ရသဆောင်းပါးစုံ
ထင်အောင် – တိုင်းရင်းမေကိုလည်းဖတ်တဲ့ ကျွန်တော်
ထင်အောင် – တိုင်းရင်းမေကိုလည်းဖတ်တဲ့ ကျွန်တော်
(မိုးမခ) ဇူလိုင် ၈၊ ၂၀၁၅
ကျွန်တော်ငယ်စဉ်ကဖတ်ခဲ့ဘူးသော ဂျာနယ်မဂ္ဂဇင်းတွေအထဲမှာ ထူးခြားနေတဲ့ဂျာနယ်က တိုင်းရင်းမေဂျာနယ်ဖြစ်ပါတယ်။တိုင်းရင်းသူဂျာနယ်-ယုဝတီဂျာနယ်ဆိုတာတွေကိုလည်း ဖတ်ခဲ့ဘူးပါတယ်။ အမည်ကြားလိုက်တာနဲ့ ဒီဂျာနယ်တွေဟာအမျိုး သမီးတွေအတွက်ဖတ်ရန် သီးသန့်ထုတ်ဝေပေးနေတဲ့ အထူးဂျာနယ်ဆိုတာကို သိရှိနိုင်ပါတယ်။ တိုင်းရင်းမေဂျာနယ်က တ ခြားဂျာနယ်တွေမဂ္ဂဇင်းတွေနဲ့မတူအောက် တလကို နှစ်ကြိမ်ထုတ်ဝေပါတယ်။ လစဉ် တရက်နေ့နဲ့ ဆယ့်ငါးရက်နေ့တွေ မှာဖြန့်ချိပါတယ်။ အမျိုးသမီးတွေအတွက် ရည်ရွယ်တဲ့ဂျာနယ်ဆိုတော့ မျက်နှာဖုံးကို အမျိုးသမီးတွေရဲ့ ရောင်စုံဓာတ်ပုံတွေ ကိုသာ အသုံးပြုထားတာကို သတိပြုမိပါတယ်။ အထူးသဖြင့်မယ်ဘွဲ့ ရသူတွေထူးခြားတဲ့အမျိုးသမီးတွေကို မျက်နှာဖုံးမေအဖြစ်သုံးလေ့ရှိပါတယ်။ အတွင်းထဲမှာလည်း လစဉ်မျက်နှာဖုံးမေဆိုတဲ့ကဏ္ဍကို ဖေါ်ပြပေးထားပါတယ်။ အင်းစိန်အထက် တန်းကျောင်းက ဆယ်တန်းအောင်မြင်ခဲ့ပြီး ယခုအခါ အမျိုးသမီးရဲအုပ်အဖြစ် အမှုထမ်းနေပါတယ် စတာမျိုးလေးတွေကိုအားကျစရာဖြစ်အောင် တင်ပြထားပါတယ်။
ဂျာနယ်ကိုစလှန်လိုက်တာနဲ့ ပထမဆုံးစာမျက်နှာမှာ တမျက်နှာကဗျာစာမျက်နှာဖြစ်ပါတယ်။ မောင်မြင့်မြတ်-မောင်သန္တာတို့ အပြင် ကွယ်လွန်သွားတဲ့ မောင်လွန်းကြင်ရဲ့လက်ရာတွေက လစဉ်အလှည့်ကျနေရာယူထားကျတဲ့စာမျက်နှာဖြစ်ပါတယ်။ ဒီ ကဏ္ဍရဲ့ ကျောဘက်ကစာမျက်နှာကတော့ မာတိကာစာမျက်နှာပါ။ မာတိကာထိပ်ဆုံးမှာ ၁၉၅၀ ခုနှစ်မှာစတင်တည်ထောင်သည်ဆိုသောစာသားကို ဖော်ပြထားကာ အောက်ဆုံးမှာ ပြည်ထောင်စုသားကောင်းသမီးကောင်းများထွန်းကားလာစေရ မည် ဆိုသော ဂျာနယ်ဆောင်ပုဒ်ကို အမြဲထည့်ထားပေးပါတယ်။ မာတိကာမှာ သုံးပိုင်းခွဲထားပါတယ်။ ဆောင်းပါးအခန်း- ဝတ္တုအခန်းနဲ့ ပျိုမေတို့အလိုကျဆိုတဲ့အခန်းတွေဖြစ်ပါတယ်။ အခြားဂျာနယ်မဂ္ဂဇင်းတွေနဲ့မတူတာက တိုင်းရင်းမေမာတိကာ မှာ စာရေးသူအမည်ကိုဖော်ပြထားခြင်းမရှိပဲ စာမူအမည်ကိုသာ ဖော်ပြလေ့ရှိပါတယ်။
အယ်ဒီတာအာဘော်စာမျက်နှာမှာတော့ အယ်ဒီတာအဖွဲ့ဝင်တွေကိုဖော်ပြထားတယ်။ တာဝန်ခံအယ်ဒီတာက ဦးအေးဖေဖြစ် ပါတယ်။ သူ့ကို တိုင်းရင်းမေဦးအေးဖေလို့ လူသိများပါတယ်။ ကဗျာဆရာဒေါင်းနွယ်ဆွေက အဖွဲ့ဝင်အယ်ဒီတာ တာဝန် ယူထားပါတယ်။ ကျွန်တော်သတိရမိတဲ့ အယ်ဒီတာအာဘော်ကတော့ အဲဒီအချိန်ကခေတ်စားနေတဲ့ လမ်းသူရဲတွေအကြောင်း ကိုရေးထားတဲ့အာဘော်ပါ။ သရဲမျိုးစုံရောဂါပိုးများနဲ့ ပွဲတော်သရဲများလောဆိုတဲ့ အာဘော်ကိုပါ။ ဘုရားပွဲတော်လူမှုရေးပွဲ တော်တွေမှာ ဆိုးသွမ်းသောင်းကျန်းနှောက်ယှက်နေကျတဲ့သူတွေကို မေတ္တာတရားနဲ့ဆိုဆုံးမရန် အကြံပေးထားတဲ့ အာ ဘော်ဖြစ်ပါတယ်။ ဒီလိုစာတွေကိုဖတ်မိတော့ ဆိုးသွမ်းနေသူတွေကို ဘယ်လိုဆက်ဆံရ မယ်ဆိုတဲ့အသိပညာရလိုက်ပါတယ်။
နောက်လာတဲ့ကဏ္ဍကတော့ကဗျာကဏ္ဍပါ။ သုံးကြောင်းကဗျာ ငါးကြောင်းကဗျာအပါအဝင် ကဗျာဆယ်ပုဒ်ခန့်ကို လစဉ် ဖော်ပြပေးပါတယ်။ နောင်ကဗျာဆရာတွေဖြစ်လာမဲ့ ပန်းတနော်ဝင်းသိန်း-မောင်ကြေးမုံတို့ရဲ့ ကလောင်သစ်လက် သွေးက ဗျာတွေနဲ့အတူ နောင်အခါမှာ စာရေးဆရာအီကြာကွေးဖြစ်လာတဲ့ ဓနုဖြူကျော်ထွန်းလက်ရာတွေကိုလည်း ဒီစာမျက်နှာမှာ ဖတ်ခဲ့ရပါတယ်။ သဇင်နဲ့စပယ် ရန်စွယ်တင်းတင်းပန်းချင်းမာန်ဝင့်.. စတဲ့ ကဗျာလေးတွေဖြစ်ပါတယ်။ ကဗျာအမည်က နောက်ဆုံးလမ်းလို့ မှတ်မိနေပါသေးတယ်။ အချို့လတွေမှာ ဘာသာပြန်ကဗျာတွေပါလာတတ်ပါတယ်။ ရှိတ်စပီးယား-ရှယ်လီ-  ဆွင်ဘန်း စသူတွေစပ်ဆိုခဲ့တဲ့ကဗျာတွေကို ဘာသာပြန်ပေးထားတော့ အရသာတမျိုးခံစားရပါတယ်။ တိုင်းရင်းမေ စာစောင်မှာပါတော့ ရှယ်လီဆိုတာ အမျိုးသမီးကဗျာဆရာလို့ ထင်မိပါသေးတယ်။ နောက်မှ သူများတွေပြောပြတော့မှ အမျိုးသားဆိုတာသိရပါတော့တယ်။ ဆရာတက်တိုးရေးထားတဲ့ ကမ္ဘာကျော်ဆိုးပေကြီးများစာအုပ်ကိုဖတ်မိတော့မှ ရှယ်လီ ဆိုတာ ဆိုးပေကြီးပါလားလို့ သိရပါတော့တယ်။
စာအုပ်အထဲမှာလစဉ်ပါနေကျအခန်းတွေက “ဤသို့မေး၍ ဤသို့ ဖြေသည်”-“လှယဉ်ကျေးအယ်ဒီတာပေးသာ” “သားရေး သမီးရေး မေမေလေး” နဲ့ “ဉာဏ်ကြီးရှင်ဖြေစမ်းပါ” စတဲ့အခန်းတွေဖြစ်ပါတယ်။ အမေးအဖြေပုံစံနဲ့ ရေးထားတဲ့ဆောင်းပါး တွေပါ။ ငယ်ငယ်တုံးကတော့ ဒီအခန်းတွေက စိတ်မဝင်စားတဲ့အခန်းတွေဖြစ်နေပါတယ်။ ကျော်ဖတ်တဲ့ဆောင်းပါးတွေပေါ့။တလောက ရောင်းအားအင်မတန်ကောင်းနေတဲ့ ကျန်းမာရေးဆိုင်ရာ ပညာပေးစာအုပ်အကြောင်းကို မိတ်ဆွေတယောက်က လာပြောပြပါတယ်။ သူက လူတယောက်ဟာ အိပ်နေရာကနေနိုးလာရင် အိပ်ရာကနေ ချက်ချင်းမထသင့်ဘူး။ မထခင် အိပ်ရာထဲမှာ လုပ်နိုင်တဲ့လေ့ကျင့်ခန်းတွေကိုပြောပြပါတယ်။ ကျွန်တော်အတွေးကတော့ တိုင်းရင်းမေထဲက လှသထက်လှစေ မည်အခန်းလေးကို သတိရလိုက်မိပါတယ်။ အိပ်ရာထနည်းလမ်းကောင်းများဆိုတာကို ဖတ်ဘူးပါတယ်။ အိပ်နေရင်းနဲ့ခြေ ကျင်းဝတ်ကိုလှည့်ရတဲ့လေ့ကျင့်ခန်း-လက်သီးကိုဆုတ်ပြီး လက်ကိုဆန့်တန်းကာလုပ်ရတဲ့ လေ့ကျင့်ခန်းတွေကို သတိပြန် ရမိပါတယ်။ ဒီလေ့ကျင့်ခန်းတွေက ကျားမ မရွေးလုပ်နိုင်တဲ့အတွက် အားလုံးအတွက်အကျိုးရှိပါတယ်။ အချို့လတွေမှာ တော့ ခန္ဓာကိုယ်အောက်ပိုင်းကို လှစေသောလေ့ကျင့်ခန်းဆိုတော့ ပုရိသတွေလုပ်လို့မရတော့ဘူး ဖြစ်တတ်ပါတယ်။
ကျွန်တော်အကြိုက်ဆုံးအခန်းကတော့ စာအုပ်ရတာနဲ့လှန်ဖတ်တဲ့ ကျန်းမာလို ဓာတ်စာကိုစားအခန်းပါ။ နယုန်လဆန်းလေး ရက်နေ့မှ လပြည့်နေ့အထိစားသုံးရန်ပထ ဝီဓာတ်စာများဆိုကာ နေ့အလိုက်စားရန်စာရင်းများကို ရေးပေးထားပါတယ်။ စားရန်အစာများလို့အမည်တပ်ထားပေမဲ့ ရှောင်ရမဲ့အစာတွေလည်းပါပါတယ်။ ဤကာလတွင် အုန်းသီးကို ကောင်းစွာစားသုံးနိုင်ပါ သည်။ မည်သည့်ရောဂါမဆို အုန်းသကြားကို ဆေးအဖြစ်စားနိုင်ပါသည်။ ဝက်သားပြောင်းဖူးကောက်ညှင်းအားလုံးသည် စားသုံးရန်သင့်ပါသည်။ ကြက်ဟင်းခါး လက်ဘက်ကို တွဲဘက်စားသုံးနိုင်သည်။ ချိုချဉ်ဖန် သည်းခြေစာများနှင့်ပူချဉ်စပ် တေ ဇောဓာတ်စာမျိုးစုံကို ရှောင်ပါ။ ဝမ်းလိုနေသူများ မုန့်ဟင်းခါးကို ဘဲဥနှင့်ဝအောင်စားပါတဲ့။ ဘယ်လောက်ကောင်းလိုက်တဲ့ ဓာတ်စာပါလည်း။ လူမမာများ ဝက်စွတ်ပြုတ်ကိုသောက်ပါ။ ဝက်သားမစားသူတွေအတွက်တော့ စားစရာတခုလျော့သွား တာပေါ့။
အေးမြသောရာသီရောက်လာသဖြင့် သနပ်ခါးတွင် နံသာဖြူအနည်းငယ်စပ်၍ လူးပါ။ ရေအေးချိုးနိုင်ပါသည် စတာမျိုးတွေပါ ပါတယ်။ ယနေ့ထုတ်ဝေနေတဲ့ဂျာနယ်တွေမှာပါတတ်တဲ့ အသားနူးရန် ဘာလုပ်ပါတို့ အပူလောင်ပါက ဘာလုပ်ပါတို့ဆို တာတွေက ဟိုအရင်ကထဲက တိုင်းရင်းမေမှာပါပြီးသားတွေပါ။ မှတ်မိတာတခုကတော့ ငြုတ်သီးကိုင်မိလို့ လက်တွေပူနေရင် နနွင်းမှုန့်ကိုလူးပြီး မီးနားမှာ သုံးမိနစ်ကင်လိုက်ပါတဲ့။ ဝေဒနာချက်ခြင်းပျောက်သွားမယ်လို့ဆိုပါတယ်။ စာကိုသာ သတိရမိ နေတာပါ။ လက်တွေ့ကတော့ တခါမှမလုပ်ဘူးပါဘူး။ အလားတူ နေ့စဉ်ဈေးဝယ်နေရသူတွေအတွက်လည်း ၁၅ ရက်စာ ဟင်းမျိုးစပ်အခန်း ထည့်ပေးထားပါတယ်။
စနေနေ့မှာ ပဲဇင်းငုံကိုနူးအောင်ပြုတ်ပြီးမှ ဆီသတ်ဟင်းချိုချက်-ကြက်သားကို စပလင်အုပ်ပြီး ရေကျန်ဆီကျန်လေးချက်ပါ။ကတက်ချဉ်ကို ကြက်သွန်ကျော် -နှမ်း- ပုဇွန် ချောက်နိုင်နိုင်နဲ့သုတ်ပြီး ငါးမွေးထိုးချောက်ကလေးကို ကြွပ်ကြွပ်ကျော်-အ ဖျော်သင်းသင်း ငါးပိတခွက်နဲ့ ဘူးရွက်ပြုတ် တို့ပါတဲ့။ နေ့စဉ်ဟင်းရာအဖြစ် ဟင်းချိုအရေသောက်တခွက် အသားဆီပြန်ဟင်း တပွဲ အသုတ်တပန်းကန်နဲ့ ငါးပိတို့စရာပါမကျန်ရအောင် ဟင်းစပ်ပေးထားပါတယ်။ ဒီခေတ်ဈေးနဲ့တော့ ငါးပိတို့စရာပဲ ရ မယ်ထက်ပါတယ်။ တကယ်ချက်တဲ့သူရှိရဲ့လား ချက်ရင်လည်း ဟင်းစပ်တဲ့ပါ့မလားလို့ တွေးမိပေမဲ့ ရေးတဲ့သူကတော့ မေ့ရဲ့ လက်ရာကို နှစ်သက်ကြမှာပါလို့ အဆုံးသတ်ထားပါတယ်။
ပင်တိုင်အခန်းမဟုတ်ပေမဲ့တခါတရံမှာ ပါတတ်တဲ့ဆောင်းပါးလေးတွေရှိပါသေးတယ်။ မောင်ညီမလေးတွေအပျင်းပြေဆို တဲ့အခန်းလေးမှာပါတဲ့ဆောင်းပါးလေးတွေပါ။ ဒီအခန်းမှာ ဉာဏ်စမ်းပုစ္ဆာလေးတွေ ပန်းချီဆွဲခိုင်းတာမျိုးတွေ ပါတတ်ပါတယ်။ အင်္ဂလိပ်ကိန်းဂဏန်း (4) ကို ခြောက်လုံးသုံးပြီး စက်ဝိုင်းသဏ္ဌာန် ကြယ်ပွင့်ဖြစ်အောင်ဆွဲပါဆိုတာမျိုး- (1)ကနေ(9)အထိ ရယ်နဲ့ အပေါင်းအနုတ်အမြှောက်အစား လက္ခဏာလေးခုကိုသုံးကာ မျောက်ရုပ်ကလေးဖြစ်အောင် ဆွဲခိုင်းမျိုးတွေပါ။ အဖြ က စာအုပ်ရဲ့တနေရာမှာပါ ပါတယ်။ အဖြေကြည့်လို့ပဲ ဆွဲတတ်တတ် ဘယ်နည်းနဲ့ပဲဆွဲတတ်တတ် ပညာတခုတော့ တတ် သွားမှာပါ။
ခရီးသွားဆောင်းပါးတပုဒ်လည်းလစဉ်ပါတတ်ပါတယ်။ စာဖတ်သူတွေမရောက်ဘူးတဲ့ဒေသက ဓလေ့စရိုက်တွေ ရိုးရာယဉ် ကျေးမှုတွေ တန်ခိုးကြီးဘုရားတွေအကြောင်းကိုဖတ်ရတော့ ဖတ်ရသူတွေမှာ ဗဟုသုတတိုးပွါးရပါတယ်။ အားကစားဝါသ နာပါသူများနဲ့ ကိုယ်ခံပညာကိုစိတ်ဝင်စားသူတွေအတွက် သိုင်းပညာနဲ့ ဗန်တိုပညာဆောင်းပါးတွေလည်း ပါတတ်ပါသေး တယ်။ အမျိုးသမီးစာရေးဝါသနာပါသူတွေအတွက်ကတော့ ဝတ္တုတိုကဏ္ဍကို ထည့်ပေးထားပါတယ်။ ဝတ္တုတို လေးပုဒ် လောက် ပါပါတယ်။ စာမူပို့ထားပြီး အရွေးမခံရတဲ့စာမူရှင်တွေကိုလည်း စာရေးနည်းသဝဏ်လွှာအခန်းကနေ လိုအပ်တာတွေ ကို သင်ပေးပါတယ်။ ဇာတ်လမ်းမယ်မယ်ရရမရှိပဲ စကားပြောတာတွေများနေတယ်-ဇာတ်လမ်းက ယုတ္တိမရှိပါဘူးကြိုးစားရန် လိုပါသေးတယ် စတာမျိုးတွေပါ။
သတိရမိတဲ့နောက်တခန်းက အပတ်စဉ်ပါနေကျ တိုင်းရင်းမေ (၁၅) ဗေဒင်ကဏ္ဍဖြစ်ပါတယ်။ စာမျက်နှာတမျက်နှာထဲမှာ ခုနှစ်ရက်သားသမီးတွေအတွက်ဟောစာတမ်း ရေးပေးထားတာပါ။ စနေသမီးတွေအတွက်ဆို နဂါးရုပ်ကလေးနဲ့ သရုပ်ဖေါ်ပြ သ ထားပါတယ်။ နေ့တနေ့အတွက် သုံးကြောင်းလောက်သာ ဟောထားပါတယ်။ များသောအားဖြင့် ချစ်သူတွေ့မယ်-ဒါပေမဲ့ မတတ်သာ ခပ်ခွာခွာနေရလိမ့်မယ်ဆိုတာမျိုးတွေသာ ပါပါတယ်။ ထူးခြားတာက တခြားဗေဒင်ဟော စာတမ်းတွေမှာ လိုယ တြာချေရန်နည်းလမ်းတွေ မပါတာပါ။ ဟောစတမ်းရှင်က ဆရာမာကျူရီလို့ အမှတ်ရနေပါသေးတယ်။
တိုင်းရင်းမေကို ဒီလောက်တောင်သတိရရသလားလို့ ကျွန်တော့်ကို အထင်ကြီးနေပါဦးမယ်။ တလောက မိတ်ဆွေတယောက် ဆီသွားလည်ရင်း စာအုပ်စင်ပေါ်မှာ တိုင်းရင်မေဂျာနယ်လေးတွေကို တွေ့လိုက်မိပါတယ်။ ပိုင်ရှင်အဒေါ်ကြီးက စာကိုလည်း သေသေချာချာဖတ်ပြီး စည်းစနစ်တကျ သိမ်းဆည်းထားတတ်သူဖြစ်နေလို့သာ ဒီစာစောင်တွေကို ပြန်မှီငြမ်းခွင့်ရလိုက်တာပါ။ တိုင်းရင်မေထဲက ဓာတ်စာအတိုင်း နေ့စဉ်စားနေလို့လား၊ လေ့ကျင့်ခန်းတွေကို ပုံမှန်လေ့ကျင့်နေလို့လားမသိပါဘူး။ အဒေါ်ကြီးက ခုထိ မျက်နှာဖုံးမယ်အဖြစ် ဓာတ်ပုံရိုက်ပို့လိုက်ရင် အယ်ဒီတာတွေက သေချာပေါက်ရွေးကြမှာပါ။ ပို့မယ်လို့သာ ရေးနေရပါတယ်။ တိုင်းရင်းမေဂျာနယ်က ရပ်ဆိုင်းသွားတာ ကြာလှပါပြီ။ ဒီလို အစဉ်အလာကောင်းနဲ့ အမျိုးသမီးတွေကို ပညာပေးနေတဲ့ဂျာနယ်ကို ပြန်လည်အသက်သွင်းထုတ်ဝေခဲ့ရင် အားပေးမဲ့ ခေတ်တိုင်းရင်းမေလေးတွေရော ရှိနိုင်ပါဦးမလား လို့ တွေးတောရင်း တိုင်းရင်မေအဟောင်းတွေကို ငေးကြည့်နေမိပါတော့တယ်။
ထင်အောင်
ဇူလိုင် ၄၊ ၂၀၁၅
သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles
Similar Posts