မှတ်စုမှတ်တမ်း အုန်းနိုင် အုန်းနိုင်

အုန်းနိုင် – ၁၉၉၁ခုနှစ် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်မှ ဒေါ်အောင်ဆန်းစုကြည်အား ထုတ်ပယ်ခြင်း – (၂၀)

My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

(ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးအုန်းနိုင် တွေ့ဆုံခဲ့စဉ်တုန်းက မှတ်တမ်းဓာတ်ပုံ)

အုန်းနိုင် – ၁၉၉၁ခုနှစ် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်မှ ဒေါ်အောင်ဆန်းစုကြည်အား ထုတ်ပယ်ခြင်း – (၂၀)
(မိုးမခ) စက်တင်ဘာ ၁၁၊ ၂၀၁၅

နောက်တနေ့မနက် (၉)နာရီမှာ မြို့ နယ်စည်းရုံးရေးကော်မတီ အစည်းအဝေး ကျင်းပရပြန်ပါပြီ..။ အဓိက အချက်ကတော့ အိမ်ရှင်ကို ၀န်ခံချက် လက်မှတ်ထိုးခိုင်းတာနဲ့ တဆက်တည်း စည်းရုံးရေးကော်မတီကိုပါ..ဒေါ်အောင်ဆန်းစုကြည်နဲ့ မပတ်သက်ကြောင်း သဘောမျိုး လက်မှတ်ရေးထိုးခိုင်းတဲ့ ကိစ္စကို ဆွေး နွေးကြပါတယ်..။

လွန်ခဲ့တဲ့ နှစ်ရက်သုံးရက်က ဒေါ်အောင်ဆန်းစုကြည်ထုတ်ပယ်တဲ့ ကိစ္စကို စည်းဝေးတိုင် ပင်ဆွေးနွေးကြတုံးကပဲ ဒေါ်အောင်ဆန်းစုကြည်ရဲ့  ဦးဆောင်မှုကိုပဲ လိုက်နာဖို့ ဆုံးဖြတ်ပြီးတာမို့ ဒေါ် အောင်ဆန်းစုကြည်နဲ့ ပတ်သက်တာတွေကိုလည်း မဖယ်ရှားနိုင်ဘူးဆိုတာ ကြိုပြီး ဆွေးနွေးခဲ့ကြဖူးပါပြီ။ ဒီလိုမဖယ်ရှားရင် ရုံးကိုအရေးယူတာထက် အိမ်ငှားထားတဲ့ အိမ်ရှင်ဦးအောင်ရှိန်တို့ကို သူတို့က ဖိအားပေးမယ်..၊ အရေးယူတဲ့သဘောမျိုးလည်း လုပ်လာနိုင်တယ်.။ ကျနော်တို့ စည်းရုံးရေးကော်မတီဝင်တွေအနေနဲ့ ဗဟိုကို အာခံပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့  ခေါင်းဆောင်မှုကိုသာ ခံယူမယ်ဆိုတဲ့အတွက် အရေး ယူခံရစရာ ရှိတယ်..။ အခုဟာက ဗဟိုအလုပ်အမှုဆောင်ဟာ န၀တနဲ့ နီးစပ်သွားတဲ့သဘောရှိနေတယ်..။ သူတို့ကို ဆန့်ကျင်တဲ့ မြို့ နယ်တွေကို သူတို့ခလုတ်နှိပ်လိုက်ရင် အရေးယူခံရစရာ ရှိတယ်..။ ဒီလိုအရေး ယူတာကို ကော်မတီအများစုက သိပ်မမှုကြပါဘူး..။ ဒါပေမဲ့ ရုံးခန်းအိမ်ပိုင်ရှင် မိသားစုများအတွက်တော့ နဲနဲထည့်စဉ်းစားကြဖို့ လိုမယ်လို့ အမျိုးမျိုး ဆွေးနွေးကြပါတယ်..။ တချို့ ကလည်း ဒီလောက်ဖောက်ပြန်တဲ့ ဗဟိုအလုပ်အမှုဆောင်နဲ့ မဆက်ဆံချင်တော့ဘူး…။ အဖွဲ့ ကထွက်မယ်..။ ဒီလို ထွက်ရင်လည်း ကြောက်လို့ ရှောင်တာလို့ ထင်ကြမယ်..။ မြို့ နယ်စည်းရုံးရေးကော်မတီကို ဖျက်မယ်..။ မြို့ နယ်စည်းကို မဖျက်ပဲ ရုံးကိုသာ ပိတ်လိုက်ရင်ကော..။ဒီလို..ဆွေးနွေးရင်း..ဆွေးနွေးရင်း မထိန်းနိုင်မသိမ်းနိုင် မျက်ရည်ကျလာတဲ့ သူတွေရှိသလို ၊ ကြမ်းကြမ်းတမ်းတမ်း ရေရွတ်ဆဲဆိုကြသူတွေလဲ ရှိလာကြတယ်..။ နေ့စဉ်ဆက်ဆံလာကြတာ..နှစ်နှစ်လောက်ရှိနေပြီး တက်တက်ကြွကြွ လုပ်နေကြတဲ့လူငယ် တွေ ဒီလိုဝမ်းနည်းပမ်းနည်း ဖြစ်နေတာကို ကြားနေရတဲ့ တဖက်ခန်းက အိမ်ရှင်ဦးအောင်ရှိန်ကလည်း.. “အစည်းအဝေးထဲ စည်းမရှိ ကမ်းမရှိ.ကျနော် ၀င်ပါတာတော့ မဟုတ်ပါဘူး..။ ကျနော်တို့အတွက်တော့ မငဲ့ပါ နဲ့..။ ဖြစ်ချင်တာဖြစ် ..အတူတူပေါ့ ” လို့ မျက်နှာပျက်ပျက်နဲ့ ၀င်ပြောပါတယ်..။

အဖွဲ့ အတွင်းမှာ အသက်အကြီးဆုံးလိုဖြစ်ကြတဲ့ ဦးမြမောင်ရယ်..၊ ဦးမြင့်သိန်းရယ်..၊ ကျနော်ရယ် နဲနဲညှိ ကြည့်ပါတယ်..။ ဦးမြင့်သိန်းက ရုံးကိုပိတ်၊ ဆိုင်းဘုတ်ချပေမဲ့ မြို့ နယ်စည်းရုံးရေးကော်မတီကိုတော့ မဖျက်ပဲ ထားချင်တယ်..။ ကျနော်ကတော့ ဆိုင်းဘုတ်ဖြုတ်ပြီး ရုံးပိတ်လိုက်ရင် ဗဟိုက အရေးယူမှာပဲ..။ အစကတည်း က ဗဟိုက ပေါင်းတည်ကို သိပ်ကြည်တာမှ မဟုတ်တာ..လို့ ပြောမိတယ်..။ ဦးမြမောင်ကလည်း ကော်မရှင်ရဲ့ စာကို ပြန်ကြည့်ပြီး “ ကော်မရှင်သွားပြီး လက်မှတ်ထိုးရမှာလည်း ဒီနေ့နေ့ခင်းပါလား..။ ဖုတ်ပူမီးတိုက်ပဲ..”လို့ ပြောပါတယ်..။ လက်မှတ်ထိုးရမယ်ဆိုတော့ လူငယ်တွေက ဗြုန်းခနဲ မခံချင်ဖြစ်လာကြပြန်ပါတယ်..။ “ လက်မှတ်မထိုးဘူး..” လို့ အော်ကြပြန်တယ်..။ သွေးဆူပြီး ဒေါသတွေဖြစ်ကုန်ကြပါပြီ..။ ကျနော်ကိုယ်တိုင်လည်း သွေးဆူလာပါတယ်..။

ကော်မရှင်ရုံးကို တဖွဲ့လုံးသွားပြီး လက်မှတ်ထိုးရမဲ့ ကိစ္စ ဟာ အလွန်ရှက်စရာကောင်းမယ်..။ ဘယ်လိုရှောင်မလဲ..။ လက်မှတ်မထိုးပဲ ဘယ်လိုနေမလဲ..။ ဇွတ်ပဲ..လက် မှတ်မထိုးဘူးလို့ ဖြစ်ချင်ရာဖြစ် ပေခံမလား..။ ဒေါ်အောင်ဆန်းစုကြည် ဖွဲ့ခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က တော့ မထွက်နိုင်ဘူး..။ မထွက်ချင်ဘူး..။ဒေါ်အောင်ဆန်းစုကြည်ကို ဘယ်သူမှလည်း ထုတ်ပိုင်ခွင့်မရှိဘူး..။ ထုတ်ပြန်တော့လည်း အများဆန္ဒမယူပဲ လုပ်တဲ့ ဗဟိုအလုပ်အမှုဆောင်ကိုသာ ဆန့်ကျင်ချင်တယ်.. ဆန့်ကျင်မယ်..။ ကျန်တဲ့ ဗဟိုဦးစီးအဖွဲ့တွေက ရှေ့ သို့ ဘယ်ခြေလှမ်းလှမ်းကြဦးမယ်…မသိရသေးတော့ …  မြို့ နယ်ရွေးကောက်ပွဲကော်မရှင်မှာ လက်မှတ်မထိုးရအောင်သာ ဘယ်လို ရှောင်တိမ်းကြမလဲ..။ စဉ်းစားတယ်။ သွေးကလည်း ပူနေပြီ..။ မခံချင်စိတ်ကပဲ ကြီးစိုးနေတယ်..။

ဒါ့ကြောင့် ကော်မရှင်ကို တစုတဝေး ကြီးသွားပြီး လက်မှတ်မထိုးရအောင် ဒီလိုလက်မှတ်ထိုးရမဲ့ မြို့ နယ်စည်းရုံးရေးကော်မတီကို ဖျက်လိုက် မယ်..။ စည်းရုံးရေးကော်မတီ မရှိရင် ဘယ်သူမှ စည်းရုံးရေးကော်မတီဝင်လည်း မဟုတ်တော့ဘူး..။ လက်မှတ်ထိုးစရာလဲ မလိုတော့ဘူး..။ လူငယ်အများကတော့ လက်မှတ်မထိုးရဘူးဆိုတာ သဘောကျတယ်..။ သွားပြီး အောက်ကျနောက်ကျ အညံ့ ခံပြီး လက်မှတ်မထိုးချင်ဘူး..။ ဒီလောက် စည်းစည်းလုံးလုံးနဲ့ လုပ်လာခဲ့တဲ့အဖွဲ့ကို ဖျက်ပစ်သလိုမို့ ၀မ်းလဲနည်းကြတယ်..။

ဦးမြင့်သိန်းက သူ့ထုံးစံအတိုင်း တည်တည်ကြီးနဲ့ အားလုံးကို ကြည့်တယ်..။ အသံလည်း တည်တည်ငြိမ်ငြိမ်ပဲ..။ ဒါပေမဲ့ တံတွေးမရှိပဲ မျိုမျိုချနေရင်းက စပြောတယ်..။

“ ဒီမှာ အခုနက ဆရာကြီး ပြောသလိုဆိုရင် ကော်မရှင်ရုံးသွားပြီး လက်မှတ်မထိုးရအောင် မြို့ နယ်စည်းရုံး ရေးကော်မတီကို ဖျက်မယ်ပေါ့။ဟုတ်လား..” ကျနော့်ဘက်ကို လှည့်ပြီး မေးပါတယ်..။

ကျနော်ကလည်း

“အင်းပေါ့..။လက်မှတ်မထိုးရအောင်ဆိုရင် ဒါပဲရှိတာပေါ့” လို့ အတည်ပြုပေးလိုက်တယ်..။

ဦးမြင့်သိန်းက အားလုံးကို ထပ်မေးလိုက်ပါတယ်..။ “ ဆရာကြီးပြောတာ..ရှင်းလား။ သဘောရောတူလား..။ သဘောမတူဘူးဆိုရင်လဲ ပြောကြ” လို့ ဖြေးဖြေးချင်း ပြောပါတယ်..။ သူကိုယ်တိုင်ကတော့ ဒီလိုသဘောတူချင်ပုံမရပါ..။ အားလုံးကလည်း ငြိမ်နေကြပါတယ်..။

စိုင်းနေညွန့်က ထပြီး “ ကျနော် နှုတ်ထွက်ပါတယ်” လို့ ပြောလိုက်ပါတယ်..။

ဦးဌေးလွင်ကလည်း “ကျနော်လည်း နှုတ်ထွက်မယ်” လို့ ပြောပါတယ်..။

ဒီတော့ ဦးမြင့်သိန်းက “ခင်ဗျားတို့ ထွက်မယ်ဆိုတာလည်း လက်မှတ်မထိုးချင်လို့ပဲ မဟုတ်လား..”လို့ မေးတော့ ဦးစိုင်းနေညွန့်က “ လက်မှတ်လည်း မထိုးချင်ဘူး..။ စည်းကော်မတီဖျက်တာလဲ မကြိုက်ဘူး” လို့ ပြောပါတယ်..။

“ဘာထူးလဲ ဗျာ..။ထွက်တော့လည်း စည်းကော်မတီထဲ မရှိတော့ဘူးပေါ့..”လို့ တယောက်က ၀င်ပြောပါတယ်။

“ကျနော်က စည်းရုံးရေးကော်မတီဥက္ကဌဆိုတော့ ကျနော်ကပဲ မေးမယ်..။ လက်မှတ်မထိုးပဲ နေလို့ရမဲ့ တခြား နည်း ရှိမလား..”လို့ ကျနော်က မေးပါတယ်..။

ဘယ်သူမှ ဘာမှမပြောတော့..။

ဦးမြမောင်က “ရုံးနဲ့ဆိုင်းဘုတ် ကိစ္စကော..”လို့ ခုနက အချက်ကို သဘောတူပြီးသွားပြီဆိုတဲ့ သဘောနဲ့ ဆက်မေးတယ်..။

ဦးမြင့်သိန်းကပဲ “ဒါတော့ သူ့အလိုလို ပါပြီးသားပေါ့..။ဆိုင်းဘုတ်လဲ ဖြုတ်၊ ရုံးလည်း ပိတ်ပေါ့..”လို့ ဖြေသလိုလို ပြောတယ်..။

ဒါဖြင့် မြို့ နယ်စည်းကော်မတီကို ဖျက်သိမ်းပြီး ရုံးပိတ်ဆိုင်းဘုတ်ဖြုတ်ရန် သဘောမတူသူ ရှိသေးလား” လို့ ကျနော်က နှုတ်ခမ်းသတ် အနားလုံးမေးလိုက်ပါတယ်..။ ဘာမျှ ဘယ်သူမှ မပြောကြတော့ပါ..။

နောက်တခုကတော့ အရင်က ငှားထားတဲ့ ပရိဘောဂတွေ ပြန်အပ်ဖို့နဲ့ အပြီးသတ် ပစ္စည်းစာရင်းပြုစုဖို့ ကော်မတီလေး ဖွဲ့ဖို့ပါဘဲ..။

“ ဒါကတော့ ဆရာကြီးရယ် ၊ဦးအေးသန်းရယ်..၊ ဦးသန်းထွန်းရယ်..၊ ဦးကြည်ဝင်းရယ်ပဲ လုပ်ကြပါ”လို့ ဦး မြင့်သိန်းက ပြောပါတယ်..။

ကဲ..မြို့ နယ်ကော်မရှင်ကို လက်မှတ်ထိုးမလာတော့ဘူး..ဆိုတာ အကြောင်းကြားဖို့ အစည်းအဝေးဆုံးဖြတ်ချက်စာ ရိုက်ကြမယ်..။ လက်နှိပ်စက်ကလေးကို နောက်ဆုံးအကြိမ် ရိုက်ကြဦးမယ်..။ ခါတိုင်း လက်နှိပ်စက်ရိုက်နေကျ ဦးကြည်ဝင်းက လက်နှိပ်စက်ထုတ်ပါတယ်..။ ကျနော်က စာကြမ်းရေးတယ်..။ ဦးစိုင်းနေညွန့်က အစည်း အဝေး မှတ်တမ်း အပြီးသတ်တယ်..။ကိုတင်ဦးက လာ..လာ..ဆိုင်းဘုတ်ဖြုတ်မယ်လို့ ဆိုတော့ အိမ်ရှင် ဦးအောင်ရှိန်က တူတွေသံတူရွင်းတွေယူပြီး ထွက်လာကြပါတယ်..။

သို့ – ပါတီစုံဒီမိုကရေစီ မြို့ နယ်ရွေးကောက်ပွဲကော်မရှင်၊

ပေါင်းတည်မြို့ ။

ရက်စွဲ။ ၂၉.၁.၉၂

အကြောင်းအရာ။  ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မြို့ နယ်စည်းရုံးရေးကော်မတီအား ဖျက်သိမ်းခြင်း။

အထက်ပါကိစ္စနှင့် ပတ်သက်၍ မြို့ နယ်စည်းရုံးရေးကော်မတီအစည်းအဝေးကို ယနေ့ (၂၉.၁.၉၂)နေ့ နံနက် (၉) နာရီတွင် ကျင်းပ၍ အများသဘောတူ အောက်ပါအချက်များကို ဆုံးဖြတ်ကြပါသည်..။

(၁) မြို့ နယ်စည်းရုံးရေးကော်မတီကို ဖျက်သိမ်း၍ ရုံးပိတ်ပြီး အခန်းအားအိမ်ရှင်သို့ ပြန်အပ်ရန်။

(၂) အဖွဲ့ မှ ငှားရမ်းထားသော ပစ္စည်းများ ၊ ပရိဘောဂများအား ပိုင်ရှင်များထံ ပြန်လည် ပေးအပ်ရေးနှင့် အဖွဲ့ပိုင်ပစ္စည်းများကို စာရင်းကောက်ယူပြုစုပြီး ယာယီထိန်းသိမ်း ထားရန်..။  ၁။ ဦးအုန်းနိုင် ၂။ ဦးအေးသန်း ၃။ ဦးသန်းထွန်း ၄။ ဦးကြည်ဝင်း တို့အားတာဝန် ပေးအပ်ရန်နှင့် ၎င်းအဖွဲ့က (၃)ရက်အတွင်း အပြီးပြုစုရန်။

(ပူးတွဲ၍ အစည်းအဝေးတက်ရောက်သူများ စာရင်းပေးပို့သည်)

အုန်းနိုင် ။ ဥက္ကဌ။

မြို့ နယ်စည်းရုံးရေးကော်မတီ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ။ ပေါင်းတည်မြို့ 

မိတ္တူကို ။ ။(၁)အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ တိုင်းစည်းရုံးရေးကော်မတီ၊ ပဲခူးတိုင်း။

(၂) ဗဟိုအလုပ်အမှုဆောင်အဖွဲ့ ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ရန်ကုန်မြို့ တို့သို့ သိရှိစေရန် ပေးပို့ပါသည်။

နောက်တရွက်ကတော့ အစည်းအဝေးတက်ရောက်သူများ စာရင်းရိုက်ပါတယ်..။ စာရိုက်၊ လက်မှတ်ထိုး၊ စာနံပါတ်သွင်း စတာတွေ လုပ်နေတုန်း ဦးစိုင်းနေညွန့်နဲ့ ဦးဌေးလွင်တို့ နှစ်ယောက်က သူတို့ရဲ့  နှုတ်ထွက်လွှာများကို ချက်ခြင်းရေးပြီးကျနော့်ကို လာပေးပါတယ်။ ခင်ဗျားတို့ တိုင်းစည်းရုံးရေးကော်မတီကိုသာ ပို့ပေတော့..။ ဒီမှာမြို့ နယ်စည်းမရှိတော့ဘူးလို့ ပြောပြီး သူတို့စာရွက်တွေ ပြန်ပေးလိုက်ရတယ်..။

စာတွေလက်မှတ်ထိုးပြီး မြို့ နယ်ကော်မရှင်ရုံးကို ကျနော်နဲ့ ဦးအေးသန်းနှစ်ယောက် ကိုယ်တိုင် သွားပို့ပါတယ်..။ ပေါင်းတည်မြို့ နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်တွေ လူစုံဖိတ်ထားပြီး ကျနော်တို့ကို စောင့်နေကြပါတယ်..။ ကျနော်တို့ လက်မှတ်ထိုးမဲ့ပွဲကို လာစောင့်နေကြတာပါ..။

ကျနော်တို့က စာကိုပေးတော့ “ ဒီမှာ လက်မှတ်ကလေး ထိုးသွားပါဦး ”လို့ ပြောသေးတယ်..။

“လက်မှတ်ထိုးစရာ မလိုတော့ဘူး..။ အဲဒီလို အညံ့ခံလက်မှတ်ထိုးတာ မလုပ်ချင်လို့ ” ပြောခဲ့ပါတယ်..။

(အပိုင်း ၂၁..ဒေါ်အောင်ဆန်းစုကြည်နဲ့ ဘ၀တူဖြစ်ပြီနဲ့ ဒီဆောင်းပါးကို အဆုံးသတ်ပါမယ်)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa Old Archives

Similar Posts