ရန်နောင်(ဗိုလ်တထောင်) – အောင်မြင်စွာ လုနိုင်လိုက်တဲ့ မေမေ့အသက်
(မိုးမခ) ဇွန် ၃၊ ၂၀၁၅
မနက်ခင်း အစောကြီး (၃)နာရီ ဆိုတာ ကျနော်တို့ အိမ်အတွက်တော့ နေ့စဉ် နိုးထနေကျ အချိန်ဖြစ်၍ ပုံမှန်အိပ်ရာထနေကျ အချိန်ဖြစ်သည်။ ထိုသို့သောအချိန်တွင် အခြားသူများ အိပ်ရာထဲတွင် ဇိမ်ရှိစွာ ကွေးလို့ကောင်း၊ အိပ်လို့ကောင်းသော အချိန်ဖြစ်သည်။ ကျနော်တို့ သတင်းစာဖြန့်ချိသူများအတွက် တော့ ဒီအချိန်ထမှ အတော်ဖြစ်သည်။
ပုံမှန် နိုးထနေကျအချိန်တွင် မေမေ လည်း ကုတင်ပေါ်မှ ဆင်းကာ ရေအိမ်သို့သွားရန် ဟန်ပြင်ခဲ့သည်။ ကုတင်ပေါ်က ဆင်းလိုက်သော မေမေ ၏ လဲကျသံကို ကျနော့်ညီက ကြားလိုက်သည်။ “ အမေ တော့ ချော်လဲပြီထင်တယ်လို့ သားကြည့်လိုက်တော့ မေမေက အိမ်သာကို သွားနေပြီလေ။ ဒါနဲ့ သားသေချာကြည့်တော့ မေမေ က ခြေထောက်ကို ပြောင်းပြန်လမ်းလျှောက်နေတာပဲ။ ခြေဖမိုးနဲ့ လမ်းလျှောက်နေတာပေါ့ ။သားလည်း ဘာမှ ပြောမနေတော့ဘူး ။ ဆေးပူတွေနဲ့ မေမေ့ကို လိမ်းပေးပြီး ကိုကြီးဆီ ဖုန်းလှမ်းဆက်လိုက်တာ ” ညီငယ်၏ စကားသံ အဆုံး ဖုန်းကို လေးကန်စွာချရင်း မေမေ့ အတွက် ဆုတောင်းပေးနေမိသည်။
ကပျာကသီ မျက်နှာသစ်၊သွားတိုက်ပြီး ညီမလေး ကားအလာကို စောင့်နေလိုက်သည်။ အမေ့ကို ဝိတိုရိယ ဆေးရုံမှာပြမယ်တဲ့ ။ ကားလာတော့ မေမေက ကားထဲမှာ ထိုင်လျက်သား မြင်လိုက်ရသည်။ အတော်ပင် အားတက်စရာဖြစ်ခဲ့သည်။ဝိတိုရိယ ဆေးရုံသည် ကိုးမိုင် တွင် ရှိသဖြင့် ကားကို နာရီဝက်လောက်မောင်းလိုက်ရသည်။ ကားလမ်းကြောကလည်း မနက်ခင်းအစောကြီးဖြစ်နေ၍ ရှင်းလင်းကာနေသည်ကြောင့်လည်း ဆေးရုံကို အမြန်ရောက်ခဲ့ခြင်းဖြစ်သည်။ ကားပေါ်တွင် မေမေ့အား ဘုရားစာများရွတ်ဆိုကာ နှမ်းဆီ နှင့် ဆေးကို နာနာဖိလိမ်းပေးခဲ့သည်။ ထိုသို့ လိမ်းပေးနေရင်းမှပင် မေမေ၏ လက်များမှာ တချက်ချက် ကွေးချင်ချင်ဖြစ်နေပါသည်။ စကားသံမှာတော့ ဗလုံးဗထွေးဖြစ်မနေပဲ “ အားသွင်းမယ်။ အားသွင်းပေးပါ ” ဟုသာ တတွင်တွင် ပြောနေပါသေးသည်။ ညီမလေး မောင်းနေသည်မှာ ကီလို ၈၀ ကျော်နေသည်ကို တွေ့သော်လည်း နှေးလွန်းသည်ဟုလည်း ထင်မြင်မိသေးသည် ။
သို့နှင့်ဆေးရုံ ရောက်သောအခါ အရေးပေါ်သို့ တခါတည်းတန်းဝင်လိုက်ပါသည်။ အရေးပေါ်တွင် တာဝန်ကျသော ဆရာဝန်များက လေးလံဖင့်လေးခြင်း မရှိပဲ မေမေ့ကို စမ်းသပ်ပြီး သက်ဆိုင်ရာရောဂါအလိုက် မည်သည်အထူးကု ဆရာဝန်နှင့်ပြသကုသမည်လဲ ဟုမေးမြန်းသောအခါ ဆရာဝန်ကြီးဦးသန့်ဇင်စိုး နှင့် ပြသမည်ဟု ဖြေကြားလိုက်သည်။ ထိုအခါ ဆရာဝန်ကြီး ဆီဖုန်းဆက်ပြီး မေမေ့အခြေအနေကို ပြောပြသဖြင့် မေမေ့အား ဆရာဝန်ကြီးညွှန်ကြားချက်အတိုင်း CT Scan ရိုက်ပါသည်။ ထွက်ရှိလာသောအဖြေအရ မေမေ၏ ဦးဏှောက်တခြမ်းလုံး မဲနေပြီး သွေးကြောပိတ်သွားပါသည်။
ထိုသို့ဖြစ်နေသော အခြေအနေတွင် မေမေသည် လုံးလုံးသတိမေ့လျော့ခြင်းမရှိပဲ စကားများကို မှားယွင်းပြောဆိုခြင်းသာရှိနေသည် ကိုလည်း တွေ့ရှိရသည်။ မေမေ့အတွက် အခန်းကိစ္စများစီစဉ်ပြီးသောအခါ ဖေဖေနှင့် ညီမလေးတို့ အိမ်သို့ပြန်သွားပါသည်။ အိမ်တွင်လည်း ချက်ပြုတ်စရာများ၊ အလုပ်သမားများ ထမင်းကျွေးမည့် ကိစ္စများအတွက် ညီမလေးဖြစ်သူက စီစဉ်ရမည်ဖြစ်သည်။ ဖေဖေ ကတော့ ညီလေးဆိုင်သိမ်းကို ကူညီရမည်ဖြစ်သည်။
ဖေဖေ တို့ပြန်သွားပြီး တအောင့်လောက်ကြာသောအခါ မေမေ့အတွက် အခန်းရသဖြင့် ထိုအခန်းသို့ ပြောင်းရွှေ့ခဲ့သည်။ မပြောင်းခင် အချိန်လေးတွင် အရွှေ့အပြောင်း မူးမှာစိုး၍ ဆေးတိုက်လိုက်ရာ ဓါတ်လှေကါးထဲတွင်ပင် မေမေ ထိုးအန်ပါသည်။ မေမေ့အတွက် ကုတင်သို့ရောက်သောအခါ တာဝန်ကျဆရာဝန် မှ မေမေ့အား စမ်းသပ်ပါသည်။ ထို ဆရာဝန် စမ်းသပ်သောအခါ တွင်တော့ မေမေသည် ပြန်လည်ဖြေကြားနိုင်စွမ်း မရှိပဲ ဖြစ်နေသည်။ နာမည်မေးသောအခါ ရယ်နေပြီး ပါးစပ်ဟခိုင်းလျှင် သွားစေ့ထားပါသည်။ ထို့နောက် ဆရာဝန်မှ ကျနော့်အား ဘာတော်သလဲဟုမေးပြီး ပြောကြားသောစကားများကို ကြားရသည့်အခါတွင်တော့ ရင်တခုလုံးကြေမွသွားသလား ထင်လိုက်ပါသည်။
“ မင်း အမေရဲ့ ရောဂါက လေဖြတ်တာ မဟုတ်ဘူး။ ဦးဏှောက်သွေးကြောပိတ်တာ။ ဦးဏှောက် သွေးကြောပေါက်တာဖြစ်ဖြစ် ၊ပိတ်တာဖြစ်ဖြစ် အန္တရာယ် ကြီးတယ်။ ဒါကို မပေါ့ပါနဲ့ ။ ဆေးရုံပေါ် ရောက်သွားပြီ ။ ကောင်းသွားမယ် လို့လည်း မထင်နဲ့။ မင်းအမေ အခြေအနေက ငါးဆယ် ငါးဆယ် ပဲ ။ တို့တွေလည်း အတတ်နိုင်ဆုံး ကြိုးစားကုမယ်။ မင်းတို့ ဆွေမျိုးအရင်းအချာတွေကိုတော့ ခေါ်ထားလိုက်တော့ ”
ထို တာဝန်ကျ ဆရာဝန်၏ စကားများကြောင့် ကျနော် ချွေးစေးများပြန်ကာ မူးမတတ်ဖြစ်သွားသည်ကို သူသတိထားမိသဖြင့် သူနာပြုအား ခေါ်ကာ သွေးပေါင်ချိန်တိုင်းခိုင်းပြီး ကျနော့်အားခေတ္တ လှဲနေခိုင်းပါသည်။ လှဲလို့သာ လှဲနေရသော်လည်း မေမေ့ကို ဆုံးရှုံးရတော့မည်ကို သိနေသော သားတယောက် အဖို့ တခြားသူတွေဆီ ဖုန်းဆက်အကြောင်းကြားဖို့ ညီမလေး နဲ့ ညီလေးဆီ ဆက်လိုက်ပါသည်။ ဖေဖေ့ကို မပြောရန် ညီမလေးကို ပြောသော်လည်း သူက စပီကာဖွင့်ဖုန်းပြောနေ၍ ဖေဖေအလုံးစုံသိသွားခဲ့သည်။သူတို့ နှင့် ဖုန်းဆက်ပြီး ဆရာဝန်ကြီးများ နှင့်တိုင်ပင်နေစဉ် ဘေးကုတင်မှ လူနာစောင့် ကလေးမ က ကျနော့်ကို လာခေါ်ပါသည်။ “ အကို့ အမေ ခေါ်နေတယ် တဲ့”
ကျနော် အံ့ဩဝမ်းသာစွာဖြင့် အပြေးသွားကြည့်သောအခါ မေမေ ထထိုင်နေပါသည်။ မေမေ ဘာလုပ်ချင်လို့လဲ မေးသောအခါ မေမေက ဆီးသွားချင်တယ် ဟု ပြောပါသည်။ ကျနော့်ဘဝတွင် ထိုအချိန်ကပြောသော မေမေ့စကားသံကို နားထောင်၍ မဝချင်ပေ။ ထို့နောက် ကျနော် မေမေဆေးရုံရောက်တာသိလား ၊မေမေဘာဖြစ်သွားလဲ သိလားဟု မေးသောအခါ အကုန်သိကြောင်း ၊ စကားများ မှားယွင်းစွာ ထွက်နေသည်ကိုလည်း သိကြောင်းပြောပါသည်။
ထိုအချိန်တွင် ညီမလေးနှင့် ညီလေးတို့ထံ မေမေ့အသံ ကြားရစေရန် ဖုန်းဆက်ပေးခဲ့သည်။ သူတို့လည်း စိတ်ပူနေတာများ လျော့ပါးစေရန်ဖြစ်သည်။ သူငယ်ချင်းဖြစ်သူ ဇော်မင်းနိုင် လည်း ဆေးရုံသို့ ကူညီရန်ရောက်လာပါသည်။ ဖေဖေ နှင့် ညီလေး လည်း ရောက်လာပါသည်။ သူတို့ ရောက်လာသောအခါ မေမေ စကားပြောနိုင်တာကိုကြည့်၍ ဝမ်းသာရသလို အပြန်အလှန်စကားပြောနိုင်တာကို ကြည့်ပြီး ပီတိလည်းဖြစ်ရပါသည်။
ထိုသို့ ပီတိဖြစ်မှုကား ဆရာဝန်ရောက်လာချိန်တွင်တော့ နေလာနှင်းပျောက် ဖြစ်သွားပါသည်။ ဆရာဝန်က မေမေ့ကို မနက်က ရိုက်ထားသော CT Scan ကို ပိုမိုတိကသေချာစေရန် ဆေးသွင်း၍ ထပ်မံရိုက်ရမည်ဟုပြောသောအခါ ကျနော်တို့လည်း စိတ်ပူသွားရပြန်သည်။
ထို ထပ်မံရိုက်သောအဖြေအရ မေမေ၏ ဦးခေါင်း အရေပြားနှင့် ဦးဏှောက်ကြားထဲတွင် အကျိတ်အဖု နှစ်လုံးတွေ့ရှိကြောင်း၊ ခွဲစိတ်လို့ရမရ ကို ခွဲစိတ်ဆရာဝန်ကြီး စစ်ဆေးမည့်အကြောင်း၊ ကင်ဆာ ကျိတ်တော့ မဟုတ်ကြောင်း သိရှိခဲ့ရသဖြင့် ခွဲစိတ်ရန် မိသားစု ဆွေးနွေးတိုင်ပင်ခဲ့ကြသည်။
နိုင်ငံခြားတွင် သွားရောက်ကုသမလား၊ ဒီဆေးရုံမှာ ကုမလား၊ ဆေးရုံကြီးသို့ရွှေ့မလား ညှိနှိုင်းသောအခါ ဝိတိုရိယ ဆေးရုံတွင်ပင် ခွဲစိတ်အထူးကုဆရာဝန်ကြီး ဦးဝင်းမြိုင် နှင့်ခွဲစိတ်ရန် သဘောတူညီခဲ့သည်။ ထိုသဘောတူညီချက်ကို ဆေးရုံမှ တာဝန်ကျဆရာဝန်များအား ပြောပြသောအခါ ဆရာဝန်ကြီး နှင့်ချိတ်ပေးပြီး ဆရာကြီးဦးဝင်းမြိုင် မေမေ့အား လာရောက်စစ်ဆေးပါသည်။ ဆရာကြီးက မေမေ့အခြေအနေအားကြည့်၍ ကြိုက်သည့်ရက်တွင် ခွဲစိတ်ပေးမည့်အကြောင်း ပြောပြခဲ့သည်။
ထိုအချိန်တွင် မေမေ့အားဆီးချို စစ်ခြင်းအတွက် ဆရာဝန်ကြီးဒေါက်တာဦးကိုကို ကလည်းကောင်း၊ နှလုံး အီးစီဂျီ ရိုက်ခြင်း၊ အထွေထွေ အတွက် ဒေါက်တာဦးသန့်ဇင်စိုး တို့ကလည်း မေမေ့ကို ခွဲစိတ်ရာတွင် အဆင်ပြေရန် အထူးကြပ်မတ်ကုသပေးနေကြသည်။ ဆရာကြီးများသည် ညညဥ့်နက်တွင်လည်း လာရောက်စမ်းသပ်စစ်ဆေးသေးသည်။
ခွဲစိတ်မည့်နေ့တွင် မေမေ့အား နေ့လည်ပိုင်း မည်သည့်အစာမှ မကျွေးတော့ပဲ ည (၇ ) နာရီခွဲလောက်တွင် ခွဲခန်းသို့ ခေါ်သွားခဲ့သည်။ကျနော်တို့ ညီအကို နှစ်ယောက်လည်းခွဲခန်းအဝတွင် ထိုင်စောင့်နေကြသည်။ ည(၈)နာရီ ခွဲခန့်တွင် ဆရာကြီးဦးဝင်းမြိုင် ရောက်လာပြီး “ မင်းတို့ အမေ ခွဲခန်းဝင်သွားပြီလား ” ဟု အပြုံးနှင့် နှုတ်ဆက်စကားပြောပါသည်။ ကျနော်တို့လည်း “ ဝင်သွားပြီ ဆရာ ” ဟုပြန်ပြောလိုက်သည်။
မေမေ ခွဲခန်းဝင်နေချိန်တွင် ညီအကို နှစ်ယောက် ဘုရားစာများ ရွတ်ဖတ်၍ မေမေ့ခွဲစိတ်မှု အောင်မြင်ပါစေကြောင်းဆုမွန်များတောင်းရင်း စောင့်ဆိုင်းနေကြသည်။ ည (၁၀) နာရီခွဲလောက်တွင် မေမေ့ဦးခေါင်းမှ ခွဲထုတ်လိုက်သော အကျိတ်ဖုများကို ဇလုံလေးတလုံးနှင့် ဆရာမ တယောက်က ခေါ်ပြပါသည်။
ည(၁၁)နာရီခွဲတွင်တော့ ခွဲစိတ်ဆရာဝန်ကြီး ဦးဝင်းမြိုင် ပြန်ထွက်လာပါသည်။ကျနော်တို့ညီအကိုအား ကြည့်၍ “ မင်းတို့အမေကို ခွဲတာ ပြီးသွားပြီ။ သူသတိလည်းရနေပြီ ” ဟု သတင်းစကားပြောရင်း ပြန်သွားခဲ့သည်။ တခဏမျှကြာသော် မေမေ့အားတွန်းလှည်းနှင့် ခွဲစိတ်ပြီးခါစ လူနာများထားရာ အထူးကြပ်မတ်ကုသဆောင်သို့ ခေါ်ဆောင်သွားသည်။
မေမေသည် အလွန်ကံကောင်းသူတယောက်ဖြစ်ခဲ့သည်။ လွန်ခဲ့သည့် ရှစ်နှစ်ခန့်ကသာ ထိုရောဂါမျိုးဖြစ်ခဲ့ရင် သေမှာသာဖြစ်ကြောင်း ဆရာဝန်ကြီးက ပြောပြခဲ့သည်။ ငွေအသပြာကတော့ ကုန်ကျစရိတ်ရှိမည်ဖြစ်သည်။ သို့သော် အနာနှင့်ဆေး တွေ့ရှိဖို့က အရေးကြီးသည် ။ ယောဆရာတော်ဘုရား အမိန့်ရှိသလို ကုသိုလ်ကံ အကျိုးပေးကောင်းသူများ လျက်ဆားလေးတတို့ နှင့်ပျောက်သွား တာလည်းရှိတတ်ပါသည်။ မေမေ့၏ အသက်ကို ပိုရှည်အောင် ၊ ပိုကျန်းမာအောင် ကုသပေးသောဆရာဝန်ကြီးများ ကိုလည်း ကျေးဇူးတင်လျက် ၊သတိတရရှိလျက် ဤဆောင်းပါးဖြင့်ဂုဏ်ပြုလိုက်ပါသည်။
(Photo credit – http://mompoem.blogspot.com/)