ဝေဖန်ရေးရာ မောင်စွမ်းရည်

မောင်စွမ်းရည် – ၂၀၁၅ မတ်လထုတ် ငွေတာရီမဂ္ဂဇင်း မီးရှို့ကြစို့

  မောင်စွမ်းရည် – ၂၀၁၅ မတ်လထုတ် ငွေတာရီမဂ္ဂဇင်း မီးရှို့ကြစို့
\

(ဗွီအိုအေက အသံမလွှင့်ဖြစ်လိုက်တဲ့ ဆောင်းပါးများ – ၂)

(မိုးမခ) ဇွန် ၃၊ ၂၀၁၅

ရဲဘော်တို့ မိတ်ဆွေတို့ခင်ဗျား…

ဒီနေ့ ကျနော်ပြောချင်တာကတော့ ငွေတာရီမဂ္ဂဇင်းအကြောင်းပါပဲ။ ငွေတာရီဆိုတာ ဗမာပြည်လွတ်လပ်ရေးခေတ်ဦးရဲ့ ကဗျာဆရာမကြီးတစ်ဦး ဖြစ်ပါတယ်။ ဒဂုန်တာရာ၊ နုယဉ်၊ ဒေါင်းနယ်ဆွေ၊ မင်းယုဝေတို့နဲ့ ခေတ်ပြိုင်စာဆိုတစ်ဦးပါ။ ကဗျာ ဆရာ မင်းယုဝေက စာဆိုငွေတာရီကိုဂုဏ်ပြုပြီး ထုက်ဝေလိုက်ရာမှာ ခေတ်စမ်းစာဆိုကြီးများရဲ့ ဝန်းရံမှုကြောင့် စာပေဆန်ပြီး စာဖတ်ပရိတ်သက်ရဲ့ ရိုသေခန့်ညားတဲ့ စာပေမဂ္ဂဇင်းတစောင်အဖြစ် ထင်ရှားလာခဲ့ပါတယ်။ ကျနော်တို့ မဖတ်ရတာ ကြာ ပါပြီ။ ခုတော့ မိတ်ဆွေတဦးက ၂၀၁၅ မတ်လထုတ် မဂ္ဂဇင်းတစောင် လက်ဆောင်ပေးလို့ ဝမ်းပန်းတသာ ဖတ်ကြည့်လိုက် ပါတယ်။ စာတည်းစမျက်နာက စဖတ်ပြီး ဗိုလ်မှူးဘသောင်း တည်းဖြတ်ထုက်ဝေတဲ့ လက်ဝဲသုန္ဒရဲ့ နန္ဒိသေနပျို့၊ ဗိုလ်ချုပ် စိုးဝင်းရဲ့ အထ္ထုပ္ပတ္တိစာအုပ် စတဲ့ စာအုပ်သတင်းတွေပါ ဆက်ဖတ်လိုက်ဖြစ်ပါတယ်။ ကြော်ငြာတွေကလည်း ဒီကြားမှာ မြဝတီဘက် ဘာညာ စတာတွေ ရိပ်ခနဲ ရိပ်ခနဲ တွေ့လိုက်ရတယ်။ ဖတ်ရင်းဖတ်ရင်းနဲ့ စစ်ယူနီဖောင်းဝတ်စုံတွေနဲ့ ယမ်းနံ့ တွေ၊ သွေးညှီနံ့တွေ ရလာသလို ခံစားလာရပါတယ်။ ဒါနဲ့ မသင်္ကာလို့ အယ်ဒီတာအဖွဲ့စာရင်းကို လှန်ကြည့် လိုက်တော့ စာတည်းမှူးချုပ်၊ ဒုတိယ စာတည်းမှူးချုပ်၊ စာတည်းမှူး၊ တာဝန်ခံစာတည်းမှူးတွေက ဒုဗိုလ်မှူး ကြီး၊ ဗိုလ်မှူး၊ ဗိုလ်ကြီး စသ ဖြင့် စစ်တပ်ရာထူကြီးစဉ်ငယ်လိုက် တွေ့လိုက်ရပါတယ်။ ထုက်ဝေဖြန့်ချိတဲ့လိပ်စာကလည်း တပ်မြေထဲကပါကလား။ ထိပ် ချမှ ဓါးပြမှန်းသိရဆိုတဲ့ စကားလို၊ ယမ်းနံ့နံမှ အလန့်တကြား စာအုပ်လွတ်ကျသွားရပါတယ်။

စာတည်းစာမျက်နှာမှာ ရေးထားတာက ပြည်သူ့ရှေ့မှ မားမားမတ်မတ်ရပ်လျှက်ရှိသော တပ်မတော်တဲ့။ ဒါတော့အမှန်ပဲ။ ပြည်သူ့ရှေ့က မားမားမတ်မတ်ရပ်နေတာဟာ ပြည်သူတွေချီတပ်နေတဲ့ ဒီမိုကရေစီလမ်းကြောင်းမှာ ပိတ်ဆို့နေတာကို ဘေးကိုဖယ်လိုက်ပါတယ်။ ၁၉၅၈-၁၉၆၂ – ၁၉၈၈ နိုင်ငံရေးအကျပ်အတည်းတွေ၊ တိုင်းပြည်ကြီး ချောက်ထဲကျခံနီးမှာ တွန်း ချခဲ့တာတွေ၊ ပြည်တွင်းဆူပူမူတွေ ….။ သူတို့ကယ်တင်ခဲ့ရသတဲ့။ ၁၉၈၈ ပြည်သူ့အရေးတော်ပုံကြီးကိုများ ပြည်တွင်းဆူပူသောင်းကျန်းမှုကာလတဲ့။ ပြည်သူတွေ အသက်ချွေး သွေးရင်းပြီး စစ်အာဏာရှင်စနစ် တပါတီအာဏာရှင်စနစ်ကို ဖြုတ်ချပြီး ဒီမိုကရေစီအရေး တိုက်ပွဲဝင်ခဲ့တာကို  စော်ကားမော်ကား “သောင်းကျန်းမှု” တဲ့။ ဖြစ်ရလေ။ ပြည်တွင်းက ရှစ်လေးလုံး ကျောင်းသားအဖွဲ့စတဲ့ နိုင်ငံရေးအဖွဲ့အစည်းတွေက ဒီလိုစော်ကားတာကို ခံနေတာ အံ့သြမိပါတယ်။ အမေရိကားမှာ တော့ ရှစ်လေးလုံး ကျောင်းသားဟောင်းတွေက ပါးကွက်သား ဗိုလ်ခင်ညွန့်စာအုပ်နှင့် ငွေတာရီ မတ်လထုတ်မဂ္ဂဇင်းကို မီးရှို့ပွဲလုပ် ဖို့ စီစဉ်နေကြသတဲ့။ အမြန်မီးရှို့ဖြစ်ပါစေ။ ကဗျာဆရာမကြီး ငွေတာရီရဲ့နာမည်ကိုပါ စစ်တပ်မျက်နှာဖုံးက ဖြုတ် ချနိုင်ပါစေလို့ ဆန္ဒပြုမိပါတယ်။

စစ်တပ်တည်ထောင်တဲ့နေ့ဟာ ထိုင်းနိုင်ငံမှာ ၁၉၄၁ ဒီဇင်ဘာ၂၇ ။ ကျနော်တို့မှတ်သားမိတာက ဒီဇင်ဘာ၂၆ တဲ့။ ဘာဖြစ်လို့ အထူးမှတ်သားမိသလဲဆိုတော့ စစ်တပ်မွေးဖွားတဲ့နေ့မို့ပါ။ ဒါပေမယ့် တပ်မတော်ကို ဂုဏ်ပြုတဲ့အနေနဲ့ ပြည်သူတွေရဲ့ ဖက်ဆစ်တော်လှန်ရေးနေ့ကို စစ်တပ်ပိုင်သိမ်းပြီး တပ်မတော်နေ့အဖြစ် ပြောင်းလဲသတ်မှတ်ခဲ့သတဲ့။ ပြည်သူကိုတော့ လု တယ်မပြောဘူးပေါ့။ ပြည်သူများရဲ့ တော်လှန်ရေးနေ့ကို ပြန်ပေးပါ။ ကဗျာဆရာမငွေတာရီကို ပြန်ပေးပါ။ ရှစ်ဆယ့်ရှစ် အရေးတော်ပုံကို ဆူပူသောင်းကျန်းမှုလို့ စော်ကားတာကို ရုပ်သိမ်းပါလို့ ပြည်သူတို့ကိုယ်စား တောင်းဆိုလိုက်ပါတယ်။

ကျနော် မောင်စွမ်းရည်ပါခင်ဗျား။

မောင်စွမ်းရည်
၂၆ ဧပြီ၊ ၂၀၁၅


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

One thought on “မောင်စွမ်းရည် – ၂၀၁၅ မတ်လထုတ် ငွေတာရီမဂ္ဂဇင်း မီးရှို့ကြစို့
  1. !!!! —– ကဗျာ ကျွမ်း တဲ. ဆ၇ာစွမ်း အား ဂါ၇၀ပန်း နဲ. လှမ်း ပြီး ကန် တော.လိုက်ပါ တယ်ခင် ဗျား —– !!!!

Comments are closed.