ဓာတ်ပုံသတင်း ကျော်ဟုန်း

ထိုင်းရောက် ရွှေ့ ပြောင်းလုပ်သားများအတွက် ရတနာစိန်ကျောင်းသစ်ဖွင့်ပြီ

 

ထိုင်းရောက် ရွှေ့ ပြောင်းလုပ်သားများအတွက် ရတနာစိန်ကျောင်းသစ်ဖွင့်ပြီ

ကျော်ဟုန်း ။ မိုးမခ။ မတ်၊ ၇၊ ၂၀၁၅ ။

ထိုင်းနိုင်ငံရောက်  မြန်မာရွှေ့ ပြောင်းလုပ်သားများအတွက်  အခမဲ့ပညာသင်ကြားပေးမယ့် ရတနာစိန် ပညာဒါနကျောင်းသစ်ဖွင့်ပွဲကို မတ်၊ ၁၊ ၂၀၁၅၊ တနင်္ဂနွေနေ့ က ထိုင်းနိုင်းငံ ဘန်ကောက်မြို့ မှာရှိတဲ့ ထီယန်ထလေ၊ စွယ်(၄)၊ ချိုင်ထလေ၊ ဘန်ခွန်ထီယန်၊ စမဲဒမ်း အရပ်မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

ရတနာစိန် ပညာဒါနကျောင်းသစ်ဖွင့်ပွဲမှာ အခမ်းအနားမှူးအဖြစ် ကျောင်းရဲ့အထွေထွေတာဝန်ခံဖြစ်သူ ကိုသန်းဇော်မှ ဆောင်ရွက်ပြီး  ဒေါ်ဝါဝါမော်က ကျောင်းသားသစ်များနဲ့ ကြွရောက်လာသူများကို ကျောင်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်နဲ့ လုပ်ဆောင်မှုများကိုရှင်းလင်း  ပြောကြားပေးပါတယ်။

ဒီကျောင်းသစ်ဖွင့်ပွဲကို  နာယကဆရာတော်ဖြစ်တဲ့ ဦးအာစိဏ္ဏသီရိ၊  ဦးအိန္ဒမဉ္ဖူ (မြတ်မင်္ဂလာစာစောင်-စာတည်းချုပ်)နဲ့    ဦးဝိနယ (လောကမိခင်ပညာဒါနကျောင်း)တို့ မှ ကြွရောက်ချီးမြင့် သြဝါဒပေးပါတယ်။

ဆရာတော် ဦးအာစိဏ္ဏသီရိမှ သင်တန်းသားတိုင်းအနေနဲ့  ကျောင်းမှန်မှန်တက်ဖို့ လိုကြောင်း၊ သင်ခန်းစာများကို လေ့လာကျက်မှတ်ရန်လိုကြောင်း၊ သင်တန်းသားအချင်းချင်းလေးစားမှု၊ယိုင်းပင်းကူညီမှုပြုရမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံသားအချင်းချင်း အမျိုးဘာသာ ခွဲခြားမှု မရှိစေရဟုလည်း စည်းကမ်းသတ်မှတ်ချက်တွေ ထုတ်ပြန်ထားပါတယ်။

ဒီသင်တန်းကျောင်းမှာ ထိုင်းရောက် မြန်မာရွှေ့ ပြောင်းလုပ်သားတွေကို အထောက်အကူပြုစေမယ့် ထိုင်းဘာသာရပ်နဲ့ အင်္ဂလိပ်စာကို အဓိကထားသင်ကြားပေးမှာ ဖြစ်ပါတယ်။ ပထမဆုံး သင်တန်းကာလမှာ မတ် ၁ ရက်မှ ဇွန် ၂၈ အထိဖြစ်ပြီး ၄လ တကြိမ် သတ်မှတ် ထားပါတယ်။ သင်တန်းကို အလုပ်သမားအများစု အားလပ်ရက်ဖြစ်မယ့် တနင်္ဂနွေနေ့ မှာ သင်တန်းပို့ ချပေးမှာဖြစ်ပြီး စာစစ်ပွဲများပြုလုပ်ကာ ထူးချွန်သူများကိုလည်း အောင်လက်မှတ်ပေးအပ် ဂုဏ်ပြုဆုများပေးမှာဖြစ်ကြောင်းသိရပါတယ်။ 

အဆိုပါပညာဒါနကျောင်းဖြစ်မြောက်ဖို့ အတွက်နှင့် ထိုင်းအာဏာပိုင်တို့ အသိအမှတ်ပြုပေးနိုင်အောင် Labour Right Promotion မှ  Mr Sompong SraKaew က ကူညီပေးခဲ့တာဖြစ်ပါတယ်။

 

 

ရတနာစိန်ပညာဒါနကျောင်းဟာ မဟာချိုင်မှလောကမိခင်ပညာဒါနကျောင်းလို ထိုင်းရောက် မြန်မာရွှေ့ ပြောင်းလုပ်သားတွေအတွက် လုပ်ငန်းခွင်၊ လူမှုဆက်ဆံရေးနယ်ပယ်တို့ မှာ လက်တွေ့ အသုံးကျမယ့် ဘာသာရပ်များကို စေတနာထားသင်ကြားပေးရာကျောင်းမို့  ထိုင်းရောက်မြန်မာနိုင်ငံသားလူငယ်များအတွက် တစုံတရာအထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း ယုံကြည်မိပါတယ်။  ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts