ရသဆောင်းပါးစုံ

စိုးနေလင်း – တော်လှန်ရေးသတိရှိကြဖို့ (သို့) ငါတို့ဘာလုပ်ကြမလဲ

 စိုးနေလင်း – တော်လှန်ရေးသတိရှိကြဖို့ (သို့) ငါတို့ဘာလုပ်ကြမလဲ
(မိုးမခ) ဇူလိုင် ၈၊ ၂၀၁၅

အဓိကပြောချင်တာကတော့ အမှန်တရား၊ တရားမျှတမှု၊ ဒီမိုကရေစီရေးနဲ့ ငြိမ်းချမ်းရေးကို စိတ်ဝင်စားကြ တောင့်တလို လားကြသူ လူငယ်တွေအနေနဲ့ ဒီအချိန်မှာ ကိုယ့်တိုင်းပြည်ရဲ့တကယ့် ပကတိအခြေအနေ ၊တိုင်းပြည်အာဏာကို လက်နက် နဲ့လုယူပြီး ထာဝရ မောင်ပိုင်စီးထားဖို့ကြိုးစားနေတဲ့ စစ်အာဏာရှင်တွေရဲ့မဟာဗျူဟာ နည်းဗျူဟာတွေ၊ ကောက်ကျစ် စဉ်းလဲမှု၊ လိမ်လည်လှည့်စားမှုတွေကို အသေအချာခွဲခြမ်းစိတ်ဖြာ လေ့လာမှုရှိကြဖို့ပါ။ ပြည်သူ့ဒီမိုကရေစီ တော်လှန်ရေးကြီး ထဲမှာပါဝင်ခဲ့သူ၊ ပါဝင်နေကြသူ၊ ပါဝင်ဖို့ပြင်ဆင်နေကြသူတွေအတွက်တော့ တော်လှန်ရေးသတိ ရှိကြဖို့လို့ ပြောရမှာပါပဲ။

မြန်မာနိုင်ငံရဲ့နယ်ချဲ့ဆန့်ကျင်ရေး၊ ဖက်ဆစ်ဆန့်ကျင်ရေး အမျိုးသားလွတ်မြောက်ရေးကာလ သမိုင်းအဖြစ်အပျက်တွေ၊ လွတ်လပ်ရေးရပြီးကာလ ဖဆပလအစိုးရ၊ အိမ်စောင့်အစိုးရ၊ ပထစအစိုးရခေတ် ကာလသမိုင်းအဖြစ်အပျက်တွေ၊ တိုင်းပြည် ကို ဗိုလ်နေ၀င်းဦးဆောင်တဲ့ စစ်အုပ်စုက အာဏာသိမ်းပြီးနောက်ပိုင်းအဖြစ်အပျက်တွေ၊ မဆလ တပါတီ အာဏာရှင်စနစ် အောက်က မြန်မာပြည်ရဲ့နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးအခြေအနေတွေနဲ့ နောက် လူထုဒီမိုကရေစီ အရေးတော်ပုံဖြစ်ပေါ်လာပုံ၊ အရေးတော်ပုံကာလ အတွင်းလူထုလှုပ်ရှားမှု၊ အစိုးရတုန့်ပြန်မှုတွေနဲ့ နောက်ဆုံး စစ်တပ်က နှိမ်နင်းအာဏာသိမ်းယူခဲ့ပြီး ခုချိန်ထိ သမိုင်းစာမျက်နှာတွေကို အသေအချာပြန်ပြီးဖတ်ရှုကြဖို့ လိုပါလိမ့်မယ်။ အသေအချာခွဲခြမ်းစိတ်ဖြာ ဝေဖန်သုံးသပ် ကောက်ချက်ဆွဲ သင်ခန်းစာထုတ် ယူနိုင်ဖို့ကြိုးစားသင့်ကြပါတယ်။ ကိုယ့်ရဲ့သိမှုနယ်ပယ်၊ စဉ်းစားတွေးမြင်မှုနယ်ပယ်အရ အားနည်းမှုရှိနေမယ်ဆိုရင်လည်း သိမှီသူတွေ၊ အတွေ့အကြုံရှိသူ နိုင်ငံရေးနားလည်သူတွေရဲ့အကူအညီကို ရယူသင့်ပါ တယ်။ မေးမြန်းဆွေးနွေးသင့်ကြပါတယ်။

ဒါမှပဲ ဒီကနေ့ မြန်မာနိုင်ငံရဲ့ပကတိအခြေအနေ၊ စစ်အစိုးရနဲ့ စစ်အစိုးရဒေါက်တိုင်တွေ၊ ဒီမိုကရေစီ အင်အားစုတွေ၊ တိုင်း ရင်းသားလက်နက်ကိုင်အင်အားစုတွေရဲ့အခြေအနေတွေကို ကျကျနန နားလည်လာ၊ အားကောင်းချက်၊ အားနည်းချက် တွေကို နားလည်လာနိုင်မှာဖြစ်ပါတယ်။ ဒါတင်မကသေးပဲ ဒေသတွင်းနဲ့ နိုင်ငံတကာရဲ့အခြေအနေတွေ၊ ဖြစ်ပေါ်ပြောင်းလဲ မှုတွေနဲ့ ဒီမိုကရေစီရေး လူထုအုံကြွမှု တော်လှန်ရေးတွေကိုလည်း နားလည်ထားရမှာဖြစ်ပါတယ်။ အဲဒီလိုမှပဲ အတွင်းအ ကြောင်းတရား၊ ပြင်ပအကြောင်းတရားတွေ၊ ရိုက်ခတ်သက်ရောက်မှုတွေကို နားလည်လာနိုင်မှာဖြစ်ပါတယ်။

ဒီကနေ့ ကျနော်တို့တိုင်းပြည်ရဲ့ပြသနာက နိုင်ငံရေးဖြစ်ပါတယ်။ စစ်အာဏာရှင်စနစ်နဲ့ တိုင်းရင်းသားလူမျိုးစုများအပါအ၀င် ပြည်သူလူထုကြားမှာဖြစ်နေတဲ့ နိုင်ငံရေးပြဿနာပါ။ ဒီနိုင်ငံရေးပြဿနာကို ပြေလည်အောင်ဖြေရှင်းလို့မရသေးသမျှ ကျ နော်တို့နိုင်ငံ ဘယ်တော့မှငြိမ်းချမ်းရေးမရနိုင်ပါဘူး။ (လွတ်လပ်ရေးရပြီး ဖဆပလအစိုးရ၊ အိမ်စောင့်အစိုးရလို့ခေါ်တဲ့ စစ်အ စိုးရနဲ့ ပထစအစိုးရကာလတွေကိုတော့ စာရှည်သွားမှာမို့ချန်ထားခဲ့ပါမယ်) ဗိုလ်ခင်ညွန့်လုပ်ခဲ့တဲ့ ငြိမ်းချမ်းရေးအတုအယောင် မျိုးတောင် ခုချိန်မှာရနိုင်ဖို့ မလွယ်တော့ပါဘူး။ ဒီမိုကရေစီအင်အားစုတွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်အင်အားစုတွေက စစ်အစိုးရအကြောင်းကို အူမချေးခါးထိ သိနေခဲ့ပါပြီ။ လုံးဝ အယုံအကြည်မရှိကြတော့ပါဘူး။ မယုံကြည်တဲ့အကြောင်းလည်း ခုထုတ်ဖော်ပြောဆိုနေခဲ့ကြပါပြီ။ မယုံကြည်သူတွေဘက်က မှန်ပါတယ်။ ယုံကြည်စရာအကြောင်းမရှိတော့လောက်အောင်ကို စစ်အစိုးရက မိုက်မဲဆိုးသွမ်း ကောက်ကျစ်စဉ်းလဲ ရက်စက်ခဲ့ပါတယ်။ ခုချိန်ထိလည်း ဒီအတိုင်းပါပဲ။ တိုင်းပြည်နဲ့ပြည်သူ လူထုအပေါ်မှာ စေတနာလုံးဝကင်းမဲ့ပြီး အတ္တ အလိုလောဘကြီးလွန်းကြသူတွေ၊ ဘယ်သူသေသေ ငတေမာ ပြီးစတမ်း လူတွေပါ။ နှစ်ငါးဆယ်ကာလအတွင်း သူတို့ရဲ့လိမ်ညာလှည့်စားရက်စက်မှုတွေ၊ အလိုလောဘတွေနဲ့ ဟန်ဆောင်ဗန်းပြ လုပ်ရပ်တွေကို ထင်ထင်ရှားရှားမြင်ခဲ့ရပြီးဖြစ်ပါတယ်။ ဒီလို လူကြီးလူကောင်းမဆန်၊ ဂုဏ်သိက္ခာတပြားသားမှမရှိ၊ အရှက် တရားလုံးဝမရှိတဲ့ အစိုးရကို ဘယ်လိုနည်းနဲ့ ဆန့်ကျင်တွန်းလှန်ရမလဲဆိုတဲ့ကိစ္စက ဒီကနေ့ကာလမှာ အရေးအကြီးဆုံးဖြစ် ပါတယ်။

လုံးဝအကြမ်းမဖက်ရေး နည်းတခုပဲသုံးမယ်ဆိုရင်တော့ ဘယ်နည်းနဲ့မှ အောင်မြင်မှုမရနိုင်ဘူးလို့ ကျနော်ကတော့ ယုံကြည် ပါတယ်။ ခွေးမြီးကောက်ကိုကျည်တောက်စွပ်ပေးရုံနဲ့ဖြောင့်ပေးသလို၊ ကျားဥပုသ်စောင့်မယ့်အချိန်ကိုစောင့်သလို မျိုးဖြစ်နေ ပါလိမ့်မယ်။ သမိုင်းသင်ခန်းစာတွေကိုပြန်ကြည့်ရင် အရှင်းသားမြင်နိုင်ပါလိမ့်မယ်။ တရုတ်ပြည် ဂျပန်ခုခံရေးစစ်ပွဲ၊ ကိုရီးယား၊ ဖိလစ်ပိုင်နဲ့ မြန်မာနိုင်ငံ ဖက်ဆစ်တော်လှန်ရေး၊ ရုရှားနဲ့မဟာမိတ်နိုင်ငံတွေရဲ့ နာဇီဆန့်ကျင်ရေးစစ်ပွဲကြီးကိုတွေ့နိုင်ပါတယ်။ အသားအရောင်းခွဲခြားရေး လူဖြူအစိုးရကို ဆန့်ကျင်တွန်းလှန်ခဲ့တဲ့ တောင်အာဖရိကပြည်သူတွေရဲ့တော်လှန်ရေး၊ အာ ဏာရှင် ဘာတစ်စတာအစိုးရကို ဆန့်ကျင်တွန်းလှန်ခဲ့ကြတဲ့ ကျူးဘားပြည်သူတွေရဲ့တော်လှန်ရေး စတဲ့ ဖက်ဆစ်ဆန့်ကျင် ရေး၊ အာဏာရှင်ဆန့်ကျင်ရေး စစ်ပွဲတွေမှာ အသက်သွေးချွေး၊ ဘ၀ ပေးဆပ်စွန့်လွှတ်ခဲ့ရတာတွေ အများကြီးရှိခဲ့ပါတယ်။ ဒီကနေ့မြေထဲပင်လယ်တ၀ိုက်က အာရပ်ကမ္ဘာမှာဖြစ်ပျက်နေတဲ့ ပြည်သူတွေရဲ့ အာဏာရှင်စနစ်ဆန့်ကျင်ရေး ဒီမိုကရေစီ တော်လှန်ရေးတွေကိုကြည့်မယ်ဆိုရင်လည်း အစပိုင်းမှာ ငြိမ်းငြိမ်းချမ်းချမ်း အကြမ်းမဖက်ဆန္ဒပြတောင်းဆိုခဲ့ကြတဲ့ ပြည်သူ လူထုကို သက်ဆိုင်ရာ အာဏာာရှင်အစိုးရတွေက လက်နက်နဲ့ အကြမ်းဖက်နှိမ်နှင်းလာ၊ သူတို့မွေးထားတဲ့ အလိုတော်ရိ တွေနဲ့ ပြည်သူတွင်း ပဋိပက္ခတွေဖြစ်ပေါ်လာအောင် အကြမ်းဖက်လာအောင် လုပ်လာခဲ့ကြတဲ့အတွက် အကြမ်းမဖက်ချင်ပဲ ပြည်သူလူထုဟာ ရရာလက်နက်ဆွဲကိုင် တော်လှန်ခဲ့ကြရတာဖြစ်ပါတယ်။ အောင်ပွဲရသွားတဲ့နိုင်ငံတွေရှိသလို ဆက်လက် တော်လှန်တိုက်ခိုက်နေရဆဲနိုင်ငံတွေလည်း ကျန်ရှိနေပါသေးတယ်။ အာဏာရှင်စနစ်ကို ဖြိုဖျက်အောင်ပွဲရခဲ့ပေမယ့် နိုင်ငံ ရေးအမြင်အားနည်း အချင်းချင်းစည်းလုံးညီညွတ်ရမယ့်အစား သူတလူ ငါတမင်း လောဘ ဒေါသ အတ္တ မာန်မာနတွေနဲ့ အားပြိုင်ဗိုလ်လုကြရင်း အကြမ်းဖက် ပဋိပက္ခနွံထဲက မလွတ်ကင်းကြသေးတဲ့ နိုင်ငံတချို့လည်းရှိနေပါသေးတယ်။

ကျနော်တို့နိုင်ငံကို မတရားအာဏာသိမ်းအုပ်ချုပ်ခဲ့တဲ့၊ လိမ်လည်လှည့်စား အာဏာနဲ့တရားဝင်ဖြစ်အောင်လုပ်ခဲ့တဲ့ အရေခွံ လဲစစ်အစိုးရကတော့ အလွန်ပါးနပ်ကောက်ကျစ်ပါတယ်။ အဲဒီနိုင်ငံက အစိုးရတွေထက် ပိုပြီးပါးနပ်ပါတယ်။ ပြည်တွင်းက ပြည်သူလူထုအခြေအနေ၊ နိုင်ငံတကာအခြေအနေ အပြောင်းအလဲတွေကို မျက်ခြေမပြတ်လေ့လာပြီး အလျှော့အတင်း၊ အဖိအဖွ တွေကို အချိန်နဲ့လိုက်လျှောညီထွေ ကျွမ်းကျွမ်းကျင်ကျင် ကစားတတ်ပါတယ်။ စစ်အစိုးရလုပ်သမျှ လှမ်းသမျှတွေ ဟာ တိုင်းပြည်နဲ့ ပြည်သူလူထု အကျိုးစီးပွားအတွက်မဟုတ်ဘဲ သူတို့စစ်အုပ်စု အာဏာနဲ့စည်းစိမ်ဥစ္စာ ရေရှည်တည်မြဲရေး သာဖြစ်ပါတယ်။ ဒါကိုပြတ်ပြတ်သားသားမြင်ဖို့လိုပါတယ်။ ပြုပြင်ပြောင်းလဲရေးလုပ်လာတာတွေကို သူတို့အကျိုးစီးပွားမပျက် ဟထားပေးပြီး၊ လူထုခေါင်းဆောင်ရဲ့အကြမ်းမဖက်ငြိမ်းချမ်းစွာ အသွင်ကူးပြောင်းရေးဘက်ကို ပြည်သူလူထုတွေ ဦးလည် သွားအောင် နည်းပရိယာယ်ကြွယ်ကြွယ်၀၀နဲ့ လုပ်နေပါတယ်။ တကယ်ပဲ ဒီမိုကရေစီအသွင်ကူးပြောင်းရေးကို စနစ်တကျ လုပ်နေသယောင် နိုင်ငံတကာကို အသံကောင်းဟစ်ပြပြီး သူတို့လိုလားချက်တွေကိုရအောင်ယူဖို့ ကြိုးစားနေပါပြီ။ အရေခွံလဲ စစ်အစိုးရ တကယ်တမ်း ကြောက်နေတာက လူထုအုံကြွမှုကိုပါ။ လူထုအုံကြွမှုနဲ့ လက်နက်ကိုင်တော်လှန်ရေးရဲ့ပေါင်းစည်းမှုကိုပါ။ တဖက်က လူထုခေါင်းဆောင်ရဲ့အကြမ်းမဖက်အသွင်ကူးပြောင်းရေးကို အသုံးချပြီး ပြည်သူလူထုလမ်းပေါ်ထွက်မ လာရအောင် ထိန်းထားပြီး၊ တဖက်က နိုင်ငံရေးအနှစ်သာရမပါပဲ အပစ်အခတ်ရပ်စဲရေးသက်သက်ကို ဆွေးနွေးဖို့တိုက်တွန်း ရင်း တိုင်းရင်းသားလက်နက်ကိုင်အင်အားစုတွေကို သွေးခွဲ၊ အချိန်ဆွဲ ချေမှုန်းရေးလုပ်ဖို့ နည်းပရိယာယ်သုံးနေတာဖြစ်ပါတယ်။ သူတို့သုံးနေကျ ဖမ်းလွှတ်ကစားနည်းနဲ့ နိုင်ငံတကာကို မျက်လှည့်ပြထားပြီး သူတို့ကို ပြင်းပြင်းထန်ထန်အရေးယူမှု လုပ် မလာအောင်လည်း ထိန်းထားပါတယ်။ သူတို့က အသာစီးအခြေအနေကို အမြဲတမ်းရယူထားဖို့ဖြစ်ပါတယ်။

ကျနော်တို့ ဒီမိုကရေစီအင်အားစုတွေအနေနဲ့ စစ်အာဏာရှင်အစိုးရကို အကြမ်းမဖက်နည်း၊ တပိုင်းအကြမ်းဖက်၊ လုံးဝ အ ကြမ်းဖက် စတဲ့ သုံးစွဲလို့ရနိုင်သမျှ တော်လှန်ရေးနည်းနာတွေကို သုံးစွဲနိုင်မှသာ ကျနော်တို့တိုင်းပြည်ကို စစ်အာဏာရှင် စနစ်အောက်က လွတ်မြောက်စေနိုင်မယ်ဆိုတာကို ယုံကြည်ထားကြဖို့၊ တကယ်လက်တွေ့အကောင်အထည်ဖော် တိုက်ပွဲ ၀င်ကြဖို့သာဖြစ်ပါတယ်။ ပေါင်းစည်းလို့ရနိုင်သမျှ ပေါင်းစည်းပြီး စည်းလုံးညီညွတ်မှုအင်အားနဲ့ ဆန့်ကျင်တော်လှန်ကြမယ် ဆိုရင် ကျနော်တို့ပြည်သူလူထုတွေ အောင်ပွဲရမယ်လို့ အခိုင်အမာ ယုံကြည်ကြိုးစားကြရအောင်ပါ။   ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts