ရေခြားမြေခြား မြန်မာများ

ဝတ်မှုန် (စင်ကာပူ) – မရေးချင်တဲ့ မြန်မာငါးခုံးမ အေးဂျင့်တွေအကြောင်း



ဝတ်မှုန် (စင်ကာပူ) – မရေးချင်တဲ့ မြန်မာငါးခုံးမ အေးဂျင့်တွေအကြောင်း

(မိုးမခ) မတ် ၈၊ ၂၀၁၅

ဘုန်းကြီးတစ်ပါးက နေစရာမရှိလို့ဆိုပြီး ခေါ်ထားတဲ့ မစန္ဒာ ဆိုသူ၊ အသက်၃၅နှစ် သွက်လက်ချက်ချာ၊ မိန်းကလေးတစ်ဦးအကြောင်းပေါ့။ မြန်မာဘုန်းကြီးကိုလဲ အမှန်အတိုင်းပြောပြတယ်။ သူက အိမ်ဖော် ပါမစ်ဝယ်ပြီး စင်ကာပူမှာနေတဲ့ မိန်းကလေးပါ။ အိမ်တွေကို သန့်ရှင်းရေးလုပ်ပေးတဲ့အလုပ် တနာရီ ၇ ဒေါ်လာလောက်ရတယ်။ တစ်လဆိုရင် ဒေါ်လာ၂၀၀၀ လောက်တော့ ရပေမဲ့၊ အိမ်ဖော်ပါမစ်ဝယ်ခ တစ်နှစ်ကို ဒေါ်လာ၄၀၀၀ ပေးရတယ်၊ ဒါကို ပြန်ဆပ်နေရပါတယ်။ အခု အိမ်အသစ်ရှာနေဆဲဖို့ ဘုန်းကြီးက သနားလို့ ခဏလက်ခံထားပေးရှာပါတယ်။

ဘုန်းကြီးကလည်း ဘာသာရေးကိုင်းရှိုင်းတဲ့ မစန္ဒာကို ခင်မင်၊သနားမိတာပေါ့။ ဒီမိန်းကလေး မဟုတ်တဲ့ အလုပ် ၊ နိုက်ကလပ်တွေမှာ လုပ်တဲ့အမျိုးအစား မဟုတ်ဘူး၊ ကြိုးစားတယ်၊ ယေယျာဝစ္စ အလုပ်တွေလည်း ဖျက်လတ်၊ မပျင်းမရိ လုပ်တယ်။ အရင်တုန်းက အိမ်ဖော် ၅နှစ်လောက် လုပ်ခဲ့ဖူးပြီး၊ အခု သူများအကြံပေးလို့ အိမ်ဖေါ် တစ်လ ဒေါ်လာ ၄၅၀ ထက် ပိုရတဲ့အလုပ်ကို လုပ်နေတယ်လို့ အမှန်တိုင်း ဘုန်းကြီးကို ပြောပြပါတယ်။
ဖေဖော်ဝါရီ ၁၂ရက် ၂၀၁၅ မှာ ဦးမောင်လှ ဆိုတဲ့ S-pass အလုပ်ပါမစ်နဲ့ စင်ကာပူမှာလုပ်နေတဲ့လူ၊ သူ့သူငယ်ချင်းနဲ့ ဘုန်းကြီးဆီ ရောက်လာတယ်။ မစန္ဒာကို ဖုန်းဆက်လို့မရလို့ပါ ..ဆိုပြီး ဇတ်လမ်းတွေ ပြောပြပါတော့တယ်။



မစန္ဒာနဲ့ ခင်မင်သွားပြီး၊ ဦးမောင်လှက သူ့မိန်းမကိုလည်း စင်ကာပူကို နင့်လိုပဲ အိမ်ဖော်ပါမစ်နဲ့ လာအလုပ်လုပ်ဖို့ လုပ်ပေးပါဦး .. တောင်းဆိုတော့ မစန္ဒာလည်း လုပ်ပေးမယ်ပြောပြီး၊ စင်ကာပူပင်နီစူလာ ၄ထပ်က ပွဲစားနဲ့ ဆက်ပေးတယ်။

အိမ်ဖေါ် ပါမစ်လျှောက်ခ ဒေါ်လာ ၅၀၀ တောင်းတယ်။ ပေးလိုက်တယ်။
၃ရက်လောက်ကြာတော့ ပါမစ်ကျလာပြီ၊ စာရွက်ပေးပြီး – နောက်ထပ် ဒေါ်လာ ၁၅၀၀ တောင်းတယ်။ ပေးလိုက်တယ်။

ဦးမောင်လှ မိန်းမကလည်း စင်ကာကိုလာဖို့ အသင့်ဖြစ်နေတယ်။ အေးဂျင့်က အာမခံငွေ ဒေါ်လာ ၃၀၀၀ ထည့်ဖို့လိုတယ် ဆိုတော့ ပေးလိုက်တယ်။

နောက် ၄ရက်လောက်ကြာတော့… ဦးခင်မောင်ကို မစန္ဒာ ငိုငိုယိုယိုနဲ့ပြောပြတယ်။ အေးဂျင့်က ဦးခင်မောင်ရဲ့ဇနီး အိမ်ဖေါ်ပါမစ်ကို ရုပ်သိမ်းလိုက်မယ်တဲ့၊ နောက်ထပ် အိမ်ဖေါ်ပါမစ်အသစ် တင်ပေးမယ်…ဆိုတော့ ဦးခင်မောင် စိတ်ဆိုးတယ်။ ပေးထားတဲ့ ဒေါ်လာ ၅၀၀၀ကျော် ဘယ်လိုလဲ မေးတော့၊ အေးဂျင့် အကုန်ယူထားတယ်တဲ့။ အေးဂျင့်ဆီ အတူသွားတွေ့တော့လဲ အေးဂျင့်က မရှိတော့ဘူး။ ဆိုင်ရှင်ကပြောတယ်။ ဒီအေးဂျင့်က ကျမတို့ဆိုင်နဲ့ ဘာမှမဆိုင်ဘူး။ သူ့ဖာသာ စားပွဲတစ်လုံးငှားပြီး အေးဂျင့်လုပ်တဲ့ မိန်းမ တဲ့။ ဒါနဲ့ အေးဂျင့်ကို လုံးဝ အဆက်သွယ်လုပ်မရတော့ ပြန်လာကြရတယ်။

နောက်နေ့ ဦးမောင်လှ –  မစန္ဒာကို ဖုန်းဆက်တာ မရလို့ ၊ ကိုယ်တိုင်ပဲ ဘုန်းကြီးဆီ ရောက်လာပြီး၊ ရင်ဖွင့်ပြောပြတယ်။

ဘုန်းကြီးလဲ ပြာယီးပြာယာ ဖြစ်သွားတယ်။ မြန်မာအေးဂျင့် မြန်မာအချင်းချင်း လိမ်သွားတာက အရေးမကြီးဖူး၊ သူလက်ခံထားတဲ့ မစန္ဒာ အိမ်ဖော်ပါမစ်က အမှန်ဟုတ်ရဲ့လား ဆိုတာကို အရမ်းအရေးကြီးလာတယ်။ တတ်ကျွမ်းသူများကို လုပ်ပါဦး မေးမြန်းတော့ ပါမစ်တရားဝင်သလား အလွယ်တကူကြည့်တဲ့ ဝက်ဆိုဒ် ကိုရတယ်။ ၏


http://www.mom.gov.sg/Documents/services-forms/passes/SMS_on_WP_Validity.pdf

သိတော့လည်း လွယ်လွယ်ပါပဲ။ စင်ကာပူအစိုးရ အလုပ်သမားဝန်ကြီးဌာနကို Tel : 6438 5122 မေးလိုက်တာနဲ့ မစန္ဒာ တရားမဝင် စင်ကာပူမှာနေထိုင်ကြောင်း သိလိုက်ရပါတယ်။ စင်ကာပူက အမေရိကား၊ ဂျပန်၊ မလေးရှား၊ ထိုင်းနိုင်ငံတွေလိုမဟုတ်ဘူး။ တလောက တရားမဝင် မိန်းကလေးတစ်ယောက် မိသွားလို့ အိမ်ငှားစားတဲ့ စင်ကာပူနိုင်ငံသား မြန်မာတစ်ယောက် ထောင်၁နှစ် ကျသွားတယ်။ မသိလို့ပါ ပြောလို့ သက်သာတာ၊ ဥပဒေက ဘုန်းကြီးလဲ ချမ်းသာပေးမှာမဟုတ်ဘူး။ တရားမဝင်နေသူကို လက်ခံထားတဲ့ အိမ်ရှင်၊ ဆိုင်ရှင် ထောင်ဒဏ် ၅နှစ်ထိ အပြစ်ဒဏ်ချနိုင်တယ် ဆိုပဲ။ 



ဘုန်းကြီးက အစိုးရဝန်ကြီးဌာနက မစန္ဒာရဲ့ အိမ်ဖေါ်ပါမစ် တရားမဝင်ဖြစ်နေတယ် ပြောတာကို မယုံချင်ဘူး။ ဒီမိန်းမလေးက ဒါမျိုး ငါ့ကို ဒုက္ခမပေးလောက်ဘူး ပြောတာနဲ့၊ SMS နည်းလမ်းနဲ့ ဘုန်းကြီးရဲ့ မိုဘိုင်းဖုန်းကနေ အထက်ပါလမ်းညွှန်ချက်အတိုင်း 96175993 ကို လှမ်းဆက်သွယ်ရတယ်။

Send ခလုပ်နှိပ်ပြီး တစ်မိနစ်ပဲ စောင့်လိုက်ရတယ်။ အစိုးရ ဝန်ကြီးဌာန က SMS ပြန်လာတယ်။

<MOM> Work Permit no 0 92258181
Applied on 27/12/2012 is INVALID
Cancelled on 07/08/2014

ဘုန်းကြီးကလည်း ခေတ်မီသူဆိုတော့ ယုံလိုက်ရတော့တယ်။ ဒီမိန်းမ လုပ်မှ လုပ်ရက်တယ် ဆိုပြီး၊ မကျေနပ်ဘူး။



ဦးမောင်လှက ပြောပြပြန်တယ်။ ကျနော်လည်း အိမ်ဖေါ်ပါမစ် ကျလာတဲ့ အိမ်လိပ်စာအတိုင်း အိမ်ဖော်ပါမစ် ရောင်းစားအိမ်ရှင်ဆီကို သွားတယ်။ နာမည်ကတော့ မြန်မာနာမည်ပဲ၊ စင်ကာပူနိုင်ငံသား ခံယူထားသူ လင်မယားပဲ၊ ကျနော်က အိမ်ဖော်ပါမစ်မှာ သူတို့နာမည်နဲ့ အိမ်လိပ်စာကို ပြလိုက်တော့ အိမ်ရှင်လင်မယား မျက်နှာပျက်သွားတယ်။ အိမ်ရှင်မက ရည်ရည်မွန်မွန်ပဲ။ သူတို့ ဒေါသအရမ်းထွက်ကြတယ်။ ကျမတို့လုံးဝ အိမ်ဖေါ်ပါမစ် လျှောက်မထားဘူး လို့  ဘူးခံညင်းတယ်။ ကျမတို့ရဲ့ S ingPass , IC number & password  ခိုးခံရတာပဲ၊ ရဲတိုင်မယ် ..ဘာညာ ..ဖြစ်လာလို့  ဦးမောင်လှ သူ့ပိုက်ဆံ ဒေါ်လာ၅၀၀၀ကျော် ပြန်ရဖို့မပြောနဲ့၊ ရဲတိုင်ခံရပြီး ထောင်ကျသွားနိုင်တော့ မနည်းတောင်းပန်ပြီး ပြန်ပြေးလာခဲ့ရတယ်…တဲ့။

အခုတော့ မစန္ဒာ ခမျာလည်း၊ အိမ်ဖေါ် ၃နှစ်လောက်လုပ်ပြီး၊ လည်ဝယ်လာတော့ တဆင့်တက်တယ်။  အိမ်ဖေါ်ပါမစ်ဝယ်ပြီး အပြင်ထွက် အလုပ်လျှောက်လုပ်တယ်။ အခု စင်ကာပူကို မြန်မာအိမ်ဖေါ်တွေ အများကြီးဝင်လာတော့ သူကိုယ်တိုင် အေးဂျင့်နဲ့ပေါင်းပြီး၊ အေးဂျင့် ကော်မရှင်လေးများ ရမလား၊ အဆင်ပြေရင် သူကိုယ်တိုင်ပဲ အေးဂျင့်လုပ်စားမလား.. လုပ်ကြည့်လိုက်ခါမှ ငါးပါးကြီးမှောက်သွားရတယ်။

ဦးမောင်လှအုပ်စု၊ ဘုန်းကြီးအုပ်စု ..မြန်မာလူမျိုးတွေ ၁၂ယောက် လမ်းမှာရပ်ပြီး ဆွေးနွေးကြတယ်။ နောက်ဆုံး ဦးမောင်လှရဲ့ ဆုံးဖြတ်ချက်ကတော့ … ဒေါ်လာ၅ထောင် ဆုံးသွားတာ ကိစ္စမရှိဘူး၊ ရဲအမှုမဖြစ်အောင် ကူကြပါဦး… ဖြစ်သွားရှာပါတယ်။ စင်ကာပူမှာ အနှစ်၃၀၊ ကောင်းကောင်းမွန်မွန် နေထိုင်တဲ့ မြန်မာအဒေါ်ကြီးနဲ့ ခင်ပွန်းနှစ်ယောက်ကိုလဲ ဦးမောင်လှက အားကိုးတကြီးခေါ်လာတယ်။ အဒေါ်ကြီးနဲ့ ကတော့  “ရဲလဲတိုင်မနေနဲ့တော့၊ အေးဂျင့်လဲ လိုက်ရှာမနေနဲ့တော့၊ အားလုံး မြန်မာတွေချည်းပဲ၊ ဖြစ်လိုက်ရင် မြန်မာအချင်းချင်း ခေါင်းပုံဖြတ်၊ လုပ်စားနေတာတွေ သူများကြားလို့မကောင်း၊ ကိုယ့်ဖာသာပဲ တိတ်တိတ်နေကြပါတော့။ မလည်ရှုပ် မြန်မာများရေ…” လို့ပဲ အသံကျယ်ကျယ်နဲ့ ပြောပြီး လမ်းခွဲလိုက်ကြပါတော့တယ်။

ပြီးပါပြီပေါ့နော်…။

စာရေးသူလည်း အဲဒီ အုပ်စုထဲမှာ ပါဝင်တော့၊ စင်ကာပူ ပင်နီစူလားပါလာဇာမှာ မြန်မာအချင်းချင်း လိမ်စားနေတဲ့ ဒီအေးဂျင့်အမျိုးသမီးကို ကောင်းကောင်းသိပါတယ်။ နာမည်ကျော်ပေါ့။ နာမည်အရင်းပဲ ပြောလိုက်ပါမယ်။ “ ဒေါ်သန္တာဦး” ဆိုပဲ။ သူက တရားဝင်အိမ်ဖေါ်ပါမစ် အေးဂျင့်မဟုတ်ဘူး၊ တဆင့်ပွဲစား လုပ်စားသူပါ။ သူကိုယ်တိုင်လည်း ဘယ်လိုနေသလဲ အမျိုးမျိုး ခန့်မှန်းချက်တွေ ရှိနေပါတယ်။  ခံလိုက်ရတဲ့ မြန်မာ မလည်မဝယ်တွေ များလှပါပြီ။ ဆက်ခံနေဦးမဲ့ မြန်မာပြည်က လူသစ်တွေ ဆက်လက် အလိမ်ခံနေရဦးမှာပါ။  ဒေါ်သန္တာဦး လဲ အဖမ်းခံလိုက်ရမှ လူလိမ်အလုပ်ပွဲစားဘဝက လွတ်မယ် ထင်ပါတယ်။  ဒီလိုပဲ ငါးခုံးမ မြန်မာတွေ မြောက်များစွာ ရှိနေသေးတာ၊ မထူးဆန်းပါဘူး။ အရေးကြီးတာကတော့ ငါးပုပ်ကြီးအဖြစ်၊ နာမည်ရနေတဲ့၊ လက်ရှိ မြန်မာအစိုးရ ထိပ်တန်း အစိုးရအရာရှိကြီးတွေကို အရေးယူနိုင်မှ ပြုပြင်ပြောင်းလဲမှု မြန်ဆန်မှန်ကန်ပါမယ်။  ဝတ်မှုန်(စင်ကာပူ)

 

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa Old Archives

Similar Posts