လူများ၊ ရုပ်ပုံလွှာများ မောင်စွမ်းရည် ဖြစ်ရပ်များ၊ အမှတ်တရများ

မောင်စွမ်းရည် – မျက်မှန်လေးတစ်လက် (သခင်တင်မြနဲ့ အမှတ်တရ)


Thakhin Tin Mya (1924-2015)

 

မောင်စွမ်းရည် –   မျက်မှန်လေးတစ်လက် (သခင်တင်မြနဲ့ အမှတ်တရ)

(မိုးမခ) မတ် ၈၊ ၂၀၁၅

 

ကွန်မြူနစ်(ဟောင်း) သခင်တင်မြ ကွယ်လွန်ပြီဆိုတဲ့သတင်း ကြားရတော့ သူ့ကို လူပုဂ္ဂိုလ်တဦးအနေနဲ့ လွမ်းမိတာအမှန်ပါ၊ ကျွန်တော်တို့ငယ်စဉ်က သခင်တင်မြရဲ့ “ဘုံဘဝမှာဖြင့်” ကို စွဲစွဲလန်းလန်းဖတ်ခဲ့ဖူးပါတယ်၊ ဦးသိန်းဖေမြင့် ရဲ့ “ စစ်အတွင်းခရီးသည်” ၊  “မဟာမိတ်နှင့် ဗမာ့တမန်” တို့ကို ဖတ်ရသလိုပဲ။ ဖက်ဆစ်တော်လှန်ရေးသမိုင်းအတွက် ဒီစာအုပ်တွေသာ မထွက်ပေါ်ခဲ့ရင် “ရဲဘော်သုံးကျိပ်” နဲ့ “ကိစ္စပြီး”ရတော့မလိုပါပဲ။

 

သခင်တင်မြအကြောင်းကို အမှတ်တရရေးမယ်ဆိုရင် အများသိထားတဲ့ “ဘုံဘဝ” အပြင် ကျွန်တော့်အဖို့ သူ့အကြောင်းကို ရေးစရာထဲထဲဝင်ဝင်မသိပါ၊ 

 

ကျွန်တော်က သခင်တင်မြကို “ဆရာ” လို့ပဲ နာမ်စားနဲ့ ခေါ်ပြောခဲ့ပါတယ်၊ ဆရာနဲ့ကျွန်တော် တရင်းတနှီး ရှိပေမယ့် တွေ့ကြုံရင်းနှီးရတဲ့ အချိန်ကာလက တခဏတာလို့ပဲ ဆိုရပါမယ်၊ ကျွန်တော်တိတ်တိတ်ပုန်း ကျူရှင်ဆရာဘဝနဲ့ သူ့သားသမီးတွေကို မြန်မာစာ သင်ပေးခဲ့ရဖူးတုန်းကပါ၊ ဆရာနဲ့တွေ့တုန်းတွေ့ခိုက် နိုင်ငံရေးစကားတွေ မပြောခဲ့ရပဲ စာကြောင်းပေကြောင်းလောက်ပဲ ပြောခဲ့ရတာ မှတ်မိပါတယ်။ ဆရာနဲ့ကျွန်တော်က “နိုင်ငံရေးဝါ ” အရပြောရရင် အဖေနဲ့သားလိုကွာပါတယ်၊ နောက်ပြီး ဆရာက “မဆလ” အဖြစ်နဲ့ စစ်အာဏာရှင်ကို ထောက်ခံနေသူဖြစ်ပါတယ်၊ ဒါကြောင့် “မတူတဲ့အကြောင်းတွေ” ရှောင်ခဲ့ပါတယ်ု။ 

 

သခင်တင်မြတို့၊ မန္တလေးက ဦးကြည်မြ (ဗိုလ်နေဝင်းရဲ့  နိုင်ငံရေးအဖွဲ့တခုမှာ ဥက္ကဌ) တို့ဟာ ရွှေတောင်ကြားထဲနေတယ်ဆိုပေမယ့် “ရွှေတောင်ကုန်း” တွေ ပေါ်နေတယ်ဆိုတာက ပိုမှန်ပါတယ်၊ သူတို့အရှိန်အဝါအရ ဗိုလ်နေဝင်းက ချီးမြောက်ထားတာဖြစ်ပုံရပါတယ်။ ဆရာဇော်ဂျီတို့နေတဲ့အိမ်နဲ့ မျက်စောင်းထိုးတောင်ကုန်းပေါ်မှာနေပါတယ်။  ဇာတ်မင်းသားကြီးဦးဖိုးစိန်တို့နေခဲ့ဖူးသော တောင်ကုန်းလို့ထင်ပါရဲ့၊ သခင်တင်မြအိမ်ကို ရောက်သွားရင် သူ့အိမ်ခြံဝင်းထဲက တဲကုတ်ကလေး အလုပ်စခန်းမှာပင် တွေ့ဆုံပြီး စကားပြောကြပါတယ်။ တခါတလေ ဆရာက အလုပ်တဖက်နဲ့ စကားပြောပါတယ်။ အဲဒီကာလတုန်းက ဆရာက မျက်မှန်လုပ်ပါတယ်။ မျက်မှန်ကိုင်းရော မှန်ရော ကိုယ်တိုင်လုပ်နေတာ မြင်ဖူးတွေ့ဖူးနေပါတယ်။ ရောင်းလဲရောင်းတယ်လို့ ကြားသိရပေမယ့် မစပ်စုမိဖူးပါ၊ လက်မှုပညာ တော်တာတော့အမှန်ပါ၊ 

 

သခင်တင်မြက ကွန်မြူနစ်( ဗကပ) ဆိုတော့ မြေအောက်ကွန်မြူနစ်လုပ်ဖူးတဲ့ ကျောင်းသားခေါင်းဆောင် ကိုဘကောင်းနဲ့ တရင်းတနှီးခင်မင်ကြပါတယ်၊ ကိုဘကောင်းဆိုတာ ရန်ကုန်တက္ကသိုလ် ကျောင်းသားလောကမှာ ဒေါက်တာညီညီ၊ ဒေါက်တာသန်းထွန်း ၊မောင်းစူးစမ်း ၊ဆရာမြသန်းတင့်တို့ လက်ထက်ကနေ ကိုဗဆွေလေး၊ ကိုလှရွှေလေးတို့လက်ထက်အထိ နှစ်ပေါင်းအများကြီးကြာအောင် ကျောင်းသက်ရှည်ခဲ့သူ တစ်ဦးဖြစ်ပါတယ်။ အများက “ကိုကြီးကောင်း”လို့ ခေါ်ကြပါတယ်။ အခုကိုကြီးကောင်းက အခြေခံပညာဦးစီးဌာန ကျောင်းသားစာအုပ်ထုတ်ဝေရေးနဲ့ သင်ရိုးဌာနမှာ ဝိဇ္ဇာဌာခွဲမှူးအဖြစ်နဲ့ အလုပ်လုပ်နေပါတယ်။ ဗကသဇော်ဝင်းလဲ အဲဒီမှာပဲ အလုပ်လုပ်နေပါတယ်။ သူတို့က ကျောင်းသားခေါင်းဆောင်ဟောင်းတွေ၊ လက်ဝဲသမားတွေဖြစ်လို့ သခင်တင်မြနဲ့ ရင်းနှီးနေကြပါတယ်။ အထူးသဖြင့် သခင်တင်မြနဲ့ ကိုကြီးကောင်းက ပိုပြီးရင်းနှီးပါတယ်၊ ကျွန်တော်လည်း အဲဒီကျောင်းသုံးစာအုပ်ကော်မတီ သမိုင်းသင်ရိုးအဖွဲ့ (နောက်မှမြန်မာစာ သင်ရိုးအဖွဲ့) အဖွဲ့မှာ ကိုကြီးကောင်းနဲ့ အတူအလုပ်လုပ်နေပါတယ်။ ဒါကြောင့် ကျွန်တော်နဲ့သခင်တင်မြဆုံကြရင် သူ့ရဲဘော်တွေ မာကြောင်း သာကြောင်း သတင်းပေးလေ့ရှိပါတယ်။ 

 

တနေ့တော့ သခင်တင်မြက ကျွန်တော့်ကို မျက်မှန်တလက် လက်ဆောင်ပေးပါတယ်။ ပါဝါမေးပြီးပေးတာပါ၊ စာကြည့်မျက်မှန်လေးပါ၊ နိုင်ငံခြားဖြစ်အတိုင်း လှပသေသပ်ပါတယ်၊ ကိုကြီးကောင်းက ကျွန်တော်တို့ထက် အသက်အပုံကြီး ကြီးပါတယ်၊ ဦးလေးဦးကြီးအရွယ်ပါ၊  ဒါပေမယ့် အနေအထိုင် ရမ်းရမ်းကားကား မရှိတဲ့အပြင် ပင်ကိုယ် ကိုယ်ခံကျန်းမာရေးကလည်းကောင်းလို့ သွားလည်းမကျိုး၊ မျက်စိလည်းသိပ်မမှုန်လှပဘူး၊ စာကြည့်ရင်တော့ စာကြည့်မျက်မှန်လေး ဘာလေးတပ်ရပေမယ့် ပါဝါအကြီးကြီးမဟုတ်ပါဘူး၊ ကိုကြီးကောင်းလည်း သိပ်ပြီး မျက်မှန်ပါဝါမကြီးတာကို သခင်တင်မြသိပါတယ်။ “ကိုဘကောင်းကိုလည်း ကျွန်တော် မျက်မှန်တလက်ပေးလိုက်ချင်တယ်” ဆိုပြီး ကျွန်တော်နဲ့ လူကြုံပါးလိုက်ပါတယ်။

 

ကျွန်တော် သူ့ဆီကပြန်တော့ ညနေဘက်ရောက်နေပြီ၊ အလုပ်ရှိရာ ကိုကြီးကောင်းတို့ဆီ ဒီနေ့အဖို့ပြန်မရောက်နိုင်တော့ပါဘူး၊ ထုံစံအတိုင်း ကဗျာဆရာ တင်မိုးတို့ဆီကို ဝင်ပါတယ်၊ ညနေပိုင်းဆိုတော့ ရုံးဆင်းချိန်ရောက်နေပါပြီ၊ တင်မိုးက လက်ဘက်ရည်ဆိုင်မှာ သူငယ်ုချင်းတွေနဲ့ထိုင်ပြီး စကားဝိုင်းဖွဲ့ရတာကို အလွန်စုံမက်ပါတယ်၊ သူကွယ်လွန်တော့တောင် လက်ဘက်ရည်ဆိုင်ကုလားထိုင်မှာ ထိုင်ရင်းက လဲကျကွယ်လွန်သွားခဲ့ရှာတာပါ၊ ဘီအိုစီကောလိပ်ဟောင်း သံခဲလက်ဘက်ရည်ဆိုင်ဟာ မန္တလေးသူငယ်ချင်းတွေရဲ့ ဆုံရပ်ဖြစ်နေပါတယ်။ လက်ဘက်ရည်ဆိုင်မှာ ပုံမှန် “စနေစာပေဝိုင်း”ရှိပါတယ်။ မောင်သာနိုးအစရှိတဲ့ မန်းသားတွေအပြင် သူတို့ကိုယ်သူတို့ မန်းသားအဖြစ်ပဲယူဆတဲ့ မင်းသားကြီးကိုထွန်းဝေနဲ့ ဟံသာဝတီ ကိုဝင်းတင်တို့လည်း လာတတ်ပါတယ်။ ကြားနေ့တွေမှာတော့ ကြုံရာလူပေါ့၊ ကျွန်တော်ရောက်သွားတာ ကြားနေ့ပါ၊ လူပါးပါတယ်၊ ပညာရေးသုတေသနက “အ သုံးလုံး”  လုပ်အားပေးကျောင်းသားဟောင်းတွေပဲများပါတယ်။ 

 

ကျွန်တော်တို့ စကားပြောနေကြတုန်း ကိုဘဂျမ်း (တင်မိုး) က ဖျက်ခနဲဆို  ကျွန်တော့်အိပ်ကပ်ထဲကမျက်မှန်ကို လှမ်းဆွဲယူပြီး သူ့မျက်နှာမှာ စွပ်ကြည့်လိုက်ပါတယ်။ “အင်း..ကျုပ်နဲ့ လိုက်တယ်တဲ့ ။ ခင်များမျက်မှန်က ဘာဖြစ်လို့လဲ။ ဒါကအပိုလား” လို့လည်းမေးပါတယ်။ “မဟုတ်ဖူး၊ အပိုမဟုတ်ဖူ၊း တစ်ယောက်က အခြားတစ်ယောက်ကို လူကြုံပေးလိုက်တာလို့” ပြီးလွယ်အောင်ဖြေလိုက်ပါတယ်၊ “ခင်များ သခင်တင်မြဆီက လာတာမဟုတ်လား ” တဲ့။ “ဟုတ်တယ်” လို့ဖြေတော့ “ဒါဆိုရင် ကိုကြီးကောင်းနဲ့ ကိုဇော်ဝင်း တစ်ယောက်ယောက်ကို ပေးလိုက်တာဖြစ်မှာပဲ” လို့ ဗေဒင်တွက်နေပါသေးတယ်၊ ကျွန်တော်ကလည်း “ဟုတ်တယ်၊ ကိုကြီးကောင်းဖို့ ပေးလိုက်တာ” ဆိုတော့  “ကောင်းတယ်။ ဒါကျုပ်နဲ့လိုက်တယ်၊ ခင်များနောက်ထပ်တစ်ခု တောင်းပြီး ကိုကြီးကောင်းကိုပေးလိုက်။ ဒါကျုပ်ယူလိုက်ပြီ” တဲ့ …

 

အဲဒါ “တင်မိုး” အစစ်ပါ၊ သူများဆီက တစ်ခုခုကို ခုလိုပဲဇွတ်ယူလိုက်တတ်ပါတယ်၊ ပြီးတော့ ပြောသေးတာ “ကျုပ်က ကျုပ်ခင်တဲ့သူဆိုရင် ဒီလိုပဲ အနိုင်ကျင့်တတ်တယ်” တဲ့ ဒါလည်းမှန်တာပါပဲ ၊ သူအနိုင်ကျင့်ခံရတာကိုပဲ ဂုဏ်ယူရတာပါ၊ 

 

“ကိုဘဂျမ်း(သူ့နာမည်ရင်း ) … ဟိုတလောက ကိုမင်းမော်ရဲ့ (မြန်မာစာဌာနကဆရာ ကိုထွန်းမြင့်၊ ကဗျာဆရာမင်းမော်)  အမေရက်လည်မှာ  ကိုမင်းမော်ရဲ့ အမေ သုံးခဲ့တဲ့ မျက်မှန်ကို ခင်များကောက်ယူခဲ့သေးတယ်လေ။ ဒါကျုပ်နဲ့ ကိုက်တယ်ဆိုပြီး ခင်များကောက်ယူခဲ့တာ၊ ဟိုလူ့ခမျာ မျက်နှာကိုမဲ့လို့။  အမေ့မျက်မှန်လေးအမှတ်တရ သိမ်းချင်လို့ပါဗျာလို့ပြောရှာတဲ့ ကြားက ခင်များဇွတ်ယူခဲ့တာလေ” လို့ပြောတော့

 “အဲဒါသူများပေးလိုက်ရပြီ” တဲ့။

ဟုတ်ကဲ့။ ဒါလဲ “တင်မိုးအစစ်”ပါပဲ။ သူ့အိမ်မှာ ဟွန်းတယော သုံးလက်တွေ့ဖူးတယ်၊ သုံးလက်လုံး ဝယ်ထားတော့မဟုတ်နိုင်ဘူး၊ သူတယောထိုးကျင့်နေသတဲ့။ နောက်တပတ်လောက်ကြာတော့ တလက်မှမရှိတော့ဘူး။

ဒီလိုနေတုန်း သူ့ငယ်တပည့်၊ ငယ်သူငယ်ချင်း၊ ကန်မြဲရွာသား “ဘမော်ကြီး” ဆိုတာ ရောက်လာတယ်။ နာမည်ရင်းက “ဘမော်” ပါ။ ဒေါက်တာဘမော် ကို အမှတ်တရပေးထားတဲ့ နာမည်နဲ့တူပါရဲ့။ လူပုံကထွားကျိုင်းလို့“ ဘမော်ကြီး” ခေါ်တယ်၊ တင်မိုးနဲ့ ညီအကိုအရင်းနီးပါး ချစ်ခင်သူပါ၊ တင်မိုးကို ချစ်ကြောက်ရိုသေနဲ့ “ဦးဂျမ်း” လို့ခေါ်လေ့ရှိပါတယ်။ ဘမော်ကြီးစားပွဲမှာ မထိုင်ရသေးဘူး “ကျောင်ပန်းတောင်း” တခွက်မှာတယ်၊ လဖက်ရည်ချိုချိုတခွက်ပေါ့။ လဖက်ရည်ခွက်လဲရှေ့ချရော “ ခေါက်ဆွဲကြော်တခွက်”လို့ ထပ်မှာတယ်။ သူ့ “ဦးဂျမ်း”က ကျွေးရမှာလေ။

 

ကိုဘဂျမ်း (တင်မိုး)ကို ကျနော် ငြင်းခုန်နေလို့မရပါဘူး။ အသာနေပြီးသွားခါနီးမှ မျက်မှန်လေးကို သူချထားရင် ကောက်ယူပေးတောု့မယ်လို့ စိတ်ကူးထားပါတယ်။ ပြောရင်းဆိုရင်း တင်မိုးက မျက်မှန်လေးကိုချွတ်ပြီး ဘေးမှာချထားလိုက်ပါတယ်၊ ကျနော်ကဝမ်းသာသွားပါတယ်။ 

 

ဒီမှာတင်ပဲ ဘမော်ကြီးက မျက်မှန်ကို ကောက်စွပ်ကြည့်လိုက်ပါတယ်၊ ကျနော်က “ဒီကောင် အညာသားအစစ်ကွ။ မျက်မှန်ကိုမြင်ရင် ကောက်စွပ်၊ ဖေါင်တိန်ကိုမြင်ရင် ကောက်ခြစ်တဲ့ အကျင့်ရှိတာ ဒို့အညာသားပဲ ” ဆိုတော့ သူက “ဟာ ဦးဂျမ်း ဒီမျက်မှန်က ကျုပ်နဲ့ကိုက်တယ်၊ အတော်ပဲ ကျုပ်မှာ စာဖတ်ရင်မျက်မှန်မရှိလို့ ဒုက္ခဖြစ်နေတာ” တဲ့ ပြောပြီး မချွတ်တော့ဘူး။ ပြီးတော့ နောက်ထပ်ဘာမှမပြောတော့ပဲ စားသောက်ပြီး “ ကဲ-သွားအုံးမယ်” တဲ့ ဒါပဲပြောပြီးမျက်မှန်လေးဟာ ကိုဘကောင်းဆီမရောက်လိုက်ပဲ နာရီပိုင်းအတွင်း သုံးလက်ပြောင်းသွားခဲ့ပါပြီတဲ့။

 

ဒါနဲ့မပြီးသေး “နောက်တပတ် ဘမော်ကြီးလာတော့ မျက်မှန်မပါတော့ဘူး။ ရွာက ဦးဇင်းလေးတပါးက မျက်မှန်လိုတယ်ဆိုလို့ လှူလိုက်ပြီတဲ့။ ဒါလဲ ဘမော်ကြီး အစစ်ပါပဲခင်မျာ။  ခု-ဒီကောင်လဲ ဆုံးရှာပြီတဲ့။ မျက်မှန်လေးရေ အမျှ-အမျှ- အမျှ။

မောင်စွမ်းရည် 

၅ မတ်- ၂၀၁၅

 

နယူးယောက်


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts