ရသဆောင်းပါးစုံ မောင်ရင်ငတေ

မောင်ရင်ငတေ – ပါရီပုံရိပ်များ

 မောင်ရင်ငတေ – ပါရီပုံရိပ်များ
ပီကာဆိုရဲ့လမ်း (Rue des Grands-Augustins)
(မိုးမခ) ဇူလိုင် ၈၊ ၂၀၁၅
၁၉၁၀ ခုနှစ် စဲန်းမြစ် ရေကြီးစဉ်က Rue des Grands-Augustins      (Photo Google)

ပါရီမြို့က စိတ်ဝင်စားစရာ လမ်းသေးသေးလေးတွေထဲက တလမ်းပါ။ ပါရီရဲ့ အချက်အချာ စဲန်းမြစ်လယ် ကျွန်းနှစ်ကျွန်းအနက် ကျွန်းအကြီး Île de la Cité ရဲ့ အနောက်ဘက်ခြမ်း စဲန်းမြစ်ရဲ့ လက်ဝဲကမ်းပါးမှာ တည်ရှိတာပါ။ စဲန်းမြစ်ကမ်းနားလမ်း Quai des Grands-Augustins ကို ဦးတိုက်ထားတဲ့လမ်းပါ။ Rue des Grands-Augustins လို့ ခေါ်ပါတယ်။ ၁၆၀၀ ပြည့်နှစ် ဝန်းကျင်မှာ တည်ဆောက်ပြီးစီးခဲ့တဲ့ ပါရီမြို့ရဲ့ ပထမဦးဆုံး (Pont en Maçonnerie ကျောက်တုံးတွေနဲ့ တည်ဆောက်ခဲ့တဲ့ တံတား) ဖြစ်တဲ့ Pont Neuf နဲ့  ၁၈၅၇ ခုနှစ်က တည်ဆောက်ခဲ့တဲ့ Pont Saint-Michel တံတားနှစ်စင်းကြားမှာ တည်ရှိတာပါ။ ပါရီမြို့ကိုရောက်လာသူများ အဲဒီကမ်းနဘေးကလမ်းကို ဖြတ်သွားဖူးသူများပေမယ့် အဲဒီလမ်းကြား Rue des Grands-Augustins ကိုတော့ အမှတ်ထားမိသူ နည်းပါးလိမ့်မယ် ထင်ပါတယ်။ မောင်ရင်ငတေကတော့ လမ်းကြိုလမ်းကြားတွေကို နှစ်သက်မိရတာကတကြောင်း ပါရီကိုရောက်လာသူတွေရဲ့ ရူးသွပ်မှုတွေအကြိုက်လိုက်ပို့ရင်း မှတ်သားထားမိတဲ့ နေရာတခု ပါ။ မီတာနှစ်ရာကျော်သာရှိတဲ့ ဒီလမ်းတိုတိုလေးရဲ့ ဖြတ်သန်းသွားမှုသမိုင်းကတော့ ကြီးမားပါတယ်။ ဘာ မဟုတ်တာလေး တွေကို စိတ်ဝင်စားတတ်သူတွေ အတွက်ပေါ့လေ။ အဓိကထင်ရှားတာကတော့ သုံးခုလောက်ရှိပါတယ်။ သမိုင်းကြောင်းအရ အစောဆုံးကတော့  ….

 
Le Relais Louis XIII, 8 Rue des Grands-Augustins   (ဓါတ်ပုံ မရငတ)

ဖခင်ဘုရင်ကြီး Henri IV de France အောင်လီ ၄ (၁၅၅၃ -၁၆၁၀) ပါရီမြို့လယ်ခေါင်က လမ်းမထက်မှာ လုပ်ကြံသတ်ဖြတ် ခံရပြီးနောက် မိခင်မိဖုရားကြီး Marie de Médicis (၁၅၇၅-၁၆၄၂) က Louis XIII လူဝီ ၁၃ (၁၆၀၁-၁၆၄၃) ဆိုပြီးဖြစ်လာမယ့် အိမ်ရှေ့မင်းသားလေးကို ရင်ခွင်ပိုက်ဘုရင်အဖြစ် နန်းဆက်ခံစေခဲ့တဲ့နေရာက ဒီ Rue des Grands-Augustins လမ်းရဲ့ အိမ်အမှတ် (ရှစ်) အဖြစ် တည်ရှိနေတဲ့နေရာ ဖြစ်ပါတယ်တဲ့၊

မောင်ရင်ငတေတို့ခေတ် ဒီနေရာကိုရောက်ရှိခဲ့တော့ လူဝီ ၁၃ အမည်တပ်ထားတဲ့ စားသောက်ဆိုင် Le Relais Louis XIII ဆိုတာကိုတွေ့ရှိရပြီး ဆိုင်အပြင်ဘက်နံရံမှာတော့ ပြင်သစ်လို ဒီလိုရေးသားထားတာကို တွေ့ရှိရပါတယ်။ « Ici, le jeune Louis XIII fut intronisé, une heure après la mort de son père Henry IV. » လွန်ခဲ့တဲ့ အနှစ်လေးရာကျော် ၁၆၁၀ ခုနှစ်က အရေးပါ ထင်ရှားခဲ့တဲ့သမိုင်းကြောင်း အဟောင်းတခုကို နံရံပေါ်မှာ အဲဒီလိုရေးသားမှတ်တမ်းတင်ထားခဲ့တာတွေကို တကူးတကလာကြည့်ကြတဲ့ မောင်ရင်ငတေတို့လိုလူမျိုးတွေရှိသလို လေ့လာရေးအဖြစ် ကျောင်းအစီစဉ်နဲ့ ရောက်လာကြ တဲ့ ကျောင်းသူ ကျောင်းသား အုပ်စုတွေကို တွေ့မြင်ရတဲ့မြင်ကွင်းကတော့ ထူးဆန်းလှပါတယ်  ပြောမရပါဘူး။ ၁၉၆၁ ခုနှစ် မှာမှ ဒီဆိုင်ကိုဖွင့်လှစ်ခဲ့တာဖြစ်ပေမယ့် လူဝီ ၁၃ ဆိုင်းဘုတ် တပ်ထားတာကြောင့်လား မသိပါဘူး။ ဈေးနှုန်းတွေက ကြီးမြင့် နေတာကို တွေ့ရပါတယ်။ ဆိုင်ထဲမှာတော့ လူဝီနဲ့မိဖုရားပုံတွေချိတ် သမိုင်းကြောင်းတွေရေး စားသုံးသူတွေကို ချူထားပါ တယ်။

7 Rue des Grands-Augustins (ဓါတ်ပုံ မရငတ)

အိမ်အမှတ် (ရှစ်) မျက်စောင်းထိုး အမှတ် (ခွန်) မှာတော့ မကြာသေးခင်ကမှ ကမ္ဘာ့ဈေးအကြီးဆုံး ပန်းချီကားကို ရေးဆွဲခဲ့သူ လူသိများလှပါတဲ့ နာမည်ကျော် ပန်းချီဆရာ  Pablo Picasso ပီကာဆို (၁၈၈၁-၁၉၇၃) နေခဲ့တဲ့အိမ်ပါ။ အဲဒီမှာ ပီကာဆိုဟာ ၁၉၃၇ ခုနှစ်က ၁၉၄၈ ခုနှစ်ထိ နေထိုင်ခဲ့စဉ်  ရေးဆွဲခဲ့တဲ့ Guernica Gernikara ဆိုတဲ့ ကျူဗစ်ဇင် ပန်ချီးကားချပ်ကတော့ နာမည်ကြီးလှပါတယ်။ အဲဒီ နံရံပန်းချီကားချပ်ကြီးကို အခုအခါမှာတော့ စပိန်နိုင်ငံ မဒရစ်မြို့တော်ရှိ Museo Reina Sofia ပြတိုက်မှာ ပြသထားပါတယ်တဲ့။ အဲဒီ ၁၁ ပေခွဲ ၂၅ ပေခွဲ နံရံတခုအရွယ် ပန်းချီကားချပ်ကြီးကို ပါရီမြို့မှာ ရောက်ရှိနေထိုင်နေတဲ့ ပီကာဆိုက ရေးဆွဲခဲ့ပြီး အီဖယ်မျှော်စင်ကြီးအောက် စဲန်းမြစ်ကမ်းမှာ ၁၉၃၇ ခုနှစ် မေလကစပြီး ခြောက်လကြာပြုလုပ်ခဲ့တဲ့ Exposition Internationale des Arts et Techniques dans la Vie Moderne ပြပွဲကြီးမှာ ပြသခဲ့တာပါ။

Guernica Gernikara “It isn’t meant to decorate a room. It is an instrument of defensive and offensive war…”   Pablo Picasso (1937) (dMKN /Photo Google)

စပိန် ပြည်တွင်းစစ် (၁၉၃၆-၃၉) စစ် ဆန့်ကျင်ရေး အတွက် တောင်းဆိုမှုများကြောင့် ရေးဆွဲခဲ့တယ်လို့လည်း ဆိုကြပါတယ်။ ပန်းချီကားချပ်ကြီးအမည် Guernica ဆိုတာကတော့ မြို့ကလေးတမြို့ရဲ့ အမည်ကိုအစွဲပြုပြီး ခေါ်ထားတာပါတဲ့။ စပိန် မြောက်ပိုင်း ပြင်သစ်နယ်စပ်အနီး အခုထိတိုင် ကိုယ်ပိုင်အုပ်ချုပ်ခွင့် တောင်းဆိုနေရဆဲ Basque Country (Euskal Herria) ဒေသမှာတည်ရှိပြီး Guernica သို့မဟုတ် ဒေသခံတွေခေါ်တဲ့ Gernika-Lumo ဆိုတဲ့ မြို့ကလေးရဲ့အမည်ပါ။ စပိန်ပြည် တွင်းစစ် အမျိုးသားရေးဝါဒီတွေဘက်က ကူညီတိုက်ခိုက်ပေးနေတဲ့ နာဇီဂျာမဏီနဲ့ အီတလီလေတပ်တွေရဲ့ ဒီမြို့ကလေး ဗုံးကြဲ တိုက်ခိုက်မှုကို ဆန့်ကျင်တဲ့အနေနဲ့ ဗုံးကြဲခံရပြီး တပတ်အကြာ သို့မဟုတ် ပါရီ Expo ဖွင့်ပွဲမတိုင်မီ သုံးပတ်အလိုမှာ ရေးဆွဲခဲ့တယ် ဆိုပါတယ်။

Le chef d’oeuvre Inconnu, Dessins gravés sur bois de Pablo Picasso. (Photo Google)

အဲဒီအိမ်မှာ ပီကာဆို နေထိုင်စဉ်အချိန်  နာမည်ကျော် Realism စာရေးဆရာ ပြဇာတ်ရေးဆရာကြီး Honoré de Balzac (၁၇၉၉-၁၈၅၀) ရဲ့ Le chef d’oeuvre Inconnu (The Unknown Master piece) စာအုပ်ကို Dessins gravés sur bois သစ်ထွင်းပန်းချီများပြုလုပ်ပြီး သရုပ်ဖော်ခဲ့တယ်လို့ ဆိုပါတယ်။

သက်တမ်းရှည် ကဖေး Restaurant Lapérouse (ဓါတ်ပုံ မရငတ)

ကမ်းနားဘက်ကလမ်းထိပ်မှာတော့ ၁၇၆၆ ခုနှစ်က ဖွင့်လှစ်ခဲ့တယ်ဆိုတဲ့ Restaurant Lapérouse အမည်နဲ့ ရှေးဟောင်း ပြင်သစ် စားသောက်ဆိုင်တဆိုင် ရှိပါတယ်။ လူဝီ ၁၄ ဘုရင် ခေတ်နှောင်းပိုင်းကာလကစတင်ပြီး ဝိုင်ကုန်သည်များ ပွဲစား များကြားမှာ နာမည်ကြီးခဲ့တဲ့ ဆိုင်တဆိုင်ပါ။ အခုလည်း ဈေးကြီးတဲ့ စာရင်းမှာပါတဲ့ ဆိုင်တဆိုင်ပါ။ ဆိုင်အပြင်အဆင်ကလည်း တွေ့ရတာနဲ့ ထူးခြားတဲ့ပုံစံပါ။ လွန်ခဲ့တဲ့ငါးနှစ်ကျော်က ပြင်သစ်တွေကျွေးမွေးလို့ မောင်ရင်ငတေကတော့ ကံကောင်း ထောက်မစွာ အဲဒီဆိုင်ကို ထိုင်ခဲ့ဖူးပါတယ်။ သူတို့ ပြင်သစ်တွေရဲ့ ရိုးရာအစာတွေကို ခံတွင်းက မတွေ့လှတာရယ် ကြောင့် အစားအစာတွေ ဘယ်လောက်ကောင်းတယ်မသိခဲ့ပေမယ့် ဆိုင်အပေါ်ထပ် ကြမ်းခင်းတွေ တကျွိကျွိ တကျွတ်ကျွတ် မြည် သံနဲ့အတူ လှုပ်တုပ်တုပ် ယိုင်နဲ့နဲ့ ထမင်းစားပွဲကိုတော့ အခုထိတိုင် ကြားယောင် မြင်ယောင် နေဆဲပါ။ အဲဒါမျိုးတွေက အဲဒီဆိုင်တခုတည်းမှာမဟုတ်ပါဘူး။ ပါရီမြို့ပေါ် အဆောက်အဦးတိုင်းလိုလိုက နှစ်တရာသက်တမ်း အနည်းဆုံး ရှိပြီးသား တွေပါ။ ဆိုင်တွေအိမ်တွေ နှစ်တရာစာရင်းဝင်သလို ရဲတိုက်စာရင်းဝင် အိမ် ခပ်လတ်လတ်တွေကတော့ နှစ် ၂၀၀ သက်တမ်း တွေပါ။ ဒီဆိုင်ကလည်း အဲဒီလို ရှေးဟောင်းသမိုင်းကြောင်းတွေပေါ် အခြေတည်ပြီးတော့ ဒီကနေ့ ပါရီရဲ့ ခရီးသွားခြင်း အနုပညာရပ်ဝန်းမှာ ဆက်လက်ပြီး ပါဝင်လှုပ်နိုင်နေသေးတဲ့ သမိုင်းဝင်ကဖေးတခုအဖြစ် ရပ်တည်နေနိုင်ခဲ့တာကတော့ ထူးခြားမှုတခု ရှိလို့သာပါ။ ဆိုင်အတွင်းမှာ လူပုံတူ ပန်းချီကားချပ်တွေ ချိန်ဆွဲထားသလို ဆိုင်အပြင်မှာလည်း ရှေးခေတ် ပြင်သစ်မလှလှလေးတွေရဲ့ ပုံတူတွေကတော့ ဘာကိုရည်ရွယ်ပါသလဲဆိုတာကို မောင်ရင်ငတေ မသိပါဘူးခင်ဗျာ။

 Restaurant Lapérouse ကဖေးဆိုင်ရဲ့ ကြော်ငြာပုံများ (ဓါတ်ပုံ မရငတ)

မောင်ရင်ငတေအတွက်ကတော့ တကျွိကျွိ ကြမ်းခင်းရယ် ခပ်ယိုင်ယိုင် စားပွဲလေးရယ် မှုန်ကုပ်ကုပ် မီးရောင်တွေရယ် ခပ်တိုးတိုးတေးသံတွေကြားက ခပ်ရှရှ နှစ်မချို့ဝိုင်လေလား ရှန်ပိန်လေလား မသိနိုင်တော့ပါခင်ဗျာ။ ရှေးခေတ်ဟောင်း ဆိုင် တဆိုင်ရဲ့ မှော်ဝင်အောင် ပြုစုလိုက်ခြင်းလားတော့ မသိနိုင်ပါ။ ထူးခြားတာတော့ ထူးခြားလှပါပေတယ် ဆိုရမှာပါ။

ပါရီမြို့ပေါ်က ထူးခြားတဲ့ထင်ရှားတဲ့ အတွေ့ရထူးတဲ့ လမ်းလေးတွေရဲ့အကြောင်းကို တို့ထိထားအမျှ ဆက်စပ်ရသမျှ တင်ပြ ချင်မိပါသေးတယ်။ ထင်ရှားခဲ့သူများရဲ့ ပါရီမြို့ကို ဖြတ်သန်းသွားခဲ့တာတွေနဲ့ ဆက်စပ်ပြီး ဒီကနေ့ မောင်ရင်ငတေတို့ ခေတ် ပါရီနဲ့ နှိုင်းယှဉ်တင်ပြနိုင်ဖို့ ကြိုးစားပါအုံးမယ်ခင်ဗျာ။

မောင်ရင်ငတေ ၀၇၀၇၂၀


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts