ရေခြားမြေခြား မြန်မာများ

ဝိသေသ – စင်္ကာပူရဲ့ အိမ်သာအလှူ နဲ့ မြန်မာရဲ့ ရေအလှူ

 

ဝိသေသ – စင်္ကာပူရဲ့ အိမ်သာအလှူ နဲ့  မြန်မာရဲ့ ရေအလှူ

(မိုးမခ) အောက်တိုဘာ ၁၉ ၊ ၂၀၁၅

 

စင်္ကာပူနိုင်ငံမှာ မှတ်မှတ်သားသားအဖြစ်ရဆုံးကတော့ ‘ အိမ်သာ’ အလှူပါပဲ။ လူထွေးက အိမ်သာနှင့် ပတ်သက်ပြီး ခံစားချက်က တော်တော် ရှိခဲ့သူမို့ ပို၍သတိပြုမိခြင်းလည်း ဖြစ်နိုင်သည်။ လူထွေးတို့က တောသားတွေဖြစ်တော့ တောထိုင်တယ်ဆိုတာ ရိုးဟိုးဟိုးနေပါပြီ။ လူထွေးငယ်စဉ်က ဖြစ်၏။ မြို့ပေါ်နေ ကျန်းမာရေးဝန်ထမ်းတွေ လာပြီး စစ်မယ်၊ ဆေးမယ်ဆိုတော့မှ တွင်းတူးအိမ်သာကို ရွာလူကြီးတွေက ကမန်းကတန်းဆောက်ကြသည်။ အများစုကတော့ ရွာဝန်းကျင်ရှိ ခြုံပုတ် တောစပ်တွေမှာပဲ အလေးသွားကြသည်။ ဒါကို တောထိုင်တယ်ဟု ဆိုပါသည်။

 

ကာတွန်းဆွေမင်း (ဓနုဖြူ) ၏ မြိုင်ရာဇာတွတ်ပီ ကာတွန်းကို ဖတ်ရတော့ ကြုံတိုင်းရွာမှာလဲ လူထွေးတို့လို တောထိုင်တယ်ဆိုတာ ရှိပါ၏။ ရွာတွင် မွေးထားသော ၀က်တွေ ခွေးတွေက တောထိုင်နေသူထံ ၀ိုင်းလာသည်။ တောထိုင်သူမှာ ဘယ်ဖက်မှာရော ညာဖက်မှာပါ တုတ်တွေ ကိုင်ပြီး၊ နောက်ဖက်သို့ ဝှေ့ရမ်းခြောက်လှန့် နေရ၏။ ဒါကို တောထိုင်ရင်း ဒုတ်သိုင်းကသည်ဟု ဆိုရာ လူထွေးလဲ သူငယ်စဉ်က ဒုတ်သိုင်းကခဲ့ရပုံကို မြင်ယောင်၍ တဟားဟား ရယ်မောလေသည်။

 

လူထွေး မူလတန်းတက်တော့ တောင်ပေါ်မြို့ငယ်လေးတွင် အကိုအမများနှင့် အတူ သွားနေရသည်။ တွင်းတူးအိမ်သာမှာ တက်ရသည်။ တွင်းတူးအိမ်သာရှိ မစင်များ၏ အနံ့ဆိုးကြီးမှာ အိမ်သာတက်နေသူ၏ နှာခေါင်းဝသို့ စုပြုံတိုးဝှေ့ဝင်ရောက်လာသဖြင့် မခံမရပ်နိုင်အောင် ဖြစ်ရသည်။ ယင်မလုံသဖြင့်  ၀မ်းရောဂါများလဲ စိုးရိမ်နေရ၏။ ထိုခေတ်က ယင်လုံရေလောင်းအိမ်သာများ မပေါ်သေး။ ၁၉၇၀-ပြည့်လွန်နှစ်များပေါ့။

 

တွင်းတူးအိမ်သာများကို အလွန်ထိထိမိမိ အသုံးချသူများမှာ လူထွေးတို့ တောင်ပေါ်မြို့သားတွေပါ။ အိမ်သာတွင်းကို ၁-နှစ်လောက်သုံးပြီးလျှင် အခြားတစ်နေရာ၌ တွင်းသစ်တူးသည်။ အိမ်သာကို လူအားဖြင့် ၀ိုင်းမ ပြီးလျှင် တွင်းသစ်ပေါ်သို့ သွားချထားသည်။ တွင်းဟောင်းကို ၀ါးကပ် သို့မဟုတ် ဓနိဖြင့် ဖုံးအုပ်ထားပြီး ဂေါ်ရခါးသီးကို ထိုတွင်းဟောင်းမှာ စိုက်ကြလေတော့သည်။ ဆောင်းရာသီ၌ ဂေါ်ရခါးသီးတွေ ပေါလိုက်ပုံမှာ လူတွေပင် မစားနိုင်။ လက်ဆောင်ပေး၍လဲ မကုန်ပါ။ ၀က်တွေကိုပင် ချကျွေးရသည်။ ဂေါ်ရခါးစင်များမှာ အသီးတွေ ပြွတ်ခဲအောင် သီးနေသည်။ ယင်လုံရေလောင်းအိမ်သာတွေလဲ ပေါ်လာရော သူတို့ မြို့ငယ်လေး၏ ဂေါ်ရခါးသီး အထွက်နှုန်းလဲ ကျဆင်းသွားတော့သည်။

 

လူထွေးတို့ရွာတွင် အဖွားကြီးဒေါ်အွဲအွမ်သည် ရိုးရာအိမ်ကြီး၏ ထောင့်၌ အပေါက်ဖောက်စေသည်။ အကာအရံလုပ်စေသည်။ သူသည် ထိုအပေါက်မှနေ၍ အလေးသွားသည်။ အိမ်အောက်၌ အကာအရံပြု၍ ၀က်တွေ မွေးထားရာ အဖွားကြီး၏ မစင်များကို ၀က်တွေကလာ၍စားကြသည်။ မစင်ကို အလဟဿမဖြစ်အောင် ဒီလိုလုပ်ရတယ်ဟု အခြားသူတို့ကို ပညာပေးနေသေးသည်။ ဒေါ်အွဲအွမ်၏ မြေးများက နောက်ပိုင်းတွင် ထိုကိစ္စခွင့်မပြုပဲ ယင်လုံရေလောင်းအိမ်သာများ ဆောက်လာကြသည်။ အဖွားကြီးမှာ မစင်များ အလဟဿဖြစ်သွား၍ တဖျစ်တောက်တောက်ဖြစ်နေသည်။ လူထွေးက မစင်မှ မီသိန်းဓာတ်ငွေ့များရယူကာ ချက်ပြုတ်ရန်လောင်စာမီးအဖြစ် အသုံးပြုနိုင်ကြောင်းသွား၍ လျှာရှည်မိသည်။ အဖွားကြီးက ထိုသို့လုပ်ရန် တောင်းဆိုရာ၊ ကုန်ကျ စရိတ်များလွန်းကြောင်း ပြန်၍ ရှင်းပြရသည်။ 

 

လူထွေးရန်ကုန်ရောက်တော့ အပြင်ထွက်လျှင် အိမ်သာခက်ခဲပုံကို မကြာခဏကြုံရသည်။ လဘက်ရည်ဆိုင်တွေ၊ စားသောက်ဆိုင်တွေကလဲ စားစရာ သောက်စရာ တွေ ရောင်းနေပေမဲ့ ယိုစရာပေါက်စရာ အိမ်သာတွေ ထားကြတာနည်းသည်။ ရှိပြန်တော့လဲ တန်းစီးပြီး စောင့်ရတတ်သည်။ အခပေးအိမ်သာတွေကလဲ ရှားပါးလွန်းလှ၏။ ရှိပြန်တော့လဲ သန့်ရှင်းမှုအားနည်းသည်။ ဈေးနှုန်းက များသည်။ စင်္ကာပူမှာ လစာဝင်ငွေက အလွန်မြင့်ပေမဲ့ အခပေးအိမ်သာနှုန်းက စင်္ကာပူ ၁ဝ-ဆင့် လောက်ပဲ ရှိပါသည်။ မြန်မာငွေနဲ့ဆိုလျှင် ၈၀-ကျပ်လောက်သာရှိသည်။ ရန်ကုန်မှာ အခပေးနှုန်းက ၅၀ မှ ၂၀၀ ထိ ဖြစ်နေသည်။ စင်္ကာပူမှာက ၉၀-ရာခိုင်နှုန်းကျော် အခမဲ့ သုံးစွဲနိုင်ပြီး၊ အခပေးရတာ ၁၀-ရာခိုင်နှုန်းပင် မရှိပါ။ 

 

စားသောက်ဆိုင်တိုင်း၊ အဆောက်အဦးတိုင်းတွင် အိမ်သာခန်းတွဲများကို သန့်ရှင်းသပ်ယပ်စွာ ထားရှိပေးကာ အခမဲ့ အသုံးပြု ခွင့်ပေးသည်။ သူတို့ဆီမှာ ၀ယ်ယူသုံးစွဲသည်ဖြစ်စေ၊ မသုံးစွဲသည်ဖြစ်စေ စေတနာအပြည့်ဖြင့် သုံးခွင့်ပေးသည်။ ရန်ကုန်မှာလို ဆူဆူဆောင့်ဆောင့် အသုံးပြုခွင့် ပေးခြင်းမျိုး မဟုတ်ပေ။

အိမ်သာတက်ချင်၊ အပေါ့သွားချင်ပါလျက် အောင့်ထားရသော ဒုက္ခမှာ အဘယ်မျှကြီးမားကြောင်း ကြုံဖူးသူတိုင်းသိပါသည်။ ဆီးချုပ်ဝမ်းချုပ်ခြင်းမှာ ကျန်းမာရေးကို ရေရှည်တွင် အဘယ်မျှ ထိခိုက်စေကြောင်း အထူးပြောဖွယ်မလို။ ဆေးဝါး အလှူ၊ သွေးအလှူ၊ ဆေးရုံ အလှူစသော ကျန်းမာရေးအလှူများကို စိတ်ဝင်စားကြသော်လဲ အိမ်သာအလှူကို သတိမရကြချေ။ အိမ်သာအလှူကလဲ ကျန်းမာရေးဆိုင်ရာ အရေးကြီးသော အလှူကြီးပင် ဖြစ်ပါသည်။ စင်္ကာပူတွင် အစိုးရရော၊ ပြည်သူများပါ အိမ်သာအလှူကို စိတ်ပါလက်ပါပြုကြသဖြင့် ကျန်းမာအသက်ရှည်သော အကျိုးထူးများ ခံစားနေကြရပေပြီ။ 

 

ပရဟိတကျောင်းကြီးတစ်ခု၌ ကလေးများစွာ အတွက် အိမ်သာခန်းတွဲများ လိုအပ်နေ၏။ သို့သော် အလှူရှင်က ဘုရားဒကာ ဘုရားတည်ရာ၌သာ လှူလိုသူ ဖြစ်နေပြီး၊ အိမ်သာဒကာ မဖြစ်လိုဟု ဆိုပါသတဲ့။ စင်္ကာပူနိုင်ငံသားတွေ အိမ်သာအလှူနှင့် ပတ်သက်၍ သဒ္ဓါတရားကြီးမားရာတွင် မြန်မာနိုင်ငံသားတွေထက် အဆ တစ်ထောင်မက သာကြောင်း လူထွေးအမြဲပြောသည်။ မဒမ်လူထွေးက တစ်နေ့တွင် ဤသို့ချေပ၏။

 

‘စင်္ကာပူနိုင်ငံသားတွေထက် မြန်မာတွေ အဆတစ်ထောင်သာတဲ့ အလှူတစ်ခုလဲ ရှိပါတယ်တော်’ 

 

ထိုအလှူကတော့ သောက်ရေအလှူပါတဲ့ဗျာ။ စဉ်းစားကြည့်တော့ မှန်ပါပေစွ။ စင်္ကာပူတ၀ှမ်းတွင် ဘယ်ကိုသွားသွား သောက်ရေသန့်တွေ ရောင်းကြသည်သာ ကြုံဖူး၏။ အခမဲ့ပေးလှူတာ လုံးဝ မကြုံဖူးပါ။ မြန်မာတွေကတော့ နေရာတိုင်းမှာ သောက်ရေအိုးတွေ သောက်ရေသန့်တွေ လှူကြသည်။

 

စင်္ကာပူတွင် မြန်မာဆိုင်အများစု ဖွင့် ထားသည်မှာ Peninsular Plaza ဖြစ်၏။ ထိုမြန်မာဆိုင်များ၌ပင် သောက်ရေသန့်ဗူးကြီးများဖြင့် ရေလှူကြသည်။ မြန်မာတွေရဲ့ ကောင်းတဲ့ အကျင့်မှာ စင်္ကာပူသို့တိုင် ပါသွားသည်။

သို့သော် … အဲ၊ သို့သော်ပေါ့လေ။ 

 

ထိုပလာဇာရှိ အိမ်သာများမှာမူ ညစ်ပင်္တ်နံစော်နေမြဲ ဖြစ်သည်။ အခမဲ့ အသုံးပြုခွင့် ပေးထားသော အိမ်သာများကိုပင် စည်းကမ်းတကျ သန့်သန့်ရှင်းရှင်း မသုံးကြပါဟု ဆိုင်ရှင်တစ်ဦးက ဆိုသည်။ မြန်မာတွေဟာ အိမ်သာအလှူမှာ သဒ္ဓါတရားနည်းကြသလို၊ သူများရဲ့ အိမ်သာအလှူကိုလဲ စည်းကမ်းတကျ မသုံးတတ်ဘူးဟု အင်ဂျင်နီယာတစ်ဦးက ဆို၏။

 

အိမ်သာကို သန့်ရှင်းရေးမလုပ်လို့ ညစ်ပတ်နံစော်တာလား၊ သန့်ရှင်းရေး မလုပ်နိုင်တော့ လောက်အောင် ကွမ်းတံတွေးတွေ ဘာတွေ ထွေး ကြလို့ ညစ်ပတ် နံစော်တာလားဟု လူထွေး တွေးနေမိသည်။ အရက်နံ့တွေပင် နံနေ၏။ 

 

အမည်ကျော် ဓမ္မကထိကတစ်ပါး စင်္ကာပူရှိ ထိုပင်နင်ဆူလာပလာဇာသို့ ရောက်၍ အိမ်သာတက်၏။ ဆရာတော်က သို့ဂလို မှတ်ချက်ပေးသည်။

‘စင်္ကာပူတ၀ှမ်းမှာ အိမ်သာတက်ခဲ့ပေါင်းများပြီ။ ဒီပလာဇာလောက်ညစ်ပတ်တာ တစ်ခုမှ မတွေ့ဖူးဘူး’

မြန်မာတွေရဲ့ မကောင်းတဲ့ အကျင့်မှာ စင်္ကာပူသို့တိုင် ပါသွားသည်ဟု ဆိုရမလား။ 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts