ရန်ဝင်း (တောင်တံခါး) – သီရိပစ္စယာ ဂူပြောက် ဂူဘုရား
(မိုးမခ) စက်တင်ဘာ ၁၁၊ ၂၀၁၅
ပုဂံမြို့ဟောင်းမှာ ဂူပြောက်အမည်နဲ့ ဂူဘုရားတွေ ရှိပါတယ်။ သီရိပစ္စယာ အရပ်မှာရှိတာကြောင့် သီရိပစ္စယာဂူပြောက် ဂူဘုရားလို့ အမည်ပေးထားတဲ့ ဘုရားအမှတ် (၉၉၅/၄၁၅-က) က မဟာဗောဓိပုံစံမျိုး ကွန်းထောင်ပါရှိတဲ့ ဂူဘုရားတစ်ဆူပါ။ ဗုဒ္ဓဂယာမှာရှိတဲ့ မဟာဗောဓိစေတီတော်ကြီးရဲ့ပုံစံကိုမှီငြမ်းပြီး ဂူဘုရားအထက်မှာ ကွန်းထောင်အဖြစ်ထည့်သွင်း တည် ဆောက်ထားပါတယ်။
သီရိပစ္စယာဂူပြောက်၊ ယခင် |
တည်ဆောက်တဲ့ခုနှစ်ကိုတော့ အတိအကျမပြောနိုင်ပေမယ်လို့ မဟာဗောဓိ ကွန်းထောင်ပါရှိတဲ့ ဂူဘုရားအများစု တည် ဆောက်ကြတဲ့ကာလ၊ ၁၃ ရာစုအတွင်းလောက်မှာ တည်ဆောက်ထားတာဖြစ်နိုင်တယ်လို့ ပညာရှင်များက ခန့်မှန်းထားကြ ပါတယ်။
သီရိပစ္စယာဂူပြောက်၊ ယခင် |
သီရိပစ္စယာဂူပြောက် ဂူဘုရားပုံစံက ပုဂံခေတ်လယ်ပိုင်းမှာ ဆောက်တည်တဲ့ မြင့်မြင့် စွင့်စွင့် မြန်မာပုံဂူဘုရားတွေနဲ့လည်း နည်းနည်းကွာခြားနေပါတယ်။ ရှေးပိုကျတဲ့ မွန်ပုံဂူဘုရားတွေအတွင်းမှာ တည်ဆောက်ထားသလို အာရုံခံခန်းမမှာ ခပ် မှောင်မှောင်ပဲရှိနေပြီး၊ ရှေ့မျက်နှာစာ မုခ်ပေါက်တစ်ခုတည်းပါဝင်တဲ့ ဂူဘုရားတစ်ဆူဖြစ်ပါတယ်။ အာရုံခံခန်းမနဲ့ ဂန္ဓကုဋီ တိုက်ကို ပိုင်းခြားထားတဲ့ အတွင်းဝင်ပေါက် မုခ်ဝ ၃ ခုပါဝင်တဲ့ခုံးကို တည်ဆောက်ထားပုံက ထူးခြားမှတ်သားဖွယ်ရာ ဖြစ်ပါ တယ်။
သီရိပစ္စယာဂူပြောက်၊ ယခင် မဟာဗောဓိ ကွန်းထောင် |
ဂူဘုရားအထက် ကွန်းထောင်အခြေမှာတော့ မွန်ပုံဂူဘုရားတွေလို အမိုးခုံးလျှောမဟုတ်ဘဲ၊ ပစ္စယံအဆင့်တွေကို ခံထားပါ တယ်။ အပေါ်ပိုင်းဆီကို ရှူးသွားတဲ့ ကွန်းထောင်ပတ်ပတ်လည်က အ၀ိုင်းပုံ အချိုင့်တွေအထဲမှာ လက်ရာမြောက်တဲ့ ရုပ်ကြွ ဗုဒ္ဓရုပ်ပွား ဆင်းတုတော်တွေ ရှိပါတယ်။
သီရိပစ္စယာဂူပြောက်၊ လက်သစ် အထွတ်မတင်မီ |
သီရိပစ္စယာဂူပြောက်၊ ယခု |
သီရိပစ္စယာဂူပြောက် ဂူဘုရား ကို ရပ်ရွာက ဗိုလ်ချိုမိ ဂူဘုရားလို့လည်း ခေါ်ကြပါသေးတယ်။ နယ်ချဲ့တွေ အုပ်စိုးနေတုန်းက ပုဂံနယ် နယ်ချဲ့တော်လှန်ရေးခေါင်းဆောင် သူရဲကောင်း အာဇာနည် ပုဂံ ဗိုလ်ချို ကို အဲဒီဘုရားထဲမှာ ဖမ်းမိသွားတဲ့အတွက် အမှတ်တရ အနေနဲ့ ခေါ်ကြတာ ဖြစ်ပါတယ်။
သီရိပစ္စယာဂူပြောက်၊ ပန္နက် ဆွဲပုံ |
ညောင်ဦးမြို့နယ်၊ ငါ့သရောက် ဇာတိဖွား နယ်ချဲ့တော်လှန်ရေးခေါင်းဆောင် သူရဲကောင်း အာဇာနည် ပုဂံဗိုလ်ချိုနဲ့ သား တွေ၊ ဆွေမျိုးတွေ၊ အပေါင်းအပါတွေက အေဒီ ၁၈၈၆ က ၁၈၉၅ အထိ၊ ၁၀ နှစ်နီးပါး နယ်ချဲ့အုပ်စိုးသူကို တော်လှန်ခဲ့ကြပါတယ်။ သစ္စာဖောက်တို့ရဲ့သတင်းပေးမှုကြောင့် ၁၈၉၅ ခုနှစ်မှာ သားနှစ်ဦးနဲ့အတူ ပုဂံဗိုလ်ချိုကို ဖမ်းမိသွားတာပါ။ ဇွန်လ ၃၀ ရက်၊ ၁၈၉၅ ခုနှစ်၊ ငါ့သရောက် မြနန္ဒာကန်တော်ကြီးကုန်းမှာ ကွပ်မျက်ခံရပြီး ကျဆုံးခဲ့ပါတယ်။
သီရိပစ္စယာဂူပြောက်၊ အာရုံခံခန်းမ |
ဒါကြောင့် ဗိုလ်ချိုမိဂူဘုရားလို့ခေါ်ကြတဲ့ သီရိပစ္စယာဂူပြောက်ဂူဘုရားက တည်ဆောက်ပုံ လက်ရာထူးခြားသလိုပဲ တော်လှန် ရေး သမိုင်းအစဉ်အလာရှိတဲ့ ဂူဘုရားတစ်ဆူဖြစ်ကြောင်း သတင်းပေးဖြန့်ဝေလိုက်ပါတယ်။
အညွှန်း။
ပုဂံသုတေသနလမ်းညွှန်၊ ဦးဗိုကေ၊ ပထမအကြိမ်၊ ၁၉၈၁
Pagan, Art and Architecture of Old Burma: Paul Strachan 2nd Edn. 1996
http://www.ygnnews.com
http://www.baganmyanmar.com
http://bagan.travelmyanmar.net