ကျော်မောင်(တိုင်းတာရေး) – မှန်ရော မှန်ပါရဲ့လား

ကျော်မောင်(တိုင်းတာရေး) – မှန်ရော မှန်ပါရဲ့လား
(မိုးမခ) ဇွန် ၃၊ ၂၀၁၅

(၁)

ဆေးရုံတရုံရှိ သားဖွားခန်း အပြင်ဖက်တွင် သားမက်ဖြစ်သူနှင့် ယောက္ခမဖြစ်သူတို့ ထိုင်စောင့်နေကြသည်။ သမီးက မွေးခန်းထဲမှာ။ မွေးလူနာရဲ့အမေဖြစ်သူမှာ ပါးစပ်က တတွတ်တွတ်ရွတ်ဆိုလျက်။ တနာရီလောက်ကြာတော့ သူုနာပြုဆရာမတယောက်က လာခေါ်၍လိုက်သွားကြသည်။ မွေးခါစ ကလေးကို ကလေးဆရာဝန်မကြီးက ပွေ့ထားရာမှ ပြပြီး တဆက်တည်း ပြောသည်။

“ကလေးက  ၆ ပေါင် ၁၅ အောင်စ ရှိတယ်”

ကလေးအဖေ အသစ်စက်စက်က ကလေးကိုကြည့်ပြီး စဉ်းစားသည်။ ၆ ပေါင် ၁၅ အောင်စ တဲ့။ တိုင်းတဲ့ ပေါင်ချိန်စက် မှန်မယ်ထင်တာပဲ။ ကလေးပွေ့ကာ မွေးခန်းထဲသို့ ဆရာဝန်မကြီး ပြန်ဝင်သွားသည်။ ကလေးအဖေက တယောက်တည်း ပြုံးလိုက်သည်။ သမီးဦး ရလို့ ပျော်နေတုန်းကို ပေါင်ချိန်စက်က ၀င်ရောက် နှောက်ယှက်နေသေးဟု။

(၂)

အိမ်အနီးအနားက စူပါမားကတ်ကြီးသို့ လင်မယားနှစ်ယောက် ဈေးဝယ်ထွက်ကြသည်။ ဟိုကြည့် ဒီကြည့် လိုချင်တာတွေ့ ဈေးနှုန်းသင့်လျှင် ဈေးဝယ်ခြင်းထဲထည့်ကြသည်။ ခုံရှည်ပေါ်တွင် စပျစ်သီးတွေ ပုံထားတာတွေ့သည်။ ဘေးဖက် နံရံကပ်လျက်မှာ ပေါင်ချိန်စက်တွေ့သည်။ စပျစ်သီးအပုံတွေရှေ့မှာ တကီလို ဘယ်လောက်ဆိုတာရေးထားသော ကတ်ပြားကို တုတ်တိုင်တခုဖြင့် ထောင်ထားသည်။ ဒါဆို သူတို့တွေ နိုင်ငံခြားလိုမျိုး ဖြစ်ကုန်ပြီပေါ့။ ၀မ်းသာအားရဖြစ်ကာ အရောင်းဝန်ထမ်း ကလေးမလေးကို လှမ်းခေါ်လိုက်သည်။

“ညီမရေ ရှင်းပြပါဦး၊ ဒီပေါင်ချိန်စက်က  ဒစ်ဂျစ်တယ်ပေါင်ချိန်စက်နော်၊ စပျစ်သီးချိန်ဖို့လား”
“ဟုတ်တယ်ရှင့်၊ ဈေးက အဲဒီမှာ ရေးထားတယ်”
“ဟင် ပေါင်ချိန်စက်မှာ မှန်ကြောင်း စစ်ဆေးပြီး တံဆိပ်လည်း မပါပါလား”
“ရှင်”
“ဒီလိုကွဲ့ ဒီက ပေါင်ချိန်စက်ဟာ တိကျပါတယ်လို့ အာမခံလား”
“အမ်  မှန်ပါတယ် မှန်ပါတယ်”
“ဒါဆို မှန်ကြောင်း စာရွက်တို့ တံဆိပ်တို့ကပ်ထားတာရှိလား”
“အဲဒါတော့ ကျမလည်း မသိဘူး”
” အေးပါ ညီမရယ် ဒို့တွေက ခပ်များများဝယ်ချင်လို့ ဒီပေါင်ချိန်စက်သုံးပြီး ချိန်ပါပြီတဲ့၊ ပေါင်ချိန်စက်က မတိကျရင် မခက်ဘူးလား၊ ၁ ကီလိုပဲရှိတာကို ၁.၁ ကီလိုပြရင် ၀ယ်သူနာပြီး ၀.၉ ကီလိုပြရင် ရောင်းသူနာမယ်လေ” ။
မယားလုပ်သူက “ကဲ လာပါရှင် ဆိုင်မန်နေဂျာနဲ့ စကားပြောနေရပါဦးမယ် ” ဟုပြောလည်းပြော၊ ယောက်ျားဖြစ်သူအား ဆွဲလည်းဆွဲခေါ်ကာ ထိုနေရာမှ ခွာခဲ့ကြလေသည်။

(၃)

အိမ်ရောက်တဲ့အခါ အတော်ပူတာ ခံစားရသည်။ အဖေ့ကို လှမ်းပြောသည်။

“ရန်ကုန် ရာသီဥတု အတော်ပူလာပြီဗျ၊ အိမ်ထဲမှာကို ၃၁၊ ၃၂ ဒီဂရီ စင်တီဂရိတ်လောက်ရှိမယ် ထင်တယ်”
” ဟေ့ကောင် ထင်တာလျှောက်မပြောနဲ့ အတိအကျပြောလို့ရတယ်၊ ဟိုမှာ သွားဖတ်ကြည့် ” ဆိုကာ  အိမ်ခေါင်းရင်းဖက်ရှိ ပိတ်ထားသော ပြတင်းပေါက်၏ သံတိုင်ဘောင်တွင်ကပ်လျက် ချိတ်ဆွဲထားသော ပြဒါးသာမိုမီတာကိုပြသည်။
“အဖေ့ သာမိုမီတာ မှန်ရဲ့လား”
“ဟ မှန်ပါတယ်ကွ”
“မှန်ရင် မှန်ကြောင်းသက်သေပြ”
“ဟာ ဒီကောင်”

အပြေးချန်ပီယံကြီး စံချိန်သစ်တင်ဖို့ ပြေးလမ်းမှာ အသေအလဲကြိုးစားနေသည်။ နည်းပြက စံချိန်မှတ်နာရီဖြင့်။ ခင်နေသည့်အတွက် နည်းပြဆီကို လမ်းလျှောက်ကာ သွားလိုက်သည်။

“ဦးရဲ့ စံချိန်မှတ်နာရီက မှန်လားဗျ အချိန်မှတ်တာ”
“မှန်တာပေါ့ကွ တံဆိပ်လည်း ကြည့်ဦးလေ”
“အင်း ဟုတ်တယ် နာမည်ကြီး တံဆိပ်ပဲ၊ ဒါနဲ့ မှန်ပါတယ် ဆိုတာ သက်သေပြလေဗျာ”
တာထွက်ရန်ပြင်နေသော အပြေးသမားကြီး ခြေလှမ်းတွန့်သွားသည်။
“ဒါက ပေ ၄၀၊ ဟိုဖက်က ပေ ၆၀”
“ဘာနဲ့ တိုင်းထားလဲဗျ”
“ပေကြိုးနဲ့လေကွာ”
“ပေကြိုးက မှန်ရဲ့လားဗျ”
“ဘာ ပြောတယ်”

(၄)

“ကဲ အသင့်ဖြစ်ပြီနော်၊ စကြမယ်ဟေ့”
ကျင့်ထားသည့်အတိုင်း မမှားအောင် ပတ္တလားရွက်ပေါ်သို့ လက်ခတ်နှစ်ချောင်းဖြင့် တီးခတ်လိုက်သည်။ ပထမအပိုဒ် မဆုံးခင်မှာပင် ထိန်းချုပ်ခန်းထဲမှ မိုက်ခွက်ဖြင့်လှမ်းအော်သည်။

“အားလုံး ရပ်လိုက်ပါ”

သီဆိုတီးမှုတ်နေသူအားလုံး ရပ်သွားသည်။ ပတ္တလားအရွက်က အသံမမှန်ပါ၊ အရွက်သွားလဲပါတဲ့။ အရွက်လဲကာ တီးသောအခါ ပတ္တလားတီးတဲ့ ကောင်လေး ကျွမ်းပစ်သွားသည်။ ကောင်လေးက သူ့ပတ္တလားကိုသာ သူတီးတတ်သော အဆင့်မှာ ရှိသေးသည်။ သူ့ပတ္တလားဖြင့် သူမတီးရသောအခါ အလုံးတွေ လွဲကုန်သည်။ အဖွဲ့တွင်ပါသော အဆိုတော် အမကြီးက မျက်ရည်စမ်းစမ်းဖြစ်နေသည်။ ကောင်လေးရဲ့ ဆရာ တီးဝိုင်းခေါင်းဆောင်က သူ့အမှားပါဟု တဖွဲ့လုံးကို တောင်းပန်သည်။ ကောင်လေးအိမ်မှ ယူလာတဲ့ ပတ္တလားအရွက်မှာ ဆိုင်းဆရာကြီးတဦး ကိုယ်တိုင် လုပ်ထားတာဖြစ်သည်။ ဒါကို အသံမမှန်ပါဆိုတော့ ဘာနဲ့တိုင်းသလဲ အသံမမှန်ဘူးဆိုတာ သက်သေပြပါဟု စောဒက မတက်ရဲခဲ့။ ဓာတ်ပြားမရခဲ့တာက အကြောင်းမဟုတ်။

(၅)

“သားလေးရေ ကြက်သားသွားဝယ်ပေးပါဦး”
“ဘယ်ဆိုင်ကလည်း အမေ”
“အမေ၀ယ်နေကျ ကွမ်းစားတဲ့ ညီအမဆိုင်ကလေ၊ သူတို့က အလေးမှန်တယ်”
“ကြက်သား အစိတ်သားလောက်ဗျာ၊ အမေမှာလိုက်တာ”
“ကြည့်နော် ငါ့တူ၊ ဒီကြက်သားထည့်ထားတဲ့ဖက်က အသာကြီး၊ ဟောဒီမှာ ခြေထောက်လေးတချောင်းပါ အပိုထည့်ပေးလိုက်တယ်”။
ကွမ်းဝါးနေသော ကြက်သားသည် အဒေါ်ကြီးက ချိန်ခွင်ကို မြှောက်ပြကာ ပြောသည်။
“အမကို ပြောလိုက်နော် ကျေးဇူးပဲလို့”။
“အမေ့ကြက်သားသည်က အတော်တော်တယ်ဗျ၊ ကြက်သားဖက်မှာ အလေးသာတယ်”
အဖေက ၀င်မေးသည်။ “သားရေ ချိန်ခွင်လျှာ ဘယ်မှာလည်းဆိုတာ ကြည့်ခဲ့သေးလားကွ”
“ခင်ဗျာ”

(၆)

စင်ကာပူရောက် တနှစ်ကျော်ရှိကလေးတယောက်ကို ကာကွယ်ဆေးထိုးရမည့်အချိန်ကျတော့ ကလေးမိဘနှစ်ဦး ကလေးကို ခေါ်ပြီး နီးစပ်ရာ ဆေးခန်း (Polyclinic) ကို သွားရသည်။  ဆေးခန်းက သူနာပြုဆရာမကို ဆိုင်ရာစာရွက်စာတမ်းတွေ ပြရသည်။ ဘယ်မှာမွေးတာလည်း အမေး၊ ရန်ကုန်မှာမွေးတာဟုဖြေကြသည်။ မွေးတုန်းက ကိုယ်အလေးချိန်ကို မွေးစာရင်းစာရွက်ထဲမှာ သူရှာကြည့်နေသည်။ ကလေးအမေက လက်ညှိုးဖြင့်ထောက်ပြရင်း ပြောသည်။  ၆ ပေါင် ၁၅ အောင်စ ရှိပါတယ်ဆိုတဲ့အခါ ကီလိုဂရမ်နဲ့ပြောပါတဲ့။ ကလေးအဖေဖြစ်သူက ဖုန်းလေးဖွင့်ကာ အင်တာနက်မှာ ပေါင်တွေ အောင်စတွေကို ကီလိုဂရမ် ပြန်ဖွဲ့နေသည်။ ဖုန်းနှင့်အလုပ်ရှုပ်နေရင်း လွန်ခဲ့သော တနှစ်ကျော်ကျော်တုန်းက ကလေးလေးပွေ့ချီကာ ကလေးလာပြသော ဆရာဝန်မကြီးကို သွားသတိရသည်။ ကီလိုဂရမ်နဲ့ဆိုရင် ဘယ်လောက်ရှိသလည်းဆိုတာ မေးမိခဲ့ရင် ကောင်းသားဟု နောင်တရမိသည်။

(၈)

ခေတ်နှင့်အမီပြောင်းလဲမှုကို ရွှေပြည်ကြီးသည် အခက်အခဲများစွာအား ကျော်လွှားကာ လိုက်နေသည်ဟု ဆိုကြသည်၊ ပြောကြသည်။ စိန်ခေါ်မှုတွေက များလှသည်။ ကျော်လွှားသည် ဆိုမှတော့ မဖြေရှင်းဘဲ ကျော်သွားနေတာဖြစ်မည်ဟု လုံးချင်းအဓိပ္ပါယ်ကောက်ယူမိပေသည်။
ကြံဖန်ကာ ဂုဏ်ယူကြည့်သည်။ ရွှေပြည်ကြီးသည် အတိုင်းအတာစံနှုန်း စနစ် လုံးလုံးလျားလျား မပြောင်းသေးသော နိုင်ငံတနိုင်ငံ ဖြစ်ကြောင်း တိုင်းတာရေးဆိုင်ရာစာအုပ်တအုပ်တွင် ဖတ်လိုက်ရဖူးတာကို သတိရမိ၍ဖြစ်သည်။

တခါတလေ တွေးကြည့်သည်။ အများလိုက်သောစနစ်ကို မလိုက်ဘဲ ခေါင်းမာနေခြင်းသည် နိုင်ငံကြီးတို့၏ စရိုက်ပေလောဟု။   ။

ကျော်မောင်(တိုင်းတာရေး)