ကဗျာ မင်းညွှန့်လှိုင်

မင်းညွှန့်လှိုင် – လ က် ပု တ် ကြီး

 မင်းညွှန့်လှိုင် – လ က် ပု တ် ကြီး
(မိုးမခ) ဇူလိုင် ၈၊ ၂၀၁၅

အိပ်မက်ထဲအထိ
သွေးညှီနံ့စွဲနေတဲ့လက်တွေ
သန်းခေါင်ထက်တောင်မှောင်တဲ့လက်တွေ ။

လက်နက်အားကိုး
လက်ကိုင်တုတ်တွေ
လက်ဆုပ်မဖြေကြသေးပါလား ။

ကြွက်ချေးလိုလို လက်တစ်ဆုပ်စာ
ငါးပုပ်လိုလို လက်တစ်ဆုပ်စာ
စိတ်ပါလက်ပါ ကိုယ်ထိလက်ရောက်
မျက်လှည့် လက်လှည့် လက်ခမောင်းခတ်
လက်ခုပ်လက်ဝါးတီးလို့ပေါ့။

လက်သမိုင်းမှာ
အရိုင်းကမ္ဘာက ခွဲထွက်လာတဲ့လက်
ယဉ်ကျေးမှုကိုပြုစုလာတဲ့လက်
သစ္စာတရားကိုဖြန့်ကြဲလာတဲ့လက်
လက်နဲ့ရေးတဲ့ ကောင်းခြင်းအဖြာဖြာ
သင်းတို့လက်ထက်ကျမှ
ခြေနဲ့ဖျက်ကြပါရောလား ။

အုန်းသီးပေါက်ထဲလက်နှိုက်
လက်အံသေလည်း
လက်ဆုပ်မဖြေတဲ့မျောက်
အသက်ပျောက်ရသလိုမျိုး
အဓမ္မအလွန် တဘူတာ
နောက်စာမျက်နှာက နာရေးသတင်း
တချက်ကလေးမှ လှန်လှောမကြည့်နိုင်ရှာ
ကရုဏာတရားနဲ့ မထိုက်တန်တဲ့
အစိမ်းပုတ်ရောင်လက်ချောင်းများ ။  ။

မင်းညွန်လှိုင်


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts