သူတို့အာဘော် မောင်ရစ်

မောင်ရစ် – ငါတို့အားလုံး ဗော်လတဲယား

 

မောင်ရစ် – ငါတို့အားလုံး ဗော်လတဲယား

အယ်ဒီတာ့လက်ရေး၊ မိုးမခ၊ ဇန်န၀ါရီ ၁၉ ၊ ၂၀၁၅

I do not agree with what you have to say, but I’ll defend to death your right to say it – Voltaire

အနောက်နိုင်ငံက ဂန္ထ၀င်စာရေးဆရာကြီး ဗောလတဲယားက ပြောတာပါ။ “မင်းပြောတာကို ငါသဘောမတူဘူး။ ဒါပေမယ့် မင်းပြောရေးဆိုခွင့်အတွက်ကိုတော့ ငါ အသက်နဲ့လဲပြီး ကာကွယ်ပေးမယ်” တဲ့။ လွတ်လပ်စွာ ပြောရေးဆိုခွင့်ဆိုတာ ကာကွယ်ပေးရမယ့်အရာ၊ ပြီးတော့ သဘောချင်း မတူကြပေမယ့်လည်း လူတိုင်းမှာ ပြောရေးဆိုခွင့်ရှိတာကို အာမခံချက် ပေးရမယ်ဆိုတာ အရေးကြီးတယ်လို့ သဘောပေါက်မိပါတယ်။

ဇန်န၀ါရီလ ၇ ရက်နေ့၊ မနက်ခင်း၊ ပြင်သစ်ပြည်၊ ပါရီမြို့တော်က သရော်စာမဂ္ဂဇင်းတိုက်ကို လက်နက်ကိုင်သနတ်သမားတွေ စီးနင်းတိုက်ခိုက်ခဲ့ကြပြီး ကာတွန်းဆရာ ၄ ဦးနဲ့ အခြားပြည်သူ ၈ ဦးကို သတ်ဖြတ်ပစ်လိုက်ကြတာကတော့ အထက်ပါစကားနဲ့ အထက်ပါ အယူအဆကို ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်လိုက်တာပါပဲ။ သူတို့သဘောမတူတဲ့ သူတို့မနှစ်သက်တဲ့ ကာတွန်းဆွဲတဲ့သူတွေရဲ့ အသက်တွေကို နိဂုံးချုပ်ပစ်လိုက်ကြပါတယ်။ 

ဘာသာရေးအစွန်းရောက်သူ အကြမ်းဖက်သမားတွေက သူတို့ရဲ့ တမန်တော်မိုဟာမက်ကို သရော်လှော်ပြောင်တဲ့ ကာတွန်းရုပ်ပုံ၊ ဇာတ်လမ်း ရုပ်ရှင်မှန်သမျှနဲ့ ပတ်သက်သူတွေကို တွေ့ရာသင်းချိုင်း ဒါးမဆိုင်းလို့ သေမိန့် သေဒဏ် ထုတ်ပြန်ထားပါတယ်။ ဒီတခါ ပါရီမြို့တော်က ချာလီဟက်ဒို ဂျာနယ်တိုက် အကြမ်းဖက်သတ်ဖြတ်မှုကြီးဟာ အနောက်နိုင်ငံရဲ့ လွတ်လပ်စွာရေးသားထုတ်ဖော် ပုံနှိပ်ထုတ်ဝေ ဖြန့်ချိခွင့်ကို ကြီးကြီးမားမားကို တုန်လှုပ်သွားစေပါတယ်။ 

ဆီးရီးယားနဲ့ အီရတ်မှာ အကြမ်းဖက်တွေက အနောက်နိုင်ငံသားတွေနဲ့ သတင်းသမားတွေကို လည်လှီးသတ်ဖြတ်တာ အင်တာနက်မှာ ထုတ်လွှင့်တော့ အနောက်သတင်းဌာနတွေက တိုက်ရိုက်ကူးယူတင်ပြခဲ့ကြတယ်။ နောက်တော့ သူတို့အကြမ်းဖက်ဝါဒဖြန့်တာကို အားပေးသလိုဖြစ်နေတာမို့ အဆိုပါရုပ်ပုံတွေကို သတင်းဌာနတွေက ဖြုတ်ချ ဖယ်ရှားခဲ့ကြပါတယ်။ အခု ပြင်သစ်ကာတွန်းဆရာတွေ ပစ်သတ်ခံရတော့ သေဒဏ်သင့်စေတဲ့ ကာတွန်းပုံတွေ (မိုဟာမက်ကို သရော်လှောင်ပြောင်ထားတဲ့ ကာတွန်းတွေ) ကို သတင်းဌာနတွေက ဖော်ပြပြီး သတင်းကြေငြာဖို့အရေး အတော်ကို ခေါင်းစားခဲ့ကြပါသတဲ့။ ဒီလိုကာတွန်းတွေ ဖော်ပြပြီး သတင်းထုတ်ပြန်လိုက်ရင် သူတို့ သတင်းဌာနတွေကို အကြမ်းဖက်သမားတွေက ဆင့်ကဲတိုက်ခိုက်လာမှာကို စိုးရိမ်တာက နံပါတ် ၁ အချက်ပါ။ နောက်တချက်ကတော့ သည်လိုမျိုး (အငြင်းပွားဖွယ်ကာတွန်းရုပ်ပုံတွေ) ပုံတွေကို သတင်းစာမျက်နှာ ရုပ်မြင်သံကြားတွေ ဖော်ပြတာဟာ စာဖတ်သူတွေအားလုံးအတွက် အကျိုး ရှိ မရှိကို ချိန်ဆကြတာက နံပါတ် ၂ အချက် ဖြစ်ပါတယ်။ 

အဲသည်အတွက် အနောက်နိုင်ငံနဲ့ အမေရိကန်နိုင်ငံတို့က တီဗီဌာနကြီးတွေ၊ သတင်းဌာနကြီးတွေထဲက တချို့က ချာလီဟက်ဒိုမဂ္ဂဇင်းက ကာတွန်းတွေကို ကိုယ့်ဖာသာ ဆင်ဆာလုပ်ပြီး ဖော်ပြခဲ့ကြပါတယ်။ ကာတွန်းကို တိုက်ရိုက်ဖော်ပြတဲ့အစား ကာတွန်းကို သတင်းသမားကနေ တဆင့် ပြန်လည် စာနဲ့ စကားနဲ့ ဖွင့်ဆိုစေပြီး သွယ်ဝိုက် သရုပ်ဖော်ပြစေခဲ့ပါတယ်။ ဒါပေမယ့် အဲသည်အချိန်မှာ အနောက်နိုင်ငံများက ပြည်သူတွေ၊ အနုပညာသမားတွေနဲ့ သတင်းသမားတွေ အားလုံး (တော်တော်များများ) က သူတို့ စာမျက်နှာတွေ၊ ဖေ့စ်ဘွတ်တွေ၊  သူတို့နေထိုင်ရာ လမ်းမတွေပေါ် အကုန် တက်ပြီး အကုန် ထွက်ပြီး ချာလီဟက်ဒိုကာတွန်းတွေ ဖော်ထုတ်တင်ဆက်ကြတယ်။ ခဲတံကလောင်တွေကို အထိမ်းအမှတ်အဖြစ် ကိုင်စွဲကြတယ်။ “ငါတို့အားလုံး ချာလီဟက်ဒို ဖြစ်တယ်” ဆိုတဲ့စာတမ်းတွေ ထုတ်ကိုင်ပြီး ချီတက်ပြီး သူတို့ရဲ့ ရပ်တည်မှု သဘောထားကို ပြတ်ပြတ်သားသား ထုတ်ဖော်လိုက်ကြပါတယ်။

အနောက်နိုင်ငံက ပြည်သူတွေအတွက်ကတော့ အမြင်သဘောထားက ရှင်းပါတယ်။ ချာလီဟက်ဒိုကာတွန်းတွေ သိချင်မှ သိမယ်၊ ကြားဖူးမှ ကြားဖူးမယ်၊ ကြိုက်ချင်မှ ကြိုက်မယ်။ (ချာလီဟက်ဒိုက စောင်ရေက သောင်းဂဏန်းပဲ ရှိတာပါ)။ အခုလိုမျိုး ကာတွန်းပုံတွေကြောင့် လူတွေအသတ်ဖြတ်ခံရတာကိုတော့ သူတို့ မနှစ်သက်ပါဘူး။ လွတ်လပ်စွာ ပြောရေးဆိုခွင့်အတွက် သူတို့တတွေ ထွက်ပြီး ရပ်တည် ဆန္ဒထုတ်ဖော်ကြတာ ဖြစ်ပါတယ်။ အဲသည်မှာ “ငါတို့ အားလုံး ချာလီဟက်ဒို” စာတမ်းနဲ့အတူ သူတို့ စွဲကိုင်တဲ့ ကြွေးကြောသံက ဘာလဲ … “ NOT AFRAID” ငါတို့ မကြောက်ဘူး ဆိုတာပဲ ဖြစ်ပါတော့တယ်။

အစွန်းရောက်အကြမ်းဖက်သမားတွေက သူတို့ရန်သူတွေကို လုပ်ကြံသတ်ဖြတ်လိုက်တယ်ဆိုတာ တဖက်သားတွေ တဖက်မိသားစု လူ့အဖွဲ့အစည်းတွေကို ကြောက်ရွံ့တုန်လှုပ် စိုးရွံ နောက်တွန့်သွားအောင် လုပ်လိုက်တာပါ။ ဒီလိုမျိုး “တွန့်” သွားတဲ့ သတင်းဌာနတွေ တီဗီရုပ်မြင်သံကြားတွေက ချာလီဟက်ဒိုပုံတွေ တင်သင့် မတင်သင့် တင်ပုံ တင်နည်း ဆင်ခြေ လက်ခြေ ဟိုပြော ဒီပြောတွေ ဖြစ်ကုန်ကြတာ ဖြစ်ပါတယ်။ အများစုသော အနောက်နိုင်ငံသားတွေကတော့ “မကြောက်ဘူး” “ငါတို့အားလုံး ချာလီ” ပဲလို့ တပြိုင်နက်တည်း တစုတဝေး တအုံတကြွ ထုတ်ဖော် အံတု လိုက်ကြတာကြောင့် ကမ္ဘာကြီးတောင် တုန်သွားတယ်လို့ ဆိုကြပါစို့။

ဒေါ်အောင်ဆန်းစုကြည်ရေးသားခဲ့တဲ့ “ကြောက်ရွံ့ခြင်းမှ ကင်းဝေးရေး – Freedom from Fear” စာအုပ်လိုပါပဲ၊ ကြောက်ရွံ့ခြင်းဟာ အမှန်တရားကို စွန့်လွှန့်ခြင်းနဲ့ အညံ့ခံခြင်း လမ်းစ ဖြစ်ပါတယ်။ ပါရီမြို့ မဂ္ဂဇင်းတိုက်သွေးမြေကျပြီး ရက်အနည်းငယ်အတွင်းမှာ လူသန်းနဲ့ ချီပြီး ပါရီမြို့တော်မှာ “အကြမ်းဖက်မှုဆန့်ကျင်ရေး” ချီတက်လမ်းလျောက်ပွဲကြီး ကျင်းပခဲ့ကြပါတယ်။ ကမ္ဘာနိုင်ငံက ခေါင်းဆောင်တွေလည်း လက်တွဲချီတက်ခဲ့ကြပါတယ်။ အနောက်နိုင်ငံအစိုးရတွေက အစွန်းရောက်အကြမ်းဖက်သမားတွေကို ဖော်ထုတ်နှိမ်နင်းပစ်မယ်လို့ ထုတ်ပြန်ကြချိန်မှာ လက်နက်မဲ့ပြီး ဘောပင် ခဲတံနဲ့ ကင်မရာတို့သာ ကိုင်စွဲနို်င်တဲ့ သာမန်ပြည်သူတွေနဲ့ စာနယ်ဇင်း အနုပညာသမားတွေကတော့ လွတ်လပ်စွာ ပြောရေးဆိုခွင့်အတွက် အသက်နဲ့လဲပြီး ကာကွယ်ကြမယ်ဆိုတာကို သံန္နိဌာန် ချထားပြီး ဖြစ်ကြောင်း ခိုင်ခိုင်မာမာ ထုတ်ပြန်လိုက်ကြတာဖြစ်ပါတယ်။ 

သည်နေရာမှာ ထူးခြားတဲ့အချက်တခု သတိပြုမိတာပြောရရင် အစွန်းရောက်တဲ့ဘာသာရေးအကြမ်းဖက်မှုကြောင့် အကြမ်းဖက်သတ်ဖြတ်ခံရတဲ့ သွေးမြေကျမှုမှာ ပြည်သူအများစုဟာ ဘာသာပေါင်းစုံအလိုက် ဆုတောင်းပွဲတွေ ၀မ်းနည်းကြေကွဲပွဲတွေ ကျင်းပကြတာတွေထက် လူပေါင်းစုံ အားလုံး စုဝေးပြီး ငါတို့အားလုံး ချာလီ လို့ ရပ်တည်လိုက်တာ၊ ငါတို့အားလုံး မကြောက်ဘူးဟေ့လို့ တုန့်ပြန်လိုက်တာ၊ အကြမ်းဖက်မှုဟူသမျှကို ဆန့်ကျင်တယ်လို့ ထုတ်ဖော်ပြသလိုက်တာ ဖြစ်ပါတယ်။ ဘာသာ လူမျိုး အစုအဖွဲ့ဆိုတဲ့ အရိပ်အာဝါသတွေက ထွက်ပြီး လူသားတွေ အတူတူ စုဝေးညီညွတ်ပြီး လွတ်လပ်စွာ ထုတ်ဖော်ပြောဆို ရေးသားခွင့်ကို အာမခံဖို့ ရပ်တည်ပြသနိုင်တဲ့ မော်ကွန်းမှတ်တိုင်လို့လည်း ဆိုနိုင်ပါတယ်။ 

များမကြာမီကပဲ အမေရိကန်မှာ ဆိုနီကုမ္မဏီ အင်တာနက်ဖောက်ထွင်းခံခဲ့ရပါတယ်။ မြောက်ကိုရီးယားအာဏာရှင်ကို သရော်လှောင်ပြောင်တဲ့ ရုပ်ရှင်ကား ပြသမယ်ဆိုလို့ အာဏာရှင်ဘက်တွေသားတွေက ခြိမ်းခြောက်တိုက်ခိုက်တယ်လို့ဆိုပါတယ်။ အဲဒါကို “တွန့်” သွားတဲ့ ဆိုနီနဲ့ ရုပ်ရှင်ရုံတွေက အဲသည်ဇာတ်ကားကို မပြတော့ပါဘူးလို့ အညံ့ခံလိုက်ချိန်မှာ အမေရိကန်သမ္မတ “အိုဘားမား” က လွတ်လပ်ခွင့်ထက် အရေးကြီးတာ ဘာမှ မရှိဘူး၊ ဒီရုပ်ရှင် ဘာလို့ မပြရဲရမှာလဲ၊ ငါတို့တွေက ငကြောက်တွေ မဟုတ်ဘူးလို့ သဘောထား ထုတ်ပြန်လိုက်ပါတယ်။ အဲဒါနဲ့ပဲ ဆိုနီက အဲသည်ဇာတ်ကားကို ရုံတင်တာတင်မက အင်တာနက်ကနေ ဖြန့်လိုက်တာ ဒေါ်လာ သန်း ၃၀ ကျော်တောင် ၀င်ဆိုပဲ။ တကယ်တမ်း အဲသည်ဇာတ်ကားက ဒေါင်ဒေါင်မြည် သရော်ဇာတ်ကားကောင်း မဟုတ်ပါဘူး။ ပြည်သူတွေက သူတို့လွတ်လပ်ခွင့်ကို ခြိမ်းခြောက်စော်ကားတာကို မခံမရပ်နိုင်ဖြစ်တာကြောင့် အံတုပြီး တုန့်ပြန်တဲ့ ရပ်တည် လှုပ်ရှားမှုပဲ ဖြစ်ပါတော့တယ်။

မြန်မာပြည်က ကာတွန်းဆရာတွေက ချာလီဟက်ဒိုအတွက် ကာတွန်းတွေ ဆွဲပြီး တုန့်ပြန်ခဲ့ကြပါတယ်။ ထို့အတူပါပဲ မြန်မာပြည်က အပြစ်မရှိဘဲ မတရား ထိခိုက်နစ်နာကြသူတွေအတွက်လည်း ကာတွန်းတွေ ရေးသားပြီး လူထုကို နှိုးဆော် အသိဖြန့်ဝေပေးခဲ့ကြတာပါပဲ။ ကာတွန်းဆရာတွေမှ မဟုတ်ပါဘူး၊ မြန်မာစာပေနဲ့ စာနယ်ဇင်းသမားတွေဟာ မိမိနဲ့ ပြည်သူရဲ့ လွတ်လပ်ခွင့် အာမခံချက်တွေအတွက် ထုတ်ဖော်ရေးသား ရပ်တည်ကြဖို့အရေး လက်မနှေးကြဘူးလို့ ဆိုရမှာပါ။ အဲသည်လို ထုတ်ဖော်ရေးသားလို့ ပိတ်ပင်တားမြစ်ခံရတဲ့ ကာတွန်းဆရာ ဦးဖေသိန်း၊ လူရွှင်တော် ဇာဂနာ၊ လူထုဒေါ်အမာ၊ လူထုဦးစိန်ဝင်း စသည်ဖြင့် အများအပြားသော မြန်မာစာပေသမားများကို သာဓက ပြဆောင်နိုင်ပါတယ်။ မြန်မာပြည်က အနုပညာရှင်တွေ စာပေနဲ့ စာနယ်ဇင်းလုပ်ငန်းတွေဟာ အကြမ်းဖက်သမားတွေ အာဏာပါးကွက်သားတွေရဲ့ လက်တုန့်ပြန် စော်ကား ဖိနှိပ်အကြမ်းဖက်မှုတွေကြောင့် “တွန့်” သွားခဲ့ကြသလား။ ပြီးတော့ မြန်မာပြည်သူတွေ စာဖတ်ပရိသတ်တွေ အနုပညာပရိသတ်တွေကကော သူတို့ချစ်ခင်လေးစားရတဲ့ စာပေအနုပညာသည်တွေ အစော်ကားခံ ဖိနှိပ်အကြမ်းဖက်ခံကြရတဲ့အခါ သူတို့တွေကော “တွန့်” သွားတတ်ကြပါသလား။ “တွန့်” သွားခဲ့ကြတယ်ဆိုရင်ဖြင့် “ငါတို့အားလုံးဟာ ချာလီ” လိုမျိး အုံကြွလှုပ်ရှားမှုမျိုးကြီး မကြုံခဲ့ကြဘူးလို့ ဆိုရလေမလား။

ကျနော်တို့အားလုံး ချာလီ မဖြစ်နိုင်ခဲ့ရင်တောင် ကျန်ာတို့အားလုံး လွန်ခဲ့တဲ့ ၂၆ နှစ်က “ငါတို့အားလုံး ဘုန်းမော်” “ငါတို့အားလုံး တံတားနီ” “ငါတို့အားလုံး … ဒီမိုကရေစီ” ဖြစ်ခဲ့ဖူးကြတာတော့ မှတ်မိနေမိပါတယ်။ အခုတလောလေးတုန်းက “ငါတို့အားလုံး ကိုပါကြီး” “ငါတို့ အားလုံး ဒေါ်ခင်ဝင်း” ဖြစ်ခဲ့ကြသေးတယ် မဟုတ်ပါလား။ ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts