Yan Naung (Bo Ta Htaung) သတင်းပဒေသာ

ရန်နောင် (ဗိုလ်တထောင်) – ကဗျာဆရာ အောင်ဘညို ဈာပနအား ရေဝေးသုဿာန်တွင် ပြုလုပ်ခဲ့

ရန်နောင် (ဗိုလ်တထောင်) – ကဗျာဆရာ အောင်ဘညို  ဈာပနအား ရေဝေးသုဿာန်တွင် ပြုလုပ်ခဲ့
(မိုးမခ) ဇွန် ၁၃၊ ၂၀၁၅

ဦးမောင်မောင်ဇော် (ကဗျာဆရာ အောင်ဘညို)  သည် ၁၀-၆-၂၀၁၅  နေ့ နံနက် ၁၀ နာရီ ၁၀ မိနစ်ခန့်တွင် ကွယ်လွန်သွားရာ သူ၏ ဈာပနကို  ၁၂-၆-၂၀၁၅ နေ့တွင် ရေဝေးသုဿာန်၌ ညနေ ၄ နာရီတွင် ကျင်းပပြုလုပ်ခဲ့သည်။

လူတဖက်သားကို အကူအညီပေးခဲ့သော ကဗျာဆရာအောင်ဘညိုကိုချစ်ခင်သော ရန်ကုန်၊ မန္တလေးမှ ကဗျာဆရာများ၊ စာရေးဆရာများ၊ ကာတွန်းဆရာများ၊ ပန်းချီဆရာများ ၊ အနုပညာနှင့် နိုင်ငံရေးအသိုက်အဝန်းမှပုဂ္ဂိုလ်များ မြောက်များစွာ  ကဗျာဆရာ၏ နောက်ဆုံးခရီးကို လိုက်ပါပို့ဆောင်နှုတ်ဆက်ကြသည်။

ကဗျာဆရာများကလည်း ကဗျာတွေရေး၍ စာအုပ်လေးထုတ်ကာ အလွမ်းတွေဆင့်ခဲ့ကြသည်။

ဒီဗွီဘီသတင်းဌာနမှ ကိုနေဇော်နိုင်ကလည်း အမှတ်တရ စကားဤသို့ပြောကြားခဲ့သည်။

“ကျနော်နဲ့ သူက အတူတူ အငတ်ငတ်အပြတ်ပြတ်နဲ့ တအိမ်တည်း နေခဲ့ကြပါတယ်။ တခါတော့ ကျနော်တို့ နှစ်ယောက် အိမ်ပေါ်ကနေဆင်းလာတုန်း မိုးတွေရွာတော့ အေးကွာ ကံဆိုးမသွားရာ မိုးလိုက်လို့ရွာဆိုတာ တို့နှစ်ယောက်ပဲတဲ့” အဲဒါ လေးကတော့ မေ့မရအောင်ပါပဲဗျာ ဟု ပြောပြခဲ့သည်။

ကျန်ရစ်သူဇနီးကလည်း ကဗျာဆရာအတွက် လွမ်းချင်းကဗျာတပုဒ်ရေးဖွဲ့ပြီး နှုတ်ဆက်ခဲ့သည်။

ချစ်တဲ့သူရေ
ချစ်တဲ့သူရေ
မခေါ်ချင်လို့ထားခဲ့တာလား
မလိုက်ချင်လို့ထားခဲ့တာလား
ငါကတော့ လောကသမုဒ္ဒရာကြီးထဲကို
နင်ပေးတဲ့ လက်ဆောင်တွေ
ထွေးပွေ့ရင်း ရွက်လွှင့်ရအုံးမှာ
ငါတို့နှစ်ယောက်ရဲ့
နောက်ဆုံးနှုတ်ဆက်ခြင်းဟာ
ငါးမိနစ်ပါပဲ

ကိုကြီးအောင်ဘညိုအတွက်
ချစ်ဇနီးလေး မိနန်း

အဆိုပါကဗျာဖြင့်လည်း နှုတ်ဆက်ခဲ့သည်။ ညနေ (၅) နာရီတွင်တော့ ကဗျာဆရာအောင်ဘညိုအား ရေဝေး မီးသင်္ဂြိုလ် စက်တွင် သင်္ဂြိုလ်ခဲ့သည်။ ကဗျာဆရာအချို့၏ အမှတ်ရချက်များကိုလည်း ဖော်ပြလိုက်ပါသည်။

ခွေးမသားလေး…
ငယ်သေးတယ် ။     ။

ကိုလေး (အင်းဝဂုဏ်ရည်)
======

ညီလေးသို့….
ဘဝ  ဘဝဆိုတာ
အင်း  ယုတ္တိဘဲ ။    ။

အောင်ချိမ့်
======

“အနေဆင်းရဲပေမယ့်
အသေမဆင်းရဲတဲ့အထဲမှာ
ကဗျာဆရာတွေ ထိပ်ဆုံးကပါတယ်”

သစ္စာနီ
======

ကိုအောင်ဘညိုသည် ချစ်စရာကောင်းသော
ကဗျာဆရာဖြစ်သည်။
ချစ်စရာကောင်းဖို့က လွယ်လှသည်မဟုတ်ပါ။    ။

လင်းခါး
======

အောင်ဘညို….
မင်းဟာ ကဗျာကောင်းတွေနဲ့
ကဗျာဆရာအပေါင်းကို ပျော်ရွှင်စေခဲ့သူပါ။
ကဗျာလောကမှာ မင်းမရှိလို့မဖြစ်ဘူး….။

ငြိမ်းသစ်
======

ကဗျာဆရာတစ်ယောက်သေတာ
သမိုင်းတစ်ခုပျောက်ဆုံးတာပဲ…..။

သော်ဇင်အုန်း
======

နှမြောတယ်ဗျာ…. ငါတို့အစ်ကိုရေ….
သောက်မျက်စိအကန်းနဲ့
လုပ်သင့် မလုပ်သင့် နားမလည်တဲ့
သေခြင်းတရားဟာ…
ဗမာပြည်မှာတော့
စစ်အုပ်စုလို…
ကျက်သရေအတုံးဆုံးကောင်တွေထဲမှာ
ထိပ်ကဘဲ….။   ။

စံညိမ်းဦး
======

လွမ်းစရာ…
နောက်တခု….တိုးခဲ့ရပြီ….။     ။

ထက်သစ်
======

မနက်ခင်းတောမီး….
အထက်တန်းစား ကဖေးမှာ
သေမင်းက မှာသောက်သွားပြန်ပြီ….
အေဘီညို တစ်ခွက်။ ။

မင်းညွန့်လှိုင်
======

အောင်ဘညို
ကဗျာမြည်သံကြား
သေခြင်းတရားဆီ
ခုန်ဆင်းသွားအနုပညာကြယ်ပွင့်များ…..။ ။

မြမြင့်မိုရ်
======

အောင်ဘညို
ငါတို့ကို ထမ်းခဲ့တဲ့
မန္တလေးလမ်းတွေကို

အလွမ်းမပြေသေးဘူးကွာ…။
….စွာဖြင့်

မြင့်ဦးဦးမြင့်
======

ဇော်ကွဲ
မင်းမသေခင်တစ်ရက်က
ဒိန်ချဉ်တစ်ခွက် သောက်ပါလားဆိုတော့
“ရပြီ”  “ တော်ပြီ”
မင်းပြောနေကျစကား
နှုတ်ခမ်းမွှေးကြားက ထွက်ကျ
ဆိပ်ကမ်းသာ လမ်းမပေါ်မှာ
မောင်စိမ်းနီ
ကိုအောင်ဘညို
ခင်ဗျားရင်ထဲကတောမီးကို ကျွန်တော်ဖတ်ဖူးပါတယ်
ပြာကျသွားသည်အထိ။    ။

ကြည်ဇော်အေး
======

ကိုသျှီရေ….
နောက်တခါ ဝိုင်တူးတီမှာဆုံရင်
ဘညိုကြီးအသံနဲ့ ထပ်မပြောပါနဲ့တော့

ဆူးခက်မင်း
======

ကဗျာဆရာ အောင်ဘညိုကို မန္တလေးလှည်းတန်းတွင် မွေးဖွားခဲ့ပြီး မရမ်းခြံ၊ ဧရာဝတီမြစ်ကြီးဘေးကြီးပြင်းခဲ့သည်။ မူလ တန်းကို ဦးဘညွန့်ကျောင်း၊ အထက်တန်းကို ပွဲကုန်းကျောင်းတွင် ပညာသင်ကြားခဲ့သည်။

သူရဲ့ ပထမဆုံးကလောင်အမည်မှာ နွေသစ်မင်းဖြစ်ပြီး ၁၉၈၅ တွင် နွေသစ်မင်း၊ မင်းထက်ချစ် နှစ်ယောက်တွဲပြီး ရင်ခုန်နေ သော လက်များ ကဗျာစာအုပ်ထုတ်ဝေခဲ့သည်။ ၁၉၈၆၊ ၁၉၈၇ တွင် အောင်ဘညိုကလောင်အမည်ပြောင်းခဲ့သည်။ ၁၉၈၇ တွင်  “ငယ်ငယ်တုန်းက ဒေါင်းဖတ်စာ ” ကဗျာစာအုပ်ထုတ်ဝေခဲ့သည်။

ရန်ကုန် လှည်းတန်း ဦးထွန်းလင်းခြံလမ်းအဆောင်တွင် ကိုမုတ်သုန်၊ ကာတွန်းဝင်းအောင်တို့နှင့် အတူနေခဲ့သည်။

ပိတောက်ပွင့်သစ်၊ ရုပ်ရှင်တေးကဗျာ၊ ဟန်သစ်၊ ရွှေဝတ်ရည် စသည့်မဂ္ဂဇင်းများတွင် ဂီတဆောင်းပါးများ ရေးသားခဲ့သည်။

၁၉၉၁/၉၂ တွင် ကမ်းလွန်လေ ကဗျာမဂ္ဂဇင်း၊ ၁၉၉၄ တွင် ပန်းနုရောင်ဆံပင်များ၏ ချည်တိုင် စုပေါင်းကဗျာစာအုပ်၊ ဧကစာ မီးခိုးများ လေးယောက်တွဲ၊ တကိုယ်တော်အနေနဲ့ အသံတူအရောင်များ၊ ငါးဆယ်/ငါးဆယ် ထုတ်ဝေခဲ့ပြီး ၂၀၁၃ တွင် ကမ်း လွန်လေ ကဗျာမဂ္ဂဇင်းပြန်လည်ထုတ်ဝေခဲ့သည်။

ကလောင်ခွဲများမှာ မောင်ဇော်၊ မိုဟန်ဂျိုနာ၊ မာဆိုး၊ သားဥ၊ ဝေယံမင်းညို၊ တင်မိုးမြိုင် ဖြစ်သည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa English Site

Similar Posts