ကဗျာ သစ်ကောင်းအိမ်

သစ်ကောင်းအိမ် – ပရိုမီးသီးယပ်စ်လွတ်မြောက်ခြင်း

အောင်ဘညို အတွက် ပန်းချီ ကိုကိုနိုင်

သစ်ကောင်းအိမ် – ပရိုမီးသီးယပ်စ်လွတ်မြောက်ခြင်း
(မိုးမခ၊ သစ်ကောင်းအိမ်ဖေ့စ်ဘွတ်)၊ ဇွန် ၁၃၊ ၂၀၁၅

ငယ်ဘဝရဲ့

ကမ်းပါးတို့ပဲ့ကြွေရာ

မရမ်းခြံဆိပ်ကမ်း သစ်ဖောင်ကြီးတွေပေါ်က

ဧရာဝတီမြစ်ထဲ ဒိုင်ဗင်ထိုးချရင်း

လူယောင်ဆောင်ခဲ့တယ်

ဆီငတ်လှည်းဝန်ရိုးသံလို

အံကြိတ်သံတွေကြား

လှေသမားကျွဲသမားတွေနဲ့

ချက်အရက်ပူပူကိုမှုတ်သောက်ရင်း

လူယောင်ဆောင်ခဲ့တယ်

မန္တလေးမြို့ကို

မန္တလေးတောင်ပေါ်ကငုံကြည့်ကာ

ဒိုးထိုးဖက်ဂွေလှိမ့်ဖက်

သူငယ်ချင်းတွေရဲ့အိမ်

ငါ့ရဲ့အိမ်ကိုလိုက်ရှာရင်း

လူယောင်ဆောင်ခဲ့တယ်

ဆံပင်ရှည်ဖားလျားနဲ့

လွယ်အိတ်တလုံးနဲ့

ကြိုးတပ်မျက်မှန်တလက်နဲ့

စံရိပ်ငြိမ် ၅လမ်းမှာ

လေထန်ကုန်းမှာ

လူယောင်ဆောင်ခဲ့တယ်

အဲဒီဘူတာမှာ

အမြန်ရထားကြီးတွေမရပ်ဘူး..

အဲဒီဘူတာကဖြတ်သွားတိုင်း

သံလမ်းဘေးအမှောင်ထဲက

အိမ်ကလေးတလုံးဆီရည်စူးပြီး

ရထားပြတင်းကနေ

ညီမလေးဌေးဌေးရေလို့အော်ခေါ်ရင်း

လူယောင်ဆောင်ခဲ့တယ်

အိုစနေငဲ့

မိုးများလည်းမရွာနဲ့ဦး..

အနော်ရထာလမ်းမပေါ်မှာ

တရုတ်နို့မှုန့်တထုတ်အတွက်

ယောက်ယက်ခတ်ပြေးလွှားရင်း

ညိုညိုတေးသံသွင်းရှေ့မှာ

လူယောင်ဆောင်ခဲ့တယ်

အသက်မရှုတာလား..

ရင်မခုန်တာလား…

အမူးသမားအန်ဖတ်တွေလို

အလိပ်လိုက်အဖတ်လိုက်

ဆင်တူရိုးမှားတနင်္ဂနွေ

ကြားကားက

ကြားသမားကိုဆွဲတင်သွားပေါ့

သိမ်ဖြူလမ်းမှတ်တိုင်မှာ

လူယောင်ဆောင်ခဲ့တယ်

ချစ်ဇနီးလေးမိနန်းရေ

ဘဝကလွဲရင်

အရာရာဈေးကြီးပါတယ်ကွယ်

ငါ့ခေါင်းထဲမှာကျီးတွေပြိုလို့

တံတားပေါ်ကညနေမှာ

ပင်လယ်လိုအော်ရင်း

လူယောင်ဆောင်ခဲ့တယ်

နတ်ထွင်းတဲ့ခံတွင်းနဲ့

သန်း၆၀အတွက် ကဗျာရေးတဲ့ကောင်

လူယောင်ဆောင်ခဲ့တယ်

ကိုယ်အသားကိုယ်ငါးဖယ်လိုခြစ်ပြီး

လူယောင်ဆောင်ခဲ့တယ်

မသထာရေစာအသားတစ်ကို

ကျီးတကောင်လို အသက်လုထိုးသုတ်ရင်း

လူယောင်ဆောင်ခဲ့တယ်

ပေါ်ပင်တွေကြားမှာ

ဇော်ခင်အဖြစ်လူယောင်ဆောင်ခဲ့တယ်

ငွေကြေးမအောင်မြင်သူ

အနုပညာသမားတို့

ဆုတ်ခွာနန်းစိုက်ရာနောက်ဆုံးခံတပ်

ပဲခူးမြစ်ဘေးမွန်မတ်ရပ်ကွက်က

ကြက်ဥဘဲဥတွေယူလာရင်တောင်ကျက်သွားနိုင်တဲ့

ယုဇနဥယျာဉ်ပထမထပ်မှာ

လူယောင်ဆောင်ခဲ့တယ်

လူသားကမ္ဘာဆီ

ကဗျာကို ယူဆောင်လာမှုနဲ့

ငရဲမှာ

လူအဖြစ်နဲ့အပြစ်ပေးခံရတဲ့

နတ်ဒေဝတာ…

သားရဲတွင်းထဲက ဒုလဘနဲ့

သူ့ဝိဥာဉ်ကို

သမာဒေဝတို့

ခိုးယူထွက်ပြေးရာ

ကောင်းကင်တောင်ကြားလမ်းဘက်

လောကဓမ္မက

သူ့ခန္ဒာကိုယ်ကိုမီးရှို့ထွန်းညှိလမ်းပြ

ကျန်ရစ်ခဲ့…..။

(ကဗျာဆရာအောင်ဘညို၏ ကဗျာပရိသတ်တဦး)

(၁၂။ ဇွန်လ။ ၂၀၁၅)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts