တူမောင်ညို သူတို့အာဘော်

တူမောင်ညို – ၂၀၀၈ အခြေခံဥပဒေ ဘောင်ထဲမှာ နိုင်ငံနဲ့ပြည်သူ အောင်လံထူနိုင်ပါ့မလား

တူမောင်ညို – ၂၀၀၈ အခြေခံဥပဒေ ဘောင်ထဲမှာ နိုင်ငံနဲ့ပြည်သူ အောင်လံထူနိုင်ပါ့မလား
(မိုးမခ) ဇူလိုင် ၃၊ ၂၀၁၅

၂၀၁၅ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ကြမယ့် အမတ်လောင်းများနဲ့ပတ်သက်ပြီး အမတ်လောင်းရွေးချယ်မယ့် ဒီချုပ် ပါတီရဲ့အခြေခံမူနဲ့ သဘောထားကို ကြားရပါတယ်။  သိပ်ကောင်းမွန်တဲ့ အခြေခံမူနဲ့သဘောထားလို့မြင်ပါတယ်။

တိုင်းပြည်နဲ့လူထုက “လူ့စည်းနဲ့ သူခိုးစည်း” ရှင်းရှင်းပြတ်ပြတ် မြင်နိုင်ပြီး ပိုင်ပိုင်နိုင်နိုင် ရွေးချယ်ဆုံးဖြတ်နိုင်မယ့် နည်းလမ်း ဖြစ် ပါတယ်။ ဆင်းရဲမွဲတေလှတဲ့ တိုင်းပြည်ထဲမှာ ဘယ်သူတွေ ဘယ်လိုနည်းနဲ့ ဘယ်လို ချမ်းသာကြွယ်ဝလာကြတယ်ဆိုတာ ပြည်သူတွေက ကောင်းကောင်းသိပါတယ်။ သမာအာဇီဝလား၊ မသမာအာဇီဝလားဆိုတာ ခွဲခွဲခြားခြားသိကြပါတယ်။ အာဏာဆုပ်ကိုင်ထားသူတွေက အာဏာနဲ့ချမ်းသာမှုရှာခဲ့ကြသလို ငွေကြေးရှိသူတွေကလည်း အာဏာရှိသူတွေနဲ့အပြန်အလှန်ပေါင်းဖက်ကြပြီး သူတို့ဥစ္စာဓနကို တိုးပွား အောင်၊ တိုးလာသမျှကို ခိုင်မာအောင် ကြံစီကြတယ်။ ဘယ်သူသေသေ ငတေမာဖို့၊ ငတေချမ်းသာဖို့ပဲ။ ငတေအာဏာမြဲဖို့သာအဓိက။

အာဏာကိုင်ထားသူတွေက ငွေကြေးရှိသူတွေအတွက်  ဂွင်တွေဖန်တီးပေးမယ်။ ငွေရှိတဲ့သူတွေက အာဏာရှိတဲ့သူတွေကို ငွေနဲ့ပြန်ဝယ်တယ်။ ဒီလိုနဲ့ခရိုနီလက်သစ်တွေဟာ မကြုံဖူးမကြားဖူးတဲ့ ပမာဏတွေနဲ့ ကြီးထွားလာတယ်။ အာဏာရှိစစ်ဗိုလ် ထိပ်သီးတွေ ရဲ့သားသမီးတွေလည်းသူဋ္ဌေးသူကြွယ်တွေဖြစ်လာကြတယ်။ ကုမ္ပဏီတွေထောင်လာကြတယ်။တိုင်းပြည်ရဲ့အသက်သွေးကြောစီးပွားရေး  လုပ်ငန်းမှန်သမျှအုပ်စီးဝါးမျိုထားကြတယ်။ သူတို့ချည်းအုပ်စီးထားတာတွေရှိသလို သူတို့နဲ့အမြှီးစားဖက်ခေါင်းစားဖက် ခရိုနီတွေနဲ့ဖက်စပ် ပိုင်တာတွေလည်းရှိပါတယ်။

ဒီတော့ “ပွင့်လန်းလာတယ်” ဆိုတဲ့ “စည်းကမ်းပြည့်ဝတဲ့ဒီမိုကရေစီခေတ်” မှာ အာဏာရစစ်ဗျူရိုရက် လူတန်းစားနဲ့ စစ်ခရိုနီ တစ်သိုက်ဟာ  စီးပွားရေးလုပ်ငန်းတွေကို လက်ဝါးကြီးအုပ်ထားရုံတင်မက ပုံနှိပ်နဲ့ ရုပ်သံမီဒီယာလုပ်ငန်းတွေကိုပါ တဆင့် တိုးချုပ်ကိုင် လာခဲ့ကြတယ်။ ဒါ့အပြင် သူတို့ လက်တံတွေကို နိုင်ငံရေးလောကထဲပါ ဖြန့်ကျက်လာပြီး နိုင်ငံရေးပါတီ တွေကို ဘောလုံးအသင်းထောင် သလိုလုပ်လာခဲ့ကြတယ်။ ဒီလိုနဲ့စပွန်ဆာနိုင်ငံရေးပါတီတွေ၊ စပွန်ဆာနိုင်ငံ ရေးသမားတွေ၊ စပွန် ဆာအမတ်တွေပေါ်ပေါက်လာတယ်။ စပွန်ဆာပါတီတွေ၊ စပွန်ဆာနိုင်ငံရေးသမားတွေ၊ စပွန်ဆာအမတ်တွေကို ၂၀၁၅  ရွေးကောက်ပွဲမှာ ဝင်ပြိုင်စေမှာပဲဖြစ်တယ်။

၂၀၁၅ ဇွန် ၃၀ ရက်နေ့အထိ မှတ်ပုံတင်ပြီးတဲ့ နိုင်ငံရေးပါတီပေါင်း ၈၁ ပါတီရှိပါတယ်။ ဒီကနေ့ကာလ နိုင်ငံရေးပါတီ ထူထောင် တာမှာ ဝါဒတွေ၊ ယုံကြည်ချက်တွေ၊ အယူအဆတွေထက် စပွန်ဆာကောင်းကောင်းရဖို့သာ အဓိကဖြစ်ပါတယ်။ ဒီလောက်ပေါများနေတဲ့ ပါတီတွေဟာ ဒီချုပ်ကိုဝန်းရံဖို့၊ ဒီချုပ်နဲ့ မဟာမိတ်ဖွဲ့ဖို့ မဟုတ်ပါဘူး။ ညှပ်ပူးညှပ်ပိတ်လုပ်ဖို့ပါ။ ဖျက်မြင်းလုပ်ဖို့ပါ။  ပြည်သူတွေ ဝေဝါးစေဖို့၊ မဲတွေပြားစေဖို့ပါ။ ဘာသာ၊သာသနာ၊ လူမျိုးရေးခုတုံးလုပ်ဖို့၊ မှိုင်းတိုက်သွေးခွဲဖို့ စတဲ့ အောက်လမ်းနည်းမျိုးစုံက သူတို့ရဲ့မိုက်ဖော်ဆိုး ဖက်တွေပဲဖြစ်ပါတယ်။ မတည်ငြိမ်မှုတွေဖန်တီးဖို့ဟာ သူတို့ရဲ့အဓိက တာဝန်ပါ။

ဒီလိုအခြေအနေတွေအောက်မှာ ဒီချုပ်ပါတီက အမတ်လောင်းရွေးချယ်မယ့် အခြေခံမူနဲ့သဘောထားက လူနဲ့သူခိုးကို ထင်ရှားအောင် စည်းသားပေးလိုက်သလိုဖြစ်ပါတယ်။ ဒါကြောင့် သိပ်ကောင်းပါတယ်လို့ပြောတာပါ။

ဒါပေမဲ့ လူ့စည်း/သူခိုးစည်းပြတ်သားရုံနဲ့ ရွေးကောက်ပွဲမှာ မျှော်မှန်းထားသလို အနိုင်ရဖို့မလွယ်သေးပါဘူး။ဖြတ်သန်းရမယ့် ရှေ့ခရီးမှာ အခက်အခဲတွေ၊ ကောက်ကျစ်ညစ်ပတ်မှုမျိုးစုံက ရှေ့မှာကြိုဆိုစောင့်ဆိုင်းနေပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲ ဘယ်နေ့ဖြစ်မလဲ၊ တကယ်ဖြစ်လာမှာလား၊ စတဲ့ မရေရာမသေချာမှုတွေပြည့်နှက်နေပါတယ်။  ရွေးကောက်ပွဲမှာ ပြည်သူ တွေမဲ ပေးနိုင်ရုံ တစ်ခုထဲနဲ့အနိုင် မရနိုင်ပါဘူး။ ဒီအတွက် သာဓကကို ရှည်ရှည်ဝေးဝေး မပြတော့ပါဘူး၊ ထင်ရှားတဲ့ သာဓက နှစ်ခု ပြပါ့မယ်။

၁။  “၁၉၉၀ ရွေးကောက်ပွဲ ရလဒ်” ကိုကြည့်ပါ။
ပြည်သူတွေက “စုနဲ့ ခမောက်”ကို တခဲနက်မဲပေးခဲ့တာပဲ။ ဒါပေမယ့် ဒီချုပ် အစိုးရမဖွဲ့နိုင်ခဲ့ပါဘူး။

၂။  “ပုဒ်မ ၄၃၆” ပြင်ဆင်ရေး လက်မှတ် ငါးသန်းနီးပါးကိစ္စကိုကြည့်ပါ။
“ပြည်သူ့အသံ လွှတ်တော်အသံ၊ ပြည်သူ့ဆန္ဒ လွှတ်တော်ဆန္ဒ၊ ပြည်သူတို့ မျှော်လင့်ချက် လွှတ်တော်ကဖော်ဆောင်ရွက်” လို့ ဆိုပေမယ့်  လွှတ်တော် အသိအမှတ်မပြုပါဘူး။ ဒါ့အပြင် ပုဒ်မ ၄၃၆ ကို မပြင်ဆင်ဘဲ မူလပြဋ္ဌာန်းချက်အတိုင်းထားဖို့ ဇွန်လ ၂၅ ရက်မှာ လွှတ်တော်ကြီးက စိမ်းစိမ်းကားကား ဆုံးဖြတ်ခဲ့တယ်မဟုတ်ပါလား။ စစ်သားအမတ်များက လွှတ်တော်ထဲမှာ တညီတညာထဲ မဲပေးကြ ယုံမျှမက အူမြူးဂျိုကြွပြီး လက်ခုပ်လက်ဝါးတီးခဲ့ကြတယ် မဟုတ်ပါလား။

ပြည်သူ့ဆန္ဒကို လွှတ်တော်ကလည်း အသိအမှတ်မပြုသလို၊ စစ်တပ်ကလည်း အရေးမထားဘူးဆိုတာ သိပ်ထင်ရှားပါတယ်။
ဒါကြောင့်  ပြည်သူတွေအောင်နိုင်ဖို့၊ နိုင်ငံအောင်နိုင်ဖို့ဆိုတာ “၂၀၀၈ အခြေခံဥပဒေ” ဘောင်ထဲမှာ ဘယ်တော့မှ မဖြစ်နိုင်ဘူး လို့ ယူဆပါတယ်။ “၂၀၀၈ အခြေခံဥပဒေ” ဆိုတာ ပြည်သူ့ဆန္ဒကို စစ်အုပ်စုနဲ့စစ်တပ်က ထာဝစဉ်ဗိုလ်ကျ အနိုင်ယူထားတဲ့ဥပဒေ ဖြစ် ပါတယ်။ ဒီအချက်ကို ဇွန်လ ၂၅ ရက်နေ့ မှာ အထင်အရှားသက်သေပြခဲ့ပြီလည်းဖြစ်ပါတယ်။

ဒါ့အပြင် အခုအခါမှာ ရွေးကောက်ပွဲကော်မရှင်က လုပ်ဆောင်နေတဲ့ ဗြောင်အကျဆုံးညစ်ပတ်မှုနဲ့မသမာမှုဖြစ်တဲ့ “အခြေခံ မဲစာရင်းမှားယွင်းမှု” ဆိုတဲ့ကိစ္စပဲဖြစ်ပါတယ်။ တမင်တကာလုပ်ကြံထားတဲ့၊ ကောက်ကျစ်ဖန်တီးထားတဲ့ မှားယွင်းမှုဖြစ်ပါတယ်။ ဒါဟာ အခြေခံမဲစာရင်းပဲ ရှိပါသေးတယ်။ အမှားရဲ့ပမာဏဟာ အနည်းဆုံး ၃၀ ရာခိုင်နှုန်းကနေ အများဆုံး ၈၀ ရာခိုင်နှုန်းထိရှိတယ်လို့ ဆို ပါတယ်။ မွေးနေ့သက္ကရာဇ်တွေထပ်နေတာ၊ ကွယ်လွန်သူတွေမဲစာရင်းထဲပါနေတာ၊ ဒီချုပ်ပါတီဝင်တွေ မဲစာရင်းထဲမပါတာ စသဖြင့် နည်းစုံလမ်းစုံနဲ့ညစ်ပတ်ထားတဲ့မှားယွင်းမှုတွေတသီတတန်းကြီးဖြစ်နေပါတယ်။ တောင်ကိုးရီးယားနိုင်ငံမှာ မားစ်ရောဂါဖြစ်ပွားနေတာကို စိုးရိမ်ထိတ်လန့် နေကြရသလို၊ ကျနော်တို့တိုင်းပြည်မှာတော့ အခြေခံမဲစာရင်း တမင်လုပ်ကြံမှားယွင်းမှုကပ်ရောဂါဆိုးကြီး  နိုင်ငံနဲ့ အဝှမ်း ပေါ်ပေါက်ဖြစ်ပွားနေပါတယ်။ ပြောထားသလိုသာ ရွေးကောက်ပွဲကျင်းပဖြစ်မယ်ဆိုရင် ရွေးကောက်ပွဲကျင်းပဖို့ ကြားမှာ ၄ လ ခန့်သာ လို ပါတော့တယ်။

တမင်လုပ်ကြံမှားယွင်းထားမှုကြီးကို အချိန်မီ ပြီးစီးအောင်ဘယ်လို ပြင်ဆင်ကြမလဲ။ မဲပေးခွင့်ရှိသူတိုင်း၊ အသက်၁၈ ပြည့်ပြီး သူတိုင်း မဲပေးနိုင် ခွင့်ရရှိပါ့မလား။

ဒါ့အပြင်နောက်ထပ် အကွက်ချ ဇယားရှုပ်ဖို့ဖန်တီးလာချက်တစ်ခုက၊ “ပုဒ်မ ၅၉(ဃ)” အတွက် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကို ၂၀၁၅ ရွေးကောက်ပွဲနဲ့ တပေါင်းထဲ တပြိုင်ထဲလုပ်ဖို့ဆိုတဲ့ လွှတ်တော်ဥက္ကဋ္ဌ ဗိုလ်ရွှေမန်းလှမ်းလိုက်တဲ့ ခြေလှမ်းပဲဖြစ်ပါတယ်။ ဒီခြေလှမ်း က ရွေးကောက်ပွဲမှာ လူထုကပါတီတစ်ခုထဲက အာရုံစုစည်းနေမှာကို အကြံယုတ်နဲ့တမင်ရှုပ်ထွေးအောင် လုပ်လိုက်တဲ့သဘောပဲ ဖြစ်ပါ တယ်။ တကယ်တော့ ရွေးကောက်ပွဲနဲ့ဆန္ဒခံယူပွဲကို သီးသန့်လုပ်သင့်တာပါ။ အခုတော့ မဲပေးတာကို ဆန္ဒခံယူပွဲတွဲလုပ်မယ်ဆိုတော့ ပြည်သူများအတွက် ဝေဝါးရှုပ်ထွေးမှုတွေ ဖြစ်ပေါ်စေမှာဖြစ်ပါတယ်။ ချုချာရူပါနဲ့လိုက်ဖက်တဲ့ ဗျူဟာယုတ်/ဗျူဟာစုတ်တွေကို ချနေတာ တော့ မကောင်းပါဘူး။

“၂၀၀၈အခြေခံဥပဒေ”မပြင်ဆင်ဘဲရွေးကောက်ပွဲပြုလုပ်မယ်ဆိုရင် အဲဒီရွေးကောက်ပွဲဟာ လွတ်လပ်ချင်လွတ်လပ်မယ် တရား မျှတမှုတော့ရှိမှာ မဟုတ်ဘူးဆိုတဲ့ ဒီချုပ်ဥက္ကဋ္ဌ ပြောထားဖူးတဲ့စကားရှိပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲဆိုတာ “ပုဒ်မ ၅၉ (စ) ၊ ပုဒ်မ ၄၃၆”  တို့ကို နေမြဲအတိုင်းရှိတဲ့ အနေအထားအောက်မှာ ဝင်ရောက်ယှဉ်ပြိုင်ရမှာပါ။ ဒါ့အပြင်ကာချုပ်ကလည်း စစ်တပ်ထဲမှာ စစ်ဗိုလ်စစ်သားတွေ ဘယ်ပါတီကို မဲထည့်ရမယ်ဆိုတာ ကြိုတင်အမိန့်ပေးပြီးသားဖြစ်မှာပါ။ အထူးသဖြင့် ဗိုလ်မှူးအဆင့်နဲ့ အထက်တွေပေါ့။

ရွေးကောက်ပွဲမှာ ဘယ်လိုပဲအနိုင်ရပါစေ၊ လွှတ်တော်ထဲမှာ သပိတ်ဝင်အိတ်ဝင် ၂၅ ရာခိုင်နှုန်းကို စစ်တပ်က  ထာဝစဉ်အနိုင် ယူထားပြီးသားဖြစ်ပါတယ်။ ကျန်တဲ့ ၇၅ ရာခိုင်နှုန်း (၄၉၈ နေရာ) ကို နိုင်ငံရေးပါတီ (၈၁) ပါတီက ယှဉ်ပြိုင်ကြရမှာပါ။

ဒါကြောင့် ၂၀၁၅ ရွေးကောက်ပွဲမှာ  ဒီချုပ်ပါတီက ဇကာတင်ပြီးရွေးသန့်ထားတဲ့ အမတ်လောင်းလူပုဂ္ဂိုလ်တွေဟာ သူခိုးတွေနဲ့ ယှဉ်ပြိုင်ရတော့မှာပါ။ ဒါ့အပြင်ကာချုပ်ကလည်း စစ်တပ်ထဲမှာ စစ်ဗိုလ်စစ်သားတွေ ဘယ်ပါတီပဲ မဲထည့်ရမယ်လို့ ကြိုတင် အမိန့်ပေးပြီး သားဖြစ်မှာပါ။ အထူးသဖြင့်ဗိုလ်မှူးအဆင့်နဲ့ အထက်အဆင့်တွေကတော့ ဘယ်ပါတီမဲပေးရမယ်ဆိုတဲ့ အမိန့်ရပြီးသားဖြစ်နေလောက်ပါပြီ။

အနူးအညွတ်တောင်းပန်ခြင်တာကတော့ (ခံနေရတဲ့) အတွေ့အကြုံတွေလည်းများလှပါပြီ။ ပြည်သူလူထုကြုံတွေ့ခံစားနေရတဲ့ နာကျင်မှုတွေကလည်း ခါးသီးလှပါပြီ။ ၁၉၉၀ မှာ ရွေးကောက်ပွဲဝင်တယ်၊ ပြည်သူတွေက တခဲနက်မဲပေးခဲ့ကြတယ်။ အစိုးရ မဖွဲ့နိုင်ခဲ့ဘူး။ ၂၀၁၂ မှာ ကြား ဖြတ်ရွေးကောက်ပွဲဝင်တယ်၊ ပြည်သူတွေက တခဲနက်မဲပေးပြန်ပါတယ်။ “အခြေခံဥပ ဒေ”လည်းမပြင်နိုင်၊ “ ငြိမ်းချမ်းရေး ကဘယ်ဆီဘယ်ဝယ်မသိ” ၊ “တရားဥပဒေစိုးမိုးရေး” ဆိုတာက ဗလာနတ္တိ၊ “ပုဒ်မ၄၃၆” ပြင်ဆင်ရေး လက်မှတ်ငါးသန်းကလည်း အဟောသိကံ ဖြစ်ခဲ့ရပြီ။ ဒီတော့ ရွေးကောက်ပွဲဝင် တန်းကစားသလို၊ ဆန္ဒခံယူပွဲလုပ်တန်းကစားသလိုမျိုးတော့ ဆက်မဖြစ်စေချင်တော့ ပါဘူး။

အကယ်၍  ၂၀၁၅ ရွေးကောက်ပွဲမှာ ဒီချုပ်ပါတီက မဲရလဒ်ပမာဏတစုံတရာနဲ့  အနိုင်ရခဲ့ရင်လည်း  “၂၀၀၈ အခြေခံဥပဒေ ” တည်မြဲ နေသမျှ စစ်တပ်၊ ကြံ့ဖွံ့ပါတီနဲ့ မဟာမိတ်များက  ဒီချုပ်ကို လွှတ်တော်ထဲမှာ ပိုင်ပိုင်နိုင်နိုင်ထိန်းကျောင်း ထားနိုင်အုံး မှာလို့ ပဲမြင် ပါတယ်။ လွှတ်တော်ထဲမှာ ဒီချုပ်ပါတီရဲ့တိုင်းပြည်နဲ့လူထုအတွက် အကျိုးရှိမယ့် အဆိုတွေဟာကန့်ကွက်မှုမျိုးစုံနဲ့ ရင်ဆိုင်မြဲရင်ဆိုင်နေရ မှာပဲဖြစ်ပါတယ်။

၂၀၀၈ အခြေခံဥပဒေ မဖျက်သိမ်းနိုင်သမျှ ရွေးကောက်ပွဲတွေမှာ အနိုင်ရနေလည်း အနိုင်ရသူဟာ ထာဝစဉ်တစ်ဖက်သတ် ရှုံးမြဲရှုံးနေပါလိမ့်မယ်။ သူခိုးတွေဘက်မှာ သူခိုးတွေကို ဘက်စုံအကာအကွယ်ပေးထားတဲ့ “ဥပဒေ”တွေအခိုင်အခံ့ရှိနေတယ်၊ သူခိုးတွေ ဟာ မိတ်ကပ်ကောင်းကောင်းလိမ်းနိုင်တယ်၊ မိတ်ကပ်စားတယ်၊ သူခိုးတွေကို ပြည်တွင်းပြည်ပမိတ်ကပ်ဆရာတွေက သူမတူအောင် လိမ်းခြယ်ပုံသွင်းပေးနိုင်တယ်ဆိုတဲ့အချက်ကိုလည်း သတိထားပါ။ အခြေခံဥပဒေမရှိတာထက်စာရင် ရှိတာ က ပိုကောင်းတယ်၊ ရေမရှိတာထက် ရေတစ်ဝက်ရှိတာက ပိုကောင်းတယ်ဆိုတဲ့ လောဂျစ်နဲ့ ဒီထောင်ချောက်ထဲရောက်ခဲ့/တိုးဝင်ခဲ့ကြတာပဲ။ အဝင်ရှိရင် အထွက် ရှိပါတယ်။ ထွက်ပေါက်မရှိရင် ဖောက်ထွက်ကြရမှာပေါ့။ ဆရာဦးဝင်းတင်ရဲ့ အရေးတော်ပုံစိတ်ဓါတ် ကိုင်စွဲနိုင်ကြပါစေ။

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

One thought on “တူမောင်ညို – ၂၀၀၈ အခြေခံဥပဒေ ဘောင်ထဲမှာ နိုင်ငံနဲ့ပြည်သူ အောင်လံထူနိုင်ပါ့မလား
  1. ဆရာတူးမောင်ညို ရဲ့ July 2015 အလွန်ကောင်းလှတဲ့ သုတေသန စာတန်းလေးကိုကောက်နုတ်ရရင်

    * “ပုဒ်မ ၄၃၆” ပြင်ဆင်ရေး လက်မှတ် ငါးသန်းနီးပါးကိစ္စကိုကြည့်ပါ။

    * ဗြောင်အကျဆုံးညစ်ပတ်မှုနဲ့မသမာမှုဖြစ်တဲ့ “အခြေခံ မဲစာရင်းမှားယွင်းမှု” ဆိုတဲ့ကိစ္စပဲဖြစ်ပါတယ်။

    * ဒီချုပ်ပါတီက မဲရလဒ်ပမာဏတစုံတရာနဲ့ အနိုင်ရခဲ့ရင်လည်း “၂၀၀၈ အခြေခံဥပဒေ ” တည်မြဲ နေသမျှ စစ်တပ်၊ ကြံ့ဖွံ့ပါတီနဲ့ မဟာမိတ်များက ဒီချုပ်ကို လွှတ်တော်ထဲမှာ ပိုင်ပိုင်နိုင်နိုင်ထိန်းကျောင်း ထားနိုင်အုံး မှာလို့ ပဲမြင် ပါတယ်။

    မှတ်ချက်ပေးလိုပါတယ်။

    # လက်ရှိစစ်ခေါင်းဆောင်များကို စစ်ခေါင်းဆောင်ဟောင်းများ (ဥပမာ ဦးသောင်း လိုလူမျိုး) တွေက မစို့မပို့ အိမ်မြေယာ၊ လုပ်ပိုင်ခွင့်လေးတွေ၊ လုပ်ငန်းလေးတွေ လုပ်ပေးပြီ ကိုင်တွယ်ထားပီး ဖြစ်ပါတယ်။

    # ဒါပေမဲ့ စစ်တပ် ၂၅% လက်ရှိစစ်ဗိုလ်တွေထဲနဲ့ သူတို့နဲ့သက်တူ ၃၀-၄၀ အရွယ် စစ်ဗိုလ်အုပ်စု (ဥပမာ ဒေသအစိုးရ PSO ကိုယ်ရေးအရာရှိများ၊ ဝန်ကြီးများရဲ့ ကိုယ်ရေးအရာရှိများ၊ ရွေးကောက်ပွဲကော်မရှင်အရာရှိများ စသဖြင့် လူငယ်စစ်ဗိုလ်အုပ်စု ဗိုလ်မှုးအထက်) တွေ ရှိပါတယ်။ တိုင်းပြည်ကို ကောင်းစေချင်တဲ့ စစ်ဗိုလ်အုပ်စု ဖြစ်ပါတယ်။ စစ်ဗိုလ်ဟောင်းများက ဘယ်လောက် လုပ်ပိုင်ခွင့်ပေးလဲ လုံးဝမပြောင်းတဲ့ အမျိုးသားစိတ်ရှိတဲ့ စစ်ဗိုလ်အုပ်စုဖြစ်ပါတယ်။

    # နောက်ဆုံး စစ်ဗိုလ်ဟောင်းကြီးများ၊ ခရိုနီဝိသမလောဘသားများက တိုင်းပြည်ဆူပူအောင်လုပ်ပြီး (ဥပမာ မဘသ ဘုန်းကြီးများကို မွတ်ဆလင်များနဲ့ ဘာသာရေး ဆူပူမှုလုပ်ပေးပြီး) စစ်အုပ်ချုပ်ရေးနဲ့ ဆက်လက်အုပ်ချုပ်နိုင်ပါတယ်။ ဒါပေမဲ့ စစ်မှန်တဲ့အမျိုးသားရေးရှိတဲ့ မြန်မာစစ်ဗိုလ်ငယ်များက တိုင်းပြည်ကို လမ်းမှန်ခေါ်ဆောင်သွားပါလိမ့်မယ်။ ဒီ လူငယ်စစ်ဗိုလ်များက စစ်တပ်ကို စစ်မှန်တဲ့ Institution ကြီးတစ်ခုဖြစ်အောင် ကြိုးစားရင်း ဒေါ်အောင်ဆန်းစုကြည် အင်အယ်ဒီအုပ်စု၊ ကြံခိုင်ရေး ပြုပြင်ပြောင်းလဲလိုသူ စစ်ဗိုလ်ကြီးများအုပ်စုတို့နဲ့ ၂၀၁၅ အလွန် မြန်မာနိုင်ငံကြီး လမ်းကြောင်းမှန်ကို ရောက်မယ် မျှော်လင့်ပါတယ်။

Comments are closed.