မှတ်စုမှတ်တမ်း အုန်းနိုင်

အုန်းနိုင် – ၁၉၉၁ ခုနှစ် ဒေါ်အောင်ဆန်းစုကြည်အား အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်မှ ထုတ်ပယ်ခြင်း အပိုင်း (၇)

အုန်းနိုင် – ၁၉၉၁ ခုနှစ် ဒေါ်အောင်ဆန်းစုကြည်အား အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်မှ ထုတ်ပယ်ခြင်း အပိုင်း (၇)
(မိုးမခ) ဇွန် ၃၊ ၂၀၁၅

“မြို့ နယ်ကော်မတီများပြန်လည်ဖွဲ့ စည်းရေးနှင့် ရွေးကောက်ပွဲကော်မရှင်ရဲ့ ကမောက်ကမညွှန်ကြားချက်”

ဒီနှစ် ဧပြီလထဲမှာပဲ  မြို့ နယ်စည်းရုံးရေးကော်မတီများ ပြန်လည်ဖွဲ့စည်းဖို့  ညွှန်ကြားချက်တွေထွက်လာ ပါတယ်။ ပဲခူးတိုင်းစည်းရုံးရေးကော်မတီအတွင်းရေးမှူးဦးမောင်အေးကလည်း (၁၄.၆.၉၁) နေ့စွဲနဲ့ ညွှန်ကြားပါတယ်..။ (၂၆.၆.၉၁) နေ့  ရွှေတောင်မှာကျင်းပတဲ့  ခြောက်မြို

့နယ်ပုံမှန်အစည်းအဝေးမှာလည်း မြို့ နယ်ပြန်လည်ဖွဲ့စည်းရေးနဲ့  ပတ်သက်လို့  ဇွန်လကုန်အတွင်း ပြီးစီးအောင်ဖွဲ့စည်းရန်နဲ့   အဖွဲ့ဝင်အသစ်များကို (၁၇.၆.၉၁)နေ့ အထိ သာလက်ခံပြီး  မြို့ နယ်စည်းရုံးရေးကော်မတီသစ်ကို  ရှိသည့်အဖွဲ့ဝင်များနဲ့သာ ဖွဲ့ စည်းရန် ညွှန်ကြားပါတယ်.။

ကျနော်တို့လည်း   ညွှန်ကြားချက်နဲ့ အညီ  (၁၆.၆.၉၁) နေ့မှာ ဖွဲ့စည်းပြီးကြောင်း  တင်ပြစာရင်းပေးလိုက်ပါတယ်..။ တိုင်းက ညွှန်ကြားစာမှာပါတဲ့   ဖွဲ့ စည်းပုံအတိုင်း  ဖွဲ့စည်းတာပါ..။မြို့ နယ်ကော်မရှင်ကိုလည်း (၁၈.၆.၉၁)နေ့စွဲနဲ့ မိတ္တူတစောင် ပေးပို့လိုက်ပါတယ်..။

“ ပေါင်းတည်မြို့ နယ်  အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် စည်းရုံးရေးကော်မတီ”

(၁)ဦးအုန်းနိုင်           ဥက္ကဌ (လွှတ်တော်ကိုယ်စားလှယ်)

(၂)ဦးမြင့်သိန်း           ဒုတိယဥက္ကဌ

(၃)ဦးအေးသန်း         အတွင်းရေးမှူး(လွှတ်တော်ကိုယ်စားလှယ်)

(၄)ဦးစိုင်းနေညွန့်       တွဲဖက်အတွင်းရေးမှူး

(၅)ဦးကြည်ဝင်း         အုပ်ချုပ်ရေးမှူး

(၆)ဦးသန်းထွန်း         ဘဏ္ဍာရေးမှူး

(၇)ဦးသိန်းဌေး          စည်းရုံးရေးမှူး

(၈)ဦးသာဓု              သတင်းနှင့် ပြန်ကြားရေး

(၉)ဦးမောင်ဟန်        လူထုလုပ်ငန်း

(၁၀)ဦးတင်ချို           သုတေသနမှူး

(၁၁)ဦးအုန်းမြင့်         အလုပ်သမား

(၁၂)ဦးမြမောင်          တောင်သူလယ်သမား

(၁၃)ဦးဌေးလွင်         တတ်သိပညာရှင်

(၁၄)ဦးမြင့်ဇော်ဦး       လူငယ်

(၁၅)ဦးမြင့်ဦး            လူငယ်

(၁၆)ဦးတင့်လွင်        အမှုဆောင်အဖွဲ့ ဝင်

(၁၇)ဦးခင်မောင်သန်း  အမှုဆောင်အဖွဲ့ ဝင်

(၁၈)ဦးတင်ဦး           အမှုဆောင်အဖွဲ့ ဝင်

(၁၉)ဦးခင်စိန်           အမှုဆောင်အဖွဲ့ ဝင်

(၂၀)ဦးသိန်း            အမှုဆောင်အဖွဲ့ ဝင်

မှတ်ချက်။      ။အမျိုးသမီးဌာန   မရွေးချယ်သေး။

(၂၆.၆.၉၁)နေ့  ရွှေတောင်အစည်းအဝေးမှာပဲ လာမဲ့အာဇာနည်နေ့ကျင်းပရေးနဲ့ ပတ်သက်လို့ ဒီလို ညွှန်ကြားပါတယ်..။

(က) အာဏာပိုင်များက  အာဇာနည်နေ့ကော်မတီဖွဲ့ စည်းလာလျှင်  လက်ခံပြီး သူတို့ညွှန်ကြားတဲ့အတိုင်း ဆောင်ရွက်ပါ..။

(ခ) မိမိရုံးမှာ  ကျင်းပရေး၊ သံဃာတော်များ  ဆွမ်းကျွေးရေးကို အာဏာပိုင်များထံ  ခွင့်တောင်း။ ခွင့်မပေးလျှင် မလုပ်နှင့်..။

ဒီညွှန်ကြားချက်များကို ကျနော်တို့မြို့ နယ်မှာ တင်ပြတော့ မြို့ နယ်စည်းရုံးရေးကော်မတီက  အာဏာပိုင်များက  ခေါ်လည်း မသွားနဲ့..။ ရုံးမှာလည်း   ဘာအခမ်းအနားမှ  မကျင်းပနဲ့ လို့  ဆုံးဖြတ်လိုက်ကြတယ်..။ ကျနော်တို့  မြို့ နယ်စည်းရုံးရေးကော်မတီကတော့  တိုင်းနဲ့ ဗဟိုကို တော်တော်စိတ်ကုန်နေပါပြီ..။

သြဂုတ်လပိုင်းရောက်တော့ မြို့ နယ်ရွေးကောက်ပွဲ  ကော်မရှင်က စာတစောင် ၀င်လာပါတယ်..။ကျနော်တို့  (၁၈.၆.၉၁)က ပို့လိုက်တဲ့စာကို  ညွှန်းပြီး  ပို့တာပါ..။ ဒီစာကတော့ …

ပြည်ထောင်စုမြန်မာနိုင်ငံတော် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲကျင်းပရေး  ကော်မရှင်

စာအမှတ်။၁၂/ရကပ-၁/ကမရ

ရက်စွဲ။   ။၁၉၉၁ခုနှစ် ဇူလိုင်လ ၁၇ရက်

အကြောင်းအရာ။     ။နိုင်ငံရေးပါတီ အဖွဲ့အစည်းများ အောက်ခြေပါတီအဖွဲ့အစည်းများဧ။် အလုပ်အမှုဆောင်အဖွဲ့ ဝင်များကို  ဖွဲ့စည်းခြင်းကိစ္စ။

၁။       တည်ငြိမ်သော  ပါတီအဖွဲ့အစည်းများ၏  တည်ငြိမ်သော သဘောထားဆုံးဖြတ်ချက်များ ရရှိနိုင်ရေးအတွက် မှတ်တမ်းတင်ထားသည့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များကိုသာ ဆက်သွယ်ဆောင်ရွက်မည်ဖြစ်ကြောင်းနှင့်  ယင်းသို့ မှတ်တမ်းတင်ထားသည့် ဗဟိုအလုပ်အမှုဆောင်များထဲမှ နှုတ်ထွက်ခြင်း ၊ထုတ်ပယ်ခြင်း နှင့် ကွယ်လွန်အနိစ္စရောက်ခြင်း များရှိပါက  ကျန်ရှိသည့် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ ဝင်များနှင့်သာ  ဆက်သွယ်ဆောင်ရွက်မည်ဖြစ်ကြောင်း၊ (၂၃.၅.၉၁) ရက်စွဲပါ စာအမှတ်(၁၅) ရကပ -၁/ ကမရ ဖြင့် ကော်မရှင်က နိုင်ငံရေးပါတီ အဖွဲ့အစည်းအားလုံးသို့  အကြောင်းကြားခဲ့ပြီး  ဖြစ်ပါသည်..။

၂။ ထိုသို့ အကြောင်းကြားခဲ့ခြင်းနှင့်စပ်လျဉ်း၍  ကော်မရှင်က နိုင်ငံရေးပါတီ အဖွဲ့အစည်းများအနေဖြင့် မိမိတို့ အောက်ခြေအဖွဲ့ အစည်းများအား  အထက်ပါအကြောင်းကြားချက်ကို ဆက်လက်၍အကြောင်းကြားမည်ဟု  မှတ်ယူခဲ့ပါသည်..။

၃။ သို့ရာတွင်   အချို့ နိုင်ငံရေးပါတီ အဖွဲ့အစည်းများက  ကော်မရှင်၏ အကြောင်းကြားချက်သည် နိုင်ငံရေးပါတီအဖွဲ့ အစည်းများ၏   ဌာနချူပ်များဖြင့်သာ သက်ဆိုင်ပြီး  မိမိတို့၏ အောက်ခြေပါတီအဖွဲ့ အစည်းများနှင့် သက်ဆိုင်ခြင်းရှိမရှိကို  ရှင်းလင်းပေးရန် တင်ပြလာပါသည်..။

၎။ သို့ပါ၍  အထက်ဖော်ပြပါ ကော်မရှင်ဧ။်  (၂၃.၅.၉၁)ရက်စွဲပါ စာဖြင့်အကြောင်းကြားချက်သည်  နိုင်ငံရေးပါတီ အဖွဲ့ အစည်းများ၏ ဌာနချုပ်များသာမက  ယင်းတို့ဧ။် အောက်ခြေပါတီ အဖွဲ့ အစည်းများ၏ အလုပ်အမှုဆောင် အဖွဲ့ များကို  ၁၉၉၁ခုနှစ် ဧပြီလ ၂၆ရက်နေ့တွင် တည်ရှိသည့် အင်အားအတိုင်းပင် ထားရှိရန်နှင့်  တိုးချဲ့ ဖွဲ့စည်းခြင်းများ  မပြုလုပ်ကြရန် အကြောင်းကြားအပ်ပါသည်။

ပုံ  ++++

ဥက္ကဌ (ကိုယ်စား)

ဖြန့်ဝေခြင်း။    ။နိုင်ငံရေးပါတီအားလုံး

ဒီစာကို  အဓိပ္ပါယ်ချုပ်လိုက်တော့ အချက်(၃)ချက်ရပါတယ်..။

(၁) ဗဟိုရွေးကောက်ပွဲကော်မရှင်ရုံးမှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်ထံကို  (၂၃.၅.၉၁)နေ့စွဲနဲ့  စာတစောင်ပေးပို့ခဲ့တယ်..။ အဲဒီစာမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ကို  ထပ်မံတိုးချဲ့ ဖွဲ့ စည်းခြင်း  မပြုလုပ်ရန် ညွှန်ကြားထားခဲ့ပါတယ်..။

(၂) (၁၇.၇.၉၁)နေ့စွဲဖြင့်  ကော်မရှင်က အမျိုးသားဒီမိုကရေစီအဖွဲချုပ်ရုံး၊ ရန်ကုန်သို့ (၂၃.၅.၉၁)နေ့ ညွှန်ကြားစာတွင်ပါရှိသောအချက်များဟာ ဗဟိုအလုပ်အမှုဆောင်အဖွဲ့သာမက  အောက်ခြေအဖွဲ့အစည်းများနဲ့လည်း သက်ဆိုင်တယ်လို့ ထပ်ပြောလိုက်တာပါပဲ..။

(၃) ဒါကြောင့်  အောက်ခြေအဖွဲ့ အစည်းတွေကို  (၂၆.၄.၉၁)နေ့မှာ ရှိတဲ့အတိုင်းထားပြီး ပြင်ဆင်တိုးချဲ့  ဖွဲ့ စည်းခြင်းမပြုရန် လို့ပါရှိပါတယ်..။

ဒီစာဟာ ဗဟိုကော်မရှင်ရဲ့ စာကို  ညွှန်းပြီး မြို့နယ်ကော်မရှင်က ကျနော်တို့မြို့ နယ်  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို   ပေးတဲ့စာပါ.. ။ ကျနော်တို့မြို့ နယ်က ပြန်လည်ဖွဲ့စည်းတဲ့   မြို့ နယ်ကော်မတီကို အသိအမှတ်မပြုဘူးလို့  ပြန်ကြားလိုက်တာပါ..။ဒီတော့မှ ဗဟိုရွေးကောက်ပွဲကော်မရှင်နဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်(ဗဟို)တို့  ဆက်သွယ်ညွှန်ကြားထားတာတွေကို  တအံ့ တသြ သိရတယ်..။ဒီစာထဲမှာပါတဲ့  ရက်စွဲတွေနဲ့ အကြောင်းအရာတွေဟာ  အတော်ကမောက်ကမ  နိုင်လှပါတယ်..။

(၁) အပိုဒ်က အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်ကို   ဗဟိုကော်မရှင်က ဗဟိုအလုပ်အမှုဆောင်အဖွဲ့ကို  ထပ်မံတိုးချဲ့ ပြင်ဆင်ဖွဲ့ စည်းခြင်းမပြုဖို့   မေလ(၂၃)ရက်နေ့က စာပို့ခဲ့ဟန်တူပါတယ်..။ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ကို  ထပ်မံတိုးချဲ့ ပြင်ဆင်  ဖွဲ့စည်းခြင်းမပြုဖို့ ဆိုတဲ့ သဘောက  ဒီလိုဖြစ်နိုင်ပါတယ်..။

လွန်ခဲ့တဲ့ဧပြီလ(၂၄)ရက်နေ့က  အဖွဲ့ချုပ်ဗဟိုအလုပ်အမှုဆောင်အသစ်ကို ဗဟိုကော်မရှင်က  အတည်ပြုတယ်လို့  ကြေညာခဲ့ပါတယ်..။အဲဒီလို အတည်ပြုခဲ့တဲ့  အမှုဆောင်အသစ်မှာ  ဦးတင်ဦးနဲ့ ဒေါ်အောင်ဆန်းစုကြည်နံမယ် မပါတော့ဘူး..။ ဒါကို  အောက်ခြေမြို့ နယ်  အသီးသီးက

မကျေနပ်သံတွေ ထွက်လာတယ်..။ ဒါကိုကော်မရှင်ကလည်း  သိဟန်တူပါတယ်..။ဒီတော့  အောက်ခြေက ဖိအားကြောင့်ဖြစ်စေ.. အောက်ခြေအဖွဲ့အစည်းတွေက စုပေါင်းပြီး   ဦးတင်ဦးနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ပါဝင်အောင် ပြန်ပြီး ပြင်ဆင်တိုးချဲ့ဖွဲ့စည်းတာမျိုး  ဖြစ်စေ  လုပ်လာမှာကို  ကော်မရှင်က စိုးရိမ်ဟန်တူပါတယ်။ နောက်ထပ် ပြင်မဖွဲ့နဲ့တော့..။ ဧပြီ၂၆ ရက်နေ့  အတည်ပြုခဲ့တာ အပြီးပဲ..။ ဒီသဘောနဲ့ မေ(၂၃)ရက်နေ့စာက  ဗဟိုအလုပ်အမှုဆောင်အဖွဲ့ကို     ထပ်မဖွဲ့အောင် ချုပ်ကိုင်လိုက်တာပါ။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးတင်ဦး မပါဝင်တော့တဲ့ ဗဟိုအလုပ်အမှုဆောင်ကိုပဲ အတည်ပြုလိုက်ပြီ..။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးတင်ဦးပါဝင်တဲ့  ဗဟိုအလုပ်အမှုဆောင်  နောက်တခု ထပ်မဖွဲ့နိုင်အောင် ထုတ်လိုက်တဲ့ အမိန့်ပါ..။

အဲဒီဟာကို  ဗဟိုအလုပ်အမှုဆောင်က  ငြိမ်နေပြီး ဒါဟာ သူတို့ဗဟိုနဲ့သာ  ဆိုင်တာလို့ ယူဆလို့ ပေါ့။  ဇွန်လထဲမှာ  အောက်ခြေအဖွဲ့အစည်းတွေ   ပြင်ဆင်ဖွဲ့စည်းဖို့  ညွှန်ကြားစာတွေထုတ်ခဲ့တာပေါ့..။ ဒါကြောင့်  ကျနော်တို့မြို့နယ်ဆိုရင်တောင်မှ  ဇွန်လအတွင်းမှာပဲ ပြန်လည်ဖွဲ့စည်းပြီးခဲ့ပြီ..။ ပြီးကြောင်း  အမှုဆောင်စာရင်းတွေ အစီရင်ခံစာတွေ  ပို့ခဲ့ပြီးပြီ..။ ဒီလို  ဖွဲ့စည်းတာတွေ သိပြန်တော့ ဗဟိုကော်မရှင်က ဘာကို  တွေးကြောက် လာမှန်းမသိ..။ နှစ်လလောက်ကြာတော့မှ  အရင်  မေလက  ထွက်ခဲ့တဲ့စာဟာ ဗဟိုအလုပ်အမှုဆောင်သာမဟုတ်  အောက်ခြေအဖွဲ့အစည်းတွေပါ  ပါတယ်.. ဒါကြောင့် အောက်ခြေအဖွဲ့အစည်းတွေကလည်း ထပ်ပြီး ပြင်ဆင်တိုးချဲ့  ဖွဲ့ စည်းတာတွေ  မလုပ်နဲ့၊ ဧပြီ ၂၆ အထိ  ရှိတဲ့ အဖွဲ့ပဲ အတည် … ဆိုတဲ့ ကမောက်ကမညွှန်ကြားချက်ထွက်လာတာ  ဖြစ်ဟန်တူပါတယ်..။

န၀တ..ရော၊ ဗဟိုကော်မရှင်ရော ငြိမ်ခံနေမှန်းသိရင် တည်တည်ကြည်ကြည်မဟုတ်ပဲ   မတော်တရော် အောက်တန်းကျကျ  ညွှန်ကြားချက်တွေ ခြိမ်းခြောက်တာမျိုးတွေ  လုပ်တတ်ပါတယ်..။ အရင် (၁/၉၀)  ကြေညာချက်ကို လက်မှတ်ထိုးခိုင်းခဲ့တဲ့ န၀တရဲ့  ညွှန်ကြားခြိမ်းခြောက်တာမျိုးပေါ့..။ ဒါ့ကြောင့်  ကျနော်တို့ မြို့ နယ်က စည်းဝေးဆုံးဖြတ်ပြီး   မြို့ နယ်ကော်မရှင်ရုံးကို စာပြန် ရေးပါတယ်..။

သို့

ဥက္ကဌ

ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ၊ မြို့နယ်ကော်မရှင်

ပေါင်းတည်မြို့ 

နေ့စွဲ။     ။၂၅.၈.၉၁

အကြောင်းအရာ။     ။မြို့ နယ်စည်းရုံးရေးကော်မတီ  ပြန်လည်ဖွဲ့ စည်းခြင်း။

သြဂုတ်လ (၂၂)ရက်နေ့စွဲဖြင့်   မြို့ နယ်ကော်မရှင်မှ ပေးပို့သောစာကို လက်ခံရရှိပါသည်။ ၎င်းစာပါ အကြောင်းအရာများအရ  ဗဟိုကော်မရှင်မှ  အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်  ဗဟိုအလုပ်အမှုဆောင်အဖွဲ့ ကို ထပ်မံတိုးချဲ့ ပြင်ဆင်ဖွဲ့စည်းခြင်း မပြုလုပ်ရန် (၂၃.၅.၉၁) နေ့စွဲဖြင့် စာပေးပို့ခဲ့သည်ဟု သိရှိရပါသည်..။ ထပ်မံ၍  ၎င်း (၂၃.၅.၉၁) နေ့စွဲဖြင့် ပေးပို့သောစာတွင်  ပါရှိသည့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့များ  တိုးချဲ့ ပြင်ဆင်ဖွဲ့ စည်းခြင်း  မပြုလုပ်ရန် ဆိုသည်မှာ ဗဟိုအလုပ်အမှုဆောင်သာမက  အောက်ခြေအဖွဲ့ အစည်းများကိုပါ ရည်ညွန်းပါကြောင်း (၁၇.၇.၉၁) နေ့စွဲဖြင့်  စာတွင် ထပ်မံညွှန်ကြားထားကြောင်း ပါရှိသည်ဟု သိရှိရပါသည်..။

ထို့ကြောင့် အောက်ခြေမြို့ နယ်အဖွဲ့ အစည်းများသည် (၂၆.၄.၉၁) နေ့ နောက်ပိုင်း ပြင်ဆင် တိုးချဲ့ ဖွဲ့ စည်းခြင်းမပြုရန်ဟု ပါရှိသဖြင့်ဤမြို့ နယ်ကော်မရှင်မှ ဤမြို့ နယ် အမှုဆောင်ကော်မရှင်ဖွဲ့ ခြင်းကို  လက်မခံဟု သိရှိရပါသည်..။

ဤမြို့ နယ်  အဖွဲ့ အစည်းသည်  ဗဟိုကော်မရှင်မှ (၂၃.၅.၉၁)နေ့စွဲပါ စာကိုလည်းကောင်း၊ စာပါအကြောင်းအရာကို လည်းကောင်း၊(၁၇.၇.၉၁) နေ့စွဲပါစာဖြင့် ညွှန်ကြားခြင်းများကို လည်းကောင်း ဤမြို့ နယ်သို့  ပေးပို့ခဲ့ ခြင်းမရှိ၍  မသိရှိခဲ့ပါ။  ဤမြို့ နယ်မှာ(၁၄.၆.၉၁) နေ့စွဲဖြင့်

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ပဲခူးတိုင်းမှပေးပို့ညွှန်ကြားသော  မြို့ နယ်စည်းရုံးရေးကော်မတီများ   ပြန်လည်ပြင်ဆင်ဖွဲ့စည်းရန်ညွှန်ကြားစာနှင့် (၂၆.၆.၉၁)နေ့တွင် ရွှေတောင်မြို့ ၌ကျင်းပပြုလုပ်ခဲ့သော ခြောက်မြို့ နယ်ပုံမှန်အစည်းအဝေးတွင်  အဖွဲ့ ဝင်သစ်များကို (၁၇.၆.၉၁) နေ့အထိသာ  လက်ခံ၍ ထိုနေ့တွင်   ရှိသည့်အဖွဲ့ ဝင်များနှင့်သာ မြို့ နယ်စည်းရုံးရေးကော်မတီများကို  ဇွန်လကုန်အပြီး  ဖွဲ့ စည်းရန် ညွှန်ကြားချက်များကိုသာ  ရရှိခဲ့ပါသည်..။

သို့ပါ၍  မိမိအဖွဲ့ အစည်းအထက်အဆင့်မှ ညွှန်ကြားချက်အရ  ဤမြို့နယ်  စည်းရုံးရေးကော်မတီကို  (၁၆.၆.၉၁)နေ့တွင်  ပြန်လည်ဖွဲ့ စည်းပြီးခဲ့ကြောင်း  မြို့ နယ်ကော်မရှင်ရုံးသို့  အကြောင်းကြားစာပေးပို့ခဲ့ခြင်း  ဖြစ်ပါသည်..။

ဥက္ကဌ

မြို့ နယ်စည်းရုံးရေးကော်မတီ

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်။ ပေါင်းတည်

ဒီကိစ္စကို  မြို့ နယ်မှာ ဒီလိုစာတိုစာရှည်တွေ  ရေးကြ၊မြို့ နယ်ကော်မတီ အစည်းအဝေးတွေ လုပ်ကြပေမဲ့ ဗဟိုကိုတော့  အကြောင်းမကြားဖြစ်ပါ..။ အဖွဲ့ချုပ် ဗဟိုကိုလည်း  သိပ်ပြီး အဆက်အဆံမလုပ်ချင်တော့တာ ကြောင့်ဖြစ်ပါတယ်..။ ဒါပေမဲ့ သိပ်ရက်မကြာခင်မှာပဲ   ဗဟိုက စာတစောင် ၀င်လာပါတယ်..။ ဒီစာက (၁၇.၇.၉၁)နေ့စွဲနဲ့  ဗဟိုရွေးကောက်ပွဲကော်မရှင်က  အဖွဲ့ချုပ်ရုံးကိုပေးပို့တဲ့  စာကို ကူးယူဖော်ပြပြီး  အောက်ခြေရှိ ပြည်နယ်နှင့် တိုင်း  မြို့ နယ်အဖွဲ့ အစည်းများ ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲကော်မရှင်ဧ။်  ညွှန်ကြားချက်အတိုင်း လိုက်နာ ကြပါလို့ ဖော်ပြထားပါတယ်..။

ကျနော်တို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဟာ  နည်းနည်းမျှ ကျိုးကြောင်း ဆက်စပ်မှုသဘောကို မကြည့်တော့ဘူးလား..။ မသိတော့ဘူးလား..။ သူများအော်တဲ့အတိုင်း  လိုက်အော်ရတဲ့ လက်ညှိုးထောင်ခေါင်းညိမ့် အဖွဲ့ချုပ်ကြီး  ဖြစ်သွားပြီလား..။

တကယ်ဆို  အဖွဲ့ချုပ်ဗဟို အလုပ်အမှုဆောင်အနေနဲ့ ဖြစ်သင့်တာက ဗဟိုရွေးကောက်ပွဲကော်မရှင်ထံကို  အကျိုးအကြောင်း စာပြန်ရေးသင့်သေးတာပေါ့..။ ဗဟိုရွေးကောက်ပွဲကော်မရှင်ရဲ့ (၂၃.၅.၉၁)နေ့စွဲပါ စာမှာ  ဗဟိုအလုပ်အမှုဆောင်အဖွဲ့ ကိုသာ   ပြင်ဆင်တိုးချဲ့ ခြင်း  မပြုရန် ညွှန်ကြားထားတာဖြစ်လို့ အောက်ခြေမြို့ နယ်အဖွဲ့အစည်းများနဲ့ မသက်ဆိုင်ဘူးလို့  ယူဆတာကြောင့် အောက်ခြေမြို့ နယ် အဖွဲ့အစည်းတွေကို ပြင်ဆင်ဖွဲ့စည်းဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဘယ်နေ့စွဲ.. ညွှန်ကြားချက်ဘယ်လောက်နဲ့ ညွှန်ကြားထားခဲ့ပြီ.. အောက်ခြေမြို့နယ် အဖွဲ့အစည်းတွေကလည်း  ဇွန်လအတွင်းမှာ ပြင်ဆင်ဖွဲ့စည်းပြီး  ဖြစ်နေကြပြီ၊  ဒါကြောင့်  ကော်မရှင်က အောက်ခြေဖွဲ့စည်းမှုတွေကိုပါ ပြင်ဆင်ဖွဲ့စည်းခြင်းမပြုဖို့  တားဆီးချင်ရင် နောက်ကြောင်းပြန်သဘော  သက်ရောက်နေတဲ့ (၂၆.၄.၉၁) ကို နောက်ဆုံးရက်သတ်မှတ်မဲ့အစား.. ကော်မရှင်က နောက်ဆုံးစာထွက်တဲ့ (၁၇.၇.၉၁)နေ့ကိုသာ   နောက်ဆုံးရက်အဖြစ် သတ်မှတ်သင့်ပါကြောင်း…. ဆိုတာလောက်တော့ ကော်မရှင်ကို ပြန်ပြီး ရေးသားတင်ပြသင့်တာပေါ့..။ ဒီလိုရေးသားကြောင်းလည်း  အောက်ခြေကို  မိတ္တူဖြန့်သင့်တာပေါ့..။အခုတော့  သူများစာကို မိတ္တူကူးပြီး အောက်ခြေကို  ညွှန်ကြားနေရတဲ့ အဆင့်အထိ  ကျသွားတယ်..။ ဒီလို  မိတ္တူကူးစရာ သူများရုံးက  စာမထွက်ရင် အောက်ခြေကို ညွှန်ကြားချက်တောင် ထွက်ရဲပါတော့မလား..။

ကျနော်တို့ မြို့ နယ်အမှုဆောင်များ စည်းဝေးကြပါတယ်..။ဒီအခြေအနေကို  မကျေနပ်ကြပါ..။ဒါပေမဲ့  ဒါကို   စာနဲ့ပေနဲ့ ရေးတင်ဖို့ကော  ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဟာ ထိုက်တန်သေးရဲ့ လား..။ အခုအတိုင်းကတော့  ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဟာ ကိုယ်တိုင်အတွေးအခေါ် ဘာမှမရှိတော့ဘူးဆိုတာ  ထင်ရှားနေပြီ။  (၁/၉၀)ကြေညာချက်ကို   လက်ခံတာ..။ (၅/၉၀)ကြေညာချက်ကို  အောက်ခြေနဲ့ မညှိနှိုင်းပဲ  ထုတ်တာ..။ ဗဟိုအလုပ်အမှုဆောင်အဖွဲ့မှာ  အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေရာကို ဖယ်ရှားဖို့ ကာယကံမြောက် လုပ်ဆောင်တာ..။ ဗဟိုအလုပ်အမှုဆောင်အဖွဲ့  ပြင်ဆင်ဖွဲ့ စည်းတာ (ကော်မရှင်က မေးရုံမေးတာနဲ့ မိမိဘာသာ လုပ်ချင်တာတွေပါ အပိုထည့်လုပ်လိုက်တာ) အခု.. နောက်ဆုံးညွှန်ကြားစာထုတ်လိုက်တာတွေကို  (သူတို့ ကျိုးကြောင်းဆင်ခြင်မှု မရှိပေမဲ့) ကျနော်တို့က  ကျိုးကြောင်းဆက်စပ်ပြီး ဗဟိုနဲ့ ဆက်ဆံရာမှာ သတိကြီးကြီးနဲ့ ဆက်ဆံရတော့မယ်..သူတို့ညွှန်ကြားတာတွေကိုလည်း  သတိကြီးကြီးထားပြီး လိုက်နာသင့်မှပဲ လိုက်နာကြမယ်လို့  အားလုံးသဘောတူညီကြပါတယ်..။     ။

(ဆက်လက်ဖော်ပြပါမည်)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts