ဝင်းအောင်ကြီး မှတ်စုမှတ်တမ်း ဖြစ်ရပ်များ၊ အမှတ်တရများ

ဝင်းအောင်ကြီး – ကျနော်တွေးမိသလို ရေးပါမည် (ဆဲဗင်းဇူလိုင်)

ဝင်းအောင်ကြီး – ကျနော်တွေးမိသလို ရေးပါမည် (ဆဲဗင်းဇူလိုင်)
(မိုးမခ) ဇူလိုင် ၈၊ ၂၀၁၅

တကသ ဆိုင်မှာစားခဲ့တဲ့ နောက်ဆုံးနေ့လည်စာ

၁၉၆၂ ခု၊ ဇူလိုင်လ ၄ ရက်နေ့။ ကျောင်းသားဘ၀ ကိုယ့်အဆောင်မှာလည်း ထမင်းဟင်းကောင်းလို့ သွားလေ့မရှိပေမယ့် မြန်မာ့အသံရောက်တော့ မကြာခဏသွားစားဖြစ်တယ်။

အဲဒီနေ့က မှတ်မှတ်ရရ စာရေးဆရာသန်းဆွေ၊ ဦးသန်းမြင့်(အဘ)၊ ကိုခင်ရှိန်(မောင်ချစ်ယဉ်) နဲ့ပါ။ မကြုံစဖူး ပြောင်းလဲလာတာလည်းကြည့်၊ လိုက်ထမင်းအုပ်သေးလေးထားပေးလို့ ပူပူနွေးနွေး လိုသလောက်ထည့်၊ အရည်သောက်က အချဉ်ဆို ငါးပိထောင်း၊ တို့စရာထဲ ဓညင်းသီး တလုပ်စာအသင့်လှီးပေးထား၊ ကျနော်က ဥပါတဲ့ငါးပုဏ္ဏားဟင်း၊ ဘူးသီးဟင်းခါးနဲ့လိုက်အောင် မှာလိုက်တဲ့ ငါးဖယ်သုတ်ထဲ ကငရုတ်သီးစိမ်နဲ့ရှေက်ညွန့် တို့အရောင်းချင်းပြိုင် ရနံ့သင်းလှိုင်လှိုင်။ မချစ်စုသရက်သီးမှည့် အတုံးလှတွေစားအပြီး၊ ကော်ဖီခါးအအေးတခွက်သောက်။ ကိုနန်းဝေရဲ့ ပန်းချီကားကိုငေး၊ သူနဲ့ဆုံတဲ့အခါ အင်မတန်ကြိုက်တဲ့ ဖယောင်းပန်းကား အကြောင်းမေး။

၎ ယောက်သား နေ့လည်စာ စားသောက်အပြီး စာဖတ်ခန်းဘက်ဝင်လိုက်ရာ၊ သတင်းစာကိုင်ကာမဖတ်ဘဲထိုင်နေတဲ့ တကသ ဥက္ကဋ္ဌအား “ ကိုဗဆွေလေး ဘာငိုင်နေတာလဲ “ လို့နှုတ်ဆက်လိုက်တော့ “ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ၊ ယောင်အအဖြစ်နေပြီ ရဲဘော်ကြီးရေ “ တဲ့။

တက္ကသိုလ်ရိပ်သားလမ်းအတိုင်း လျှောက်လာကြရင်း လှည်းထိပ်ရောက်တော့ စာရေးဆရာသန်းဆွေက ဇေယျာသီရိလမ်းရှိ သူ့အိမ်ပြန်သွားတယ်။ အလုပ်ရှိသေးလို့ မြန်မာ့အသံသို့ ဦးသန်းမြင့်နဲ့ကိုခင်မောင်ရှိန်တို့ ဘတ်စ်ကား ၁၀ ပြားဖိုးစီ စီးသွားကြတယ်။ မနက်စောစော အလုပ်ဆင်းထားရတာမို့ ဗိုက်လေးလေးနဲ့ တရေးမှေးဖို့ ကျနော်နေထိုင်ရာ၊ အာတီယားလမ်း ဘော်ဒာဆောင်သို့ လျှောက်လာခဲ့တယ်။ ကျနော် တကသ သို့စရောက်ဖူးပြီး ၉ နှစ် ၁ လ နဲ့ ၃ ရက်အကြာ၊ သွားစားခဲ့တဲ့ နေ့လည်စာ။ အတိအကျမှတ်မိနေရတာက နောက် ၃ ရက်အကြာမှာ ဖြစ်လာတဲ့ နေ့ခင်းကြောင်တောင် မည်းမှောင်သွားတဲ့ သမိုင်းဝင်ဖြစ်ရပ်ကြီးကြောင့်ပါ။

၁၉၆၂ ခု၊ ဇူလိုင်လ ၇ ရက်နေ့

တကသမှာ ဆန္ဒပြကြောင်း ကြားရပေမယ့် မြန်မာ့အသံမှာ နေ့ဘက်တာဝန်ကျအပြီး၊ တက္ကသိုလ်နဲ့ရေတပ် ပြန်ကစားတဲ့ပွဲ သွားကြည့်ပြီး ဘောလုံးသမားမျးနဲ့ အပြန်မှာ ကျောင်းသားတွေကို စစ်တပ်က ပစ်သတ်တဲ့သတင်းကြားရတယ်။ ဘတ်စ်ကားသံကလွဲပြီး ဘာသံမှမကြားရ။ မြေနီကုန်းကနေ ခြေလျင်လျှောက်ကြရတော့လည်း စကားမပြောဖြစ်ကြဘူး။ ဘော်ဒါဆောင်ပြန်ရောက်တော့ သေဆုံးသူ ဒဏ်ရာရသူတွေ နာမည်ကြေညာသံ ရေဒီယိုဝိုင်းနားထောင်ကြသူတွေ အသက်ရှူဖို့ မေ့နေကြသလားမသိ။ ရက်စက်ကြမ်းကြုတတ်တဲ့ လူသတ်ပွဲကြီးကို မယုံနိုင်ကြလို့ပါ။

၅၃ နှစ်အကြာ သုံးသပ်ကြည့်တော့၊ အိမ်စောင့်အစိုးရ လက်ထက်ကတည်းက ဗိုလ်နေ၀င်းနဲ့ တကသ ကျောင်းတော်ကရန်စ၊ မေလကကြေညာချက်တိုလေးနဲ့ ပျက်သွားတဲ့ တက္ကသိုလ်အက်ဥပဒေ၊ နှုတ်ထွက်သွားတဲ့ ဒေါက်တာသာလှ နေရာမှာ ကထိကတဦးအား ပါမောက္ခချုပ်အဖြစ် ခန့်ထားကာ စည်းကမ်းသစ်တွေ ရုတ်တရက် ချလိုက်တော့ ကျောင်းသားတွေက ကန့်ကွက်ဆန္ဒပြကြစဉ်၊ တကသ ခေါင်းဆောင်တွေကို ဖမ်းသွားပြီးဆင်လိုက်တဲ့ အကွက်ထဲဝင်သွားလို့ မော်တော်ကားမီးရှို့လိုက်တယ်။

ဗိုလ်နေ၀င်းကိုကြည့်ရင်လည်း ဖွဲ့စည်းပုံ၊ ပါလီမန်၊ တရားရုံးချုပ် စတာတွေအကုန်ဖျက်သိမ်း၊ တပ်ထဲက တပ်မှူးကြီး ၂၀ ကိုထုတ်ပယ်၊ ရွေးကောက်တင်မြှောက်ထားတဲ့အစိုးရနဲ့ နိုင်ငံရေးခေါင်းဆောင်တွေ ထောင်ထဲထည့်ထား၊ နိုင်ငံတကာရဲ့အသိအမှတ်ပြုခံ အစိုးရအကြီးအကဲဖြစ်နေပြီမို့ ရာသက်ပန် အုပ်ချုပ်သွားနိုင်ရေး ဆူးငြောင့်ခလုတ်က အစဉ်အလာရှိတဲ့ကျောင်းသား။ ပြည်တွင်းစစ်ကာလတလျှောက် ကျင့်သုံးလာခဲ့တဲ့ ပစ်သတ်နှိမ်နင်းရေး တက္ကသိုလ်နယ်မြေမှာ( Calculated risk) စမ်းသပ်လို့ရရင် တပြည်လုံးကြိုက်တဲ့နေရာမှာ ကြိုက်တဲ့အချိန်သုံး။ ရိုးသားခြင်း မှန်ကန်ခြင်းစတာတွေ အရေးမပါတဲ့ပွဲမို့ အသက် ၂၀ ကျော် တကသ ခေါင်းဆောင်တွေထက် အဆမတန်အင်အားကြီးနေပုံ တွေးမိပါတယ်။

၁၉၆၂ ခု၊ ဇူလိုင်လ ၇ ရက်နေ့ကိုတော့ မွန်းတည့်ချိန်မှာစလိုက်တဲ့ မှောင်မိုက်တဲ့ည၊ သန်းခေါင်ကျော်ရင် အလင်းရောင်သမ်းလိမ့်မယ်လို့ မျှော်လင့်ကာ အိပ်ရာဝင်ခဲ့ရာဝင်ခဲ့တယ်၊ သို့သော် …။

ရောက်လေရာဘ၀နောက် လိုက်ခြောက်နေမည့် တကသ …

၁၉၆၂ ခု၊ ဇူလိုင်လ ၈ ရက်နေ့မနက်စော … ။

ဧရာမအသံကြီးနဲ့အတူ ကျနော်တို့ဘော်ဒါဆောင် တုန်ခါသွားတယ်။ ပြိုကျသွားတဲ့ တကသ ကို လာကြည့်ကြသူတွေ သွေးနံ့ရနေကြဆဲ။ ညဘက် ဗိုလ်နေ၀င်းက မိမိတို့မှာရှိတဲ့ အင်အားအနည်းငယ်ကိုသုံးလိုက်ကြောင်း၊ ဓားဓားချင်း လှံလှံချင်းရင်ဆိုင်ဖို့ အသင့်ရှိကြောင်း စိန်ခေါ်ပြီး သူ့စည်းစိမ်ရှိရာ လန်ဒန်ကို အပန်းပြေထွက်ခွါသွားတော့၊ ဗိုလ်အောင်ကြီးကို လွှဲခဲ့တယ်။

မြန်မာ့သမိုင်းမှာ ဘုန်းတော်ကြီး သက်တော်ရှည်ဟာ ပြောချင်တာပြော၊ လုပ်ချင်တာလုပ်၊ ကုန်းကောက်စရာ ဘာတခုမှ မကျန်အောင် တိုင်ပြည်ကို ဖျက်သွားပေမယ့် အဖေကြီးလို့ လူတချို့တမ်းတနေရဆဲမဟုတ်ပါလား။ ရန်ကုန်တက္ကသိုလ် ရောက်လာ၊ ဘာစာမေးပွဲမှမအောင်သော်လည်း အဓိပတိအနေနဲ့ ဘွဲ့ရသူတွေကို အောင်လက်မှတ်ပေးနိုင်ခဲ့တယ်။ တကသ ကလာတဲ့ ရဲဘော်သုံးကျိပ်ဝင် ဗိုလ်တေဇ၊ ဗိုလ်လက်ျာ၊ ဗိုလ်ဇေယျ၊ ဗိုလ်ရန်နိုင် စသူတို့ကိုမြင်တိုင်း မနာလိုဖြစ်မှာမုချ။ နိုင်ငံရေးလောကိုကြည့်ရင်လည်း တကသ ခေါင်းဆောင်တွေ။ ယုတ်စွအဆုံး ဂဠုန်ဦးစောတောင် တကသ မှာဒေါက်တာဗမော်နဲ့ အပြှိုင်လာဟောပြေဖူးတယ်။ တကသ ကြီးမရှိတော့ရင်၊ စိတ်ရှင်းသွားမယ်လို့ ထင်ပုံရကြောင်း ကျနော်တွေးမိတယ်။

ခုတော့ တက္ကသိုလ်ပျောက် တကသ လည်းဘယ်ရောက်မှန်းမသိ။ ကျန်နေတာက တကသ ဖြိုသူတရားခံ ဘယ်သူလဲဆိုတဲ့မေးခွန်း။ စစ်အာဏာသိမ်း ၁ နဲ့၂ ကြား အပြန်အလှန်စွပ်စွဲနေကြရင်း၊ ၁၉၈၈ ခု၊ ဇူလိုင်လ မဆလ ညီလာခံကျတော့ ဒေါသမထိန်းနိုင်တဲ့ ဗိုလ်နေ၀င်းက ကယောင်ကတမ်းပြောကာ နှုတ်ထွက်မိလျက်သားဖြစ်သွားတဲ့ပုံ မြင်ယောင်လာတယ်။

၅၃ နှစ်ကြာလာတဲ့အထိ မသိမမီလိုကသူတွေကလည်း ဆက်မေးနေကြသေးတယ်၊ ပူးတွဲ သို့မဟုတ် စုပေါင်းတရားခံမို့ ရောက်လေရာဘ၀ သူတို့နောက်လိုက်ခြောက်မည့် တကသ ကို ဗိုလ်နေ၀င်း ဘယ်တုန်းကမှ မရောက်ဖူး၊ အဲ ဗိုလ်အောင်ကြီးကတော့ တကသ ဝေးလို့ တက္ကသိုလ်ကျောင်းသား တောင်မဖြစ်ဖူးလို့ သတိရတွေးမိကြောင်းပါ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts