ငြိမ်းချမ်းအေး – ဂုဏ်သရေရှိ သူဆင်းရဲ အမျိုးသမီးကြီး တဦးကို ဂုဏ်ပြုခြင်း
(မိုးမခ) မတ် ၀၈၊ ၂၀၁၅
လက်ပံတန်းမှာ ဒေသခံဖြစ်ဟန်တူတဲ့ ဂုဏ်သရေရှိ သူဆင်းရဲ အမျိုးသမီးကြီး တဦးက ရဲတွေကို လက်ညှိုး ထိုးပြီး ကျောင်းသားတွေကို အကြမ်းမဖက်ဖို့ ပြောနေတာတွေ့ရတယ်။ ဒါလည်း ပိုက်ဆံရလို့ အငှားလိုက် လာပြောတယ် ဆိုချင်ကြဦးမလား မသိပါ။
နေ့စားခရတယ်ပဲ ထားကြပါစို့ဗျာ။ မဖြစ်နိုင်မှန်း သိပါတယ်။ မရှိခိုးနိး အခယူ လုပ်နိုး စွပ်စွဲ ပုတ်ခတ် လိုခြင်းမဟုတ်ပါ။ ဒီ့အတွက်လည်း အမျိုးသမီးကောင်းကြီးကို စိတ်ထဲက ဦးညွတ်တောင်းပန်ပါတယ်။ ပြည်သူထဲက လှူတဲ့ သူတွေ အပြည့်မို့ သပိတ်ထမင်းတော့ စားကောင်း စားရမှာပေါ့ ခင်ဗျာ။
ထားပါ၊ ဆိုခဲ့သလို နေ့စားခ ရတယ်ပဲ မှန်းဆသီအိုရီ ထုတ်ရအောင်ပါ။
အခယူပြီး လူသားအချင်းချင်း အကြမ်းမဖက်ဖို့ ရှေ့က ဦးဆောင် လက်နက်အပြည့်အစုံတပ်ထားတဲ့ လက်ရဲဇက်ရဲ ဇရှိသူတွေ ရှေ့ရပ် ရဲရဲဝံ့ဝံ့ တိုက်တွန်းတာ မကောင်းဘူးလားခင်ဗျာ။
အခယူပြီး လူတွေကို ဝင်ရိုက်တာထက် စာရင် ပိုကောင်းတာပေါ့ ခင်ဗျာ။
လူထုက ယုံကြည်လို့ ခေါင်းဆောင်တင်ထားခံရပြီးမှ၊ ကိုယ်စားလှယ်အဖြစ် စေလွှတ်ခံရပြီးမှ၊ နိုင်ငံရေး လုပ်မယ့် နိုင်ငံရေးပါတီလို့ အမည်တွင် ဖွဲ့ထားပြီးမှ အသံ ထွက်သင့် သလောက် မထွက်တာထက်စရာလည်း ပိုမကောင်းဘူးလား ခင်ဗျာ။
ပိုက်ဆံယူ၊ ရာထူးယူ၊ နေရာယူပြီး အကြမ်းဖက်မှုကို မြို့လယ်ကောင်မှာ ပြောင်ပြောင်တင်းတင်း ကျူးလွန်တဲ့ သူတွေ၊ ရပ်ကျော် ရွာကျော် ကမ္ဘာကျော် ကိစ္စ ကို ဟန်ဟန်ပန်ပန် အသံလေးမထွက်နိုင်သူတွေ ထက်စာရင် လက်ပံတန်းက ဒေသခံတွေက လူ့ပေါက်ပန်းများ စွပ်စွဲသလို ပိုက်ဆံရလို့ လာတယ်ပဲ ဆိုဦး တာဝန်ကျေ၊ ကြိုဆို အပ်ပါတယ် ခင်ဗျာ။
ဒါကြောင့် အမည်မသိတဲ့ လက်ပံတန်းက ဂုဏ်သရေရှိ အမျိုးသမီးကောင်းကြီးကို ဒီစာတိုလေးနဲ့ ဂုဏ်ပြုလိုက်ပါတယ်။
နိုင်ငံတကာရောက် ပညာတတ် လူငယ်ကလေးများ တိုင်းပြည် မျက်မှောက်ရေးရာတွေ ပြောကြ ဆိုကြတဲ့ လျှို့ဝှက် အဖွဲ့လေး တခု မှာ ကျနော့် ကို ဖိတ်တော့ ပါခဲ့ရတယ်။ အဲဒီမှာ ကျောင်းသားလှုပ်ရှားမှု ဆက်စပ် ဆွေးနွေးကြရင်း သတင်းစကားလေးတခု ကျနော် မှတ်ချက်ပြုဖူးခဲ့တယ်။
Please don’t give up on Burma. Please help her and her people (not her rulers) in someway. The future is in your hands.
ကျနော် ဒီလို တိုင်းပြည်ပေါ် မျှော်လင့်ချက်တွေ မပျောက်ဖို့ ဆိုခဲ့ ဆိုနေရခြင်းက ဆိုခဲ့တဲ့ လက်ပံတန်းက အမျိုးသမီးကြီးတွေနဲ့ အခု ကျောင်းသား သပိတ်ခရီးလမ်း တလျှောက်အပါအဝင် တိုင်းပြည်ရဲ့ ဒီမိုကရေစီ ခရီးကြမ်းတလျှောက် ပူပြင်းခက်ထန်ကြမ်းတမ်းလှတဲ့ ရာသီဥတု ဖိနှိပ်မှု မျိုးစုံအောက်မှာ ဝတ္တရား မပျက် တာဝန်ကျေခဲ့ကြ၊ လူငယ်တွေကို အကာအကွယ်ပေးခဲ့ကြ၊ မေတ္တာ ရေချမ်း ကမ်းလှမ်းခဲ့ကြ၊ ဖရဲသီးလို ရဲရဲနီတဲ့ စိတ်ဓာတ်တွေ ပြသခဲ့ကြတဲ့ စတဲ့ တနိုင် ဝန်ထမ်း အခြေခံ လူထု လူတန်းစားများ ဖြစ်တဲ့ ကျနော့် မမြင်ဖူး၊ မသိတဲ့ ကျနော့် အမျိုးတွေကြောင့်ပါ။
နက်လှတဲ့ ဆင်းရဲတွင်းထဲက လူထု ကတောင် ကျရာ တာဝန်ထမ်း ကြပါတယ်။ အနာဂတ်ဟာ ပညာတတ်လူငယ်ကလေးတွေရဲ့ လက်ထဲမှာပါ။ တိုင်းပြည်ကို နိုင်တဲ့ တာဝန်ထမ်း ကယ်တင်ကြပါ။ ခင်ဗျားတို့လောက် အကြောင်းကံ မလှတဲ့ လူမှု၊ စီးပွား၊ ကျန်းမာ၊ ပညာ အငတ်ဘေးဒဏ်သင့် လူထု (၈၀) ရာခိုင်နှုန်း တိုင်းပြည်မှာ ရှိနေပါတယ်။
မှတ်ကျေက်တင်ခံ နိုင်ငံရေးသမား အဟောင်း အကောင်းကြီး သခင်ဝတင် ရဲ့ “ဒါတွေသိမှ နိုင်ငံရေး လုပ်ပါ” ကိုပဲ ထပ်ညွှန်းပါတယ်။
■ မိမိကိုယ်မှထွက်သော အညစ်အကြေး မစင်ကို တုတ်ချောင်းနှင့် သုတ်၍ နေရသောသူ သန်း ၃ဝ ခန့် ရှိပါသေးသည်။ အိမ်သာတွင်း မရှိသော ရွာပေါင်း၊ အိမ်ပေါင်း များစွာရှိနေပါသေးသည်။
■ နေ့စဉ်ရေမချိုးရသောသူ ၂၅ သန်း ခန့် ရှိနေပါသေးသည်။
■ မိမိအဝတ်ကို ဖွပ်လျှော်၍ ဝတ်နိုင်သူ ၁၅ သန်းခန့် ရှိပါသေးသည်။ ၂၅ သန်းမှာ မလျှော်နိုင်သေးပါ။
■ ခြေထောက်တွင် ဖိနပ်မရှိသူ၊ မစီးနိုင်သေးသောသူ သန်း ၂ဝ ခန့်ရှိနေ ပါသေးသည်။
■ လျှပ်စစ်မီး မသုံးနိုင်သေးသူ လျှပ်စစ်မီး မသုံးရသေးသူ၊ ခလုပ်နှိပ်၍ မီးလင်းတဲ့ အောက်မှာ မနေရသေးသူ သန်း ၃ဝ ခန့် ရှိနေပါသေးသည်။
■ မီးကို စောင်လုပ်၍ နေရသေးသူ၊ မီးခိုးကို ခြင်ထောင်လုပ်၍ နေရသူ သန်း ၂ဝ ခန့် ရှိနေပါသေးသည်။
■ ငါးပိမပါဘဲနှင့် သော်လည်းကောင်း၊ အသားမပါဘဲနှင့်သော်လည်းကောင်း ဟင်းချက်စား၍ နေရသူ သန်း ၂ဝ ခန့် ရှိသေးသည်။
■ တဲနှင့်နေရသူ လူသား သန်း ၂ဝ ခန့် ရှိနေပါသေးသည်။
■ မျက်နှာကထွက်သော ချွေး၊ နှာခေါင်းမှထွက်သော နှပ်ချေးကို ပုဆိုးနှင့်ထဘီနှင့်သုတ်သောသူပေါင်း ၂၅ သန်းခန့်ရှိနေပါသေးသည်။
■ သွားမတိုက်၊ မျက်နှာမသစ်သူ ပေါင်း အများကြီးရှိနေပါသေးသည်။
■ စာမဖတ်တတ်သူ၊ အပေါင်း၊ အနုတ်၊ အမြှောက်၊ အစား အခြေ ခံကိုမျှ မသိသူ ၁ဝ သန်းခန့်ရှိနေ ပါသေးသည်။
■ ဗမာပြည်ကို ဘယ်အစိုးရနှင့် ဘယ်သူတွေ အုပ်ချုပ်နေမှန်း မသိသူ ၅ သန်းခန့် ရှိနေပါသေးသည်။
■ ဗမာပြည်၏ အရှေ့ဘက်၊ အနောက်ဘက်၊ တောင်ဘက်၊ မြောက်ဘက်တို့တွင် အဘယ်တိုင်းပြည်တွေ ရှိနေမှန်းမသိသူ ၁၅ သန်းခန့် ရှိနေပါသေးသည်။
■ ဧရာဝတီမြစ်၊ ချင်းတွင်းမြစ်၊ သံလွင်မြစ်တို့သည် ဘယ်အရပ်မှ ဘယ်အရပ်သို့ စီးမှန်းမသိသူ ၁၅ သန်းခန့် ရှိနေပါသေးသည်။
သခင် ဝတင် ဆိုခဲ့တဲ့ အရေအတွက် တွေဟာ အခု အချိန်မှာလည်း အချက် အများစု လျော့သွားဖို့ထက် တိုးလာဖို့သာ ရှိပါတယ်။ သူတို့အတွက် နိုင်ငံရေး မလုပ်နိုင်ရင်တောင် ဝါသနာပါရာ လူမှုရေး၊ စာပေရေး၊ ပညာပေးရေး စတဲ့ နိုင်တဲ့ တာဝန်ထမ်းကြပါ။
အဓိက အရေးကြီးဆုံးကတော့ ကိုယ့်ထမင်းကိုယ်ရှာစားနေရပြီး ဖိနှိပ်သူ၊ အာဏာရှင် ဘက်ကို ပင်းတဲ့ ရပ်တည်ချက်မျိုးတော့ မပြချင်ကြပါနဲ့။ နိုင်ငံရေး အသိမရှိလို့ ဘယ်အစိုးရတက်တက် ကိုယ့်ထမင်း ကိုယ် ရှာစားရတာပါပဲ ခံယူ ချင် ခံယူနိုင်ပါတယ်။ ဒီလို ခံယူတဲ့ အတွက် အပြစ်မတင်ပါ။ ဒါပေမဲ့ ဒီလို ခံယူပြီး တနိုင် လုပ်နေကြသူတွေကို အပြစ်မတင်ဖို့၊ မလှောင်ဖို့၊ ငါဘို့ တခုတည်းကြည့် စစ်အာဏာရှင် မှိုင်းမိ တိုင်းပြည် မတည်ငြိမ်အောင် လုပ်နေသူတွေလို့ မစွပ်စွဲချင်ကြဖို့ မေတ္တာရပ်ခံပါတယ်။
နိဂုံးချုပ်ရရင် လက်ပံတန်းက ဂုဏ်သရေရှိ သူဆင်းရဲမကြီးက ပညာရေး နဲ့ အကြမ်းမဖက်ဖို့ အကြောင်းကို သူပြောတတ်သလောက် ပြောပြီး အဆုံးမှာ သူ့စိတ်ထဲ က ခံစားချက်၊ ဘဝပေး အနာ အသိ ဖြစ်ဟန်ရှိတဲ့ စကားတချို့ ကိုလည်း အဆုံးသတ်ဆိုခဲ့ပါတယ်။
လူဟာ လူပါပဲတဲ့..။ ဆင်းရဲတာလည်း လူပါပဲ၊ ချမ်းသာတာလည်း လူပါပဲ၊ အရာရှိလည်း လူပါပဲ တဲ့..။
ကျနော့် ကို တကယ် ခွန်အားတွေ ဖြစ်စေပါတယ်၊ စာတွေ ဆက်ရေးဖို့ တွန်းအားတွေ ဖြစ်စေပါတယ်၊ မျက်ရည်တွေ ဝဲစေပါတယ်၊ နှလုံးသားကို နူးညံ့ပျော့ပျောင်း နွေးထွေးသွားစေပါတယ်။ ကျနော့် ရဲ့ မျှော်လင့်ချက်တွေကို ရှင်သန်စေပါတယ်။ ပညာတတ်ဆိုသူ လူတချို့၊ စီးပွားဥစ္စာ ချမ်းသာ သူလူတချို့ ဒီ အမျိုးသမီးကြီး လောက်သာ ခံယူချက်မှန် ထားနိုင်ကြရင် ကျနော်တို့ တိုင်းပြည် အနာဂတ်မှာ လူမျိုး၊ ဘာသာစုံ ဆင်းရဲ ချမ်းသာ ဆူကြုံ နိမ့်မြင့် မရွေး လူမျိုးရေး၊ ဘာသာရေး၊ စီးပွားရေး၊ လူတန်းစား ပဋိပက္ခ အမုန်းတွေကင်း ဒီမိုကရေစီ လောက နိဗ္ဗာန် အမြန်ဆုံး အမှန်ဆုံး တည်ဆောင်နိုင်မယ် ယုံကြည်မိပါတယ် ခင်ဗျာ..။
အမည်မသိ ဂုဏ်သရေရှိ သူဆင်းရဲ အမျိုးသမီးကောင်းကြီးကို ဂုဏ်ပြုလျက်..။
ငြိမ်းချမ်းအေး
မတ် ၀၇၊ ၂၀၁၅
မှတ်ချက် – အမျိုးသမီးကြီးရဲ့ ရုပ်သံများ ကို သတင်းထောက် ကိုရန်အောင်ထွန်းရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ သွားကြည့်နိုင်ပါတယ်။
https://www.facebook.com/video.php?v=319997824877674
Thank you. I bound and congratulate the lady.