သတင်းဆောင်းပါး

မောင်သာမည – နိုဘယ်မြန်မာစာပေပွဲတော်နှင့် စာချစ်သူများ

 

မောင်သာမည – နိုဘယ်မြန်မာစာပေပွဲတော်နှင့် စာချစ်သူများ

(သူ့ဖေ့စ်ဘွတ်) ဇန်န၀ါရီ ၂၀၊ ၂၀၁၅

 

နိုဘယ်မြန်မာစာပေပွဲတော် ပထမရက်မှာ လူဘယ်လောက် လာသလဲ ဆိုတာကို မေးတော့ အတွင်းရေးမှူးအဖွဲ့ မှာပါတဲ့ ကိုဝင်းချိုက ပွဲတော်လာသူတွေကို နိုဘယ် စာပေပွဲတော် အမှတ်တံဆိပ်လေးတွေ ကပ်ပေးခဲ့တာ နေ့ ခင်း ၂နာရီအထိ သုံးထောင်ငါးရာရှိတဲ့ အကြောင်း ပြောပြပါတယ်။ ဒါဆို သိပ်မဆိုးဘူးပေါ့လို့  ကျနော် က ပြန်ပြောလိုက်တယ်။

ဒုတိယနေ့ မှာ ပင်မဇာတ်ရုံကြီးအတွင်းမှာပဲ မနက်ခင်းကဏ္ဍတခုလုံးကို နားထောင်ခဲ့ ပါ တယ်။

NBC ဥက္ကဌ ဟာရယ်ဘော့ဂ်မင်းရဲ့  ဒေါ်အောင်ဆန်းစုကြည်ကို နိုဘယ်ဆုပေးဖို့  ကြိုး ပမ်းခဲ့ပုံအကြောင်း၊ အိန္ဒိယစာရေးဆရာမ နီလန် ရဲ့  ဒေါ်ခင်မျိုးချစ် မှသည် ဒေါ်အောင်ဆန်း စုကြည်အထိ မြန်မာအမျိုးသမီးများရဲ့ လှုပ်ရှားမှုအကြောင်း၊ နောက် တဆက်တည်း ကိုမင်းကိုနိုင်နဲ့  ကိုကိုကြီးတို့ ရဲ့ ဟောပြောချက်များ။ စတဲ့ အစီအစဉ် တွေထဲမှာ နစ်မျောပြီး ဇာတ်ရုံ အပြင်ဖက်ကို မထွက်ဖြစ်ပါ။ နေ့ လည်စာ စားပြီးတဲ့ နောက် ရာပြည့်ကိုစိုးညွန့် တို့ ရဲ့  ပြခန်းဘက်ကို ခန ထွက်ကြည့်ပါတယ်။ လူတွေတော့ ပြည့်နေတယ်။ မနေ့ ကထက်တော့ များသားပဲလို့  မှတ်ချက်ချမိတယ်။

ညနေခင်းကဏ္ဍမှာလည်း ပင်မဇာတ်ရုံအတွင်းမှာပဲ ဆရာကြည်မင်းရဲ့  မြန်မာဝတ္ထုတို ဖွံဖြိုးတိုးတက်လာပုံအကြောင်းကို ဆက်နားထောင်ပါ တယ်။ မဟောခင်ကလေးတင် ဆရာက ကျနော်နဲ့ စကားပြောရင်း စာပွဲခုံကို လက်နဲ့ ပွတ်မိရာမှာ သူ့ လက်ကို ပင်အပ် စူးပါတယ်။ စာပွဲခင်းကို ပင်အပ်နဲ့ ထိုးပြီး ခင်းထားတာကိုး။ သွေးတွေထွက်တာနဲ့  အသံဖမ်းအဖွဲ့ ဆီက တစ်ရှူး တောင်းရပါတယ်။ သူတို့ က ဟန်ဆာပလပ် သွားဝယ်ပေး ကြတယ်။ စာရေး ဆရာသွေးမြေခတဲ့ စာပေပွဲတော်ပေါ့ဗျာလို့  ဆရာကြည်မင်းက နောက် လိုက် သေးတယ်။

 မြန်မာဝတ္ထုတိုသမိုင်းကြောင်းကို ပုဂံခေတ်က စပြီး ဒီနေ့  ခေတ်အထိ သုံးသပ်ပြသွားပါတယ်။ ၀တ္ထုတိုကောင်းတပုဒ်ကို ဖတ်ရတာ ၀ီစကီတခွက်ကို ရေမရောဘဲ အစိမ်းလိုက်မော့သောက်ရသလိုပဲ လို့ ပြောတော့ ပရိသတ်က လက်ခုပ်သံ တွေနဲ့ အားပေး ပါတယ်။ ကျော်စောမင်း အမည်နဲ့  စာပေဝေဖန်ရေးလက်သံပြောင်ခဲ့တဲ့ ဆရာက အရက် မသောက်တော့တာ ကြာပါပြီ။ ကျနော်က သတ်မှတ်ဂါလံပြည့်သွားပြီဗျ လို့  ရယ်ရွှန်းပတ် ရွှန်းပြောတတ်ပါတယ်။ ကျနော်တို့  ထမင်းစားပွဲမှာ ဆုံရင် သူက အချိုရည်လေးသောက် ပြီး ရယ်စရာတွေပြောနေတတ်သူပါ။ ရေဆင်း တက္ကသိုလ် က ကျောင်းသားတွေအနေနဲ့  သူတို့  ပါမောက္ခဟောင်းကို ဒီလို အပျော် အပြက် ပြောလုံး သောလုံးတွေကြောင့်ပဲ သတိရနေကြမယ် ထင်ပါတယ်။

ဆရာကြည်မင်းအစီအစဉ်ပြီးတော့ မင်းခိုက်စိုးစန်တို့  အစီအစဉ်ပါ။ ဒီအစီအစဉ်မှာ မြနှောင်းညို၊ ဂျူး၊ လင်္ကာရည်ကျော်၊ ဒေါက်တာစိုးလွင် စတဲ့ ဆရာဝန်စာရေးဆရာတွေ ဆွေးနွေးကြမှာ ဆိုတော့ စိတ်ဝင်စားတာနဲ့  ဆက်နားထောင်တယ်။

ဆရာမဂျူးရဲ့  အပြော အဟောတွေကို သဘောကျမိပါတယ်။ သတင်းစာထဲက လက်ထပ်ကြော်ငြာတစ်ခုကို အစပြုပြီး သူ့ ရဲ့  ပထမဆုံးဝတ္ထုရှည် ( နာမည်အကျော်ဆုံး) “အမှတ်တရ” ကို ရေးဖြစ် သွားတဲ့ အကြောင်း ပြောပြရင်း စကားဝိုင်းဦးစီးတဲ့ မင်းခိုက်စိုးစန်ရဲ့ ထောင်ချောက် ထဲမှာ သူက ပျော်ပျော်ကြီး ( ဒါပေမယ့်လွမ်းမောဖွယ်ရာ) ပြောပြသွားတာပါ။

“လယ်တောကအပြန် ၊ ပန်ချင်တယ် ခရေဖူးဆိုလို့  မောင်ခူးကာပေး၊ မနက်တုန်းဆီက ၊ ကြော့ဆုံးကို မောင်မြင်တော့ ၊ သူ့ ဆံပင် နှင်းဆီပွင့်တွေနဲ့ ၊ ဂုဏ်တင့်တယ်လေး” ဆိုတဲ့

ဆရာကြီးမင်းသုဝဏ်ရဲ့ ကဗျာကို ရွတ်ပြရင်း ဆရာကြီးတောင် ဒီလိုကြုံခဲ့ရသေးတာပဲလို့  သူ့ အဖြစ်ကို ဖြေဆည် ခဲ့ပုံကို ပြောပြတော့ ပရိသတ်က လက်ခုပ်သံတဖျောင်းဖျောင်းနဲ့  ရယ်မော အားပေးကြပါ တယ်။

ဆရာဝန်စာရေးဆရာများ အရေးကောင်းသလို အပြောကောင်းပါတယ်။ ခန်းမကြီးတခုလုံး အပေါ်ထပ်အောက်ထပ် ပြည့်လျှံပြီး လက်ခုပ်သံတွေ မစဲညံနေခဲ့ပါတယ်။ ဒီအစီအစဉ် ကတော့ ပရိသတ်အများဆုံးဖြစ်မှာပဲလို့  မှတ်ချက်ချမိတယ်။

သူတို့ အစီအစဉ်ပြီးတော့ ကဇာတ်ရုံ အပြင်ဘက်ကို ထွက်လိုက်ပါတယ်။ မြင်ကွင်းကိုကြည့်ပြီး တော်တော် အံ့သြသွားမိတယ်။ ဆိုင်တွေထဲမှာ အခန်းတွေထဲမှာ လမ်းပေါ်မှာ ကွက်လပ် တွေမှာ လှေခါးထစ်တွေပေါ်မှာ လူတွေ ပြည့် နေတာကို မြင်လိုက်ရ တဲ့အတွက်ပါ။ စာအုပ်ဆိုင် တွေမှာကော ပြခန်းတွေမှာကော ဆွေးနွေးပွဲလုပ်တဲ့အခန်းတွေမှာကော ( ဆွေးနွေးပွဲတွေ ကို တခြားပြခန်း သုံးခုမှာပါ တပြိုင်နက်တည်း လုပ်တာပါ။) ။ ရေကန်ဘေးက ဘောင်တွေ ပေါ်မှာလည်း လူတွေ အပြည့်ထိုင်နေတယ်။ ကဗျာ ဆွေးနွေးပွဲလုပ်တဲ့ အခန်းမှာလည်း လူ တွေ ပြည့်လို့ ။ အမှတ်တရ ပစ္စည်းဆိုင်မှာလည်း လူတွေကျိတ်ကျိတ်တိုး။ မနေ့ က အမှတ်တရ ပစ္စည်းတွေ ၀ယ်ဖို့ ပြောထားတာ သတိရပြီး အဲဒီကို သွားတယ်။

ဆရာဖေမြင့်ရဲ့ ဇနီးလည်း တွေ့ ရတယ်။အမှတ်တရပစ္စည်းတွေ တော်တော်ရောင်းရတယ် လို့  သူက ပြောတယ်။ မနေ့ က အမှတ်တရပစ္စည်း တခုစီကို ဈေးမေးထားခဲ့တယ်။ အားလုံးကို တခုစီဝယ်မယ်လို့ လည်း ပြောခဲ့တယ်။ အခုတော့ ပြတ်တဲ့ ပစ္စည်းက ပြတ် သွားပြီ တဲ့။ မနေ့ က ပစ္စည်းတခုစီဝယ်ရင် စုစုပေါင်း သုံးသောင်း ခုနစ်ထောင်ကျသင့်မယ်လို့  ဈေးရောင်းတဲ့ သူက ပြောပါတယ်။ ဒီနေ့ တော့ မစုံတော့ဘူး၊ ဓာတ်ဘူးအငယ်လေးတွေ ကုန်သွားပြီ၊ ပင်နီရောင်လွယ်အိတ်လည်း ကုန်သွားပြီတဲ့။ ဒါနဲ့ ရှိတာလေးတွေပဲ ယူပြီး သူ့  ကို သိမ်းခိုင်း ထားရတယ်။

ခန်းမထဲ ပြန်မ၀င်သေးဘဲ စာအုပ်ရောင်းတဲ့ ဘက်ကို ထွက်လာတယ်။ အဲဒီမှာ မိတ်ဆွေကြီး မိုးမိတ် ခင်မောင်တိုးကို တွေ့ ရတယ်။ သူက တုတ်ကောက်တချောင်းနဲ့။ ကျုပ်က သုံးချောင်းထောက်ဖြစ်နေပြီ ကိုသာမညရဲ့ လို့ သူက ပြောပါတယ်။ စာအုပ်ဆိုင်တွေမှာ တော့ တော်တော်တိုးဝှေ့ ပြီး ၀င်ရပါတယ်။ စာအုပ်တွေရောင်းနေတဲ့ မအေးအေးပြုံးနဲ့  မတင်မာဦးတို့ ကတော့ အလုပ်ပင်ပန်းနေပေမယ့် မျက်နှာတွေကတော့ ပြုံးနေပါတယ်။ ရောင်းရတယ်လို့ လည်း ပြောတယ်။ လူတွေက အဲဒီမှာ တိုးမပေါက်အောင် များပါတယ်။

ညနေလေးနာရီကျော်အထိ လူတွေက တဖွဲဖွဲ လာနေပါတယ်။ ရေကန်လေးနားမှာ ကိုရိုးကွန့် က လာနှုတ်ဆက်တယ်။ သူနဲ့ မတွေ့ တာ ကြာလှပေါ့။ သူ့ ညီ ကာတွန်းဆရာ အော်ပီကျယ်ကတော့ ချင်းမိုင်ကို လာတတ်လို့  တွေ့  ပါသေးတယ်။ ကိုရိုးကွန့် က ပုံမပြောင်းပါ။ မဲဆောက်က ကိုဇော်ဇော်ထွန်းနဲ့  မနိုးနိုးထက်စံ တို့  မိသားစုကိုလည်း တွေ့  ပါတယ်။ ဆရာသုညလူ (ကိုစိုးလွင်) လည်း လာနှုတ်ဆက်ပါ တယ်။ ကိုမြင့်ကျော် အမျိုးသမီး အိမ့်ခိုင်ဦးကလည်း နှုတ်ဆက်ပါတယ်။ သူ့ သမီးက သူနဲ့  တပုံစံတည်း။ ဇာတိမြို့ က မိတ်ဆွေ မိသားစုကိုလည်း တွေ့ တယ်။ မိတ်ဆွေဟောင်းတွေနဲ့ တွေ့ ခွင့် ရကြတာ ကျနော် တင် မကဘဲ ပွဲလာသူအားလုံးပဲ ထင်ပါတယ်။ အုပ်စုလိုက် (လမ်းပေါ်မှာ၊ လှေခါးထစ် ပေါ်မှာ၊ လဘက်ရည်ဆိုင်တွေမှာ၊ ရေကန်ဘောင်တွေပေါ်မှာ ) စကားပြောနေကြတာ ပျော်စရာကြီးပါ။

ကျနော်က ဘဏ္ဍာရေးမှူးတာဝန်ယူထားတဲ့ ဆရာအာသာကို ဒီနေ့  လူဘယ်နှယောက်လာ သလဲလို့  မေးတော့ ညနေလေးနာရီအထိ လူခြောက်ထောင်ငါးရာကို နိုဘယ်မြန်မာစာပေ ပွဲတော်တံဆိပ် ကပ်ပေးခဲ့ပြီးပြီလို့  သူက ပြန်ဖြေတယ်။

လုံခြုံရေးတာဝန်ယူတဲ့ သူတယောက်က သူဟာ အမျိုးသားကဇာတ်ရုံမှာ အလုပ်လုပ်တာ ကြာပြီဖြစ်တဲ့အကြောင်း၊ နှစ်ပေါင်း သုံးဆယ်အတွင်း ဒီလောက်များပြားတဲ့ လူအုပ်ကို မတွေ့ ခဲ့ရဖူးကြောင်း ပြောတယ်လို့  ကျနော့်မိတ်ဆွေ ကိုခင်မောင်ဝင်းက ပြောပါတယ်။

ကျနော်က စာအုပ်ဆိုင်တန်းဘက်က စာအုပ်ဝယ်သူတွေကို ငေးကြည့်ရင်း ဒီလို စိတ်ထက်သန်မှု မျိုးနဲ့ ဆိုရင် မြန်မာစာအုပ်လောက ပြန်လည်ရှင်သန်နိုင်ပါသေးတယ်လို့  တွေးပြီး ၀မ်းသာ မိပါတယ်။ စာအုပ်တွေ ရှင်သန်ခြင်းဟာ လူတွေရှင်သန်ခြင်း၊ နိုင်ငံတွေ ရှင်သန်ခြင်းပဲ မဟုတ်ပါလား။ ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts