သူတို့အာဘော် မောင်ရစ်

မောင်ရစ် – လွှတ်တော်တံခါးတွေ ပိတ်ပြီး ရွေးကောက်ပွဲတံခါး တကယ်ဖွင့်ပေးမှာလား

(ကာတွန်းစောငို (၂၀၁၄) )

မောင်ရစ် – လွှတ်တော်တံခါးတွေ ပိတ်ပြီး ရွေးကောက်ပွဲတံခါး တကယ်ဖွင့်ပေးမှာလား
အယ်ဒီတာ့လက်ရေး၊ မိုးမခ၊ သြဂုတ် ၂၁၊ ၂၀၁၅

၂၀၁၅ ရွေးကောက်ပွဲအကြို ၃ – ၄ လ က စိတ်လှုပ်ရှားစရာကြီးပဲကိုး။ ဇူလိုင်လမှာ ရွေးကောက်ပွဲကိုယ်စားလှယ်ရွေးချယ်ပွဲ အောင်စာရင်းမှာ မပါတဲ့ လူပုဂ္ဂိုလ်တွေနဲ့ ပတ်သက်တဲ့ ဂယက်။ နောက်က ကပ်လိုက်လာတဲ့ မြန်မာတပြည်လုံး ကပ်သင့်တဲ့ ရေဘေးဒုက္ခ ။ သြဂုတ်လဆန်းမှာတော့ဖြင့် ဆေးဖက်ဆိုင်ရာဝန်ထမ်းတွေရဲ့ ဘလက်ရစ်ဘွန် – စစ်အုပ်စုရဲ့စွက်ဖက်မှု ဖီဆန်ခြင်း လှုပ်ရှားမှု၊ သက်တမ်းမကုန်မီ လက်ရှိအစိုးရရဲ့ အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးကြဖို့ တိုင်းရင်းသားလက်နက်ကိုင်တွေအပေါ် နောက်ဆုံးပိတ် အိတ်နဲ့လွယ်မယ့် ဖိအားတွေနဲ့ ဝေဆာနေတုန်း ဗြုံးဆို အာဏာရ ကြံ့ဖွံ့ပါတီ ခေါင်းဆောင်များအတွင်း ဖယ်ရှားခံရမှုက ရှေ့တန်းကို ရောက်သွားခဲ့တာပေါ့။ ဖယ်ရှားခံရသူနဲ့ ဖယ်ရှားသူကြား ဂယက်ဟာ အများပြည်သူတွေ နေ့စဉ် စီးပွားရေးဘ၀ကို ရိုက်ခတ်လိုက်ပြန်တာက ဘဏ်လုပ်ငန်းတွေအထိ ဖြစ်လာပြန်ပါတယ်။ ငွေတွေ ထုတ်၊ ဒေါ်လာလဲ၊ ရွှေတွေ ၀ယ်နဲ့ ဆိုတော့ မြန်မာပြည်ကြီးဟာ လွန်ခဲ့တဲ့ စစ်အစိုးရလက်ထက်တုန်းက မသေချာ မရေရာမှုတွေနဲ့ ဟိုတုန်းက ‘old-normal’ လှိုင်းတွေ ကြားထဲ ပြန်ရောက်သွားသလိုပါပဲ။

စစ်အစိုးရလက်ထက်က ‘ပုံမှန်ဘ၀’ ဆိုတာ ကျားသနားမှ နွားချမ်းသာ၊ မီးစင်ကြည့် က ရတာပါ။ လက်ရှိ ကြံ့ဖွံ့ အစိုးရလက်ထက် ‘ပုံမှန်ဘ၀’ ဆိုတာက ရသလောက် ပေးသလောက်ထဲကနေ ချဲ့ယူကြ ထွင်ယူကြ ရတာပါ။ ပေးသလောက်ထဲကနေ ချဲ့ယူ၊ ဖဲ့ယူ၊ ထွင်ယူနေရင်းကနေ အခုတော့ သူတို့ပေးထားတဲ့ လွှတ်တော်တို့ ရွေးကောက်ပွဲတို့ဆိုတာ အစိုးရနဲ့ တပ်မတော်ရဲ့ လက်ခုတ်ထဲက ရေလို မှောက်လိုက် လှန်လိုက်ဆိုတာ ဖြစ်လာရင် စက်တင်ဘာလမှာ ဘာတွေ ထပ်ပြီး ဈေးဆစ်ခံကြရမှာဦးလို့ တွေးနေမိတော့တယ်။ လွှတ်တော်ကို ကန့်သတ် ချုပ်ခြယ်လိုက်ပြီးတဲ့နောက်မှာ အာဏာပိုင်အစိုးရမင်းများ စိတ်တိုင်းကျ ဆက်လုပ်ကြကြေးသာဆို စိန်ခေါ်ခံရမယ့် အခန်းကဏ္ဍတွေကတော့ မီဒီယာတွေ၊ အစိုးရမဟုတ်တဲ အဖွဲ့အစည်း၊ တသီးပုဂ္ဂလတွေ ဖြစ်နေမလား။ ရွေးကောက်ပွဲ ၀င်ကြဖို့ မောင်းတင်နေကြတဲ့ အပြိုင်နိုင်ငံရေးပါတီတွေလည်း မီးစင်ကြည့်က ကြမယ့် အဖြစ်ကို ရောက်ကြလာလေမလားပေါ့ဗျာ။

နိုင်ငံတကာက စောင့်ကြည့်လေ့လာ အားပေးကူညီ အကဲခတ် ဖိအားပေးနေသူ သူတော်ကောင်းကြီးများကတော့ အာဏာရပါတီကြီး အတွင်းပဋိပက္ခဆိုတာထက် လွှတ်တော်ကြီး ၃ ရပ် ကန့်သတ် ချုပ်ခြယ်ခံလိုက်ရတာကို ပိုပြီး စိုးရိမ်သောက ရောက်ကြရှာပါတယ်။ အစိုးရနဲ့ တပ်မတော်ဟာ လွှတ်တော်တံခါးတွေကို ပိတ်ပြီးမှ နောက်ရွေးကောက်ပွဲတရပ် လွတ်လပ်ပွင့်လင်းစွာ ဆောင်ရွက်တော့မယ်သာ ဆိုလို့ရှိရင် သူတို့တတွေ ၂၀၁၀ ကနေ ၂၀၁၅ လုံးလုံး မြေတောင်မြှောက် မျက်စိမှိတ် အားပေးကူညီ၊ ပိတ်ဆို့မှုတွေပါ ဖွင့်လှစ်ပြီး ရွေးကောက်ပွဲဖြင့် လွှတ်တော်ယဉ်ကျေးမှု ၊ လွှတ်တော်မှတဆင့် အစိုးရဖြစ်တည်ကြရေး၊ ဥပဒေပြုပြင်ကြရေး၊ တရားစီရင်းရေး စတဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ဖြစ်စဉ်ကြီးကို ပိုးမွေးခဲ့ရတာ သားလျှောကုန်မှာ စိုးရိမ်ကုန်ကြတာပေါ့ ခင်ဗျား။

ကဲ … ဒီထူးခြားဖြစ်စဉ်ကြီးနဲ့ ပတ်သက်ပြီး ဘယ်နှယ့်မှ မနေတဲ့သူတွေက ဘယ်သူတွေများ ရှိမလဲဗျာ။ ရေဘေးအပူတွေနဲ့ ပိနေကြသူ ဒုက္ခသည်တွေ၊ ဒုက္ခသည်တွေကို နေ့နေ့ညည ကူညီ စောင့်ရှောက်ဖို့ လုံးပမ်းနေကြတဲ့ စေတနာ့ဝန်ထမ်းပြည်သူတွေ … သူတို့တွေခင်ဗျာ ဘယ်လိုလုပ်လှည့်ကြည့်အားမှာတုန်းလေ။ ဈေးတွေ တက်၊ ဒေါ်လာတွေ ခေါင်ခိုက်၊ စားဝတ်နေရေး အပူတွေ လှိုက်နေကြတဲ့ သာမန် လက်လုပ်လက်စားပြည်သူတွေ တောင်သူလယ်သမား အလုပ်သမားတွေခင်ဗျာမှာလည်း မဲတစင်း ရင်ဝယ်ပိုက်ပြီး ပြေးလွှား ရုန်းကန်နေကြရတာ ဘယ့်နှယ်မှ မေးရက်ပလေလို့ ပြန်ငေါ့ကြမယ် ထင်ပါရဲ့။ ကဲ … ဒါဆိုရင်ဖြင့် ရွေးကောက်ပွဲ ထွက်ပေါက်နဲ့ လွှတ်တော်လမ်းစဉ် ကို ရွေးချယ်ထားတော်မူကြကုန်သော သက်ဆိုင်ရာ လူပုဂ္ဂိုလ်၊ ခေါင်းဆောင်၊ အဖွဲ့အစည်းများ ခေါင်းမီးတောက်ပြီးသကာလ မီးစင်ပေါ်ကနေ မီးလှန့်သံချောင်းများ ခေါက်ကုန်ကြပြီလားလို့ မျှော်ကြည့်လိုက်တော့လည်း သူတို့တွေကြည့်ရတာ အေးဆေးသက်သာပါပဲကလားလို့ ပြောချင်မိတယ်ပေါ့ဗျာ။

လက်ရှိမြန်မာပြည်ရဲ့ လက်တကမ်းမှတ်ကျောက် ဖြေဆည်ရာ ဆောက်တည်ရာ နိုင်ငံရေးလမ်းစဉ်လို့ ယုံကြည် ကိုးကွယ် မှတ်ယူထားကြရကုန်သော (ရွေးကောက်ပွဲ၊ လွှတ်တော်၊ အစိုးရ) လမ်းကြောင်း၊ မှတ်တိုင်၊ မည်သို့ သမုတ်သည်ဖြစ်စေ၊ အဆိုပါ အနှီ အဆောက်အအုံကြီးတွေကို အာဏာရ အစိုးရဆိုသူနဲ့ အာဏာဗြာဒိတ်ရ တပ်မတော်ဆိုသူတို့က စိန်ခေါ် ကန့်သတ် ဟန့်တား ခြိမ်းခြောက်လာတာကို  မြန်မာပြည်တွင်းက သက်ဆိုင်ရာ နိုင်ငံရေးသမားဆိုသူတို့ တဆိတ်ကလေးမျှ တွန့်ကနဲ ထွန့်ကနဲတောင် မဖြစ်ကြလိုက်ဘူးလားလို့ မေးလိုက်ချင်ပါတော့တယ်။ ဒါဟာ ဒီမိုကရေစီအသွင်ကူးပြောင်းရေးကို စိန်ခေါ်သံ အမြောက်သံလို့ အလန့်တကြားလေးတောင် မဖြစ်ကြပါကလားလို့ မြီတွန်လိုက်ချင်ပါတော့တယ်။

ကျနော်တို့ခင်ဗျာကလည်း တမြေ့မြေ့နဲ့ မီးအားကို မြှင့်ပေးထားတဲ့ ရေနွေးအိုးထဲက ဖားသူငယ်လို အပူချိန်မြင့်လာတာကို ဥပက္ခာစိတ်ထားနဲ့ သတိမထားမိကြတော့တာ ဖြစ်နိုင်ပါတယ်။ နောက်ဆုံး တကိုယ်လုံး အကျက်ပြုတ်ပြီး အသက်ထွက်မှပဲ အသက်ထွက်တယ်လို့ မှတ်လို့ တရားရကြရလေမလား။ နောက်ဥပမာ တခုကတော့ ပင်လယ်ထဲ ကူးခတ်နေရတဲ့ ဒုက္ခသည်ဟာ ဟိုးအဝေး မီးအိမ်ပျပျလေးကို ကြည့်ပြီး တနေ့ ရောက်နိုးနိုး စိတ်အားတင်းထားရရှာတော့ မီးအိမ်ရှင် ကိုယ့်ဆီ ရောက်မလာသော်လည်း မီးအိမ်အလင်းရဲ့ အမှတ်ကလေးနဲ့ စိတ်ထဲမှာ မီးလှုံပြီး အနွေးဓာတ် ရှာကြရ၊ ကိုယ်ခန္တာကတော့ ရေနက်ထဲမှာ ချမ်းချမ်းတုန်လို့ အားတင်း၍သာ ကူးနေကြရတာလို့ ပြောချင်မိပါတော့တယ်။

ကဲ … လွှတ်တော်တခါးပိတ်လည်း ရွေးကောက်ပွဲတခါးကတော့ ဖွင့်နေဦးမှာပါပဲ။ ဒီတံခါး မရရင်တော့ အစိုးရတံခါးကိုသာ တိုက်ရိုက် တက်ပြီးသာ ခေါက်ကြပေတော့ပေါ့။ တဒေါက်ဒေါက် နဲ့။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

2 thoughts on “မောင်ရစ် – လွှတ်တော်တံခါးတွေ ပိတ်ပြီး ရွေးကောက်ပွဲတံခါး တကယ်ဖွင့်ပေးမှာလား
  1. စစ်သားအများစုအစိုးရကို အမြစ်ကနေလှန်ပစ်မှ အားလုံးကောင်းသွားမှာပါ

Comments are closed.