မှတ်စုမှတ်တမ်း အုန်းနိုင် ဖြစ်ရပ်များ၊ အမှတ်တရများ

အုန်းနိုင် – ၁၉၉၁ ခုနှစ် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်မှ ဒေါ်အောင်ဆန်းစုကြည်အားထုတ်ပယ်ခြင်း (၁၄)

 အုန်းနိုင် – ၁၉၉၁ ခုနှစ် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်မှ ဒေါ်အောင်ဆန်းစုကြည်အားထုတ်ပယ်ခြင်း (၁၄)
(မိုးမခ) သြဂတ်စ် ၂၁၊ ၂၀၁၅

• အမှုစစ်ဖို့ ဆင့်ခေါ်ပြီ
နိုဝင်ဘာလလည်လောက်မှာ ရန်ကုန်ရောက်ပြန်လို့ ရွှေဂုံတိုင်ရုံးချုပ်ကို ၀င်တယ်။ ကျနော့်မြင်မှ ကဗျာကသီထွက်ရဟန် တူပါရဲ့။ အဲဒီနေ့ရက်စွဲ (၁၄.၁၁.၉၁) နဲ့ပဲ စာတစောင်လာပေးပါတယ်။ ရုံးရှေ့ က လက်ဖက်ရည်ဆိုင်မှာထိုင်နေတုန်းပေးတာပါ။ စာဖတ်ကြည့်တော့“တိုင်းစည်းရုံးရေးအဖွဲ့  ဥက္ကဌရဲ့ တိုင်တန်းချက်အရ ဦးအုန်းနိုင်သည် အဖွဲ့ ချုပ်စည်းရုံးညီညွတ်ရေးကိုပျက်ပြားစေနိုင်သော ပြုမူဆောင်ရွက်ချက်များပြုလုပ်ခဲ့သည်ဟု ဗဟိုစည်းကမ်းထိန်းသိမ်းရေး အဖွဲ့ကယူဆပါသဖြင့် (၂၅. ၁၁. ၉၁) နေ့တွင် အစစ်ဆေးခံလာရောက်ရန်” ဆိုပြီး ဆင့်ခေါ်ထားတာ တွေ့ ရပါတယ်။ စာကို လက်မှတ်ထိုးသူက ဗဟို အလုပ်အမှုဆောင်အဖွဲ့ဝင် ဦးသန်းထွန်းဖြစ်ပါတယ်။

ဒီစာရပြီး ကျနော် မြို့ကိုပြန်ပါသေးတယ်။ မြို့ကကော်မတီကို တင်ပြဆွေးနွေးပါတယ်။ စာထဲမှာ စည်းရုံးညီညွတ်ရေးကို ပျက်ပြားစေနိုင်သော ပြုမူဆောင်ရွက်ချက်လို့သာပါပြီး တိတိကျကျမဖော်ပြလို့ အစစ်ဆေးမခံသင့်ဘူးလို့ တချို့က ယူဆပါ တယ်။ တချို့ ကတော့လည်း အဖွဲ့ချုပ်အမှုဆောင်တွေဟာ သွေးရူးသွေးတန်းဖြစ်နေပြီ.။ ပေါင်းတည်ကို လာတုန်းကတည်းက ဆရာကြီးကိုစွဲချက်တင်ဖို့ကြိုးစားပေမယ့်   တင်မရတော့ ဆရာကြီးတယောက်တည်းကို တရားခံစစ် ခေါ်စစ်တာဖြစ်မယ်။ ဆရာကြီးဘက်က ဘာအမှားမှရှိတာမဟုတ်လို့ လုံးဝမသွားသင့်ဘူးလို့ သဘောထားပေးကြပါတယ်။ ဒါပေမယ့် ကျနော်က ရေဆုံး ရေဖျားလိုက်ကြည့်ကြတာပေါ့။ သွားပြီး ရင်ဆိုင်ခွင့်ပြုပါလို့ မြို့ နယ်ကော်မတီကိုမေတ္တာရပ်ခံပါတယ်။ ဒီသတင်းကို ကြားတဲ့ သဲကုန်းကိုယ်စားလှယ် ဦးအေးကလည်း ပေါင်းတည်ရောက်လာပြီး ဆရာကြီးမသွားနဲ့လို့ တားပါသေးတယ်။ ကျနော်ကတော့ ဒါဟာ ဒီမိုကရေစီကျင့်စဉ်တရပ်ကို စမ်းသပ်ကြည့်တာလို့သဘောထားပြီး ရင်ဆိုင်ဖို့ ဆုံးဖြတ်ပါတယ်။

နိုဝင်ဘာ (၂၅) ရက်နေ့ အဖွဲ့ချုပ်ရုံးကိုရောက်တော့ ကျနော့်ကိုစစ်ဆေးမယ့် ဗဟိုစည်းကမ်းထိမ်းသိမ်းရေးအဖွဲ့မှာ ဘယ်သူ တွေပါတယ်ဆိုတာ စုံစမ်းကြည့်တော့ အဖွဲ့အတွင်းရေးမှူးလို့ဆိုတဲ့ ဦးလှစိုး (မင်းဘူး) ဆီကနေ အဖွဲ့ဝင်များအမည်ကို သိရပါ တယ်။
(၁) ဦးသန်းထွန်း (ဗဟိုအလုပ်အမှုဆောင်၊ ဥက္ကဌ)
(၂) ဦးလှစိုး (မကွေးတိုင်းစည်းရုံးရေး၊ အတွင်းရေးမှူး)
(၃) ဦးသန်းထွန်း (ဒေးဒရဲ) (ဧရာဝတီတိုင်းစည်းရုံးရေး၊ အဖွဲ့ ဝင်)
(၄) ဦးခင်မောင်ကြည် (အဖွဲ့ဝင်)
(၅) ဦးတင်မောင်လေး  (ဗဟိုအလုပ်သမားအဖွဲ့၊ အဖွဲ့ဝင်) တို့ဖြစ်ပြီး စွဲချက်က တမျိုးပြောင်းသွားပြန်ပါပြီ။

ဦးအုန်းနိုင်အား အောက်ပါစွဲချက်များ တင်ပြ၍ ဖြေရှင်းစေပါသည်။

(၁) ပဲခူးတိုင်းစည်းရုံးရေးအဖွဲ့  ဥက္ကဌ ဦးမြလေးနှင့် အဖွဲ့ဝင်ဦးပိုက်ခြုံတို့အား အိမ်မှနှင်ချခြင်း။
(၂) မြို့နယ်စည်းရုံးရေးကော်မတီအစည်းအဝေး ခေါ်ယူပေးရန်ပျက်ကွက်ခြင်း။
(၃) မြို့ နယ်စည်းရုံးရေးကော်မတီနှင့် တိုင်းစည်းရုံးရေးအဖွဲ့တို့ အစည်းအဝေးသို့မတက်ခြင်းတို့ ဖြစ်ပါတယ်။

ပထမစာမှာတုန်းက စွဲချက်က တမျိုး..၊ အခုစွဲချက်ကတမျိုးပါလား..။ ဘယ်လိုကြီးပါလိမ့်။ ဒါပေမယ့် အခုဟာက တိတိကျကျ ဆိုတော့ ဖြေရှင်းရတာ ပိုကောင်းပါတယ်။ ကျနော် သူတို့ (၅) ယောက်ရှေ့မှာ နှုတ်နဲ့ပဲ ဖြေရပါတယ်။

(တစ်) အချက်က ဦးမြလေးတို့ကို အိမ်ပေါ်မှနှင်ချခြင်းမဟုတ်ပါ။ ကျနော့်အိမ်မှာ ညအိပ်တည်းခိုခြင်းမပြုတာသာ ဖြစ်ပါ တယ်။ ဒီလိုတည်းခိုခွင့်မပြုတဲ့အကြောင်းကလည်း နောက်တနေ့မနက် (အင်းမ) ဦးအေးပါလာတဲ့အခါမှာ ဦးမြလေးကို ပွင့် ပွင့် လင်းလင်းပြောခဲ့ပြီးဖြစ်ပါတယ်။(ကိုယ့်ကို စွဲချက်တင်မဲ့သူတွေကို ဧည့်ဝတ်ကျေအောင် ဧည့်ခံမနေချင်တော့ဘူး။ အချိန် ကြာကြာ မျက်နှာချင်းဆိုင်စကားပြောမနေချင်ဘူး။ ဒုတိယ ဒါမှမဟုတ်.. ပထမအကြောင်းကတော့ ဦးမြလေးဟာ ပါမောက္ခ ယိုကိုယိုဇိုတာကိုရှောင်လာတယ်လို့ထင်ပြီး အထင်သေးလို့ဆိုတာကို အကျဉ်းချုပ်ပြောတယ်)
(နှစ်) မြို့နယ်စည်းရုံးရေးကော်မတီအစည်းအဝေးကို ကျနော်ခေါ်ပေးထားခဲ့လို့ လူစုံတက်ရောက်တာဖြစ်တယ်။ အစည်း အဝေးတက်ရောက်သူများ လက်မှတ်ထိုးစာရင်းနဲ့ အစည်းအဝေးမှတ်တမ်းကိုတောင် ဦးမောင်အေး (တိုင်းစည်း) က သိမ်း သွားသေးတယ်။

(သုံး) ကျနော် အစည်းအဝေးမတက်တာကလည်း ဦးမြလေးကို ကျနော်ရှိနေရင် ခင်ဗျားတို့နဲ့မြို့ နယ်အဖွဲ့ မျက်နှာနာနေရ ဦးမယ်။ လွတ်လွတ်လပ်လပ် မပြောဖြစ်မှာစိုးတယ်လို့ ပြောပြီးကြိုတင်အသိပေး ခွင့်တောင်းထားတာသာဖြစ်တယ်လို့ ဖြေ ရှင်းလိုက်ပါတယ်။

ဒီတော့ ဒီရက်တွေမှာ ပါမောက္ခယိုကိုရိုဇိုတာ လာတာဟုတ်သလား။ မဟုတ်ဘူးလားလို့ ဥက္ကဌဦးသန်းထွန်းကမေးတော့   ဒေးဒရဲဦးသန်းထွန်းက တခြားတနေရာထသွားပြီး ချက်ခြင်းပဲ အဲဒီနေ့က ယိုကိုယိုဇိုတာပုံပါတဲ့သတင်းစာကို ယူလာပြီး ပြပါ တယ်။ ဒီသတင်းစာကို အချိန်ကြာကြာရှာမနေရပါ။ ဒီအကြောင်းသိပြီးသားမို့ သတင်းစာကို ကြိုတင်ရှာထားပြီး အဆင်သင့် ထားပုံရပါတယ်။ ဒီတော့ သူတို့သိပြီးသားဆိုတာ ထင်ရှားပါတယ်။ ကြောက်မလားလို့ ဟိတ်နဲ့ ဟန်နဲ့ လုပ်နေတာလား။ အ လုပ်မရှိ..အလုပ်ရှာ..။ ကြောင်မရေချိုးလုပ်နေတာလား..တော့မသိပါ..။ ဒီတော့ ကျနော်လည်း ဆက်ပြောပါတယ်။

အခုလိုစစ်ဆေးတာကို ကျနော်ငွေကုန်ကြေးကျခံပြီး လာရောက်ရင်ဆိုင်တာဟာ ဒီမိုကရေစီလုပ်ရပ်ကို လေးစားလို့ဖြစ် တယ်။ ဒီမိုကရေစီကျင့်စဉ်အရ ကျနော့်အပေါ် တွေ့ရှိသုံးသပ်ချက်များကိုလည်း ကျနော်သိအောင် သတင်းထုတ်ပြန်ပါ။ ဒီအ မှုရဲ့ အဓိကအချက်က ဦးမြလေးတို့ကို နှင်ချတာ။ အစည်းအဝေး တက်တာ မတက်တာမဟုတ်ပဲ အကြောင်းရင်းဇစ်မြစ်က ဗဟိုအလုပ်အမှုဆောင်ရဲ့ လုပ်သင့်လုပ်ထိုက်သလောက် ဌာန်ကုန်အောင်မလုပ်ပဲ အောက်ကို ဆက်လက်ညွှန်ကြားတဲ့စာတစောင်ကိစ္စဖြစ်လို့ တနည်းအားဖြင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ကို ဆန့်ကျင်အပြစ်တင်တဲ့ကိစ္စဖြစ်လို့၊ ဒီစာကိုလည်း မှတ် တမ်းတင်ပေးပါ။ နောင်လည်း ဒီလို ဒီမိုကရေစီကျင့်စဉ်မျိုးကို ဆက်လက်ထိန်းသိမ်းပါလို့ ဆက်ပြောလိုက်ပါတယ်။ ဆက်ပြီး လျှာရှည်လိုက်တယ်ဆိုရင်လည်း ရတာပေါ့လေ။ ဒီတော့ ဥက္ကဌဦးသန်းထွန်းနဲ့ အတွင်းရေးမှူးဦးလှစိုးတို့က ဆက်ပြီး မေးခွန်း တော်တော်များများမေးပါတယ်။ အဓိကအချက်များကတော့ မှတ်မိသလောက် ဖော်ပြရရင်တော့ …

ဦးအုန်းနိုင် အရင်က ဘယ်ပါတီဝင်ဖြစ်ခဲ့ဖူးသလဲ။
အခု အဖွဲ့ ချုပ်ရဲ့ဦးဆောင်မှုကို ခံယူနိုင်ပါ့မလား။

(ဒေါ်အောင်ဆန်းစုကြည် အကျယ်ချုပ်ကျနေစဉ်အဖွဲ့ချုပ်ရဲ့ ညွှန်ကြားချက်၊ လုပ်ဆောင်ချက်တွေဟာ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ညွှန်ကြားတာ၊ လုပ်ဆောင်တာတွေမဟုတ်လို့ ဦးအုန်းနိုင်အနေနဲ့ လက်ခံနိုင်သလားဆိုတဲ့ သဘော တွေဖြစ်ပါ တယ်) ကျနော်ကလည်း လိုလိုလားလားပဲ ဖြေပါတယ်။

“တက္ကသိုလ်ကျောင်းသားဘ၀က ရန်ကုန်တက္ကသိုလ်ကျောင်းသား ညီညွတ်ရေးတပ်ဦး အဖွဲ့ဝင်ဖြစ်ခဲ့ဖူးပါတယ်။ ဒီအဖွဲ့ဟာ နိုင်ငံရေးအဖွဲ့ နိုင်ငံရေးပါတီမဟုတ်ပေမယ့် တချို့က နိုင်ငံရေးပါတီလို့ ယူဆကြပါတယ်။ ခင်ဗျားတို့လည်း ခင်ဗျားတို့ သဘောပေါ့။ မဆလ ခေတ်နှောင်းပိုင်းမှာလည်း မဆလပါတီဝင်ဖြစ်ခဲ့ဖူးပါတယ်။

အဖွဲ့ချုပ်ဦးဆောင်မှုဆိုတာကတော့ အဖွဲ့ချုပ်ရဲ့  အခုတလောကြေညာစာတမ်းတွေမှာ အဖွဲ့ချုပ်၏ စဉ်ဆက်မပြတ် ဦးဆောင် မှုဆိုတဲ့ အသုံးတွေတွေ့နေရပါတယ်။ အဲဒီအဓိပ္ပါယ်က အရင်ဦးတင်ဦးနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ဦးဆောင်မှုကို ဆက် လက်ခံယူနေတယ်လို့ပဲ ယူဆပါတယ်။ ဂန္ဒီခန်းမကြေညာစာတမ်းရဲ့သဘောထားနဲ့အညီ အဖွဲ့ချုပ်ရဲ့ဦးဆောင်မှုကို ခံယူ နေပါတယ်။ ဒါပေမဲ့ဒေါ်အောင်ဆန်းစုကြည် အကျယ်ချုပ်ကျနေတုန်းကိစ္စတွေဟာ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် မလုပ် တော့တာမို့ဆိုပြီးမေးလာတော့  စဉ်းစဉ်းစားစားဖြေရမယ်ဆိုရင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ဦးဆောင်မှုကို ဆက်လက်ခံယူ ထားပေမယ့် ရှေ့လျှောက်ပြီးတော့ဖြင့် အဖွဲ့ချုပ်ရဲ့နောက်လုပ်မဲ့ လုပ်ဆောင်ချက်တွေဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ရပ် တည်ချက်တွေနဲ့ ကိုက် မကိုက် ဝေဖန်ပြီးမှ လက်ခံရတော့မှာပဲ။ ဒါကြောင့် ဌာနချုပ်ကဆိုတိုင်းတော့ ခေါင်းငြိမ့်နေလို့ ဖြစ်ပါ့ တော့မလားဆိုတာ ပြန်စဉ်းစားရတော့မှာပေါ့ဗျာ” လို့ လျှာရှည်လက်စနဲ့ ဆက်ရှည်လိုက်ပါတယ်။

ဒီလိုမေးဖြေနေတုန်းမှာ သူတို့ရဲ့  လေသံတွေကို ကြည့်ရတာ ဦးသန်းထွန်း   နှစ်ထွန်းစလုံးရော၊ ဦးလှစိုးရဲ့  လေသံတွေမှာရော ဒေါ်အောင်ဆန်းစုကြည်ကို ဆန့်ကျင်တဲ့သဘော အရိပ်အငွေ့တွေပါနေတယ်လို့ ခံစားမိပါတယ်။ ကျန်တဲ့နှစ်ယောက်ကတော့ ဘာမှဝင်မေးတာမျိုး မလုပ်ပဲနားထောင်ရုံပါပဲ။ သူတို့ကတော့ ဟိုသုံးယောက်နဲ့သဘောထား အတူတူလို့ ပြောလို့မဖြစ်ပါ။ အခုလိုအချိန်မျိုး ဒေါ်အောင်ဆန်းစုကြည် နိုဗယ်ဆုရလို့ တကမ္ဘာလုံးနဲ့ မြန်မာတပြည်လုံးက ၀မ်းမြောက်ဝမ်းသာဖြစ်နေချိန်မှာ သူတို့ရဲ့  ဒီလိုလေသံတွေကိုတော့ ကျနော်ဖြင့် အံ့သြလို့ မဆုံးပါဘူး။ ရွှေဂုံတိုင်လမ်းပေါ်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးထဲမှာမို့ ပိုမိုအံ့သြရတဲ့အပြင် ဒေါသပါ ထွက်မိပါတယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts