တူမောင်ညို သူတို့အာဘော်

တူမောင်ညို – အာဏာက ကြောက်စရာကောင်းသတဲ့လား

တူမောင်ညို – အာဏာက ကြောက်စရာကောင်းသတဲ့လား
(မိုးမခ) သြဂတ်စ် ၂၄၊ ၂၀၁၅

ဗိုလ်ရွှေမန်း အစွယ်ကျိုးသွားရှာပြီလို့ ကျနော်ယူဆပါတယ်။
သူ့မှာရှိတဲ့ အစွယ်ကလည်း “ဒီမိုကရေစီရဲ့ရန်သူတွေ” ကို ကိုက်ခဲဖို့မှ မဟုတ်ဘဲ။ ဒီမိုကရေစီလိုလားသူတွေကို ဖိနှိပ်ချေမှုန်းဖို့ အတွက် ပေါက်လာခဲ့တာဖြစ်ပြီးလက်တွေ့မှာလည်း ဒီအစွယ်နဲ့ ချေမှုန်းခဲ့တာပဲဖြစ်ပါတယ်။ အဲဒီလို လက်ရဲ ဇက်ရဲ၊ သတ်ရဲ ဖြတ်ရဲခဲ့ တာတွေ ကြောင့် “သူရ”ဆိုတဲ့ဟာကြီးရခဲ့တာပါ။

အဲဒီ ရရှိထားတဲ့ “သူရ” ဆိုတာကြီးက ဒီအာဏာလုပွဲမှာ နင်လားငါလား သုံးနိုင်တဲ့ဟာကြီး ဟုတ်ပုံမရပါဘူး။ ဒါ့အပြင် သူနဲ့ သူ့သားတွေ ရရှိပိုင်ဆိုင်ထားတဲ့ အဆင့်နေရာနဲ့ ဓနဥစ္စာတွေကိုရင်းပြီး “၂၀၀၈ အခြေခံဥပဒေပြင်ဆင်နေရေးနဲ့ အမျိုးသားပြန် လည်သင့်မြတ်ရေး” ဆိုတာတွေ ရရှိလာအောင်ရေကုန်ရေခမ်း လုပ်သွားစရာအကြောင်းလည်း တကယ်ကိုမမြင်မိပါဘူး။

သမ္မတထက်မြင့်တဲ့ ရာထူးရှိရင်တောင် လုပ်ချင်တယ်လို့ အာဏာလောဘနဲ့ မရှက်မကြောက်ပြောခဲ့ဖူးတဲ့ ဗိုလ်ရွှေမန်းခမျာ ဖြူးမြို့နယ်က လူတွေနဲ့တွေ့ဆုံရာမှာ “အာဏာကကြောက်စရာကောင်းတယ်” လို့ပြောနေရှာပြီ။ ဟုတ်ပါလိမ့်မယ်။ အာဏာ လက်မဲ့ဖြစ်သွားရသူ/ အာဏာအတွင်းစည်းကနေ ဖယ်ထုတ်ခံလိုက်ရသူအဖို့တော့ အာဏာဟာကြောက်စရာကောင်းတဲ့ အရာ ဖြစ် သွားမှာပေါ့။ အာဏာ လက်ဝယ်ရှိနေတုန်းတော့ ဘယ်သူ့ကြောက်ရမှာလဲ။

အခုတော့ ဥက္ကဋ္ဌ (ပူးတွဲ) လက်သစ်နဲ့ အထွေထွေအတွင်းရေးမှူးသစ် (ဦးဌေးဦးနဲ့ ဦးတင်နိုင်သိန်း) တို့ရဲ့ ပျက်ရယ်ပြုတာကို ငုံ့ခံနေရပြီ။ “သမ္မတဆိုတာ လုပ်ချင်တိုင်းလုပ်မရဘူးလေ” တဲ့။ “ရွေးကောက်ပွဲနိုင်လာခဲ့ရင် သမ္မတ ဘယ်သူလုပ်မယ်ဆိုတာ ပါတီက အဆုံးအဖြတ်ပေးမယ်” တဲ့။ ဒီစကားတွေက ဗိုလ်ရွှေမန်းရဲ့ “သမ္မတအိမ်မက်” ကို တစစီနင်းချေလိုက်တဲ့ စကားတွေ ဖြစ်ပါတယ်။

တချို့က ဗဟိုကော်မတီဝင်အဖြစ် ကြံ့ဖွံ့ပါတီထဲမှာဆက်လက်ထားရှိတာကိုကြည့်ပြီး ဗိုလ်ရွှေမန်းကို ဖြုတ်လို့မရဘူးလို့ တွေး ထင်မှတ်ယူနေကြသူတွေရှိနေပါတယ်။ သြဂုတ်လ ၁၃ ရက်နေ့မှာထွက်ပေါ်လာတဲ့ ကြံ့ဖွံ့ဗဟိုကော်မတီဝင်စာရင်းထဲမှာ ဗိုလ် ရွှေမန်း နာမည်မပါ ပါဘူး။ နောက်ပိုင်းမှ ပြန်ထည့်တာလို့ယူဆပါတယ်။  ဒါနဲ့ပတ်သက်လို့ ကျနော်ကတော့ ဒီလိုမြင်ပါတယ်။ ဗိုလ်ရွှေမန်းကို ကြံ့ဖွံ့ပါတီထဲမှာ ထိပ်ဆုံးအဆင့်ကနေ သာမန်ပါတီဝင်အဆင့် အထိလျော့ချလိုက်တာ သို့တည်းမဟုတ် လုံးဝ ထုတ်ပယ်လိုက်တာထက် ဗဟိုကော်မတီအဆင့်မှာပြီး ကြံ့ဖွံ့ပါတီထဲမှာထိန်းသိမ်းချုပ်ကိုင်ထားတာက အဖက်ဖက်ကပိုပြီး တွက်ခြေကိုက်တယ်လို့ ယူဆပုံပေါ်ပါတယ်။

ဒါကြောင့်  ဒီလိုတွက်ချက်မှုနဲ့ ဗိုလ်ရွှေမန်းကို ဗဟိုကော်မတီဝင်အဖြစ်စာရင်းပြပြီး  “ပါတီအကျယ်ချုပ်”  ချုပ်ထားတာလို့ ယူဆပါတယ်။ ဒီလို “ပါတီချုပ်” ချုပ်ထားခြင်းအားဖြင့် “ဗိုလ်ရွှေမန်းအမူး” မပြေသေးတဲ့ အတိုက်အခံတွေကို လေပင့်ပေး ထားလို့ရသလို ဗိုလ်ရွှေမန်း ဂိုဏ်းသားတွေကိုလည်း တစုံတရာချွေးသိပ်ထားနိုင်မှာဖြစ်ပါတယ်။ ဗိုလ်ရွှေမန်းကို ဖြုတ်ရတာက ဗိုလ်ခင်ညွန့်ကို ဖြုတ်သလို ထောင် ၄၄ နှစ်နဲ့အိမ်ချုပ်ချလို့ရနိုင်တဲ့အခြေအနေမဟုတ်ပါဘူး။ အခြေအနေမတူတဲ့အောက်မှာ ကျင့်သုံးတဲ့ နည်းလမ်းမတူတာလို့ပဲ ယူဆပါတယ်။ အဓိကကျတဲ့အချက်က ဗိုလ်ရွှေမန်းရဲ့တုန့်ပြန်မှုနဲ့လည်းတိုက်ရိုက်သက်ဆိုင်ပါတယ်။ ဗိုလ်ရွှေမန်းက သူ့ကို ဒီလိုချုပ်ကိုင်တာကို ကျိုးကျိုး နွံနွံနာခံပုံရပါတယ်။ ဗိုလ်ရွှေမန်းဘက်က ဒီလိုသစ္စာရှိရှိ ပျပ်ဝပ်ကျိုးနွံနာခံနေသမျှ ကိုင်တွယ်သူတွေဘက်ကလည်း နားလည်မှုရှိရှိ ညင်ညင်သာသာ ကိုင်တွယ်နေမယ့်ပုံပါပဲ။

ဗိုလ်ရွှေမန်းနဲ့ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲမှာ ဦးတင်နိုင်သိန်းပြောတဲ့ စကားတွေကို နားထောင်စဉ်းစားကြည့်ပါ။ ဗိုလ် ရွှေမန်း “ပါတီနဲ့နိုင်ငံအပေါ်မှာ သစ္စာမဖောက်ဝံ့ဘူး” ဆိုတာ သူတို့ ပိုင်ပိုင်နိုင်နိုင်သိထားတယ်။ လံုးဝမစုိးရိမ္ဘူးတဲ့။

“ပါတီမှာ ကျနော်တို့ဗဟိုအလုပ်အမှုဆောင်ထဲမှာ မဟုတ်သော်လည်းပဲ ကော်မတီအတွင်းမှာရှိတယ် ဗဟိုကော်မတီဝင်ပါ၊ ကျနော်တို့ဟာဒါနဲ့ပတ်သက်လို့ လုံးဝမစိုးရိမ်ပါဘူးခင်ဗျ၊ ဘာဖြစ်လို့မစိုးရိမ်တာလဲဆိုတော့ ကျနော်တို့က သူ့အပေါ်မှာ ယုံကြည်တယ်လေ၊ ဘာလို့ယုံကြည်တာလဲဆိုတော့ သူက နိုင်ငံတာဝန်ထမ်းဆောင်လာတဲ့အခါမှာ သူထမ်းဆောင်ခဲ့တဲ့ အဖွဲ့အစည်းတွေအပေါ်မှာ အင်မတန်မှ သစ္စာရှိတယ်၊ ဒီလူပုဂ္ဂိုလ်ကို သစ္စာရှိရှိနဲ့ ပါတီအပေါ်မှာ နိုင်ငံအပေါ်မှာ သစ္စာဆက်ရှိ နေတယ်လို့ပဲ အခုထက်ထိ ကျနော်တို့ကမှတ်ယူထားသလိုပါပဲ” တဲ့။

ဘယ်သူကအပေါ်စီးကလဲ၊ ဘယ်သူကအောက်ကလဲ။ “အာဏာလက်ရှိ ဘယ်သူလဲ”၊ “အာဏာမဲ့သွားတာ ဘယ်သူလဲ ” ဆို တာ ဦးတင်နိုင်သိန်းပြောတဲ့ စကားတွေထဲကနေ အလွယ်တကူ အကဲခပ်လို့ရနိုင်ပါတယ်။  ဗိုလ်ရွှေမန်းလှုပ်ရှားမှုအားလုံးကို သူတို့ဘယ် လောက်ပိုင်ပိုင်နိုင်နိုင်ချုပ်ကိုင်ထားပြီးပြီလည်းဆိုတာ ဖော်ပြနေပါတယ်။ ကြံ့ဖွံ့ပါတီထဲမှာ ဗဟိုကော်မတီဝင် အဖြစ်ဆက်ထားတာ၊ သားနဲ့ ချွေးမပိုင်တဲ့ “ချယ်ရီ FM” ပြန်လွှင့်ခွင့်ပြုတာတွေဟာ ချုပ်ကိုင်ထားမှု ဘယ်လောက်ပိုင်တယ် ဆိုတာကို ဖော်ပြနေတာပဲဖြစ်ပါတယ်။

ဗိုလ်ရွှေမန်းက ဘာလို့ အခုလို ဖယ်ရှားခဲ့ကြတာလဲ။ ဒီကိစ္စကို ပြည်တွင်းပြည်ပ အားလုံးကစိတ်ဝင်စားနေတဲ့ကိစ္စပါ။ ဗိုလ်ရွှေ မန်း ကိုယ်တိုင်ထုတ်ဖော်ပြောဆိုရေးသားမယ်ဆိုရင်ပိုပြီး တိတိကျကျသိရှိနိုင်မှာပါ။

ဗိုလ်ခင်ညွန့်ကတော့ သူ့အဖြစ်နဲ့သူ့အပြစ်ကို “မှော်ဝန်းသား ဦးခင်ညွန့်”စာအုပ်ထဲမှာ အခုလိုထုတ်ဖော်ပါတယ်။

“ဥက္ကဋ္ဌဗိုလ်ချုပ်မှူးကြီး သန်းရွှေကိုအသိမပေးပဲ၊ ယင်း၏ခွင့်ပြုချက်ရယူခြင်းမရှိပဲ ပြည်ထဲရေးဝန်ကြီးဦးတင်လှိုင်နှင့် ကျွန် တော့်ထောက်လှမ်းရေးက ဒုတိယညွန်ကြားရေးမှူး ဗိုလ်ချုပ်ကျော်ဝင်း၊ ဗိုလ်မှူးချုပ် သန်းထွန်းတို့ကို ဒေါ်စုနှင့်လျို့ဝှက်တွေ့ဆုံစေခဲ့ခြင်း ဖြစ်ပါသည်” တဲ့။ (စာမျက်နှာ – ၁၅၀)

ဒီလိုအချက်အလက်တွေနဲ့နှိုင်းယှဉ်ကြည့်ပြီး ကျနော်ကတော့ ဗိုလ်ရွှေမန်းပါးစပ်က ထုတ်ဖော်ပြောဆိုလာမယ့်၊ ရေးသားလာ မယ့် ဖြောင့်ချက်နဲ့ဝန်ခံချက်တွေကို စိတ်ဝင်စားမျှော်လင့်နေမိပါတယ်။ “နံပါတ်ဝမ်း” ကို အသိအပေးဘဲ၊ “နံပါတ်ဝမ်း” ခွင့်ပြု ချက်မယူဘဲ၊ ကိုယ့်သဘောနဲ့ကိုယ် ဗိုလ်ရွှေမန်းဘာတွေလုပ်လိုက်မိသလဲ။ ဗိုလ်ရွှေမန်းမှာ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်၊ ရေးသားခွင့်ရရှိသင့်ပါတယ်။

ဗိုလ်ခင်ညွန့်ကတော့ “နံပါတ်ဝမ်းကို အသိမပေးဘဲ” လုပ်ခဲ့မိတဲ့ သူ့လုပ်ရပ်အတွက် ဖြောင့်ချက်ပေးပါတယ်၊ စိတ်ရင်း အတိုင်းလည်း အခုလို ဝန်ခံရှာပါတယ်။

“နိုင်ငံရေးလုပ်ချင်၍ ဒေါ်စုနှင့်ပူးပေါင်းဆောင်ရွက်ရန် ဤကဲ့သို့လုပ်ခဲ့ခြင်းလည်းမဟုတ်ပါ၊ ဒေါ်စုနှင့်ပူးပေါင်းဆောင်ရွက် မည်ဟု စိတ်ဆန္ဒလည်း ဘယ်တုန်းကမှ မပေါ်ပေါက်ခဲ့ပါ” တဲ့။ (စာမျက်နှာ – ၁၅၁)

ဗိုလ်ရွှေမန်းကရော ဘယ်လို စိတ်ထဲရှိတာကို ဘယ်တော့ ဘယ်လို ထုတ်ဖော်ဝန်ခံမှာပါလိမ့်။     ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts