သူတို့အာဘော် ငြိမ်းချမ်းအေး

ငြိမ်းချမ်းအေး – လူမိုက်အလိုရှိသည်

ငြိမ်းချမ်းအေး – လူမိုက်အလိုရှိသည်
(မိုးမခ) ဇန်နဝါရီ ၂၀၊ ၂၀၁၅

လာပါပြီ၊ ကျောင်းသားသပိတ် ဆိုတာနဲ့ ဒီမို ကိုနေ ကိုတိုး အဖြူစာ သင် ပိဋကတ်အိုးကွဲတွေရဲ့ မနှစ်မြို့တဲ့ အောက်ကလိအာ အသံတွေ၊ စ ကြားရပါပြီ။

ပညာ ဘယ်လောက် သင်သင် (တတ်တတ်) အခြေခံ ယုံကြည်ချက်က မခိုင်မာ ဖောက်ပြားတော့ ကျီးကန်းနဲ့ ကြက် စပ်ကျတဲ့ သတ္တဝါလို မကျက်တကျက် အတွေးအခေါ်နဲ့ အောက်ကလိပဲ အာ တတ်ကြတယ်။

ဒါကို ဒီမို ပြုတ်မနူးများက အားတက်သရော ထောက်ခံကြတယ်။  ကိုယ့်ဘာသာသာတော့ ဒီမိုကရေစီ လိုလားသူများပေါ့။ စိတ်ဓာတ်က စစ်အာဏာရှင် စိတ်ဓာတ်၊ အမြင်က စစ်ထောက်လှမ်းရေး အမြင်။

ဆန္ဒပြဖို့ တရားဝင် ခွင့်တောင်းခိုင်းတတ်တဲ့ မအေတူသားတွေလို့ ဆိုပြန်ရင်လည်း နာကြဦးမယ်။

သွားလေသူကြီးရဲ့ ချောတိုင်တက် လမ်းစဉ်လိုက် အနီပျက် ကမ္ဘာပြားဆရာကြီး လေသံ အတိုင်း လိုက် နက်(ချ)မျှခြေ ချိန်ခွင်လျှာ က ဘယ်လို၊ ဝင်း-ဝင်း သီအိုရီ က ဘယ့်နှယ် ပါးစပ်နဲ့ အပြည့် အလုံးကြီးတွေ ဆိုချင်ကြဦးမယ်။  လမ်းပေါ်ထွက် နိုင်ငံရေး က နိုင်ငံရေး ကကြီး၊ ကခွေး အဆင့်ပါ ဆိုတဲ့ အနီပျက် ရဲဘော် ဟောင်းကြီး အတိုင်း လူထုလှုပ်ရှားမှုတွေကို ဆန့်ကျင် ပြက်ရယ်ပြု စကား ဟစ်ချင်ကြဦးမယ်။

နိုင်ငံရေး နလပိန်းတုံး အဖြစ် အနေအစား အထိုက်အသင့် ချောင်နေလို့ နေခွင့်ရနေတဲ့ လူလတ်တန်းစားနဲ့ လူ့အဖွဲ့အစည်းရဲ့ ဆီဦးထောပတ်ကို မျိုဆို့ ဂုပ်(ကုပ်)သွေး စုပ်ခွင့်သာနေတဲ့ လူ့မလိုင် မျက်နှာကြီးမျိုးများကလည်း ဒီလို တရားပျက်တွေကို မြိန်ရေရှက်ရေရှိ နားဝင်ချို ထောက်ခံကြဦးမယ်။

မတရားတဲ့ စနစ် အဖွဲ့အစည်းမှာ တရားမဲ့မှုတွေ ကြီးစိုးနေလို့၊ လူယုတ်မာတွေ လွှမ်းမိုးနေလို့ ကျောင်းသားက စာသင်ခန်းထဲ မနေနိုင် လမ်းပေါ်ထွက်၊ တောထဲရောက်၊ ထောင်ထဲရောက် အသေခံ အဖမ်းခံ လုပ်နေတာပေါ့။  လယ်သမား အေးအေး လယ်လုပ်ခွင့် မရလို့ ဆန္ဒပြရင်း သေနတ်ပစ်ခံ သေရတာပေါ့။

ဒီလို ပြောပြန်ရင် လူကို ကွန်မြူနစ်နဲ့ ပေးစားဦးမယ်။  ဆရာကြီး တင်မိုး ကဗျာ ပဲ ယူ ငှားပြီး မဆလ၊ နအဖ၊ နဝဖ လေသံအတိုင်း တသံတိုင်းလိုက်လိုက်ထွက်တဲ့ နောက်မြီးဆွဲ ဒူမနာသား “ကွန်မြူနစ်ဆန့်ကျင်ရေး လူကြီးမင်းများ” ကို ပြန်ဆို လိုက်ပါဦးမယ်။

“…မှန်တဲ့စကား တခွန်း

တစွန်းတစ မဟလိုက်လေနဲ့

ကွန်မြူနစ် တံဆိပ်ကပ်

အရပ်နဲ့ လှည့်တိုက်မယ်။

အခွင့်အရေး ဆိုစကား

တပြားဖိုးမျှ မတောင်းလိုက်လေနဲ့

ကွန်မြူနစ်တွေ သွေးထိုး

သူပုန်မျိုး အဖျက်သမားတွေလို့

မတရား စွပ်စွဲပြီး

နည်းမျိုးစုံ ဖြိုခွဲပစ်မယ်..”

လူ့ပေါက်ပန်းတွေရဲ့ အသံ က လူကို ပျို့အန်စေတယ်။

အခုလေးတင် ကိုယ့်ကို ချစ်တဲ့ ကျောင်းဟောင်းလူကြီး တချို့ကို ကတိပေးခဲ့တယ်။  စာကို သမားစိတ်မွေး ဖျောင်းဖျတဲ့ လေသံနဲ့ပဲ ရေးဖို့ ပိုကြိုးစားမယ့် အကြောင်း။  ဒါပေမဲ့ ပညာတတ်လူတန်းစားလို့ ခံယူထားသူများရဲ့ ဖောက်ပြားမှုက ကျနော့်ကို စိတ်အချဉ်ပေါက်စေတယ်။

လူထုလှုပ်ရှားမှုကို ရွံရှာထိတ်လန့် ကြောက်ရွံ့ရင် ဒီမိုကရေစီ မဟုတ်။  ဒီမိုကရေစီ မြစ်ဖျားခံရာ ရှေးခေါမ စကားလုံးမှာကိုက ပြည်သူက အုပ်ချုပ်ခြင်း၊ လူထုအင်အား ဆိုတာ အခြေခံ ရတယ်။  လူထုအင်အားကို ပြက်ရယ်ပြု စော်ကား မနှစ်မြို့ချင်ရင် အာဏာရှင် ပေးတဲ့ နွားမရွှံ့ပိတ် ဒီမိုကရေစီပဲ ရမယ်။

ကျောင်းသား သမဂ္ဂ ကို ကျောင်းသား ရေးရာပဲ လုပ်စေချင်ရင် သမဂ္ဂ အမည်မခံခိုင်းနဲ့။  တေဇလူငယ်၊ ရှေ့ဆောင်လူငယ်၊ လမ်းစဉ်လူငယ် အမည်ခံ အာဏာရှင် ပုံသွင်းတဲ့ အတိုင်း နေခိုင်း။  ကြံ့ဖွတ် အရန်ပါတီ ဝင်ခိုင်း၊ ပါတီမိတ်ဆွေ လုပ်ခိုင်း။

ကျောင်းသား စာသင်ခန်းထဲမှာပဲ နေဆိုရင် အမျိုးသားနေ့ ဆိုတာ ပေါ်လာမှာ မဟုတ်ဘူး။  သခင်နု၊ သခင်အောင်ဆန်း ကျောင်းထုတ် ခံရမှာမဟုတ်ဘူး။  “မြင်းခွာတချက်ပေါက်ရင် မီးဟုန်းဟုန်း တောက်စေရမယ်” လို့ ရဲရဲတောက် ကြွေးကြော်ခဲ့တဲ့ သခင်ဗဟိန်းလည်း သမိုင်းဝင်ခဲ့မှာ မဟုတ်ပါဘူး။  ဗိုလ်အောင်ကျော်လည်း သွေးမြေကျခဲ့မှာ မဟုတ်ဘူး။  “စပတ်လမ်း” က “စပတ်လမ်း” အတိုင်းပဲရှိ ဗမာ့ လွတ်လပ်ရေးလည်း ရခဲ့မှာ မဟုတ်ပါဘူး။

(၉၀) ခုနှစ်များရဲ့ လူငယ် တပ်ဦး တာရာမင်းဝေ လိုပဲ ဆိုပါရစေ။

“ဘုရားခေတ်မှာ ဆိုရင် ရဟန္တာ ဖြစ်တဲ့ အထိ လိမ္မာပြမယ်..၊ အမှောင်ခေတ်မှာတော့ အာဏာရှင်ကို ဖီဆန်ရမယ်။”

ဒေါင်းအလံအောက်မှာ ဒေါင်းမာန် ဒေါင်းစိတ် အပြည့်နဲ့ ကျောင်းနံရံတဝိုက်မှာ ဒေါင်းအလံစိုက်မယ့် လူငယ်တွေကိုပဲ အလိုရှိတယ်။

သူ့ကျွန်ဘဝ ပထမ ကျောင်းသားသပိတ် အပြီးမှာ အမျိုးသားကောလိပ် မှာ စာသင်ဖို့ ကျင့်ဝတ် တာဝန်သိ ကျရာ ခေတ်ဝန်ကို ထမ်းဆောင်ပေးခဲ့တဲ့ ဆရာကြီး သခင်ကိုယ်တော်မှိုင်းက ဆိုခဲ့တဲ့ အတိုင်း

“.. ထ ဆင်ထူးကို တမြည်မြည် သင်ခဲ့သမို့

ထီ မထင်ကျောင်းတော်သားတွေရဲ့ 

အမည်စာရင်းမှာ ခေါင်းအပေါ်ဖျားမှာလ

မင်းရို့ ဆရာကို

စာရင်းတို့ကာထားလိုက်ကြပေတော့…”

လို အခု စစ်ကျွန်ဘဝ မှာလည်း ကျောင်းသားတွေနဲ့ တသားတည်း ရပ်မယ့် ပညာရှိ လူကြီး လူငယ် လူမိုက်တွေကိုသာ အလိုရှိပါတယ်။

ငြိမ်းချမ်းအေး

ဇန်နဝါရီ ၂၀၊ ၂၀၁၅


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa Old Archives

Similar Posts