စာစုတို မောင်မောင်စိုး

မောင်မောင်စိုး – အရက် ဘိန်း နှင့် စောင်း

မောင်မောင်စိုး – အရက် ဘိန်း နှင့် စောင်း
(မိုးမခ) ဇူလိုင် ၃၊ ၂၀၁၅

• အရက်
အရက်ကို ဘယ်လိုသောက်ရတယ်ဆိုတာ ကျနော်ကိုပြသွားသူကတော့ ကျနော့်ယောက္ခထီး ဖြစ်ပါတယ်။ ကျနော်ယောက္ခ ထီးက ကချင်တိုင်းရင်းသားတစ်ဦးဖြစ်ပြီး အင်ဗွေတူးလို့ခေါ်ပါတယ်။ ရှမ်းပြည်မြောက်ပိုင်းက သွားလာရေးခက်ခဲတဲ့ အစွန်အဖျားကျတဲ့တောင်ပေါ်ကချင်ရွာလေးတရွာမှာ နေထိုင်သူပါ။ လှေခါးထစ်လယ် တောင်ယာ အလုပ်တို့အပြင် ရံဖန်ရံခါ အမဲ လိုက်လေ့ရှိပါတယ်။ တောင်ကျချောင်းထဲမှာ ငါးရှာတယ်။ ဒီလိုနဲ့ စားဘို့ကို အဲဂလိုဖြေရှင်းသလို ဝါးရုံတွေ သက်ငယ်ခင်းတွေ စိုက်ပျိုးထားလို့နေဘို့လဲ ပူစရာမလိုပါ။ ဝတ်ဘို့တခုဘဲ ငါးရက်တဈေးကဝယ်ရပါတယ်။ ဒါတောင် ယောက္ခမ ဂျပ်ခုတ်တဲ့ အထည်တွေ ရှိသေးလို့ ဆိုရပါမယ်။ ပြောချင်တာကတော့ကျနော့် ယောက္ခထီးမိသားစုဟာ ဘဝကို ရိုးစင်းစွာဖြတ်သန်းခဲ့ကြတဲ့ တောင်တန်းပေါ်က ကချင်မိသားစုလေးပါ။

ယောက္ခထီးမကွယ်လွန်မှီအထိ သူတို့ရွာသို့ ကျနော်တို့မိသားစု တနှစ်တခါလောက် ခွင့်ယူပြီးပြန်တတ်ပါတယ်။ ဇနီးဖြစ်သူက သူမမိဘအတွက် ထွေလီကာလီ စိတ်ကူးတည့်ရာ သယ်ဆောင်ပေမဲ့ ကျနော်ကတော့ ယောက္ခထီးအတွက် အရက် ၃ ပု လင်းခန့် လက်ဆောင်သယ်လေ့ရှိပါတယ်။ ဂျော်နီလမ်းလျှောက်တို့လို တန်ဘိုးကြီးအရက်တော့မဟုတ်။ ဒေသထွက်ကချင် အရက်ကောင်းကောင်းသာ ဖြစ်ပါတယ်။ ကျနော့်ယောက္ခထီးမှာ အရက်ကြိုက်သူဖြစ်ပါတယ်။

ကျနော့်ယောက္ခထီးက မနက်စောစော နေ့စဉ်ထပါတယ်။ ပြီးတော့ တောင်ယာ အခင်းသွားစရာရှိရင်သွား မသွားရင် အိမ်မှာ လုပ်စရာရှိတာလုပ်ပါတယ်။ ပြီးတော့ မနက် ၇ နာရီလောက် မနက်စာမစားခင် အရက်တခွက်သောက်ပါတယ်။ ပြီး မနက်စာ စားပါတယ်။ ကချင်အရက်ပြင်းကို ရေနွေးကြမ်းခွက်တခွက်စာ သောက်တာပါ။ ရေရော့လေ့မရှိပါ။ သောက်ချလိုက်သည်နှင့် ပူပြင်းစူးရှသောအရက် လည်ချောင်းမှသည် ကိုယ်တွင်းသို့စီးဆင်းသွားသည်ကို သိနိုင်သည်။

ဒီနောက် နေ့လည် ၁၂ နာရီလောက် ထမင်းပြန်လာစားချိန်တခွက်ထပ်သောက်ပါတယ်။ ထမင်းစား ခဏအနားယူပြီး နေ့ လည် ၂ နာရီခန့်တွင် အလုပ်လုပ်ရန် ပြန်ထွက်လေ့ရှိပါတယ်။ ညတော့ မှောင်မှပြန်ရောက်လေ့ရှိပါတယ်။ ညဘက် ၇ နာရီပတ်ဝန်းကျင်လောက် ထမင်းမစားမှီ တခါထပ်သောက်ပါတယ်။ ညဘက်ကတော့ အိပ်ယာဝင် အနားယူတော့မှာမို့ ၂ ခွက် ၃ ခွက်လောက်သောက်ပါတယ်။ ညဘက်ဆိုရင်တော့ ယောက္ခမလည်းတခွက်တလေတော့ ဝင်သောက်လေ့ရှိပါတယ်။

ဒီလို ယောက္ခထီးနေ့စဉ် မှန်မှန်သောက်ပေမဲ့ မူးရမ်းတာမရှိအလုပ်ပျက်တာမရှိ။ အလွန်အကျွံ သောက်တာမရှိ။ ဒါကြောင့် တန်ဆေးလွန်ဘေး လို့ပြောကြခြင်း ဖြစ်ပေလိမ့်မယ်။

• ဘိန်း
တခါကလဲ အကြောင်းသင့်လို့ ရှမ်းမြောက်ဖျားက ရှမ်းရွာလေးတရွာ သို့ရောက်ပြီး ရှမ်းအိမ်တအိမ်တွင် ဆယ်ရက်ခန့် နေဘူး ခဲ့ပါတယ်။ အဲဒီအိမ်က ရှမ်းအဖိုးကြီးကတော့ ကျနော့ယောက္ခထီးထက် အနဲငယ် ငယ်ပုံရပါတယ်။ ဒါပေမဲ့ငါးဆယ်ကျော် လောက်တော့ ရှိပါပြီ။ ကျနော့်ယောက္ခထီးနှင့် တူတဲ့အကျင့်ရှိတာကို တရက် နှစ်ရက်အတွင်း သတိထားမိပါတယ်။

ဒါပေမဲ့ အရက်တော့မဟုတ်။ သူကြိုက်တာက ဘိန်းပါ။ ဘိန်းရှူတာတောင် ပြောင်းနဲ့ ရှူသူပါ။ ဘိန်းစားလောကမှာတော့ အမြင့်စားဟု ပြော၍ရပါတယ်။ ညမိုးချုပ်မှ အလုပ်က ပြန်လာလေ့ရှိသူ ရှမ်းဘိုးတော်ဟာ ရေမိုးချိုး ထမင်းစားပြီးနောက် အိမ် ရှေ့ခန်းက မီးလင်းဖိုဘေးရောက်တော့ ည ၈ နာရီလောက် ရှိပါပြီ။ အရက်က ထမင်းမစားခင်သောက်ပေမဲ့ ဘိန်းကတော့ စားသောက်ပြီးမှရှူကြပါတယ်။ မီးခွက်ပြောင်း ဘိန်းစိမ်း ဘိန်းချက်တဲ့ခွက် စတာတွေ အစုံအလင်ထည့်ထားတဲ့ ဗန်းငယ်လေး ကိုင်ပြီးရောက်လာတာပါ။

စိတ်ရှည်လက်ရှည် ဘိန်းချက်တဲ့ခွက်နဲ့ ဘိန်းချက်ပြီး အေးလာတဲ့အချိန်မှာ တလုံးချင်းရှူဘို့ ကြွက်ချေးလောက်အရွယ် ဘိန် စိမ်းကလေးတွေ လုံးပြီး ဖန့်သွားတဲ့အထိ ထားပါတယ်။ ပြီးရင် နက်ဖန်မနက်နဲ့ နေ့လည်ရှူဘို့ ဆယ်လုံးလောက် ဖယ်ထားပါတယ်။ အခုညကတော့ ၇ လုံးလောက်ရှူပါတယ်။ ၇ ပေါက်ရှူတယ်လို့ပြောကြပါတယ်။ ရေနွေးခါးခါး ထန်းလျက် ကြံသကာတို့နဲ့ အရသာခံပါတယ်။ ဒါပေမဲ့ မနက်စောစော ၄ နာရီလောက် အိပ်ယာကထပြီး အလုပ်သွားပါတယ်။ မနက် ၇ နာရီလောက်အိမ်ပြန်ရောက် စားသောက်ပြီး ၅ ပေါက်လောက်ရှူပါတယ်။ ပြီးရင် အလုပ်ပြန်သွားလုပ်ပါတယ်။ နောက် နေ့ လည် ၁၂ နာရီလောက်ပြန်လာ ထမင်းစား နောက်တခါ ၅ ပေါက်ရှူပါတယ်။ ပြီးရင် နေ့လည် တရေးတမော အနားယူပါတယ်။ နေ့လည် ၂ နာရီ လောက်ပြန်ထွက်အလုပ်လုပ်တာ ညမိုးစုံးစုံးချုပ်မှဘဲအိမ်ပြန်ရောက်ပါတယ်။ ဒီလိုနဲ့တပတ်လည်ပါတယ်။

ဒီလို နေ့တိုင်း ဘိန်းရှူနေပေမဲ့ အဆိုပါ ရှမ်းဘိုးတော် အလုပ်ပျက် အကိုင်ပျက်မဖြစ်။ ပျင်းရိငြီးငွေ့ခြင်း မရှိ။ မနက် မိုးမလင်း ခင်မှ မိုးစုံးစုံးချုပ်ထိတိုင် အလုပ်နဲ့ လက်နဲ့ မပြတ်။ ရွာတွင်လဲစီးပွားရေးအရ ရှေ့တန်းကပါ။ လယ်တို့ ယာခင်းတို့လုပ် တဲ့အပြင် အင်ဂျင်တလုံးထိုး ဟာလာဆန်စက်ကလေးတလုံး ပိုင်ထားပါသေးတယ်။

ဒီလိုဆိုလို့ အရက်သောက် ဘိန်းရှူဘို့ တိုက်တွန်းနေတာ မဟုတ်ပါ။ လူအတော်များများ ထိမ်းမနိုင် သိမ်းမရဖြစ်တတ်တဲ့ အရက်လို ဘိန်းလိုပစ္စည်းသုံးစွဲတာတောင်မှ ထိမ်းထိမ်းသိမ်းသိမ်းသုံးစွဲနိုင်လျှင် အလွန်အကျွံမဟုတ်လျင် ပြဿနာမရှိတာ ကိုဆိုလိုချင်တာ ဖြစ်ပါတယ်။

• စောင်း
နိုင်ငံရေးအရရော ဘာသာရေးအရပါ တဖက်အစွန်းရောက်တာကို ဆန့်ကျင်ကြပါတယ်။ အလယ်အလတ် လမ်းစဉ်ကို ကျင့် သုံးဘို့ တိုက်တွန်းကြပါတယ်။ နိုင်ငံရေးအရ လက်ျာစွန်းရော လက်ဝဲစွန်းပါရှောင်ကျဉ်ဘို့ လိုသလို ဗုဒ္ဓဘာသာကလဲ မဇ္ဈိမ ပဋိပဋာ လမ်းအလယ်အလတ်လမ်းကို ညွှန်ပြပါတယ်။

ဥပမာအားဖြင့် မပျော့မတင်း စောင်းကြိုးညှင်းသကဲ့သို့လို့ ဆိုကြပါတယ်။ စောင်းကြိုးကိုတင်းလွန်းရင်လဲ ပြတ်ပါတယ်။ ပျော့ လွန်းရင်လဲ သာယာနာပျော်သံ မထွက်တော့ပါ။

ပုဒ်မ ၄၃၆ (က) ကို မပြင်နိုင်ဟု သမတဦးသိန်းစိန် ကာချုပ်ဗိုလ်မင်းအောင်လှိုင်နှင့် စစ်တပ်ကိုယ်စားလည်များက ခပ်တင်းတင်း ရပ်၍ ပြည်တွင်းဒီမိုကရေစီအင်အားစုများကို စိတ်ပျက်စေခဲ့ပါတယ်။ အလားတူပင် ပုဒ်မ ၄၃၆ (ခ) ကို မပြင်နိုင် ဟု ခပ်တင်းတင်းရပ်၍ တိုင်းရင်းသားများ၏ ဖက်ဒရယ်မျှော်လင့်ချက်ကို စိတ်ပျက်စေခဲ့ပါတယ်။ လက်ရှိ မြန်မာစီးပွါးရေးက ဆင်း မြန်မာငွေတန်ဖိုးကကျဆင်းပြီး ကုန်ဈေးနှုန်းများကတက်နေတဲ့ကာလမှာ မပျော့မညှင်း စောင်းကြိုးညှင်းသကဲ့သို့ မဟုတ်ဘဲတင်းလွန်းရင် ပြတ်မှာစိုးရပါတယ်။

စောင်းပညာနယ်ပယ်မှာ စောင်းဦးသိန်းဖေဆိုတာတော့ ကျနော်ကြားဖူးပါတယ်။ စောင်းဦးသိန်းစိန်တော့ မကြားဖူးသေး ပါ။ ကျနော် မနှံ့စပ်တာလဲ ဖြစ်နိုင်ကောင်းပါတယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

One thought on “မောင်မောင်စိုး – အရက် ဘိန်း နှင့် စောင်း
  1. အရက် ဘိန်း စောင်း ဗဟုသုတဆိုပေမဲ့ … ထိန်းသိမ်းလုပ်နိုင်သူ အင်မတန်နည်းပါးလွန်းလို့ အစိုးရကိုယ်တိုင် ထိန်းကျောင်းရခြင်းဖြစ်ပါတယ်။ စောင်းကတော့ ထိန်းကျောင်းစရာမလိုဘူးပေါ့နော်။ thank you

Comments are closed.