ရသဆောင်းပါးစုံ လူများ၊ ရုပ်ပုံလွှာများ လှကျော်ဇော

လှကျော်ဇော – ရဲဘော်သုံးကျိပ်

လှကျော်ဇော – ရဲဘော်သုံးကျိပ်
(မိုးမခ) သြဂတ်စ် ၂၁၊ ၂၀၁၅

ဗမာပြည် လွတ်လပ်ရေးရခါစ ကာလများက အလွန်လက်စောင်းထက်ခဲ့ပြီး စစ်အစိုးရအဆက်ဆက်မှာ အထိန်းသိမ်းခံဘဝ၊ အတိုက်အခံ နိုင်ငံရေးသမားဘဝများ ဖြတ်သန်းပြီး ကွယ်လွန်သွားခဲ့တဲ့ ဖဆပလခေတ် ဝန်ကြီးဟောင်းတဦးရဲ့ ရှေးဖြစ် ဟောင်း ရေးသားဖွယ်တချို့မှာ ရဲဘော်သုံးကျိပ်ဝင်များနဲ့ ပတ်သက်ပြီး ပညာတတ်ခေါင်းဆောင်တွေ အများအပြားရှိလျှက်နဲ့ ဂျပန်စစ်ပညာသင်ပို့ရာမှာ တာဝန်ခံ သခင်ချစ်ဟာ မိမိလက်သင့်ရာတွေပဲ ထည့်လွှတ်လိုက်တယ်။ ဒါကြောင့် ပါသင့် ပါထိုက် သူတွေ မပါဝင် ဖြစ်ရတယ်လို့ ရေးထားတာ တွေ့ရပါတယ်။

ဒါနဲ့ပတ်သက်ပြီး ကျွန်မက ဖေဖေကို အကျိုးအကြောင်း မေးကြည့်ခဲ့ဖူးပါတယ်။ ဖေဖေပြောပြတာကတော့ ..
“ဖေဖေတို့က အဲဒီတုန်းက လူငယ်တွေပဲ။ ဒါကြောင့် ဘယ်လိုရွေးချယ်ကြတယ်ဆိုတာ ဖေဖေမသိပါဘူး။ ဖေဖေ့ အထင်က တော့ ဒီဂျပန်ကို စစ်ပညာသင်လွှတ်ရေးဆိုတဲ့ကိစ္စဟာ အင်္ဂလိပ်အစိုးရလက်ထက်အောက်မှာလုပ်ရတဲ့ အလုပ်ဖြစ်တော့ အလွန်လျှို့ဝှက်ရတယ်။ ဗမာပြည်မှာလည်း မြေအောက်လုပ်ငန်းတို့ ဘာတို့ဆိုတာ သိပ်အတွေ့အကြုံရှိကြသေးတာ မဟုတ် ဘူး။ ဒါကြောင့် သခင်ချစ်အနေနဲ့ကလည်း သိပ်အကျယ်အပြန့် တိုင်ပင်နိုင်ပုံမရဘူး။ သိပ်ယုံကြည်စိတ်ချရတဲ့ နီးစပ်ရာ လူတွေပဲ လက်တို့ခိုင်းရပုံရတယ်။ သင်္ဘောပတ် တခါကြုံတိုင်း ၄-၅ ယောက်စုစုပြီး စီစဉ်ရတာ။ ဒါ့အပြင် ရွေးချယ်ခံထားရတဲ့ လူတချို့ကလည်း အနီးကပ်မှ မလိုက်နိုင်ဘူးဖြစ်ရင် ရထားတဲ့ လူဦးရေပြည့်အောင် အိမ်မှာ အသင့်ရှိနေတဲ့လူတွေ ကောက် ထည့်လိုက်ရတာပဲ” တဲ့။

“သခင်ချစ်က အဲဒီတုန်းက ရေကျော်က သမဝါယမဆိုင်မှာ အရောင်းစာရေးကြီးလုပ်နေတာ။ သူ့အိမ်မှာက နယ်က ဝရမ်းပြေး လာတဲ့ (အင်္ဂလိပ်အစိုးရလိုက်ဖမ်းလို့) ကျောင်းသားခေါင်းဆောင်လေးတွေ။ သခင်ပေါက်စလေးတွေ လာခိုအောင်း နေတာ တွေ ရှိတယ်။ ဝိုင်းလုပ် ဝိုင်းစားပေါ့။ ထမင်းချက်တဲ့သူက ချက်။ ရေထမ်းတဲ့သူက ထမ်းနဲ့ပေါ့။ အဲဒီလူတွေထဲက တချို့ကို အစားထိုးထည့်လိုက်ရပုံတွေ ရှိပါတယ်”

“ဖေဖေတို့က ဂျပန်ကပြန်လာတော့ ဂျပန်ပြန် ရဲဘော်သုံးကျိပ်တွေအဖြစ် သူရဲကောင်းကြီးများအဖြစ် လျှမ်းလျှမ်းတောက် လာတဲ့အခါ အဲဒီတုန်းက မလိုက်ဖြစ်လိုက်တဲ့လူတွေ (တချို့က သွားဖို့ အရွေးခံရလျက်နဲ့ မလိုက်သူများ) က မနာလို ဝန်တို ဖြစ်ပြီး အမနာပ ရေးကြ ပြောကြတာတွေ ရှိလာပါတယ်။ ဖေဖေတို့ ရဲဘော်သုံးကျိပ်ဝင်တချို့ကလည်း ရာထူးစည်းစိမ်လေး တွေရလာရော ပျက်စီးလာတာတွေလည်း ရှိတာကိုး” လို့ ဖေဖေက ပြောပြပါတယ်။

ဖေဖေက ဆက်ပြီးပြောပြတာကတော့ “တချို့ အရွေးချယ်ခံရပြီး မလိုက်ကြတဲ့သူတွေထဲမှာ ဘယ်သောင် ဘယ်စခန်း ဆိုက် မယ်မှန်းမသိလို့ ကြောက်ရွံ့လို့ မလိုက်ကြသူတွေရှိပေမယ့် တချို့ကျတော့လည်း ဘယ်သူဘယ်ဝါ ဘယ်ပါတီကလွှတ်မှန်း မသိလို့ နိုင်ငံရေးအရ စဉ်းစားပြီး မလိုက်တာတွေလည်း ရှိပါတယ်” လို့ ဆိုပါတယ်။

ဖေဖေကိုယ်တိုင်လည်း သူ့ကို ဂျပန်လိုက်သွားပြီး စစ်ပညာသင်ဖို့ လာဆွေးနွေးတဲ့ ကိုညို (နောင် ဗိုလ်ချုပ်အောင်ဆန်းရဲ့ အတွင်းဝန် ဗိုလ်မှူးသူရ) ကို ချက်ချင်း လိုက်ပါ့မယ်လို့ ကတိမပေးဘဲ၊ နှစ်ရက်လောက် စဉ်းစားပါရစေဦးလို့ အချိန်ဆွဲခဲ့ပါ တယ်တဲ့။ ဖေဖေက ကိုညိုကို ဘယ်ပါတီကလွှတ်တာလဲလို့ မေးပေမယ့် ကိုညိုက လျှို့ဝှက်ရေးမို့ မပြောနိုင်ဘူးလို့ ဆိုပါတယ်။ အဲဒီကာလက ဦးစောတို့ပါတီကလည်း ဂျပန်နဲ့ဆက်နေတာဖြစ်တော့ ဦးစောတို့ပါတီက လွှတ်တာဖြစ်နေနိုင်လို့ ဖေဖေက အဲဒီလိုမေးရတာပါ။ ဖေဖေက သူတို့သာယာဝတီက ခေါင်းဆောင်ကြီး သခင်မြကို သွားမေးပြီး၊ သခင်မြက“မင်းလိုက်သွားပါ၊ ငါတို့လွှတ်တာပါ” လို့ပြောမှ သူလိုက်ဖို့ ဆုံးဖြတ်ချက်ချခဲ့တာပါ။ ဒါကြောင့် တချို့မလိုက်ဖြစ်တဲ့လူတွေအပေါ် ဖေဖေက နားလည်မှုရှိဟန် တူပါတယ်။

ဖေဖေက ရဲဘော်သုံးကျိပ်ဝင်တွေဟာ ပညာတတ်ရော၊ ပညာမတတ်ရော၊ ခေါင်းဆောင်ရော၊ ငယ်သားရော လုံးလုံးမခွဲခြားဘဲ တစည်းတလုံးတည်းနဲ့ စစ်ပညာတွေကို ကျားကုတ်ကျားခဲ လေ့လာခဲ့ကြတယ်။ ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် ဖေဖေတို့ ရဲဘော်ငယ်တွေနဲ့ တတန်းတည်းနေပြီး စစ်ပညာတွေကို သင်ယူခဲ့တာ။ ဒါကြောင့်ပဲ အလွန်စည်း လုံးညီညွတ်ခဲ့ကြပြီး အ ခက်အခဲအမျိုးမျိုးကို ဖြတ်ကျော်နိုင်ခဲ့တာဖြစ်တယ်။ ဗမာပြည်ပြန်ရောက်ကြပြီးနောက် ဆက်လက်မလေ့လာ မကြိုးစားတဲ့ လူတွေကတော့ ဘဝကြီးကို ရေစုန်မျှောပြီး ပျက်စီးသွားသူတွေရှိသလို ဗမာပြည်သူတွေအရေး တိုင်းပြည်အရေးကို အလေး အနက်စဉ်းစားပြီး တိုင်းပြည်အရေးကို အသက်ပေးလို့ လုပ်ဆောင်သွားကြသူတွေလည်း ရှိပါတယ်။ ရဲဘော်သုံးကျိပ်ဝင် ဆိုတာတွေဟာလည်း လူတွေပဲလေ။ ဗိုလ်ချုပ်အောင်ဆန်းလိုလူမျိုးလည်း ရဲဘော်သုံးကျိပ်ဖြစ်သလို ဗမာပြည်ကြီးကို စစ် အာဏာရှင်စနစ်အောက် တွန်းပို့ခဲ့တဲ့ ဗိုလ်နေဝင်းဟာလည်း ရဲဘော်သုံးကျိပ်ပဲ မဟုတ်လားလို့လည်း ပြောပြခဲ့ဖူးပါတယ်။

တကယ်တော့ ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုးကို စစ်စစ်မှန်မှန် ချစ်မြတ်နိုးကြသူများဟာ ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုးတွေ မလွတ်မြောက်မခြင်း ကြီးပွားချမ်းသာမလာမခြင်း ဇွဲနဘဲနဲ့ ကြိုးစားအားထုတ်ရမှာဖြစ်ပါတယ်။ လမ်းခရီးမှာတွေ့တဲ့ ဆူးငြောင့် ခလုတ်တွေကို အလွန်သတိကြီးစွာထား ရှောင်ရှားရမှာဖြစ်ပါတယ်။

ဖေဖေက ဂျပန်လူမျိုးတွေရဲ့ ဓလေ့မှာ သူတို့ဧည့်သည်ကို ဂေရှားမယ်တွေနဲ့ ဧည့်ခံတာဟာ သူတို့ဧည့်ဝတ်ပြည့်မှုတမျိုးပဲ။ ဖေဖေတို့ ဂျပန်ရောက်တော့လည်း အဲသလို ဧည့်ခံတာပဲ။ ဒါကို နှစ်သက်သွားသူတွေရှိသလို ရွံရှာစက်ဆုပ်သူတွေလည်း ရှိတယ်။ တခါ ဖေဖေတို့ သံလျင် အင်္ဂလိပ်စစ်တပ်မှာ နေရတုန်းက (မှတ်ချက် ကန္ဒီစာချုပ်အပြီး မျိုးချစ်တပ်မတော်မှ တပ်မှူး တပ်သားအချို့ အင်္ဂလိပ်တပ်များနဲ့အတူ ပေါင်းစဉ် ၁၉၄၇ ခုနှစ်) ဘုရင့်ကော်မရှင်ရ စစ်ဗိုလ်တွေဆိုပြီး ရာရှင်အကောင်းစား တွေရတယ်။ စီးကရက်တို့ အရက်တို့ ဖောခြင်းသောခြင်းပဲ။ ဖေဖေလည်း အစမှာတော့ ဆေးလိပ်သောက်ကြည့်၊ အရက် သောက်ကြည့်ပေါ့။ တပတ်လောက်ကြာတော့ ဆေးလိပ်နှုန်းရော အရက်နှုန်းရော တက်လာတယ်။ တနေ့ ၁ လိပ်၊ ၂ လိပ်က နေ ၄-၅ လိပ်ဖြစ်လာတယ်။ အရက်ကလည်း ၁ ပက်၊ ၂ ပက်ကနေ ၃-၄ ပက်ဖြစ်လာတော့တယ်။ အဲဒီတော့ ဖေဖေရိပ်မိပြီး ဒီကောင်တွေ (အင်္ဂလိပ်တွေ) ငါတို့ကို ဖျက်နေတာ၊ ငါရပ်မှပဲလို့ စဉ်စားမိတာနဲ့ ဖြတ်လိုက်တာပဲလို့ ပြောပြဖူးပါတယ်။

ဖေဖေကတော့ သူငယ်ငယ်တုန်းက ဘုန်းတော်ကြီးကျောင်းတွေမှာနေခဲ့ရပြီး ဘာသာတရား နက်ရှိုင်းမှုကြောင့် သူအကျင့် စာရိတ္တကို သူထိန်းနိုင်တာလို့ ဆိုပါတယ်။

ကျွန်မကတော့ ဖေဖေဟာ သူ့ပြည်သူလူထုကို ချစ်မြတ်နိုးလွန်းလို့ ပြည်သူတွေ မလွတ်မမြောက်မခြင်း သူတာဝန် မကျေဘူး လို့ သဘောထားလို့သာ ဘဝကို အရသာခံမနေတာပဲလို့ တွေးမိပါတယ်။ တကယ်လည်း လူတန်းစားတရပ်လုံး လွတ်မြောက် ဖို့ ကြိုးပမ်းကြသူများဟာ မိမိခြေလှမ်းတိုင်းကို သတိကြီးစွာထားပြီး လှမ်းရမှာဖြစ်ပါတယ်။ ဒါမှသာ ရာသက်ပန် ပြည်သူ့ ဘက်တော်သားဖြစ်နိုင်မှာ ဖြစ်ပါတယ်။

လှကျော်ဇော၊
၁၀-၁၀-၂၀ဝ၉၊
ကျွန်မဆက်၍ရေးခြင်သော ဖေဖေ့အကြာင်းများ၊ ဆောင်းပါးအမှတ် (၄)၊

• ထပ်မံဖြည့်စွက်ချက်
အထက်ပါဆောင်းပါးရေးစဉ်က အသက်ထင်ရှားကျန်နေသူ ရဲဘော်သုံးကျိပ် (၂) ဦးရှိပါသေးတယ်။ ယခုတော့ အားလုံးကွယ် လွန်ကုန်ကြပါပြီ၊ ရဲဘော်သုံးကျိပ်ဝင်အားလုံးရဲ့ ကွယ်လွန်တဲ့ ခုနှစ်၊ သက္ကရာဇ်များကို အချိန်ကာလအလိုက် စုစည်းပြုစုထား တာကို  ဗိုလ်မြင့်ဆွေ (ရဲဘော်သုံးကျိပ်) ၏ ကိုယ်တွေ့မှတ်တမ်း (၂၀၁၄-မေလ- စာပေလောက) စာအုပ်မှာတွေ့ရှိရပါ တယ်။ ထိုစာရင်းကို ကူးယူဖေါ်ပြလိုက်ပါတယ်။

စာရင်းပြုစုပေးသူ-ဗိုလ်မြင့်ဆွေ၏သမီး ခင်မြတ်သူဆွေအားအထူးကျေးဇူးတင်ရှိကြောင်းပြောလိုပါတယ်၊ကြိုတင်ခွင့်ပြုချက်မတောင်းတာကိုလည်း နားလည်ခွင့်လွှတ်ပါရန် တောင်းပန်ပါတယ်။

ကွယ်လွန်သွားခဲ့ကြပြီဖြစ်သောရဲဘော်သုံးကျိပ်ဝင်များ၏ ကွယ်လွန်ခဲ့သောခုနှစ်များ

စဉ် — အမည်ရင်း ————– ဗိုလ်အမည် —————- ကွယ်လွန်သည့်နှစ်
၁။ သခင်သန်းတင် ————– ဗိုလ်သန်းတင်  ————- စက်တင်ဘာ၊ ၁၉၄၁၊
၂။ သခင်သန်းတင်  ——-        ဗိုလ်မြဒင်                        ဇန်နဝါရီ၊ ၁၉၄၂၊
၃။ သခင်ငွေ           ———–  ဗိုလ်စောအောင်              ၂၆ ဖဖေါ်ဝါရီ၊ ၁၉၄၂၊
၎။ သခင်အေးမောင်                ဗိုလ်မိုး                          ၈ မတ်လ၊ ၁၉၄၂၊
၅။ သခင်မောင်မောင်               ဗိုလ်ဉာဏ                     ၄ ဧပြီလ၊ ၁၉၄၂၊
၆။ သခင်စိုး                           ဗိုလ်မြင့်အောင်             ၂၄ ဇွန်လ၊ ၁၉၄၅၊
၇။ ကိုဆောင်း                        ဗိုလ်ထိန်ဝင်း               နိုဝင်ဘာ၊ ၁၉၄၅၊
၈။ သခင်အောင်ဆန်း              ဗိုလ်တေဇ                 ၁၉၊ဇူလိုင်၊၁၉၄၇၊
၉။ သခင်ကျော်စိန်                 ဗိုလ်မိုးညို                  ၉၊ဧပြီလ၊၁၉၆၀၊
၁၀။ သခင်လှမြိုင်                  ဗိုလ်ရန်အောင်               ၂၆ ဒီဇင်ဘာ၊ ၁၉၆၇၊
၁၁။ သခင်လှမောင်               ဗိုလ်ဇေယျ                 ၁၆ ဧပြီလ၊ ၁၉၆၈၊
၁၂။ သခင်ဘဂျမ်း                 ဗိုလ်လရောင်                ၉ ဇူလိုင်၊ ၁၉၆၈၊
၁၃။ သခင်အောင်သန်း           ဗိုလ်စကြာ်                 ၆ စက်တင်ဘာ၊၁၉၆၉၊
၁၄။ သခင်ထွန်းအုပ်              ——–                 ၂၃၊ ဇန်နဝါရီ၊ ၁၉၇၀၊
၁၅။ သခင်ထွန်းခင်             ဗိုလ်မြင့်ဆွေ                 ၂၃၊ဇန်နဝါရီ၊၁၉၇၃၊
၁၆။ သခင်ထွန်းရွှေ            ဗိုလ်လင်းယုန်                ၈၊ဧပြီလ၊၁၉၇၄၊
၁၇။ သခင်သစ်                 ဗိုလ်စောနောင်               ၃၀၊ဇန်နဝါရီ၊၁၉၇၆၊
၁၈။ သခင်လှဖေ               ဗိုလ်လကျာ်                 ၂၇၊နိုဝင်ဘာ၊၁၉၇၈၊
၁၉။ သခင်စောလွင်           ဗိုလ်မင်းခေါင်                 ၂၄၊သြဂုတ်၊၁၉၈၃၊
၂၀။ သခင်လှ                ဗိုလ်မင်းရောင်                 ၆၊နိုဝင်ဘာ၊၁၉၈၈၊
၂၁။ သခင်ထွန်းရှိန်       ဗိုလ်ရန်နိုင်                   ၂၈၊ဇန်နဝါရီ၊၁၉၈၉၊
၂၂။ သခင်တင်အေး       ဗိုလ်ဖုန်းမြင့်                   ၂၈၊ဇူလိုင်၊၁၉၈၉၊
၂၃။ သခင်ခင်မောင်ဦး      ဗိုလ်တာရာ                   ၆၊ဖေဖေါ်ဝါရီ၊၁၉၉၃၊
၂၄။ သခင်သန်းညွန့်       ဗိုလ်ဇင်ယော်                  ၃၁၊ဒီဇင်ဘာ၊၁၉၉၃၊
၂၅။ သခင်စံမြ          ဗိုလ်တောက်ထိန်                ၁၈၊ဧပြီလ၊၁၉၉၆၊
၂၆။ သခင်ထွန်းလွင်       ဗိုလ်ဗလ                    ၁၊နိုဝင်ဘာ၊၁၉၉၈
၂၇။ သခင်ရှုမောင်        ဗိုလ်နေဝင်း                   ၅၊ဒီဇင်ဘာ၊၂၀ဝ၂၊
၂၈။ သခင်စံလှိုင်         ဗိုလ်မှူးအောင်                  ၉၊နိုဝင်ဘာ၊၂၀ဝ၄၊
၂၉။ ကိုရွှေ            ဗိုလ်ကျော်ဇော                  ၁၀၊အောက်တိုဘာ၊၂၀၁၂၊
၃၀။ ကိုအောင်သိန်း       ဗိုလ်ရဲထွဋ်                    ၂၇၊နိုဝင်ဘာ၊၂၀၁၃၊

လှကျော်ဇော၊
၁၅-၈-၂၀၁၅၊

ပုံစာ – အသက်(၉၀)ကျော်သည်အထိအသက်ရှည်ခဲ့

ကြပြီးနောက်ဆုံးမှရှေ့ဆင့်နောက်ဆင့်ကွယ်လွန်ခဲ့ကြသည့်ရဲဘော်သုံးကျိပ်ဝင်(၃)ဦး။

(ဓာတ်ပုံကို  လူထုဦးလှ၏–သတင်းစာများကပြောပြ တဲ့စစ်တွင်းဗမာပြည်—စတုတ္ထတွဲမှရယူပါတယ်။)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts