲ့ နှစ်ယောက်တပိုင်း အစုစု အမှည့်ခြေ ဖဲ့ခွဲထုတ် တည်ဆောက်ထားတဲ့ ငြိမ်းချမ်းရေးကို အခြေခံတဲ့ စည်းလုံးညီညွတ် မှုမျိုးလား။  ဒါတွေအားလုံး စစ်ဗိုလ်ချုပ်များ အဆက်ဆက် လက်ကိုင်ထားခဲ့တာပါ။  ပြည်ထောင်စုရှိ လူမျိုးစုများ ပိုမိုစည်းရုံး မှုပြိုကွဲရေးကို သာ ဖြစ်စေပါတယ်။  လူနည်းစုဒေသက သာမန်ပြည်သူများပိုလို့ ဆင်းရဲတွင်းနက်စေခဲ့ပါတယ်။

တကယ် အခြေခံရမယ့် မူက နိုင်ငံမှာ မှီတင်းနေထိုင်နေတဲ့ လူမျိုး၊ ဘာသာ လူမျိုးစုစုံ အားလုံးရဲ့ မတူကွဲပြားတဲ့ သီးခြားဟန် ဖြစ်တည်မှု၊ တည်ရှိမှု၊ ဘာသာစကား၊ ကိုးကွယ်ယုံကြည်မှု၊ ဓလေ့ အားလုံးကို အခြေခံကျကျ စနစ်အဖွဲ့အစည်းနဲ့ လူ့အဝန်း အဝိုင်းမှာ အသိအမှတ်ပြုလေးစားတတ်တဲ့ ဒီမိုကရေစီ ဗဟုယဉ်ကျေးမှု နိုင်ငံရေး လူမှုရေး လူ့ဘောင်စနစ် မှာ တည်ရှိတဲ့ မတူကွဲပြားမှုကြားက ညီညွတ်မှု ‘Unity in Diversity’ အရောင်အသွေးစုံညီ ပြည်ထောင်စုတိုင်းပြည်ဖြစ်တယ်ဆိုတဲ့ အခြေခံမူကိုသာ ဖြစ်ပါတယ်။

၃) အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး တဲ့လား

စကားလုံးအင်အားကကို ကျောစိမ့်စရာ ဖြစ်လှပါတယ်။  ဗဟိုအစိုးရ၊ မြန်မာများကြီးစိုးရာ အစိုးရရဲ့ အချုပ်အခြာအာဏာ တည်မြဲချင်လို့ လွတ်လပ်ရေးရပြီးကတည်းက ပါလီမန်ခေတ်ဦးမကျန် ခေတ်အဆက်ဆက် လူနည်းစု တိုင်းရင်းသားဒေသ တွေမှာ မပြတ် တိုးချဲ့တည်ဆောက်ခဲ့၊ တည်ဆောက်နေတဲ့ စစ်တပ်တွေ၊ မညီမျှတဲ့ ပြည်နယ်တိုင်း နယ်မြေစည်းခြား သတ်မှတ်မှုတွေ အားလုံးက ဒီအချက်ကို မူတည်ဖော်ဆောင်ခဲ့ကြတာပါ။  လူနည်းစုဒေသများမှာ တည်ဆောက်ထားတဲ့ ကလော၊ ဗထူး၊ မေမြို့ စတဲ့ စစ်တပ်မြို့တွေအားလုံးက သက်သေပါ။  မေမြို့ကို မန္တလေးတိုင်း လက်အောက်ဆက်ထားခြင်းမျိုးက ဒီစဉ်းစားပုံကို အခြေခံတာပါ။  စစ်ကိုင်းတိုင်းရဲ့ အထက်ပိုင်းနဲ့ အနောက်ပိုင်းတွေဟာ ကချင်ပြည်၊ ချင်းပြည်တို့ဆီက ဖဲ့ထုတ်ယူထားတဲ့ မြန်မာအများ ဗဟိုအစိုးရရဲ့ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးမျိုးပါ။  တရုတ်နဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ ကိုးကန့်၊ ဝ၊ ကချင်တွေရဲ့ လက်နက်ကိုင်တော်လှန်ရေး စစ်ပွဲတွေကို မြန်မာလူသာမန် လူအများကြား အမြင်မ ကြည်လင်အောင် ဝါဒဖြန့်ရင်း ပြည်တွင်းစစ်မီး မွှေးထား လောင်ထား အသက်ဆက်နေခြင်းက ဒီနိုင်ငံရဲ့ အချုပ်အခြာအာဏ ဆိုတဲ့ အချက်ကြီးကို အခြေခံနေလို့ပါ။

ဖြစ်သင့်တဲ့ အချုပ်အခြာအာဏာ တည်မြဲရေး လူမျိုးစုဒေသတွေရဲ့ လွတ်လပ်သီးခြားတည်ရှိပြီး ပြည်မနဲ့ ဟန်ချီညီ သမမျှတ တန်းတူ တည်ရှိရပ်တည်စေတဲ့ ပြည်ထောင်စု အချုပ်အခြာအာဏာ တည်မြဲရေးမျိုးပါ။

■ ဖက်ဒရယ်အတု သတိပြုပါ
ဆွေးနွေုးခဲ့တဲ့ ၃ ချက်၊ တနည်းအားဖြင့်ဆိုသော် အခု တပ်မတော်၊ ၂၀၀၈ ဖွဲ့စည်းပုံနဲ့ လွှတ်တော်နိုင်ငံရေးလမ်းစဉ်က ကိုင်ဆွဲထားတဲ့ ဒို့တာဝန်အရေး ၃ ပါးရဲ့ အစွန်းထွက်နိုင်တဲ့ သဘောတွေကိုမသိချင်ယောင်ဆောင်၊ မျက်ကွယ်ပြုထားရင် လူမျိုးစုအားလုံး သာတူညီမျှ လိုချင်တောင့်တနေတဲ့ ဖက်ဒရယ်ပြည်ထောင်စုက အတုပဲ ရပါမယ်။  အနှစ်သာရပြည့်ဝ စစ်စစ်မှန်မှန်တော့ မဖြစ်နိုင်ပါ။

တိုင်းရင်းသားလူမျိုးစု ဒေသပြည်နယ်တွေအားလုံး ဗဟိုအစိုးရ (Federal Government) ရဲ့ အောက်မှာ အမှီအခိုကင်း ကိုယ်ပိုင်ရပ်တည်နိုင်ခွင့်ရှိ၊ ကိုယ်ပိုင်ပြဋ္ဌာန်းနိုင်ခွင့်၊ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့် အပြည့်အဝ ရှိတဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးကို ဦးတည်နိုင်မှသာ မတူညီကွဲပြားနေတဲ့ လူမျိုးစုတွေ စုစည်းပေါင်းစည်း အတူတကွ ငြိမ်းချမ်းစွာ ယှဉ်တွဲ နေထိုင် လူမှု၊ စီးပွား ချမ်းသာမှုကို ရှေးရှုနိုင်ပါမယ်။

■ ပင်လုံအနှစ်သာရကိုပဲ အခြေခံရပါမယ်
ကျွန်တော်သိနားလည် လက်ခံထားတဲ့ ဖက်ဒရယ်ဆိုတာ အခြေခံဥပဒေထက် ‘Essence အနှစ်သဘော’ ပါ။  ပင်လုံညီလာခံ စာရွက်ပေါ်မှာ ကတိပြုထားမျိုးတွေထက် လူမျိုးစုခေါင်းဆောင်အချင်းချင်း စိတ်နှလုံးသဘောအရ နီးစပ်နားလည် သဘော ထားကြီး ရင်ဘတ်ချင်း နီးစပ်ထိကပ်ခဲ့ကြတဲ့ Unwritten Laws & Consents — ရေးမထားတဲ့ ဥပဒေ သဘောတူညီချက်’ စိတ်ဓာတ်အခြေခံ Mindset မျိုးတွေပါ။  ရေးမထားအတွက် ဖျက်လို၊ ပြင်လို့ မရ၊ ပြည်ထောင်စုသားတိုင်းရဲ့ နှလုံးသားနဲ့ ဦးနှောက်မှာ အစဉ်စွဲမြဲယုံကြည် လက်ကိုင်ထားခြင်းဆိုတဲ့ အချက်မျိုးကို အခြေခံပြီး ဖက်ဒရက်ပြည်ထောင်စုကို တည်ဆောက်ရပါမယ်၊ အခြေခံဥပဒေတွေ ဆွဲရပါမယ်၊ နိုင်ငံစနစ်မှာ ထည့်သွင်း ပုံဖော်ရပါမယ်။

■ ဖက်ဒရယ် တည်ချင်သလား၊ လိမ်ဆင်တွေ ရပ်ပါ

ဒီလို အခြေခံအတွေးအခေါ် အနှစ်သဘောမှာ ဖက်ဒရယ် တည်ဆောင်ရေးကို ရှေးရှုချင်ရင်တော့ စစ်ဗိုလ်ချုပ်များ အင်အား ကြီးသူနိုင်ရာစားကာ အရေအတွက်များသူ ဦးဆောင်စတမ်း သက်ဦးဆံပိုင် ပဒေသရာဇ်စစ်ဘုရင်ခေတ် အတွေးအခေါ်နဲ့ စနစ်တကျ ပုံဖျက် မှိုင်းတိုက်ခဲ့မှုရဲ့ အပြစ်တွေကို သိနားလည် ဆင်ခြင် ပြင်နိုင်ရပါမယ်။  အခုထိလည်း ပညာရေးစနစ်နဲ့ စာပေ၊ ဂီတ၊ သဘင်၊ ရုပ်ရှင် အနုသုခုမတွေမှာ အင်တိုက်အားတိုက် တမျိုး၊ တဘာသာ Ethnocentric အသားပေး လိုသလို ပုံဖော်နေတဲ့ သမိုင်းနဲ့ ပေါ်လစီအမှားတွေကို ရပ်နိုင်ရပါမယ်။ ပွဲကြီးလမ်းကြီးတွေမှာ ဟန်ပြ မြန်မမလေးတွေကို တိုင်းရင်း သားလူမျိုးစု ဝတ်စုံတွေဝတ် လိမ်ကခိုင်းတဲ့ အသေးအဖွယ် လိမ်နည်းမျိုးက အစ နားလည် ပြင်နိုင်ရပါမယ်။

■ ဖက်ဒရယ်အတွက် မြန်မာတွေ ဘာလုပ်ရမလဲ

ဖက်ဒရယ်အတွက် နိုင်ငံရေးပါတီတွေ၊ အစိုးရ အဖွဲ့အစည်း၊ လွှတ်တော်နဲ့ နိုင်ငံစနစ်တွေမှာ ဆိုခဲ့တာတွေ အားလုံး ပြင်ရမှာ ဖြစ်သလို၊ လူသာမန် လူအများကြားမှာလည်း ဒီတိုင်းပြည်ဟာ မြန်မာ-ဗုဒ္ဓ ဘာသာတိုင်းပြည် မဟုတ်ဘူးဆိုတဲ့ ရင်းခံ အကြောင်းကို မျက်မှောက်ပြုနိုင်ရပါမယ်။  ငါတို့က အရင်အခြေချတာ၊ လူဦးရေများတာ၊ ငါတို့က အိမ်ရှင်ဆိုတဲ့ အစွဲ တွေ ချွတ်နိုင်ရပါမယ်။

ဌာနေတိုင်းရင်းသားဆိုတာ ဘယ်မှာမှ မရှိပါ။  ကမ္ဘာဦးခေတ် ကျောက်ခေတ်လူသားတွေပဲ ရှိခဲ့ပါတယ်။  ရေကြည်ရာ မြက်နုရာ ရွှေ့ပြောင်းသွားလာနေထိုက် ကျက်စားကြရင်း အခု ဖြစ်ပေါ်တည်ရှိနေတဲ့ လူမျိုးတွေ၊ နိုင်ငံတွေ၊ နယ်နိမိတ်တွေ ဖြစ်လာတယ်ဆိုတာကို ဦးနှောက်အခြေခံမှာသာမက ရင်ဘတ်အခြေခံမှာပါ ထည့်သွင်း လက်ခံနိုင်ရပါမယ်။

သမိုင်းတင်ပြီးခေတ် မြန်မာ (ဗမာ) သမိုင်းနဲ့ လက်ရှိ တိုင်းပြည်အဝန်းအဝိုင်းကွက် စဉ်းစားရင်ကို အခု လူအများစု မြန်မာတွေ အရင် အခြေချ နေထိုင်ခဲ့တာမျိုးလည်း မဟုတ်ကြောင်းကို သမိုင်းအမှန်လှန် လေ့လာကြည့်ကြပါ။  ပျူကို မြန်မာ ဇွတ် အ တင်း လုပ်ချင်ဦး၊ ဒီမှာ အဲဒီခေတ်ကာလတဝိုက်မှာ အခုတောင်ပေါ်သားဖြစ်နေတဲ့ ချင်းအုပ်စုဝင် လူမျိုးစုတွေ၊ နာဂတွေလို နီးစပ်တဲ့ လူမျိုးတွေလည်း လှည့်လည်နေထိုင်နေကြတာပါပဲ။  မွန်လူမျိုးတွေဆိုတာကလည်း ကနဦးကတည်းက မြန်မာ (ဗမာ) တွေ မတိုင်မီ အောက်ပြည်အောက်ရွာတင်မက အထက်ပိုင်းဆို ကျောက်ဆည်ခရိုင် အထိတောင် ပျံ့နှံ့ အရင်အခြေချ နိုင်ငံတည်ခဲ့ကြတာပါ။

အနှစ်ချုပ်ဆိုရရင် အပစ်အခတ်ရပ်ရေး တည်မြဲချင်၊ နောက်ပိုင်း နိုင်ငံရေးဆွေးနွေးပွဲတွေ အဆုံးသတ် အောင်မြင်ချင်ရင် မြန်မာအပါအဝင် လူမျိုးစုအားလုံး ခွင့်တူညီမျှတဲ့ ဖက်ဒရယ် ပြည်ထောင်စုစစ်စစ်ကို အမှန်တကယ် အခြေခံရပါမယ်။  ဖက်ဒရယ်ကို အခြေခံရာမှာလည်း ဖက်ဒရယ် စစ်စစ် ပင်လုံဝိညာဉ် စစ်စစ်ရှင်သန်ဖို့က ကျွန်တော်တို့ မြန်မာ (ဗမာ) လူအများ အားလုံး ခေတ်အဆက်ဆက် အစွန်းရောက် လူမျိုးရေးဝါဒီ စစ်ဗိုလ်ချုပ်များ ဝါဒဖြန့်ခဲ့တဲ့ သမိုင်းလိမ် အစွဲတွေကို အရင်ချွတ် ဖို့လိုပါတယ်။  တမျိုး တဘာသာ ဗဟိုပြု အမြင်၊ ယဉ်ကျေးမှု၊ ဓလေ့၊ အကျင့်၊ အတွေးအခေါ်၊ ခံယူချက်တွေ အားလုံး အလုံးစုံ ဖျောက်ဖို့ လိုပါတယ်။  ဒါမှသာ ‘ဖက်ဒရယ်စနစ် အမှန်ရောက်  ငြိမ်းချမ်းရေးခရီး အမြန်ပေါက်မည်’ ဖြစ်ကြောင်း လူများစု၊ လူနည်းစု တိုင်းသူပြည်သူအားလုံး အမှန်မြင်၊ အမြင်မှန်နိုင်ကြစေဖို့ အကြံပြု ဆွေးနွေးတင်ပြလိုက်ကြောင်းပါခင်ဗျား။

ငြိမ်းချမ်းအေး

ဇူလိုင် ၁၇၊ ၂၀၁၅ (မူလ စာပြီးရက်စွဲ )
သြဂုတ် ၂၁၊ ၂၀၁၅ (ဒုတိယ ထပ်မံ ဖြည့်စွက် စာပြီးရက်စွဲ)
သြဂုတ် ၂၄၊ ၂၀၁၅ (တတိယ ထပ်မံ သတင်း ဖြည့်စွက် စာပြီးရက်စွဲ)

(ဤ ဆောင်းပါး မူလဗားရှင်းကို ‘ဖက်ဒရယ်အတုသတိပြု — ဖက်ဒရယ်အတွက် မြန်မာတွေ ဘာလုပ်ရမလဲ’ ခေါင်းစဉ်ဖြည့် ဖက်ဒရယ် မဂ္ဂဇင်း အတွဲ ၃၊ အမှတ် ၁၀၊ သြဂုတ်၊ ၂၀၁၅ တွင် မူလ ပုံနှိပ်ခဲ့သည်။  သည်လေဒီးစ် သတင်းဂျာနယ်၊ အတွဲ ၂၊ အမှတ်စဉ် ၇၅၊ ၂၀၁၅ ခုနှစ် သြဂုတ်၂၁ ရက်၊ သောကြာနေ့ထုတ်၌ ‘ငြိမ်းချမ်းရေးအတွက် ကျွန်တော်တို့ ဘာလုပ်ရမလဲ’ ခေါင်းစဉ်ဖြည့် အသစ်ဖြည့်စွက်ဗားရှင်းကို ထပ်မံ ပုံနှိပ်ထုတ်ခဲ့သည်။  ယခု သတင်းအသစ်ဖြည့်စွက် ဗားရှင်းကို ‘ငြိမ်းချမ်းရေး ခရီး နီးပြီလား’ ခေါင်းစဉ်ဖြည့် မိုးမခတွင် ထပ်မံအွန်လိုင်း ဖြန့်ချိသည်။  ဆောင်းပါးပါ အာဘော်ကို ဝေဖန်ရန် လွတ်လပ်စွာ မှတ်ချက်ပြုနိုင်ပါသည်၊ nyeinchanaye81@gmail.com သို့လည်း စာရေးနိုင်ပါသည်။)

ခါင်းစီးဓာတ်ပုံ – Displaced Kachin often live in squalid conditions. International groups, including the UNHCR, do not have access to the refugees who remain in Kachin state.  AP

အတွင်းဓာတ်ပုံ – Hundreds of people gather and walk around the city to mark International Peace Day 2012 in Yangon, Myanmar on 21 September 2012.  Photography by Htoo Tay Zar


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

One thought on “ငြိမ်းချမ်းအေး – ငြိမ်းချမ်းရေးခရီး နီးပြီလား
  1. အဖွဲ့အားလုံးလက်မှတ်ထိုးရေး သမ္မတနဲ့ ဆက်ဆွေးနွေးဖို့ တိုင်းရင်းသားတွေ ဆုံးဖြတ် RFA
    http://www.rfa.org/burmese/news/eaos-meeting-chiangmai-08242015104819.html

    NCA မှာ အဖွဲ့အားလုံးပါအောင် တိုင်းရင်းသားတွေ ဆက်တောင်းဆိုမည် VOA
    http://burmese.voanews.com/content/ethnic-leaders-to-call-all-inclusive-in-nca-/2929715.html

    အပစ်ရပ်စာချုပ်မှာ အားလုံးပါဝင်နိုင်ရေး ကြိုးပမ်းပေးဖို့ KNU ကို ကရင်ကွန်ရက် တိုက်တွန်း RFA
    http://www.rfa.org/burmese/news/cso-urges-knu-ethnic-ceasefire-08242015112030.html

Comments are closed.