Cartoon Saw Ngo (2011) |
ဖိုးစီ (ရုံးတော) – ကိုစိန်တို့ ဘယ်လိုမဲပေးရပါ့
(မိုးမခ) ဇွန် ၂၈၊ ၂၀၁၅
တနေ့ညက ဖြစ်သည်။ မက်ဆင်ဂျာဘောက်စ်က တုံခနဲ မြည်ကာတက်လာသည်။
ကိုဖိုးစီ အိပ်ပြီလားဗျာ..။
မအိပ်သေးပါဘူးဗျာ .. ဘာကိတ် ..။
ကျုပ်တို့ အိုတွေ ဘယ်လိုမဲပေးရမလဲဗျာ။ အခွင့်အရေး ရှိ / မရှိ သိချင်လို့ပါ။
အမ် ….။ ကျုပ်လည်း မလျှောက်တတ်ဘူး ဆရာ ..။ မေးမြန်းကြည့်ပါဦးမယ်။
သူ့ အမည်ကို ကိုစိန်လို့ သာ အကြမ်းဖျင်း မှတ်ကြပါတော့။ သူက မလေးရှားက ဂျိုဟိုးပြည်နယ်မှာ သောင်တင်နေသော မြန်မာ နိုင်ငံသား တရားမ၀င် အခြေချနေထိုင်နေသူဖြစ်သည်။ မလေးရှားမှာ သောင်တင်နေတာ ၁၅ နှစ်ကျော်ပြီ။ ကျနော်က ၂၀၀၅ ခုနှစ်ခန့်က ဂျိုဟိုးမှာ သူငယ်ချင်းများနှင့်အတူ အလုပ်လုပ်ခဲ့ဖူးရာ မြန်မာဆိုင်များ၌ သူနှင့် မျက်မှန်းတန်းခဲ့ဖူးသည်။ လူချင်းတော့ မခင်ခဲ့ပါလေ။
ထိုစဉ်က သူ့ကို မြင်ရ အကဲခတ်ရသည်မှာ အတော်ပင် ပြေလည်နေဟန်ရှိသည်။ ယမဟာ ဆိုင်ကယ် အနက်ကြီး တစင်းဖြင့် အင်ဒိုနီးရှားဟု ထင်ရသည့် အမျိုးသမီးတစ်ယောက်ကို တင်ကာ ကျနော်နေထိုင်ရာ အိမ်ရှေ့မှ မြန်မာဆိုင်သို့ ရောက်ရောက်လာတတ်သည်။ လာတိုင်းလည်း တွေ့သမျှ လူကို ဒကာခံကာ ကျွေးမွေးသွားတတ်သည်။ သူ့ကို ကျနော်က မလေးရောက် မြန်မာလူလည် ပွဲစားတယောက်ဟုသာ ထင်ထားခဲ့သည်။
++++++++++++++++
လွန်ခဲ့သော ၂ နှစ်ခန့်က သူနှင့်ပြန်တွေ့ခဲ့ရသည်။ တွေ့ပုံကလည်း အဆန်း။ ကျနော့် လက်ရှိ အလုပ်၏ မလေးရှား စက်ရုံခွဲမှ လူငယ်များကို စင်ကာပူ သို့ ခေါ်၍ သင်တန်းပေးရာ မြန်မာ ၁၄ ယောက်ခန့် ပါဝင်သည် ။ သင်တန်းကာလ ပြီး၍ အသုတ်လိုက် မလေးရှားသို့ ပြန်ကြစဉ် တရက် မြန်မာကောင်လေးတယောက်က ဂျိုဟိုး အဝေးပြေးကားဂိတ်တွင် ထွက်ပြေး ပျောက်ဆုံးသွားသည်။ ပြန်လည်ပို့ဆောင်သော စင်္ကာပူ အင်ဂျင်နီယာက ခေါင်းမီးတောက်ကာ ကျနော့် အားလှမ်းခေါ်၍ လိုက်သွားစဉ် ကိုစိန့်အား လာ့ကင်း (Lar Kin) အဝေးပြေးကားဂိတ်မှာ ပြန်တွေ့ရခြင်းဖြစ်သည် ။
“ဟေ့လူ..” သူက ကျနော့် နံမည် မမှတ်မိ။ ကျနော်ကလည်း သူ့ကို ကျောလည်ထိ ရှည်သော ဆံပင်တွေနှင့် ကိုဆံရှည် အဖြစ်သာ မြင်ခဲ့ဖူးရာ ယခုလို မလေးဆံပင်ကုပ်ထောက်နဲ့ ဆိုတော့ ချက်ချင်း မသိပါ။
“ကျတော် ကိုစိန်လေ ၊ အရင် တမန်မ၀ါ (Taman Mawar – နှင်းဆီ ရပ်ကွက် ဟု အဓိပ္ပာယ်ရ၏ ) မှာ ခဏခဏ တွေ့ဖူးတာရော ..။”
“သြော်.. ဟုတ်ပြီ..” သူ့ကြည့်ရတာ အရင်ကထက်ပင် သားနားနေသယောင်ယောင်။ သူကျနော့် ကိစ္စမေးတော့ ကျနော်က ရှင်းပြရသည်။ ချက်ချင်းပင် သူက
“အာ.. ဒါဆို လိုက်မနေနဲ့တော့၊ ဒီကောင် KL တောင် ရောက်ကာနီးလောက်ပြီ ..။”
“ခင်ဗျား.. ဘယ်နှယ့်လုပ်သိ ..။”
“သိဆို ကျွန်နော် ကိုယ်တိုင် ကေအယ်လ် ကားပေါ် တင်ပေးလိုက်တာ၊ အေရိုးလေး၊ မခုတ်တတ်တဲ့ ကြောင်လေးလို ဒုက္ခ ရောက်နေလို့ပါ ဆိုတာနဲ့ ကားလက်မှတ်တောင် ၀ယ်ပေးလိုက်ရသေး၊ အကြောင်းရှိဆက်ဖို့ ဖုံးနံပါတ်တောင်ပေးလိုက်သေးတယ်၊ နေနှင့်ဦး ဆက်လာမှ ပျစ်ကော နှစ်ေကာ ဆဲလိုက်ဦးမယ် ..။”
“အား.. ကောင်းရောဗျာ..။ ကိုစိန်တို့ ဂျဟိုးမှာ လူလည်လုပ်လာတာ၊ အညာသားချင်း လုပ်စားသွားပြီ …။”
ကျနော်က အလုပ်ကို ပြန်သတင်းပို့အပြီး သူနှင့် စားပွဲဝိုင်းဖွဲ့ကာ စကားအမျှင် မဖြတ်နိုင်တော့။ သူ့အကြောင်းက စိတ်ဝင်စားစရာလည်း ကောင်းလှသည်။
သူက ကျနော့်ဇာတိနှင့် နယ်ချင်းမဝေးသော အညာသားတယောက် ဖြစ်သည်။ ရန်ကုန်တက် အလုပ်လုပ်ကာ ကားစပယ်ယာဘ၀ကနေ အဆွယ်ကောင်းတော့ မလေးရှားရောက်လာသည်။ ရောက်ပြီး မကြာမီ အလုပ်မကောင်းသဖြင့် အိုဗာစတေး (Over Stay) နေရာမှ အစပြု၍ သူ့ဘ၀ လှိုင်းက ထန်ခဲ့ရသည်။ ငံပြာရည် စက်ရုံ လုပ်သား၊ လူသေအလောင်း ဆေးကြောသူ၊ သူဋ္ဌေး သက်တော်စောင့် လူမိုက်၊ ငါးအရောင်း (မူးယစ်ဆေးငါးကို ဆိုလိုတာဗျ) ၊ တရုတ်သင်္ချိုင်းမှာ မြေယာပြုပြင်သူ အလုပ်သမားခေါင်း … နောက်ဆုံး ကျနော်နှင့်တွေ့တော့ ကုန်ကားကြီးတွေ နောက်လိုက်လုပ်နေသည်ဟုပြောပြသည်။
“ခင်ဗျား မိန်းမကော ..” ကျနော်က သူနှင့် တွဲနေသည့် အင်ဒိုနီးရှားအမျိုးသမီးကို ရည်ရွယ်၍ မေးဖြစ်ပါသည်။
“သူပြန်သွားပြီ .. အဆက်အသွယ်တော့ ရှိပါတယ် …။
“ခင်ဗျား သိလား၊ သူ့ကို ကျွန်တော် ရွာခေါ် သွားသေးတယ် ..။”
“ရွာ .. ဗမာပြည်အထိလား..။”
“အေးပေါ့ဗျ၊ တောင်ကျော် ခေါ်သွားတာ..။ ကျွန်တော်ရာ သူရော ပတ်စပို့မှ မရှိတာ၊ နေမထူးတွေပဲ။ ကျွန်တော်က ပြန်ချင်နေတာ၊ သူကလည်းလိုက်မယ်ပြောတာနဲ့ စွတ်ရွတ်ပြီး ခေါ်ချသွားတာပဲ..။”
” မိုက်ပါ့ဗျာ.. ကိုစိန့်နှယ် .. ။”
“ထူး မမိုက်ရပါဘူးဗျာ၊ ဒီကနေ ၂ ယောက်လုံးစာ မှတ်ပုံတင်ရမှ ၀င်သွားတာပါ ဟဲ ဟဲ..။”
ကိုစိန် ညာနေသည်ဟု ကျနော် မထင်ပါ။ သို့သော် သူဆက်ပြောသည်က စိတ်မကောင်းစရာပါ ။
ကိုစိန်ပြန်လာသည်ကြားတော့ ရွာကအမျိုးတွေ ၀မ်းသာအယ်လဲပေါ့။ နိုင်ငံခြားသူမကြီး ရအောင်ယူလာသည့် သတင်းကလည်း ဖုံးဖိ၍ ရစကောင်းသော အရာမျိုးမဟုတ်ချေရကား တောမီးလိုပြန့်နှံ့လေ၏။ သို့သော် ၃ ရက်မြောက်နေ့မှာပင် ရွာသားချင်း ရဲသတင်းပေးက မတန်တဆသော ပမာဏဖြင့် ငွေညှစ်လာသဖြင့် ပြန်ပြေးလာခဲ့ရပါသည်တဲ့။
“ကျွန်တော့်ဗျာ .. အမေ့အိမ်မှာ ၂ ညပဲ အိပ်ခဲ့ရပါတယ် ..” ပြောရင်း သူက အဝေးသို့ မျှော်ကာငေးနေပြန်သည်။
”ခင်ဗျားကလည်း မစဉ်းမစား၊ ၂ ယောက်လုံး ထောင်ကျပေါက်ကြီး လုပ်တာကိုးဗျ..။”
“ဘယ့်နှယ် လုပ်မတုံး၊ ကျွန်တော်ကလည်း အိမ်တခေါက်ပြန်ချင်၊ သူကလဲ ပြန်မလာမှာ စိုးပြီး စိတ်မချသာနဲ့ ခေါ်ချသွားတာပဲ”။
“ကိုယ့်စိတ်မချဘဲ သူကကျတော့ ပြန်သွားပြီလား” ကျနော့် အမေးဆုံးတော့ ကိုစိန်က အသံလေးလေးဆဆ ကြီးဖြင့်
“ကျွန်တော်တို့ သားဦးလေး ဆုံးသွားတယ်ဗျ၊ အဲဒီကတည်းက တငိုင်ငိုင်နဲ့၊ သူလည်း စိတ်ပြေလက်ပျောက် ဆိုပြီး ပြန်ပါစေ သဘောထားလိုက်တာ၊ ပြန်လာမလာကတော့ သူ့သဘောပဲ ..။”
ကောင်းကြပါရောခင်ဗျာ။ နိုင်ငံကိုစွန့်ခွာလာကာ တရားမ၀င် နေထိုင်ကြသူ အချင်းချင်း ချစ်ကြိုက် ပေါင်းသင်းရုံမျှမက ကလေးတောင် မွေး လိုက်ကြသေးသတဲ့။ ဘ၀-ဇာတိ – အစဖြစ်ရခြင်းဟူသည် သူတို့ အတွက် လွယ်ကူလွန်းလှသယောင်တကား။ သို့မဟုတ် ဒုက္ခဟူသည် ဂျိုနဲ့လား မေးရလောက်အောင်ပင် ယဉ်ပါးလွန်းလေကြကုန်သလော မဆိုနိုင်။
++++++++++++++++
ယခုတော့ အဝေးရောက် ကိုစိန်က မြန်မာနိုင်ငံအတွင်းမှ နိုင်ငံရေး အချိုးအကွေ့ ဖြစ်သော ရွေးကောက်ပွဲတွင် မဲ ဘယ်လိုပေးရပါ့လဲ မေးလာနေပြီ။ ပြည်ပသို့တရားဝင် ရောက်ရှိနေသော သူများသာ မဲပေးပိုင်ခွင့် ရှိလိမ့်မည် ထင်ကြောင်း ကျနော် ပြန်ပြောတော့ ကိုစိန် စိတ်ဓာတ်ကျလေ၏ ။
“ကိုဖိုးစီ၊ ကျွန်တော်တို့လို လူတွေ အများကြီးနော။ ဒီမလေးရှားမှာတင် သိန်းချီပြီး ရှိတယ်။ ထိုင်းနဲ့ များပေါင်းလိုက်ရင် သန်းဂဏန်း ကိုကျော်ဦးမှာ၊ အားလုံးက မဲပေးနိုင်တဲ့ အရွယ်တွေချည်းပဲ”။
“အေးဗျာ..၊ တိုင်းပြည်ထဲမှာတောင် မဲစာရင်းတွေ မှားလွန်းလို့ ဒေါ်စု ကိုယ်တိုင် တအိမ်တက်ဆင်း လိုက်ဆော်သြနေရတဲ့အချိန်မှာ .. ခင်ဗျားတို့လို အိုသမားတွေ အတွက် မဲပေးစာရင်းထဲ ၀င်ဖို့ရာက ဗိုလ်ချုပ်ကိုယ်တိုင် အသက်ပြန်ရှင်လာရင်တောင် မလွယ်လှဘူး ထင်တယ် ကိုရင်စိန်ရယ် ..။”
“အခြေအနေ မပေးလို့ အဝေးရောက်နေရပေမဲ့ ကျုပ်တို့လည်း နိုင်ငံချစ်စိတ်အပြည့်နဲ့ နိုင်ငံသားတွေပါဗျာ.. မဲပေးချင်တာပေါ့ ..။”
အမယ်၊ ကိုစိန်တယောက်အားတွေပါကာ သူ့မယား အင်ဒိုမကိုပင်မေ့ကာ ပြည်ချစ်စိတ်ကိုပြနေလေပြီ။
“အေးဗျာ ..ကျနော်တို့ ခင်ဗျားတို့လည်း တစ်သက်မှာ တခါခုမှ စပြီး ပေးရမဲ့ မဲဆိုတော့လည်း ပေးဖူးတယ်ရှိအောင် ပေးကြည့်ချင်တာပေါ့ ဟုတ်ဖူးလား..။”
အဲလိုတော့ မဟုတ်ဘူး ကိုဖိုးစီ၊ ကျနော် တမြန်မနှစ်က မလေးရှားရွေးကောက်ပွဲမှာ မဲပေးခဲ့ဖူးပြီ။
“ဗုဒ္ဓေါနဲ့ မြတ်စွာ၊ ခင်ဗျားက မလေးရှားနိုင်ငံသား ဖြစ်နေပလာ..။”
“မဲရက်တုန်းက ကျုပ်တို့လို လူရည်တဲ့ကောင်တွေ တော်တော်များများ အလုပ်ရှင်သူဋ္ဌေးတွေနဲ့ နယ်မြေ ရဲတွေ ကောင်းမှုနဲ့ IC ကဒ်တွေ ရကြတယ်ဗျ ..၊ မဲပေးတော့ ကားကြီးတွေနဲ့ လာခေါ်တာပဲ ဟဟ.. ဟဟ..။”
“အဲသာ ..ကဒ်အစစ်တွေလား..။”
“ဘယ်ဟုတ်မှာတုံး၊ အဖိန့် သက်သက်တွေ၊ ခုနေခါ ကျုပ်ဆေးရုံတက်တာတို့ ဘာတို့ ကဒ်ထိုးပေးလိုက်ရင် တန်းပေါ်သွားမှာ ..၊ ဒါပေမဲ့ စကားလည်အောင်ပြောနိုင်ရင် သွားရင်းလာရင်းပြစားလို့ တော့ ရတာပေါ့ဗျာ။”
သူ့စကားဆုံးတော့ အာရှဒီမိုကရေစီစံနှုန်းဟု နှိမ့်ချသုံးနှုန်းခံရခြင်းအကြောင်းကို ရေးရေးမြင်လာမိသလိုရှိ၏။ ကျနော်တို့ဆီမှာက အရပ်သားတပိုင်း လွှတ်တော်နှင့် အခြေခံဥပဒေမှာကတည်းက ပြည်သူတို့မှာမဲ ဓားပြ တိုက်ထားခြင်း ခံရပြီးသော ဒီမိုကရေစီ။ သူတို့ဆီမှာက မဲလိမ် မဲညစ် ကပျစ်ကညစ် ဒီမိုကရေစီ။ ပြောရင်တော့ စားအုန်းဆီ အစိုးရနှင့် ပြန်ကြော်ဆီ အစိုးရ ၂ ခုလုံး၊ ပြည်သူ့ အတွက်တော့ ဘယ်ဒင်းမှ မကောင်း။
ကျနော် ကိုစိန်တို့ အကြောင်းတွေ ကို စဉ်းစားရင်း ရင်မောလာမိသည်။ သန်းနှင့်ချီသော တရားမ၀င်ပြောင်းရွှေ့ နေထိုင်သူတွေအတွက် မဲပေးပိုင်ခွင့်ကို အစိုးရ ရော အတိုက်အခံရော ဖြေရှင်း နိုင်လိမ့်မည်မထင်ပါ။
“ကိုစိန်၊ ခင်ဗျားအကြောင်းတွေ ကျနော် ရေးခွင့်ပေးပါလား …။”
“ရေးချင်လည်းရေး၊ မရေးချင်လည်း နေ၊ လူတွေဖတ်လို့ သိလည်း ဘာမှ ထူးလာမှာ မဟုတ်ပါဘူးဗျာ၊ ကျွန်တော်တို့ အားလုံး က အမေ့ခံဘ၀တွေပါ..။”
ကိုစိန်ကတော့ သူတို့တတွေဟာ အမေ့ခံ လူသားတွေဟု ဆို၏။ တိုင်းပြည်အတွင်း၌ပင်လျှင် ရှင်းမကုန်နိုင်သည့် ပြဿနာပေါင်း သောင်းခြောက်ထောင်ကြားဝယ် တရားမ၀င် ပြည်ပရောက်ရှိနေသည့် သန်းဂဏန်းမျှသော နိုင်ငံသားတွေအား မေ့လျော့နေပြီဟု ပြောလာခဲ့သော် မှန်သလိုလိုလည်းရှိ၏။ သို့သော် မျက်နှာလွှဲခဲပစ်တော့ မလုပ်သင့်ကောင်းဟုသာ ယူဆမိပါသည်။
လက်ရှိအာဏာရအစိုးရနှင့် နောင်တက်လာမည့် အစိုးရမင်းအပေါင်း ကိုစိန်တို့အား မေ့မထားပါရန် နိုင်ငံသား တစ်ယောက်အနေဖြင့် ပန်ကြားချင်မိ၏။
ကိုစိန်တို့ လိုချင်သည့်၊ ကိုစိန်တို့ မဲပေးချင်သည့် ပါတီ၊ အစိုးရ အဖွဲ့အစည်းနှင့် ကိုစိန်တို့ မဲဆန္ဒကတဆင့် ပြောင်းလဲလိုသည့် စနစ် တစ်ခုသည်သာ နိုင်ငံရပ်ခြားက ဤရေမျောကမ်းတင် မျှော်လင့်ချက်မဲ့ အမေ့ခံဘဝများအရေး ဖြေရှင်းနိုင်မည် ယူဆမိသည်။
ယခုလောလောဆယ်မူကား ကိုစိန်တို့ မဲ ဘယ်လို ပေးရပါ့ အတွေးပွားရင်း နိုင်ငံတကာရောက် ဇာတိ၊ လူမျိုး၊ နိုင်ငံ ပျောက်သလိုဖြစ်နေရသည့်အမေ့ခံဘဝများအရေး ရတက်မအေးဖြစ်နေမိပါကြောင်း..။
ဖိုးစီ (ရုံးတော)
ဇွန် ၂၇၊ ၂၀၁၅
××××××××××
မိုးမခ တွင် ဖော်ပြခဲ့ပြီးသော ဖိုးစီ (ရုံးတော) ၏ စာများ —
၁) ကပ္ပိယဖိုးစီ – မဟန နှင့် နိုင်သြ ဆိုသည်
http://moemaka.blogspot.com.au/2011/12/kapiya-po-si.html
၂) ဦးဇောတိက နှင့် (၃) နာရီ
http://moemaka.com/archives/40029
http://www.moemaka.blogspot.com.au/2014/09/blog-post_530.html
၃) ကုလားရှဖီး၊ ဘုန်းကြီးတူမ နဲ့ ကျနော်ကြုံခဲ့ ဖူးသော လုပ်ကြံပွဲများ
http://moemaka.com/archives/39986
http://www.moemaka.blogspot.com.au/2014/09/blog-post_759.html
၎) အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ် ကြိယာ တမျိုးတည်းနဲ့ ကျနော်တို့ တိုင်းပြည်
http://moemaka.com/archives/40003
http://www.moemaka.blogspot.com.au/2014/09/blog-post_551.html
၅) ဗလသေန တော့ မလိုချင်ပါ
http://moemaka.com/archives/40072
http://www.moemaka.blogspot.com.au/2014/09/blog-post_807.html
၆) မိနီကတော့ သေတာ သေတာပါပဲ
http://moemaka.com/archives/40089
http://www.moemaka.blogspot.com.au/2014/10/blog-post_40.html
၇) ဘောင်ဘင်ခတ်သူ
http://moemaka.com/archives/40138
http://www.moemaka.blogspot.com.au/2014/10/blog-post_53.html
၈) ခါချဉ် တစ်ကောင် တင်းတဲ့မာန်
http://moemaka.com/archives/40166
http://www.moemaka.blogspot.com.au/2014/10/photo-aung-htet.html
၉) ပိုးဟပ် တောင်ပံ ခတ်သံ
http://moemaka.com/archives/40277
http://www.moemaka.blogspot.com.au/2014/10/blog-post_38.html
၁၀) အမေ၏ နိုင်ငံရေး
http://moemaka.com/archives/40305
http://www.moemaka.blogspot.com.au/2014/10/blog-post_79.html
၁၁) မန်းကျည်းတန်း ပုံပြင်
http://moemaka.com/archives/40401
http://www.moemaka.blogspot.com.au/2014/10/blog-post_670.html
၁၂) Sorry ပုံပြင်
http://moemaka.com/archives/40611
http://www.moemaka.blogspot.com.au/2014/11/sorry.html
၁၃) “ဟဲ့…” အမည်မှည့်
http://moemaka.com/archives/40857
http://www.moemaka.blogspot.com.au/2014/11/blog-post_877.html
၁၄) ဘုန်းကြီးတွေ လူလိုမသိဘူး
http://moemaka.com/archives/41120
http://www.moemaka.blogspot.com.au/2014/12/blog-post_99.html
၁၅) စနစ်ဆိုး ၏ အသုံးချခံ သား (၃) သား
http://moemaka.com/archives/41327
http://moemaka.blogspot.com.au/2014/12/blog-post_308.html
၁၆) ကျနော်တို့ သာသနာတော် ဝမ်းယောင်နေပြီလား
http://moemaka.com/archives/41737
http://www.moemaka.blogspot.com.au/2015/01/blog-post_95.html
၁၇) တန်ရာတန်ကြေး
http://www.moemaka.blogspot.com.au/2015/02/blog-post_912.html
၁၈) မင်းစဉ် မင်းဆက် ယတြာ ကွက်များ
http://moemaka.blogspot.com/2015/05/blog-post_73.html
၁၉) ဋ္ဌာပနာအတွင်းသို့ ၀င်ကြည့်ခြင်း