ဗိုလ်ထက်မင်း သတင်းဆောင်းပါး ဝေဖန်ရေးရာ

ဗိုလ်ထက်မင်း – ကိုးကန့် MNDAA စခန်းတွေကို တိုက်ပြီးရင် ဘာဆက်လုပ်ကြမှာလဲ ? အပိုင်း(၄)

Photo – Irrawaddy, April 10, 2015, Nay Pyi Daw

 ဗိုလ်ထက်မင်း – ကိုးကန့် MNDAA စခန်းတွေကို တိုက်ပြီးရင် ဘာဆက်လုပ်ကြမှာလဲ ? အပိုင်း(၄)
(မိုးမခ) ဇွန် ၃၊ ၂၀၁၅

၂၀။    တပ်မတော်က ကိုးကန့်MNDAAစခန်းတွေကို တိုက်ပြီးရင် အောင်ပြီဆိုတဲ့ ပီတိနဲ့ သာသာယာယာ ဂေါက်ရိုက်ကျမလို့လား၊ ဘာဆက်လုပ်ကြမှာလဲ? ဆိုတဲ့ မေးခွန်းတွေ တပ်ချုပ်အား စာရေးသူ မေးလိုပါတယ်။ တပ်ချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို တိုက်တွန်းချင်တာက အောင်မြင်မှူရလဒ်၊ဆုံးရှူံး သွားတဲ့ ရလဒ်တွေအပေါ် သင်ခန်းစာဖေါ်ထုတ်ပြီး နောင်အလားတူ မဖြစ်ပွါးစေရန် အချိန်မှီ ပြုပြင်နိုင်ရေး  လိုအပ်ပါတယ်။ တပ်မတော်(ကြည်း၊ရေ၊လေ) နဲ့တပ်မတော်(ကြည်း၊လေ)ခြေလျင်တင့်အမြောက်ပူးပေါင်း စစ်ဆင်ရေး JOCအဆင့်လေ့ကျင့်ခန်းကြီး တွေလုပ်ခဲ့ပေမဲ့ Make-up၊ Drill သဘောသာဖြစ်ပြီး တဖက်ရန်သူ ဟာ သက်မဲ့၊ ပစ်မှတ်သေ ဖြစ်နေလို့အားနည်းချက် တွေ့ဖို့ခက်ပါတယ်။ ကိုးကန့်ဒေသ စစ်ဆင်ရေးမှာ  တပ်မတော်သားများ အသက်သွေး၊ချွေးရင်းနှီး များစွာပေးဆပ်ခဲ့ရတာမို့ အဖိုးမဖြတ်နိုင်တဲ့ အတွေ့အကြုံ၊ အားနည်းချက်တွေကို တပ်မတော်လေ့ကျင့်ရေးအရာရှိချုပ်ရုံးက သင်ခန်းစာဖေါ်ထုတ်လေ့လာချက် လုပ်သင့်ပါတယ်။ တပ်မတော်ကျင့်သုံးခဲ့တဲ့နည်းဗျုဟာ၊တိုက်စွမ်းရည်အရည်အသွေး၊ကိုင်စွဲတဲ့ လက်နက်ခဲယမ်း၊ ထုတ်သုံးတဲ့ယာဉ်တွေရဲ့ အားနည်းချက်တွေကို ပြုပြင်ပေးသင့်ပါတယ်။

စစ်ဆင်ရေး အရေးကြီး အကျဆုံးများချိန်မှာ BTR 3U သံချပ်ကာများ ဘာကြောင့် ရုတ်တရက် မထွက်နိုင်ရသလဲ ဆိုတာဖေါ်ထုတ်ရပါမယ်။ အဲဒီသံချပ်ကာတွေ ထွက်လာပြန်တော့လည်း ကိုးကန့်တပ်ဖွဲ့RPG ကြောင့် (၃)စီး ထိသွားရာ ခြေလျင်တပ်အကာအကွယ်မပါဘဲနဲ့ သံချပ်ကာကို ထီးထီးချည်း မလွတ်ရ ဆိုတဲ့ ဥပဒေသကို ချိုးဖေါက်တာ ရှိမရှိ စီစစ်သင့်ပါတယ်။

၂၁။    ဆက်သွယ်ရေးနဲ့ထောက်ပံ့ရေးကားလမ်းကြီး (စစ်တပ်အခေါ်  L of C ) လားရှိုး၊ကွတ်ခိုင်၊ချင်းရွှေ ဟော်၊ လောက်ကိုင် လမ်းကြောင်းမှာ မကြာခဏ ခြုံခိုချခံနေရကာ စစ်ကားတွေ မီးလောင်ပျက်စီးပြီး ကြက်ခြေနီ၊ပြည်သူလူထု၊တပ်မတော်သားများ ထိခိုက်၊ကျဆုံးကုန်ပါတယ်။ အဲဒီအထဲမှာ အမြောက်ကြီးတွေကို ပစ်တတ်တဲ့ရုရှားပြန်အရာရှိ၊ ဆရာတွေခြုံခိုချခံရတဲ့အထဲ ပါသွားလို့ တချို့အမြောက်၊ လက်နက်ကြီးတွေပစ်တဲ့သူ မရှိတော့ဘဲနဲ့ဒီအတိုင်းဘဲ   ထိုင်ကြည့်နေရတယ်လို့ သိရပါတယ်၊ လမ်း ကင်းလုံခြုံရေးဆောင်ရွက် ပြီဆိုရင် ဥပဒေသအရ (အတွင်းစည်း၊ အပြင်စည်း၊ အဝေးစည်း) စည်းသုံးစည်းနဲ့ လုပ်ရမှာဖြစ်လို့ လက်နက်ကြီးတကမ်း လုံခြုံမှူရှိရပါမယ်။ တာဝန်ပြီးဆုံးလို့ နောက်တန်း ပြန်ရင်ဖြစ်ဖြစ်၊ ရှေ့တန်း တာဝန်ကျရာနယ်မြေကို  သွားနေတဲ့အခါဖြစ်ဖြစ်၊ ဘယ်သူမဆို ဧဧလူလူလိုက်ချင်ကြတာမို့သတ်မှတ်တာဝန်ကျနေရာ မရောက်မီ စစ်သည်များ သက်တောင့်သက်သာဖြစ်အောင် လမ်းကင်းယူတဲ့ တိုင်းတပ်ဖြစ်ဖြစ်၊ တပ်မဖြစ်ဖြစ်၊ တာဝန် အပြည့်ရှိတယ်။ စစ်သားဆိုတာစစ်တိုက်လို့သေရတာ ဂုဏ်ယူရပေမဲ့ ရန်သူက ခြုံခိုချခံလို့ (တပ်မ ၉၉၊ ၃၃ ရှေ့တန်း စစ်ကူအဖြစ် ယာဉ်နဲ့ချီတက်လာစဉ်) ကျဆုံးရတာ ရင်နာဖို့ကောင်းပါတယ်။ ခြုံခိုချခံရတာဟာ စစ်သတင်း လုံခြုံမှူအဆင့်တန်း ပေါက်ကြားမှူ ဖြစ်မဖြစ် စုံစမ်းစစ်ဆေးရေးခုံရုံးဖွဲ့သင့်ပါတယ်။ တဖက်နိုင်ငံက ခေတ်မှီ နည်းပညာများနဲ့ အင်တာစက်(ကြားဖြတ်နားထောင်နိုင်) လုပ် ၊မလုပ် စဉ်းစားသင့်ပါတယ်။ ယာဉ်တန်းများရင်ဖြစ်ဖြစ်၊ အရေးကြီးပစ္စည်း၊ လူပါရင်ဖြစ်ဖြစ် ရဟတ်ယာဉ်နဲ့ လေကြောင်းမှ စောင့်ကြပ်သင့်ပါတယ်။

၂၂။    အရာရှိ စစ်သည်များဟာ ကိုးကန့်တပ်ဖွဲ့လက်ဖြောင့်များရဲ့ အမှည့်ချွေတာ(တပ်ရင်းမှူး၂ဦး ကျ၊ တပ်မ ၃၃- နည်းဗျုဟာမှူး ဒဏ်ရာရ၊ ကျဉ်ကာအင်္ကျီများ ဖေါက်ထွက်ခံရ) အလူးအလဲ ခံရပါတယ်။  ဒါဟာ အရာရှိကြီးများအနေနဲ့ လက်ဖြောင့်လက်နက်ကို အလေးအနက်မထားတဲ့ ဆိုးကျိုးခံစားရပါတယ်။ တပ်ရင်း တရင်းဖွဲ့စည်းပုံမှာ လက်ဖြောင့်တပ်စိတ်ရှိပေမဲံ့ အထက်မှ လက်ဖြောင့်လက်နက်ဆိုပြီး တပ်ရင်းတွေထံ စနစ်တကျ ချမပေးတဲ့အပြင် သင်တန်းလည်းခေါ်မပေးတာ ကြာပြီဖြစ်ပါတယ်။ ရှိနေတဲ့ လက်ဖြောင့်တပ်စိတ်ဟာ တပ်ရင်းမှူးရဲ့ အနီးကပ်လုံခြုံရေး၊(တချို့ ကိုယ်ရေးကိုယ်တာခိုင်း) အတွက်သာ မှတ်ယူနေတတ်ကြပါတယ်။

နောက်ပိုင်းကျမှ ကပစမှ ဖုတ်ပူမီးတိုက်ထုတ်လိုက်တဲ့ ယခင် ဘီအေ ၆၄(ဂျီ-၄) အသွင်ပြောင်းလက်ဖြောင့် လက်နက် အမ်အေ-၂ လက်နက်ဆိုပြီး တာထွက်လာပါတယ်။ အဲဒီလက်နက် ပစ်နိုင်တဲ့ ထိရောက်မှူ အကွာအဝေးဟာ မီတာ(၅၀၀) သာဖြစ်ပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲဝင် တဦးရဲ့ ပြောကြားချက်အရ သူတို့ဆီမှာ မီတာ (၈၀၀ ) မှ မီတာ(၁၀၀၀)ထိ တောင် တိကျစွာ ပစ်နိုင်စွမ်း လက်နက်ရှိပါတယ်။ အဲဒီအလုပ်မှာ ချောင်းမြောင်းပြီး ငတက်ဖျားအလုပ်ဖြစ်ကာ ရန်သူ မသိလေကောင်းတာမို့ ဝေးဝေးနဲ့ထိချက်ကောင်းတဲ့ လက်နက်ဖြစ်မှသာ မိမိရဲ့ဆုတ်လမ်း ရွေးချယ်ပိုင်ခွင့်ရမယ်လို့ သူက ဆိုပါတယ်။ လက်ဖြောင့်သေနတ်ကိုင်တဲ့သူဟာ စိတ်ဓါတ်နဲ့ ကာယကြံခိုင်ဖို့နှစ်မျိုးစလုံး လိုသလို သူတို့အား သာမန်စစ်သည်များလိုသဘော မထားသင့်ဘဲ ပံ့ပိုးလေ့ကျင့် ပေးရန်လိုအပ်ပါတယ်။

အကြံပြုချင်တာက လက်ဖြောင့်အဖွဲ့တွေအား စက်ပါထည့်ပေးကာ မုဆိုးအမဲလိုက် လှည့်ကင်း စေလွတ်သင့်ပြီး ကိုးကန့်ပျောက်ကြားစစ်ဆင်ရေးကို ဟန့်တားနိုင်ပါတယ်။

၂၃။    ကိုးကန့်တပ်ဖွဲ့တွေ ဒီလိုအခိုင်အမာ တောင်ကုန်းတွေမှာ အချိန်ယူ စခန်းဆောက်နေမှန်း တိုက်ပွဲ ထောက်လှမ်းရေးသတင်း ဆက်ဖေါ်ထုတ်ဖို့ ပျက်ကွက်တာ ဘယ်သူလဲ၊ ကိုးကန့်နယ်ခြားစောင့်တပ်ရင်း တရင်းလုံး တောခိုသွားရာ အခြားဒေသရှိ နယ်ခြားစောင့်တပ်ရင်းတွေပင် အနေစားကြပ် ဂယက်ရိုက်သွားတာကြောင့် တာဝန်ရှိသူ ဘယ်သူလဲ၊ ကားလမ်းမကြီးကိုပင် ခြုံခိုမကြာခဏတိုက်ခံရကာ ဆက်ကြေး ဧဧလူလူကောက်လို့ရအောင် လမ်းကင်းလုံခြုံရေး ပေါ့လျော့နေတာ ဘယ်သူလဲ၊ ပြည်သူလူထုအေးချမ်းမှူ၊ ဒေသ တည်ငြိမ်မှူ ငြိမ်းချမ်းရေး ဘယ်တော့ကျမှ ရမှာလဲ … စတဲ့ မေးခွန်းတွေအပေါ် ကျေနပ်လောက်တဲ့ အဖြေရဖို့ လိုပါတယ်။

တာဝန်ရှိသူ၊ တာဝန်ပျက်ကွက်သူတွေကို တပ်ချုပ်အနေနဲ့ ကကစစ် ကိုဖြစ်စေ၊ စုံစမ်းစစ်ဆေးရေး ခုံရုံးဖွဲ့လို့ ဖြစ်စေ၊ ဖေါ်ထုတ်ပြီး ငါ့တပည့်ဖြစ်လို့၊ ရာထူးကြီး ဒုဗိုလ်ချုပ်ကြီး ဖြစ်နေလို့၊ ဘယ်သူ့အမျိုးဖြစ်နေလို့ မညှာတာဘဲ လိုအပ်သလို အရေးယူ ဆောင်ရွက်သင့်ပါတယ်၊ D.S.A ဆိုတဲ့ ကျောင်းတော်ကြီး စိတ်အစွဲကို ဖျောက်ပြီး O.T.S ၊ OTC (အလုပ်သင်ဗိုလ်) တပ်မမှူးအဆင့်နဲ့ အောက်အရာရှိများကို တော်ရင်တော်သလို ချီးမြှင့်ပေးရပါမယ်။

၂၄။     စုံစမ်းစစ်ဆေးခိုင်းတဲ့အခါ လက်အောက်ကို အပြစ်ပုံချတဲ့ ဇာတ်လမ်းမျိုး လုံးဝမလုပ်သင့်ဘဲ တပ်တွင်း စည်းလုံးညီညွတ်ရေး ထိခိုက်သွားနိုင်ပါတယ်။ ဘာလို့လဲဆိုတော့ ဥပမာ လမ်းကင်းလုံခြုံရေး စီမံချက်လုပ်ခိုင်းတဲံ့အခါ လုပ်မဲံ့တပ်တွေ အင်အားနည်းနေမှန်း သိလျှက်နဲ့ ကွက်ပြည့်နင်း ဇွတ်ခိုင်းတာမျိုး၊ အရာရှိရဲ့ကိုယ်ပိုင်အမှတ် တောင်းပြီး အဓမ္မလုပ်ခိုင်းတာမျိုး၊ တာဝန်မဲ့ခေါင်းရှောင်တာမျိုး၊ တပ်မတော်ထိပ်ပိုင်းက ခပ်ညံ့ညံ့အရာရှိကြီးတွေအကြောင်း သိရတာ စိတ်ပျက်လှပါတယ်။ ဒါကြောင့် စုံစမ်းစစ်ဆေးတဲ့အခါ တိုင်းမှူးနဲ့အထက်ကိုသာ ဖြစ်သင့်ပြီး တာဝန်ရှိမှူ၊ တာဝန်ခံမှူ၊ အနည်းဆုံး ပြောင်းပစ်ရပါမယ်။ ဒီလိုတပ်မတော်ရဲ့ စီမံကွပ်ကဲမှူပြုပြင်ပြောင်းလဲမှသာ ကျဆုံးသူတွေအတွက် ဖြေလို့ရပါမယ်၊

ဒီစစ်ဆင်ရေးဟာ ယခင် လုပ်နေကြ စစ်ဆင်ရေးသဘာဝနဲ့မတူကွဲပြားခြားနားပါတယ်၊ စစ်ဆင်ရေး တောက်လျှောက် နှစ်ဖက်စလုံး ရင်ဆိုင်နေရတဲံ့ စစ်နည်းဗျုဟာတွေဟာ အမြဲသုံးလေ့သုံးထရှိတဲံ့ စစ်ဗျုဟာတွေအပြင် ခက်ခဲပြီး စာအုပ်သင်ခန်းစာတွေမှာသာ ထားလေ့ရှိတဲ့ မြို့တွင်းတိုက်ပွဲ အထူးစစ်ဗျုဟာလိုမျိုးအပြင် နိုင်ငံတကာမှာ ရေပန်းစားလာတဲ့ ဥမှင်လှိုင်ခေါင်း စစ်ဆင်ရေးနဲ့ သဘာဝကျောက်ဆောင် ခံစစ်လိုမျိုးတွေမှာ တောင်ပေါ်တိုက်ပွဲ ခက်ခဲစွာ လုပ်ဆောင်ခဲံ့ရတာမို့ အဲဒီလေ့ကျင်ခန်းတွေအား ယခင်ကလုပ်နေကြ မြေပြန့်မှာပင် လုပ်ခဲ့တဲ့ JOC စစ်ဆင်ရေး လေ့ကျင့်ခန်းကို ပြောင်းလဲလေ့ကျင့်ဖို့ လိုအပ်လာတယ်။ Sniper လက်နက်သစ်တပ်ဆင်ပြီး လေ့ကျင့်ရပါမယ်၊

တပ်မတော် ရှေ့တန်းစစ်ဆင်ရေးမှာ တခါမှမဖြစ်ခဲ့ဘူးတဲ့ ခြေလျင၊်သံချပ်ကာ၊ တင့်။ အမြောက်၊ လေကြောင်း ပူးပေါင်းစစ်ဆင်ရေးကို အဖိုးမဖြတ်နိုင်အောင်ကြုံခဲံ့ရပြီးဖြစ်တယ်။ စစ်ရေးအပြင် နိုင်ငံရေးကစားမှူ၊ တရားမဝင်စီးပွါးရေး၊ ကိုးကန့်အပြင် အခြား လက်နက်ကိုင်တိုင်းရင်းသားများ ပါဝင်ပတ်သက်နေမှု၊ ငြိမ်းချမ်းရေး ပျက်အောင် ပယောဂ စီမံချက်များ ပါနိုင်ပြီး ပြည်သူလူထု၊ လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့များ၊ နိုင်ငံတကာ၊ တရုတ်အင်အားကြီးတို့က စောင့်ကြည့်နေကာ တပ်ချုပ်နဲ့တပ်မတော့်ရဲ့ ပုံရိပ်အတက်ကျ အချိန်မရွေး ဖြစ်နိုင်သေးတာမို့ စစ်တပ် ကျစ်လစ်ခိုင်မာနေဖို့ အထူးလိုအပ်နေပါတယ်၊

တပ်မတော် ပြုပြင်ပြောင်းလဲလုပ်နိုင်မှ တပ်သမိုင်း လှမှာဖြစ်ပါကြောင်း တိုက်တွန်းလိုက်ရပါတယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Advertise on MoeMaKa

Similar Posts