ဗိုလ်ထက်မင်း ဝေဖန်ရေးရာ

ဗိုလ်ထက်မင်း – ငြိမ်းချမ်းရေးမြတ်နိုးရင် တပ်မတော်သားများကို ဘာကြောင့် အဓမ္မ စစ်တိုက်ခိုင်းနေရတာလဲ? – ၂

 

ဗိုလ်ထက်မင်း – ငြိမ်းချမ်းရေးမြတ်နိုးရင် တပ်မတော်သားများကို ဘာကြောင့် အဓမ္မ စစ်တိုက်ခိုင်းနေရတာလဲ? – ၂

(မိုးမခ) ဧပြီ ၅၊ ၂၀၁၅

၁။ တပ်မတော်ကို အရည်အသွေးရှိရှိ အဆင့်အတန်းမြှင့်မြှင့် Standard Army ဖြစ်လာဘို့ ဖြည့်ဆည်း လေ့ကျင့်နေတယ် ဆိုပေမဲ့ လောက်ကိုင်ဒေသဧရိယာ တိုက်ပွဲဖြစ်စဉ်တွေမှာဗိုလ်မှူးကြီး၊ဒုဗိုလ်မှူးကြီးအဆင့်ထိ ကျဆုံးဒဏ်ရာရသူတွေ များနေတာမို့စမ်းသပ်မခံရဲတဲ့ အခြေအနေ ဖြစ်ပေါ်နေပါတယ်။ တပ်မတော်ဟာ  အုပ်ချုပ်ရေးစွမ်းရည်၊ စည်းရုံးရေးစွမ်းရည်၊ စစ်ရေးစွမ်းရည်၊တကယ်ဘဲ ထက်မြက်နေပြီလား၊စစ်အင်္ဂါစဉ်၊ W.E (war establishment) လို့ခေါ်တဲ့ ဖွဲ့စည်းပုံအင်အား၊ တွေဟာ စနစ်တကျ နဲ့ အမှန်ဘဲ တောင့်တင်း နေပြီလား၊ တပ်မတော်အရာရှိကြီးတွေရဲ့ Power line up ရာထူး၊အဆင့် တန်းစီထားရှိမှူ တကယ်ကော မျှတရဲ့လား၊ Duty Function လို့ ခေါ်တဲ့တာဝန်နဲ့လုပ်ပိုင်ခွင့်အာဏာဖြန့်ကျက်မှု အထက်၊အောက်  တာဝန်ကျေပြွန်စွာ ထမ်းဆောင်နိုင်ပါ့မလား ဆိုတာ လက်ရှိဖြစ်စဉ်တွေနဲ့အတူ အပိုင်းလိုက်သုံးသပ်သွားပါ့မယ်။

၂။ ကျွန်တော် ကကနက် (စစ်လက်နက်ပစ္စည်းညွန်ကြားရေးမှူးရုံး) ကို တာဝန်တခုနဲ့ ရောက်သွားခဲ့တုံးက ဖြစ်စဉ်တခုတင်ပြချင်ပါတယ်။ အဲဒီရုံးက အရာခံဗိုလ်ကြီးတစ်ဦးကို ရင်းနှီးမှုအရ နှူတ်ဆက်ခဲ့ပါတယ်-

          “ နေကောင်းတယ်။ဗိုလ်ကြီးကော နေကောင်းလား”

“ ကောင်းပါ့ဗျာ၊ ဒါနဲ့  ဆရာကြီးစားပွဲပေါ်က စာရင်းဇယားတွေနဲ့များလှကြီးလား၊ ဘာတွေတုံး?”

“ ဗိုလ်ကြီးရေ၊ တရုတ်က ကျွန်တော်တို့ကို ဒေါ်လာသန်း၂၀၀၀ ဘိုး စစ်လက်နက်ပစ္စည်းပေးတာပါ၊ လက်နက်ငယ်၊ လက်နက်ကြီး RPG၊ အမြောက်၊ ကြည်း၊ရေနှစ်သွယ်မောင်းလို့ ရတဲ့တင့်ကားတွေ ဂျက်လေယာဉ်တွေလည်းပါတယ်၊ စစ်ရေယာဉ်တောင်ပေးမယ်လို့ သူတို့ စဉ်းစားနေတယ်၊ အားရစရာကြီးဗျာ၊ အိမ်နီးချင်းနိုင်ငံတွေကို ကြောက်စရာမလိုတော့ဘူး”

“ကောင်းတာပေါ့၊ နို့သူတို့က ဒါတွေကို ပေးတာဟာ အလကားပေးတာတော့ မဟုတ်တန်ဘူး၊”

“ဆိုင်းငံ့ကာလ နဲ့ အရစ်ကျပြန်ဆပ်ရမယ်၊ လက်ငင်းမပေးရတာကြောင့်မရှိတာနဲ့စာရင် တော်တာပေါ့”

“ဟုတ်ပါတယ်၊ဒါပေမဲ့ နွားမ ရွံ့ပိတ်ဖြစ်ရင် နောင် အန္တာရယ်ဖြစ်လာဘို့ အကြောင်းမြင်တယ်”

၃။ မကြာခင်မှာဘဲစားသောက်ဆိုင်တခုမှာ ဆုံဘို့ချိန်းထားတဲ့ မိတ်ဆွေ ရကတ၊ စစ်ဦးစီး(တတိယတန်း) နောက်ကျရောက်လာခဲ့ကာ သူပြောပြလို့ တရုတ်ဇာတ်လမ်းဆက်ကို သိခဲ့ရပါတယ်-

  “ ဆောရီးဗျာ၊ G-1 စစ်ဦးစီးမှူး (ပထမတန်း) က ခေါ်ခိုင်းနေလို့ နောက်ကျသွားတယ်။”

“ဟုတ်လား၊ မိုးချုပ်နေပြီ၊ မင်းဆရာက အရမ်းအားထည့်နေပါလား။ ဘာတွေဖြစ်နေတာတုံး။”

“အကိုကြီးရေ၊ သီလဝါဆိပ်ကမ်း ဆိုက်ကပ်လာတဲ့ သင်္ဘောပေါ်က တင့်ကားတွေကို သယ်ဘို့ခိုင်း နေတာလေ၊ လူတွေမရိပ်မိအောင် ယာဉ်တန်း ညကြီး သယ်ရမယ်တဲ့ဗျာ။ တာလပတ်အုပ်ခိုင်းထားတယ်။ ဒါတောင်  ကျွန်တော်က ညဘက် ကလပ်၊ ကာရာအိုကေကပြန်လာတဲ့ အရက်မှူးသမား ပါတဲ့ကားတွေ တားဘို့  ရှေ့ပြေး ယာဉ်ထိန်း မော်တော်ဆိုင်ကယ်လိုတယ် ဇွတ်ပြောမှ ဆရာကလက်ခံသွားတယ်၊ သူက အဲဒီအနားကို  အကောက်ခွန်၊ ရဲတွေကို တောင်မယုံလို့ အနားမကပ်ခိုင်းဘူး အကိုကြီးရေ၊ ဦးဏှောက်စားတယ်၊”လို့ပြောသွား ပါတယ်။ 

စကားစမြည်ပြောကြရာမှာ တရုတ်က ဒီလိုကူညီပေးတဲ့အတွက် ကျေးဇူးတင်ပေမဲ့ ကိုယ့်နိုင်ငံမှ  သယံဇတပစ္စည်းများကို နယ်စပ်၊ export ပါ ဈေးပေါပေါနဲ့ပေးရသလို ဂက်စ်နဲ့လည်း ကျေးဇူးဆပ်ပြီးပြီဟု  မြင်ကြပါတယ်။ 

၎။ တရုတ်တင့်ကားT-63/69 တွေဟာ ကြည်း ရေနှစ်သွယ်သွား ဆိုပေမဲ့ မိတ္ထီလာ ရေသေရေကန်သာရပြီး ငွေဆောင်လိုမျိုး ပင်လယ်ရေလှိုင်းဒဏ်မှာ ကျတော့ တင့်ကားအမြောက်ကြီးဟာ ရေထဲမှာ ချာလပါတ်လည် နေပါတယ်။ လေတပ်ကို ပို့လိုက်တဲ့ A-5 ဂျက်တွေဟာ တရုတ်မှာ စက်ရုံဖျက်ခါနီး ငွေပေါ်အောင် ဂျင်း ထဲ့လိုက် တာဖြစ်သလို F-7 တွေဟာ ဘင်္ဂလားဒေ့ရှ်က ဝယ်တာချင်းအတူတူ ပိုညံ့နေပြီး လေထဲတက်ခါနီး ပျက်ကျသွားတာကြောင့် နိုင်ငံ့လေသူရဲများ ဆုံးရှူံးကျဆုံးခဲ့တာ နှမြောစရာဖြစ်ပါတယ်။

လောက်ကိုင်၊ တရုတ်နယ်စပ်ထဲကျသွားတဲ့ ဗုံးဟာ တရုတ်လုပ်လေယာဉ်က ကျဲချလိုက်တာမို့ လေယာဉ်ရဲ့စွမ်းရည်ညံ့ဖျင်းတာကြောင့် တရုတ်လူမျိုးတွေ ထိကုန်ပြီး  တောင်းပန်လိုက်ရတယ်။ တရုတ်လုပ်ဂျက်ကြောင့် တရုတ်ကို ခယနေရတာ အမှတ်မရှိဘဲ တရုတ်က စိတ်မဝင်စားလို့ ဘောလီဘောပုတ်လိုက်တဲ့ ပါကစ္စတန်နဲ့ ဖက်စပ် JF-17 ဂျက် ထပ်ဝယ်ဘို့ လုပ်နေပြန်ပါတယ်။ နိုင်ငံတကာဈေးကွက်ပျောက်တဲ့ယာဉ်၊ စစ်မြေပြင်မှာမစမ်းသပ်ရသေးတာမို့  သတိပြုဖို့လိုပါတယ်။

၅။ နဝတတက်ခါစ တရုတ်မှ စစ်လက်နက်ပစ္စည်းများ၊ ယာဉ်မျိုးစုံ၊ စုပုံပြီး ရောက်လာလို့ တပ်ချုပ်ကိုယ်တိုင် ဗိုလ်ချုပ်မှုးကြီးနဲ့လက်အောက်ခံ အရာရှိများလည်း အဆင့်ရာထူးတွေ တိုးလိုချင်နေတာကြောင့် တပ်အင်အား  အဆမတန်တိုးချဲ့ဘို့  စီမံချက်ဖြစ်ပေါ်လာပါတယ်။

၁၉၇၆ ခုမှ ၁၉၈၀ ခုထိ တပ်မ (၃)ခုကို စနစ်တကျဖွဲ့စည်း ပေမဲ့ နဝတ လက်ထက်မှာ တပ်မတွေ တအုပ်တမကြီး ဒလကြမ်းဖွဲ့ ခဲ့ပါတယ်။ မဆလ ခေတ်ဦး(၁၉၆၂-၇၅)  ကာလ တပ်မ(၇၇၊ ၈၈၊ ၉၉) သာ ရှိရာမှ ၁၉၇၆ ခုနှစ် တပ်မ (၆၆) ကို ပြည် မှာ စတင် ဖွဲ့ခဲ့ပါတယ်။ ကရင်ပြည်နယ်  KNUကို ရည်ရွယ်ပြီး (၁၉၇၈-၈၀)ခုနှစ် အတွင်း တပ်မ(၄၄) ကို သထုံမှာ ဖွင့်ကာ စစ်ကိုင်းတွင် တပ်မ(၅၅) ကို ဆက်တိုက် ဖွင့်ခဲ့ပါတယ်။ ၁၉၈၃ ခုနှစ်နောက် တပ်မ(၃၃) ကိုဖွင့်လိုက်ရာ စစ်ကိုင်းမှာ ထားလိုတာကြောင့်  တပ်မ(၅၅)အား ကလော ကိုပြောင်းလိုက်ပါတယ်။ (၁၉၈၆-၈၈)ခုနှစ်အတွင်း တပ်မ(၂၂) ဖွင့်လှစ်ခဲ့ရာ တပ်မှ အာဏာသိမ်းခါနီး ရန်ကုန်လုံခြုံရေးအတွက် ဆွဲသွင်းတာကြောင့် ဖွဲ့တာအသားမကျသေးမှာပင် အရေးခင်းမှာကြမ်းလို့ ဆိုပြီး နံမည်ပျက်ခဲ့တယ်။ တဆက်တည်းမှာပင် ၁၉၉၀ ခုနှစ်မှာ တပ်မ (၁၁)ကို ရဲမွန်မှာ ဖွင့်ခဲ့ပါတယ်။

၆။ အဆိုပါ တပ်မ များကို စတင်ဖွဲ့ကတည်းက စစ်ရာထူးခန့်ချုပ်ရုံးက မေမြို့အုပ်ချုပ်မှုအတတ်သင်ကျောင်း သင်တန်းတက်ပြီး ဦး၊ရေး၊ထောက် တပ်တွေမှာ အတွေ့အကြုံဝါရင့် စီနီယာဗိုလ်ကြီး လုပ်သက်၎-၅ နှစ်ရှိသူများကို By name ဖြင့် တပ်မသစ် တပ်ရင်းတွေမှာ ခန့်အပ်ခဲ့ပါတယ်။ အခြားအဆင့်တွေ ဆိုရင် တဆင့်တိုးရာထူးနဲ့ (ဥပမာ ဒုတပ်ကြပ်-တပ်ကြပ်) စစ်ရေးချုပ်ရုံးက ပြောင်းပေးပါတယ်။ ထုံးစံအတိုင်း တပ်ဟောင်း တွေက လူဆိုး၊ လူတေ၊ သုံးမရသူများကို ကန်ထုတ်ပို့နေလို့ အထက်က သတိပေးခဲ့ပါတယ်။ ဒါပေမဲ့ တဆင့် တိုး တပ်သစ်ပြောင်းရတာကြောင့် ဆရာအများစု အမူအကျင့်ပြောင်းကုန်သွားပြီး အမူးသမား များပင် ရှေ့တန်းမှာ အားကိုးရတာတွေ့ရပါတယ်။ ဒါကြောင့် တပ်မ (၃၃ မှ ၆၆ ထိ)တွေဟာ နာမည်ကြီးစခန်းသိမ်းတိုက်ပွဲများ  အောင်မြင်ခဲ့ပြီး စွမ်းရည်ဘွဲ့များရရှိခဲ့တဲ့အတွက် နောက်တပ်မအသစ်တွေ လိုက်မမှီပုံကိုအပိုင်း ၃ မှာ ဖေါ်ပြပါမယ်။

(Photo: Reuters)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts