စာစုတို

ကိုကံညို(ထူးကြီး) – “လူ ငယ် စိတ်”

Photo – 88 (Peace & Open Society), Wan Wa Refugee Camp, 2015 Dec

ကိုကံညို(ထူးကြီး) – “လူ ငယ် စိတ်”

(မိုးမခ) ဒီဇင်ဘာ ၁၁၊ ၂၀၁၅

ဆယ့်ခြောက်နှစ်သမီးတချို့၊ အမေလုပ်သူရဲ့ ဂုဏ်ယူအပြုံးတွေနဲ့အတူ၊ ပွဲတော်မှာ ထင်ပေါ်ဖို့၊ လှည်တန်းစင်တာကြီးထဲ ရှေ့တန်းတင် ဝင်သွားကြတယ်။ ပရိုမိုးရှင်းပွဲလား၊ ကုန်ပစ္စည်းသစ် မိတ်ဆက်ပွဲလား မပြောတတ်ပါဘူး။ ဒရမ်ရိုက်ချက် အပြင်းစားနဲ့ မြူးကြွတဲ့ ဂီတတေးသွားတွေကတော့ လှည်တန်းစင်တာကြီးအပြင်ကို လျှံထွက်နေတယ်။ မြန်မာနိုင်ငံတွင်းမှာ တခြား ဘာတွေဖြစ်နေပါသေးသလဲ။

ကာတွန်းဆရာ အုပ်စုတစ်စု …

လှည်တန်းစင်တာကြီးရဲ့ အဝင်အုတ်လှေခါး ကျောက်ပြားတွေပေါ်မှာ နေရာယူပြီး၊ အင်းလျှားလမ်းဘက်ကို မျှော်နေကြတယ်။ ဂုံးကျော်တံတားကြီး တည်ဆောက်လိုက်ပေမယ့်၊ ကားတွေကတော့ ပိတ်မြဲ၊ အစိုးရရဲ့ မအောင်မြင်တဲ့ လုပ်ဆောင်ချက်တွေကို ထောက်ပြအသိပေးဖို့ ကာတွန်းဆရာတွေက ၂၄ နာရီ အသင့်ရှိနေတဲ့ပုံပါပဲ။

“ဘယ်နေရာမှာ လုပ်မှာလဲ”

“ဟိုမှာလေ … စကိတ်စီးနေကြတဲ့အကန့်ရဲ့ ဒီဘက်ကလေးမှာပါ ဆရာ၊ ကျွန်တော်တို့ အစစအရာရာ စီစဉ်ထားပါတယ်၊ ဆရာတို့ ပုံတွေရေးဖို့ ပစ္စ္စည်းကိရိယာအားလုံး ကျွန်တော်တို့ လုပ်ပေးပါ့မယ်၊ ဆရာတို့က ရှမ်းပြည်နယ်ဘက်က စစ်ဘေးအတွက် ကာတွန်းပုံတွေ ရေးပေးပါ၊ နောက်ပိုင်း အလှူခံထည့်တဲ့သူတွေက ကယ်ရီကေးချား ရေးချင်တယ်ဆိုလည်း ဆရာတို့ထဲက ကယ်ရီကေးချားရေးနိုင်တဲ့ ဆရာက ရေးပေးပါ၊ ကျွန်တော်တို့က HHDV Network ဆိုတဲ့ သဘာဝဘေး စာနာကူညီရေး ကွန်ယက်နဲ့ HMUM ရဲရဲတောက် လူငယ်များ ပရဟိတအဖွဲ့ …နှစ်ခုပေါင်းပြီး အလှူငွေရှာဖို့ပါပဲ၊ ကျွန်တော်တို့မှာ စာအုပ်တွေပါတယ်၊  ရေဘေးတုန်းကလိုပေါ့။ ကြိုက်သလောက်လှူ၊ ကြိုက်သလောက်ယူ၊ နောက်… တားရော့ဗေဒင် ဟောပေးပါတယ်၊ ဆရာတို့က ကာတွန်းတွေရေးပေးပေါ့”

နေရာက ထင်သလောက် အဆင်မချော၊ သိတော်မူတဲ့အတိုင်း လှည်တန်းဂုံးတံတားကြီးအောက်ကို သံချောင်း၊ သံတန်းတွေနဲ့ ကာရံ တားဆီးပစ်လိုက်ကြတယ်၊ ရေဘေးကယ်ဆယ်ကူညီရေးအတွက် လုပ်ကြတုန်းက လွတ်လွတ်လပ်လပ်၊ လှည်တန်းစင်တာရှေ့ ကွက်လပ်ဆို အဆင်ပြေနိုင်မလား စဉ်းစားကြတယ်၊ တော်ဝင်စင်တာလိုမျိုး မဟုတ်၊ ကားတွေရပ်ထားကြတယ်၊ ပြီးတော့ အထဲမှာ လူငယ်တချို့ ခုန်ပေါက်မြူးတူးနေတဲ့ ပွဲလမ်းတစ်ခု ကျင်းပနေတယ်။ ပရိုမိုးရှင်းပွဲလား… ပစ္စည်းသစ်မိတ်ဆက်ပွဲလား မသိ။ လူငယ်ချင်း ဘေးတိုက် ယှဉ်ကြည့်မိ ပါတယ်။

အနက်ရောင်တီရှပ်မှာ HHDVစာလုံးနဲ့ ဆယ့်ရှစ် နှစ်ဆယ် လူငယ်တွေ၊ HMUMဆိုတဲ့ ရဲရဲတောက် လူငယ်ပရဟိတသမားတွေဆိုရင်လည်း လူငယ်ပီပီ ပင်နီလွယ်အိတ်လွယ်လို့၊ တစ်ယောက်သောသူဆို ဒေါ်အောင်ဆန်းစုကြည်ရုပ်ပုံကို လက်မောင်းအပြည့် တက်တူးထိုးထားပြီး ဆံပင်နောက်စည်းနဲ့ တကယ့်ရော့ကာကြီးအလား၊ ဒါပေမယ့်.. အလှူခံဖလားကိုင်ပြီး ကားကြိုကားကြားမှာ အများအတွက် လုပ်ပေးမှာတဲ့၊ ကဲ.. ကြည့်စမ်း… လူငယ်တွေ။

သံတန်း၊ သံတိုင်တွေကြားမှာ… ခုံတွေချ၊ စားပွဲတွေခင်း၊ ဗီနိုင်းတွေချိတ်၊ အစစအရာရာ ပြင်ဆင်နေတာလည်း လူငယ်တွေပါပဲ၊ ကာတွန်းဆရာတွေက စစ်ပွဲနဲ့ပတ်သက်တဲ့ ကာတွန်းပုံတွေရေးကြတယ်၊ စစ်ပွဲနဲ့ ပတ်သက်တဲ့ သရုပ်ဖော်တင်စားမှုတွေ ရေးဆွဲကြတယ်။ ကယ်ရီကေးချားရေးပေးတဲ့ အစီအစဉ်လည်းပါတယ်။ တားရော့ဗေဒင်ဟောတဲ့အစီအစဉ်။ စာအုပ်တွေဖြန့်ခင်းထားပြီး ကြိုက်သလောက်ယူ…ကြိုက်သလောက်ပေး အစီအစဉ်။

လှည်တန်းမီးပွိုင့်က ဂုံးကျော်တံတားကြီး ကွေ့ပတ်လိုက်ပေမယ့် ကားကကြပ်မြဲပါ၊ ပိတ်နေတဲ့ကားတန်းရှည်ကြီးပေါ်က လက်တွေ ထွက်လာတယ်၊ ငါးရာ.. တစ်ထောင်ကနေ.. ငါးထောင် တစ်သောင်း..၊ လူငယ်တွေ ကားကြိုကားကြားမှာ ပြေးပြေးလွှားလွှား၊ ပါးစပ်ကလည်း အော်ရပြောရသေးတယ်၊ ရှမ်းပြည်နယ်ဘက်မှာ စစ်ပွဲတွေဖြစ်ပြီး စစ်ဘေးဒုက္စ္ခသည်တွေ အကြောင်း။

STOP WAR …။ ကျည်ဆံများအစား… ပန်းများပွင့်စေ၊ ကာတွန်းတွေ ဟောတစ်ပုံ ဟောတစ်ပုံ ရေးထုတ်ကြတယ်၊
စာမျက်နှာပေါ်တင်ရင် စာမူခတွေပေါ့၊ အဲဒီခေါင်းစဉ်ဆီကို ကာတွန်းဆရာတွေ မသွားကြပါဘူး။ လူငယ်တွေကိုယ်တိုင် တာဝန်ရှိသူလို့ ထင်ရတဲ့ လူသုံးယောက်ရဲ့ တစ်ဖျတ်ဖျတ် မှတ်တမ်းတင်မှုကြားမှာ ပြေးပြေးလွှားလွှား။ သူတို့အပေါ် ကျရောက်လာနိုင်တဲ့အန္စ္ခ္တရယ်ကို လစ်လျှုရှုထားပုံရပါတယ်၊ ကျွန်တော်ကိုယ်တိုင် ကဗျာတစ်ပုဒ်ချရေးဖြစ်ပါတယ်။ ကဗျာဖြစ်မဖြစ်တော့ မသိ။

“စစ်ပွဲတွေ…ရပ်”

သေနတ်တွေက သားတို့ကစားတဲ့သေနတ်လို မဟုတ်ပါလား မေမေ
အသက်နဲ့ဘဝတွေကို ခြွေဖျက် ပစ်နေကြတယ်

စစ်ပွဲတွေဖြစ်အောင်လုပ်တဲ့အထဲ သားတို့ ပါလို့လား
စစ်တိုက်နေရတာ သားတို့ မဟုတ်ပဲနဲ့
ဒါဆို အဲဒီစစ်ဒါဏ်ကို သားတို့ခံစားရမယ်ဆို… တရားသလား
အဲဒီ ပါဝါ အာဏာလုတဲ့ပွဲမှာ သားတို့ မပါဘူး မေမေ

ပြီးတော့… ဒါ… သားတို့ ရေမြေ
ကစားခုန်ပေါက်ပြီး ပညာသင်ကြားရာ နေရာ
ဗုံးသံ အမြှောက်ဆံ သေနတ်သံတွေနဲ့ အခုတော့ စစ်တလင်း

သားတို့နဲ့ ဆိုင်လို့လား မေမေ… သားတို့ကြောင့် ဖြစ်တဲ့ စစ်လား
သားတို့ ဘယ်သူ့ကို ကျုးကျော်လို့လဲ၊ ဘယ်သူ့ကို စော်ကားလို့လဲ
သားတို့ တိုင်းပြည်ရဲ့ အမိန့်အာဏာကို တစ်စက်ကလေးမှ မထိပါးခဲ့ပါဘူး
စားကျက်လည်း မလုဘူး၊ စားခွက်လည်း မလုဘူး

သားတို့မှာ လေယာဉ်ပစ်အမြှောက်လည်း မရှိဘူး၊ စက်သေနတ်ကြီးလည်း မရှိဘူး
ဘယ်သူ့ကိုမှလည်း ရန်မစခဲ့ပါဘူး မေမေရယ်
ခုတော့ သားရဲ့ကြက်မကြီးမိသားစုကို ဗုံးခိုကျင်းထဲ ဝှက်ခဲ့ရတယ်
သားတို့လည်း စစ်ဘေးဒါဏ်တွေ သင့်လို့
အဲဒါ… သားတို့ လုပ်လို့လား၊ ဘယ်သူ လုပ်တာလဲ မေမေ။

အဲဒီသဘောမျိုး ကာတွန်းတစ်ခုလည်း ရေးပေးလိုက်ပါတယ်၊ လူငယ်တွေ နောက် ကျွန်တော့်စာသားထဲက ကလေးငယ်၊ ဒီစစ်ပွဲတွေ ဖြစ်ပေါ်လာစေတဲ့ အကြောင်းတရားထဲမှာ သူတို့ မပါဝင်ပါဘူး၊ အဲဒါ သေချာပါတယ်၊ လူငယ်တွေ တန်ဆောင်တိုင်မီးထွန်းပွဲနဲ့ ပျော်ပွဲရွှင်ပွဲတွေမှာ ဝတ်ကောင်းစားလှဝတ်ပြီး ချစ်သူနဲ့ လမ်းလျှောက်နေလို့ ရပါလျှက်နဲ့ …


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts