ရသဆောင်းပါးစုံ မောင်တူး

မောင်တူး – သက်ရှိပန်းချီ – အပိုင်း (၁၇)

မောင်တူး – သက်ရှိပန်းချီ  – အပိုင်း (၁၇)
(မိုးမခ) မေ၂၆၊ ၂၀၁၅ 

• ခွပ်ဒေါင်း ရဲဘော် ကျောင်းသားအိုကြီးတယောက်အကြောင်း
ဒီမိုကရေစီ ပညာရေး သပိတ်စတင်တဲ့ ၂၀၁၅ ခုနှစ် ဇန်န၀ါရီ ၂၀ ကစလို့ ခရီးရှည် လမ်းလျောက် ကျောင်းသားတွေထဲမှာ ကျောင်းသားမဟုတ်သူတွေ ပါနေတယ်လို့တိုးတိုးတမျိုး၊ ကျယ်ကျယ်တဖုံ အသံတွေထွက်လာတယ်။ အောင်မှိုင်းဆန်းက ကျောင်းသားမဟုတ်ဘူး ဆိုတာလည်း ပြောကြရဲ့။ နန္ဒစစ်အောင်က ကျောင်းသားမဖြစ်နိုင်ဘူးလို့လဲ ဆိုပြန်တယ်။ အဝေးသင်တွေ အပြင်ဖြေတွေက ကျောင်းသားမဟုတ်ပြန်ဘူးလို့လဲ ကြားရပြန်တယ်။ ရှစ်လေးလုံး အရေးတော်ပုံကစ ဖွဲ့စည်းလာတဲ့  ကျောင်းသားတပ်မတော်မှာတော့ ကျောင်းသားစိတ်ဓါတ် ရှိသူအားလုံးကို ကျောင်းသားတပ်မတော်သား(တပ်ဖွဲ့ဝင်) အဖြစ် လက်ခံထားခဲ့ပါတယ်။ ဒါကြောင့်လည်း ကျောင်းသားတပ်မှာ ဆရာဝန်၊ အင်ဂျင်နီယာ၊ လယ်သမား၊ အလုပ်သမားနဲ့ ကျောင်းဆရာ တွေပါဝင်ခဲ့တယ်။ ဒီနေ့မှာတော့ ကျောင်းသားလည်း ဖြစ်ခဲ့ အလုပ်သမားလည်း လုပ်ခဲ့ ကျောင်းဆရာလည်း ဖြစ်ခဲ့သူ တယောက်အကြောင်း ကွယ်လွန်ချိန်တိုင်အောင် ကျောင်းသားတပ်မတော်သားအိုကြီးဘ၀နဲ့ နေသွားခဲ့သူ အကြောင်း သတိရနေပါတယ်။

သူနဲ့ကျနော်စတွေ့ချိန်မှာ သူက မျှစ်တွေချိုးပြီး ယူလာတယ်။။ ကျနော်တို့ ကျောင်းသားတပ်မတော် ခံစစ်စခန်းကုန်းပေါ် တက်လာတာ မှတ်မိနေသေးတယ်။ ၁၉၉၁ ခုနှစ်ကုန်ပိုင်း လွန်ခဲ့တဲ့ နှစ် အစိတ်လောက်ကပေါ့။  ကျနော်တို့က မာနယ်ပလောခံစစ်။ န၀တ စစ်အစိုးရဖက်က မာနယ်ပလောထိုးစစ်။ မိုးဦး ဘီလူး တဒိန်းဒိန်း တဒိုင်းဒိုင်းနဲ့ စစ်ခင်းနေချိန် ကျနော့်ကိုတွေ့တော့ သူက မေးလိုက်တယ်။ ပဲခူးက မောင်တူး ဆိုတာ မင်းလားတဲ့။ ကျနော် သုံးခွကပါ။ ပဲခူး၊ က၀ဆိုတာကတော့ အမေ အဖေ ဇာတိပါလို့ ပြန်ပြောလိုက်တော့ သူက ကိုယ့်မိဘတွေလည်း က၀ ဇာတိဘဲလို့ ပြုံးပြီးပြောတယ်။ ကိုယ့်နယ်သားချင်း ကျောင်းသားတပ်မတော်မှာ လာဆုံတော့ တွေ့ချင်လို့  ပါတဲ့။ ဒါက သူနဲ့ကျနော် စတွေ့ခဲ့ပုံ။ တောင်ပေါ်တက်လာတဲ့လမ်းတလျောက် ၀ါးတောက  ချိုးယူလာတဲ့ မျှစ်တွေကို သူက ဒါးနဲ့အစိပ်ကလေးတွေ ဖြစ်အောင် လှီးတယ်။ ပြီးတော့ နူးအောင်ပြုတ်။ ဆန်ကိုရေစိမ် ထောင်းထည့်။ မျှင်ငါးပိ၊ ဆား၊ ဟင်းချိုမှုန့််၊ ဆူးပုတ်ရွက်၊ ကြက်သွန်နဲ့ နနွင်းခတ်လိုက်တော့ မျှစ်တာလပေါဟင်း ဖြစ်သွားတယ်။ ကျနော်တို့ အတူစားကြတယ်။ သူဟာ ကျနော့ဆီ ဧည့်သည်လာလုပ်ရင်းကတောင် မျှစ်တာလပေါဟင်း ချက်ကျွေးသွား သလို နောက်ပိုင်း နှစ်တော်တော်များများ ကြာအောင် ကျနော်တို့ မကြာခန ဟင်းအတူတူ ချက်စားခဲ့ကြ ဖူးတယ်။ သူက ကျနော်ထက် အသက်ကြီးတယ်။ ABSDF ကျောင်းသားတပ်ဦးရဲ့ ဗဟိုကော်မတီဝင်လည်း ဖြစ်တယ်။ သူက ဗဟိုရုံးမှာ ကျနော်က ပြန်ကြားရေးဌာနမှာ ဒေါင်းဂွင်ဧရိယာမှာ အတူနေခဲ့ကြတယ်။ သူဟာ အပင်ပမ်းခံနိုင်တယ်။ အလုပ်ကြမ်းတွေလည်း လုပ်တယ်။ အလုပ် အတူတူ လုပ်ချိန်ဆို သူက ပိုလုပ်တယ်။ အနစ်နာခံတယ်။ သူနေမကောင်းရင် တခြားရဲဘော်တွေ မသိစေရဘူး။ တခြားသူတွေ ဖျားနာနေရင်သူ ရောက်လာတယ်။ လူနာမေးတယ်။ ပြုစုတယ်။ ကျနော်ငှက်ဖျားဖြစ်တိုင်း သူလာပြုစုတတ်တယ်။ သူနေမကောင်း ဖြစ်ချိန်တိုင်း ကျနော်မသိတာများတယ်။  ခရီးကြမ်းတွေလည်းနှင်တယ်။ တခါတလေ စကားတွေ ဒေါသနဲ့ ကြမ်းကြမ်းပြောသလို စစ်ပွဲတွေကိုလည်း ၀င်တိုက်တတ်တယ်။ သူကတော့ ကွယ်လွန်သွားပြီ ဖြစ်တဲ့ ကိုတိတ် (ခွပ်ဒေါင်းကျောင်းသားအိုကြီး ဦးမောင်မောင်တိတ်) ဖြစ်ပါတယ်။ ဒီနေ့မှာ သူ့အကြောင်း ပြောနေရတာကတော့ မေလ ၂၃ ရက်ဟာ သူမွေးနေ့ ဖြစ်နေလို့ပါ။

၂၀၁၅ ခုနှစ် မေလ ၂၃ ရက်မှာ ဒေါင်းအိုးဝေကို ကျနော် ဖတ်တယ်။ အရင်ကတော့ ဒေါင်းအိုးဝေ စာစောင်ပါ။ အခုတော့ ဒေါင်းအိုးဝေ မဂ္ဂဇင်း ဖြစ်နေပါပြီ။ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမို ကရက်တစ်တပ်ဦး (မကဒတ)All Burma Students’ Democratic Front (ABSDF)  ကျောင်းသားတပ်မတော် ကို စတင် တည်ထောင်တဲ့ ၁၉၈၈ ခုနှစ်ကတည်းက ဒေါင်းအိုးဝေစာစောင် စထုတ်ခဲ့ပါတယ်။ ကျနော်တို့ ကျောပိုးအိတ်တွေထည်းမှာ ဒေါင်းအိုးဝေ အမြဲပါတယ်။ မနှစ်က ငွေရတုဒေါင်းအိုးဝေ ထုတ်တယ်။ ဒီနှစ်တော့ ၂၆ နှစ်မြောက် အထူးထုတ်ကို ဖတ်နေတုန်း ၀မ်းနည်းမှတ်တမ်းနေရာမှာ ရောက်တော့ – ( ရဲဘော်မောင်မောင်တိတ် (၁၉၅၀- ၂၀၁၄) ကိုယ်ရေးအထ္ထုပ္ပတ္တိ။ ။ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမို ကရက်တစ်တပ်ဦး(ကျောင်းသားတပ်မတော်)တပ်ဖွဲ့ဝင် ရဲဘော်မောင်မောင်တိတ် (ကပ/၄၄၉၂)ကို အဖဦးရိုးထွန်း၊ အမိဒေါ်သိန်းညွန့်တို့မှ ၁၉၅၀ ခုနှစ် မေလ ၂၃ ရက်နေ့တွင် ပဲခူးတိုင်း၊ က၀မြို့နယ်၊ မမောက်ကျေးရွာ၌ မွေးဖွားခဲ့သည်။ ) ဆိုတာ ဖတ်မိတော့မှ သူ့မွေးနေ့ဟာ ဒီနေ့ မေ ၂၃ ဆိုတာ သတိထားမိတယ်။ တကယ်တော့ သူ့မွေးနေ့တရက်မှာပဲ သူနဲ့ကျနော် ကျောင်းသားတပ်မတော် ဌာနချုပ် ဒေါင်းခွင်ကနေ ၁ နာရီလောက် စက်လှေ မောင်းသွားရတဲ့ သံလွင် စခန်းက ဆရာတော် ဦးသံဝရရဲ့ ကျောင်းကို သွားခဲ့ဘူးတယ်။ သူက ပဲ့ထောင်စက်လှေကို မောင်းနိုင်သူမို့ သူမောင်းတဲ့လှေနဲ့ သူ့မွေးနေ့ အထိမ်းအမှတ် ဘုန်းကြီးကျောင်းသွား အလှုလုပ်ခဲ့ကြတာ့ သတိရနေမိရဲ့။

အဲ့ဒီမှာ သူက ၁၉၇၄ ခုနှစ် ဒီဇင်ဘာလက ဖြစ်ခဲ့တဲ့ ဦးသန့်အရေးအခင်း အကြောင်းကို ပြောပြလို့ ကျနော် သိခဲ့ရတယ်။ ကိုတိတ်ဟာ ပဲခူးကနေ အထက်တန်း အောင်ပြီး ၁၉၇၀ ခုနှစ်မှာ ရန်ကုန် ၀ိဇ္ဇာသိပ္ပံ တက္ကသိုလ်မှာ စိတ်ပညာအဓိကနဲ့ တက်ခဲ့တယ်။ ၁၉၇၄ ခုနှစ် ကျောင်းသားလှုပ်ရှားမှု (ဦးသန့်အရေးတော်ပုံ)မှာ မန္တလေးဆောင် အမှုဆောင်လုပ်ခဲ့လို့ အဖမ်းခံရပြီး ထောင် ၅ နှစ် ကျခဲ့တယ် ဆိုတာတွေ သိခဲ့ရပါတယ်။ ၅ ရက် ဒီဇင်ဘာ ၁၉၇၄ ခေါင်းစဉ်နဲ့ ဦးသန့် အရေးတော်ပုံ ဆောင်းပါးကို ဒေါင်းအိုးဝေမှာ သူရေးခဲ့ပါတယ်။ ဒီမှာတင် မဆလခေတ် ကြိုးပေးခံခဲ့ရတဲ့ ကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင်ဦးအကြောင်း၊ ဦးသန့် အရေးတော်ပုံ၊ မှိုင်းရာပြည့် အရေးတော်ပုံတွေကို သိလာရတာပါ။

ကိုတိတ်၊ ဦးတိတ်၊ အဘတိတ်၊ မောင်မောင်တိတ် စသဖြင့် ကျနော်တို့ အမျိုးမျိုးခေါ်ကြတဲ့သူ့အမည်ဟာ ကျောင်းသားတပ်တခုလုံးတင်မက ကေအင်န်ယူ ဌာနချုပ် မာနယ်ပလော၊ ကချင်၊ ကယား၊ ရခိုင်စတဲ့ လက်နက်ကိုင် တပ်ပေါင်းစုတွေကြားမှာ မွှေးပျံ့လို့နေပါတယ်။ သူဟာ ဦးသန့် အရေးတော်ပုံမှာ ထောင် ၅ နှစ်ကျသလို၊ ၁၉၈၂ ခုနှစ်ကလည်း ပုဒ်မ ၅ ည (အရေးပေါ်စီမံချက်ဥပဒေ) နဲ့ ၂ နှစ်ထပ်ကျခဲ့ပါသေးတယ်။ သူဟာ သူနဲ့သိမီကြုံတွေ့ခဲ့တဲ့ ကျောင်းသားသမိုင်းကို မှတ်တမ်းတင်သလို၊ ဘက်စုံ သမိုင်းဆိုင်ရာ တွေကိုလည်း လေ့လာခဲ့သူ သုတေသနလည်း လုပ်နေခဲ့သူ လူငယ်တွေကိုလည်း ဟောပြောပို့ချခဲ့သူ၊ ရွယ်တူတွေကိုလည်း တိုင်ပင်နှီးနှော ဆွေးနွေးခဲ့သူပါ။ သူပြောခဲ့သမျှထဲ မှတ်မှတ်ရရကတော့ ((( ကျောင်းသားတွေအပါအ၀င် မိဘပြည်သူ တရပ်လုံး အခွင့်အရေးအတွက် ရှေ့တန်း တပ်ဦးက စတင် ဦးဆောင် တော်လှန်သူတွေဟာ ကျောင်းသားတွေပဲကွ။ ဒီလိုတော်လှန်တဲ့စိတ်ဟာ ကျောင်းသားစိတ်ပဲ။ ဒီစိတ်ရှိသူတိုင်း ကျောင်းသားပဲ၊ ကျောင်းတက်နေချင်တက်မယ်။ ဆန္ဒပြသပိတ်မှောက်နေချိန်လဲ သူပါချင်ပါနေမယ်။ ထောင်ထဲရောက်နေချိန် လည်း ဖြစ်ချင်ဖြစ်မယ်။ အခုလို တောထဲမှာ လက်နက်ကိုင်နေချင်လည်း ကိုင်နေမယ်။ လယ်သမားဖြစ်ဖြစ်၊ ကုန်ကုန်ပြောမယ် ကျောင်းဆရာ ဖြစ်နေရင်တောင် ကျောင်းသားစိတ်ရှိနေရင် ကျောင်းသားပဲကွ။))) ဆိုပြီး ဒေါင်းခွင်ဌာနချုပ် အခမ်းအနားတခုမှာ ဆိုခဲ့ပါတယ်။ ဒါကြောင့်လည်း ကျောင်းသားတပ်မတော်မှာ အသက် ၆၄ နှစ် ကွယ်လွန်ချိန် အထိ ကျောင်းသားအိုကြီး ရဲဘော် မောင်မောင်တိတ် အဖြစ်နဲ့ပဲ တာဝန်မျိုးစုံ ထမ်းဆောင်သွားနိုင်ခဲ့တာပါ။ ပြောချင်သူတွေက ၆၄ နှစ် အဖိုးကြီးက ကျောင်းသားမဟုတ်ဘူးလို့ ပြောဦးမလား မသိပါ။

သူနဲ့ ကျနော် ကျောင်းသားတပ်မတော် ဌာနချုပ် ဒေါင်းခွင်မှာ စကားတွေ အများကြီး ပြောခဲ့ကြတယ်။ ဒါကြောင့် သူအကြောင်းတွေ သိခွင့်ရခဲ့တာပေါ့။ ကျောင်းသားအိုကြီး ရဲဘော် မောင်မောင်တိတ်ဟာ ၁၉၈၈ မတိုင်ခင်အထိ ပဲခူးမြို့မှာ စက်ရေတွင်းတူး အလုပ်လုပ်ခဲ့သလို၊ ကျူရှင်ဆရာလည်းလုပ်ခဲ့တယ်။ သူ့ဇာတိ မမောက်ရွာမှာ ကျောင်းဆရာလည်း လုပ်ခဲ့တယ်။ ၈၈၈၈ မှာ ပဲခူးမြို့ကနေ ပါဝင်ခဲ့ပြီး ၁၉၈၈ ခုနှစ် စက်တင်ဘာ ၁၈ စစ်အာဏာသိမ်းတဲ့အခါ ကရင်ပြည်နယ်ကို တောခိုလာခဲ့တယ်။ တပ်ရင်း ၂၀၉ သံလွင်စခန်းကို ရောက်လာပြီး တာဝန်အဆင့်ဆင့် အမျိုးမျိုးထမ်းဆောင်ခဲ့ရာမှာ ဗဟိုကော်မတီဝင်၊ ရှေ့တန်းစစ်ကြောင်းမှုး၊ ဗဟိုတရားသူကြီးတာဝန်တွေပါဝင်ခဲ့ပါတယ်။

သူ့နဲ့ကျနော် ကျောင်းသားတပ်မတော် စစ်ကြောင်းတခုထည်းမှာ အတူတွဲတိုက်ခဲ့ဘူးတယ်။ စောထတိုက်ပွဲမှာဆို ကျနော်တို့ဖက်က အကျအဆုံး တချို့ရှိခဲ့တယ်။ တပ်မှုးတဦး ဖြစ်တဲ့ ဦးတိတ်ဟာ ခံစစ်ကတုတ်တွေထည်းထိ လိုက်လံ အားပေးစကား ပြောခဲ့တယ်။ အိမ်ထောင်ပြုတာကို သူက အားမပေးခဲ့ပါ။ ရဲဘော်တယောက် မိန်းမယူတိုင်း သူက စိတ်မကောင်း ဖြစ်တတ်ပါတယ်။ တော်လှန်ရေးအတွက် အားတခု လျော့သွားပြီလို့ ပြောလေ့ရှိတယ်။ ဒါပေမယ့် မင်္ဂလာဆောင်ပွဲကိုတော့ သူက ဦးဆောင်လေ့ရှိတယ်။ လူကြီးအနေနဲ့ ဆုံးမစကားတွေ ၀င်ပြောတတ်တယ်။ ဒါနဲ့ပဲ မာနယ်ပလောခံစစ် ကျတယ်။ ဒါးဂွင်က ဆုတ်ခဲ့ကြရတယ်။ စခန်းတွေ ပြောင်းကြ။ ရွှေ့ကြနဲ့ ကရင်နီဒေသကို ဒေါင်းဂွင်ဗဟိုပြောင်းတယ်။ နောက်ထပ် ကရင်နယ်ဖက်ပြန်ပြောင်း ဟိုပြောင်းသည်ပြောင်း ဖြစ်နေပေမယ့် ကျောင်းသားအိုကြီး ရဲဘော် မောင်မောင်တိတ် ကတော့ စိတ်မာဆဲ။ ၂၀၀၀ ပြည့်နှစ် အောက်တိုဘာလ ၂၄ ရက် (ကမ္ဘာ့ကုလသမဂ္ဂနေ့) မှာ တော့ အိမ်ထောင်ပြုတာကို ဆန့်ကျင်လေ့ရှိတဲ့  ကျောင်းသားအိုကြီး ရဲဘော် မောင်မောင်တိတ်ဟာ ပရဟိတ သမားတဦး ဖြစ်တဲ့ မမေမေကြည်နဲ့ အိမ်ထောင်ပြုခဲ့ပါတယ်။ တော်လှန်ရေးအတွက် အာနည်းသွားမှာမို့ ဦးတိတ် လက်မထပ်ရဘူးလို့ ကျနော်တောင် နောက်ခဲ့ပါသေးတယ်။ သူတို့မှာ သားကလေးတယောက်ထွန်းကားခဲ့ပါတယ်။

ကျောင်းသားအိုကြီး ရဲဘော် မောင်မောင်တိတ် ဟာ  မနှစ်က၂၀၁၄ ခုနှစ် စက်တင်ဘာလ ၁၁ ရက်မှာ ကွယ်လွန်သွားပါတယ်။ သူမမာမကျန်းဖြစ်ချိန် ကျနော်လည်း နေမကောင်းနေလို့ မသွားနိုင်ခဲ့ပါ။ သူ့အကြောင်း ဂုဏ်ပြုစာ ရေးချင်ပေမယ့် ကျနော့်လက်တွေက မလှုပ်ရှားနိုင်ခဲ့ပါ။ ဒါပေမယ့် ကျနော့် ရေးချင်စိတ်ကတော့ ပျောက်မသွား။ ရေးနိုင်လာချိန်ကျတော့လည်း အကြောင်းမတိုက်ဆိုင်ခဲ့။  ဒီနေ့ မှတ်မှတ်ရရ ဒေါင်းအိုးဝေ ဖတ်မိချိန် ၀မ်းနည်းမှတ်တမ်းမှာ သူ့ရဲ့ မွေးနေ့ မေလ ၂၃ ရက်ကိုတွေ့တော့ အမှတ်တရ ရေးလိုက်ရပြီပေါ့။ ၁၉၅၀ ခုနှစ်မွေးဆိုတော့ သူရှိနေသေးရင် ၆၅ နှစ်ပေါ့။ ဒါပေမယ်သူဟာ နောက်ဆုံး အချိန် အထိ ကျောင်းသားပါ။ ကျောင်းသားတပ်မတော်ရဲ့ ခွပ်ဒေါင်းအလံအုပ် အလေးပြု ပြီးမှ သူ့ရုပ်ကလပ်ကို သင်္ဂြိုလ်ခဲ့ကြပါတယ်။

သူကွယ်လွန်သွားတာ တနှစ်ပတ်လည်ပြည့်ဖို့ တဖြည်းဖြည်းနီးလာနေပါပြီ။ ဒါပေမယ့် ကျောင်းသား တပ်မတော် ယူနီဖေါင်းနဲ့ သူစကားပြောနေပုံတွေ၊ စစ်မြေပြင်မှာ သေနပ်တလက် လွယ်လျက်နဲ့ ရဲဘော်တွေကို အားပေးစကားပြောနေပုံတွေ၊ တပ်နားချိန်တွေဆို ရဲဘော်တွေကို အင်္ဂလိပ်စာ သင်ပေးနေပုံတွေ၊ ဖေါက်ပြန်တဲ့ အတွေးအမြင် ရှိသူတွေနဲ့ စကားပြောချိန် ဒေါသဖြစ်နေပုံတွေ၊ ငှက်ဖျားမိနေတဲ့ ရဲဘော်လေးတွေကို ဖခင်သဖွယ် အားပေးနေပုံတွေ၊ ဒေါင်းခွင်ဗဟို စားဖိုဆောင်မှာ ပုဆိန်တလက်နဲ့ ထင်းခွဲနေပုံ၊ ပေါက်တူးတလက်နဲ့ မြက်ရှင်းနေပုံ၊ မျှစ်ပလိုင်းကြီးကို လွယ်လာပုံ၊ သံလွင်မြစ်ထဲ စက်လှေမောင်းနေပုံတွေ မြင်ယောင်နေဆဲပါ။

ဒါပေမယ့် တချို့ကတော့ ဒီမိုကရေစီပညာရေး သပိတ်မှောက်ကျောင်းသားတွေဟာ ကျောင်သားတွေ အစစ်တွေ မဟုတ်ဖူးလို့ ပြောကြသလို ခွပ်ဒေါင်း ကျောင်းသားအိုကြီး ရဲဘော် မောင်မောင်တိတ် ကိုလည်း ကျောင်းသား မဟုတ်ဖူးလို့ ပြောကြဦးမယ် ထင်ပါရဲ့။ ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa English Site

Similar Posts

One thought on “မောင်တူး – သက်ရှိပန်းချီ – အပိုင်း (၁၇)
  1. Comrade Maung Maung Taik is not only a good political activist, a soldier,revolutionist, teacher but also a good follower who respect elder people. He helped sick people with Acupuncture ,traditional Medicine in addition to western medical Knowledge and skills.Devoted Buddhist with meditation practice regularly.May you be Peace in Mind & Body- intimate friend Dr. Maung

Comments are closed.