ရသဆောင်းပါးစုံ သူတို့အာဘော်

ဖိုးသံ (လူထု) – ဘိုလိုတော့ခ် ရောဂါ

ဖိုးသံ (လူထု) – ဘိုလိုတော့ခ် ရောဂါ
ဇန်န၀ါရီ ၁၂၊ ၂၀၁၅
(သူ့ဖေ့စ်ဘွတ်ခ်)

ဒီနေ့ ဗမာပြည်က စာပေလောကမှာ ထင်ထင်ရှားရှား တွေ့မြင်နေရတဲ့ ၀မ်းနည်းစရာကိစ္စတခုကတော့ ဗမာစာ စာမျက်နှာ တွေပေါ်မှာ အင်္ဂလိပ်စာတွေ ဗရနှံ့ကျဲနေတာပါပဲ။  ဆွမ်းဆန်ထဲ ကြွက်ချေးရောတာလိုပဲ အကျည်းတန်လှပါတယ်။  ဒီလို ယို သူမရှက် မြင်သူရှက် စာမျက်နှာတွေကိုကြည့်ရင်း ဒါတွေကို နိုင်ငံခြားသားတွေများမြင်ရင် ဘယ်လိုများပြောကြမှာပါလိမ့်ရယ် လို့ မကြာခဏ ခေါင်းထဲမှာ အတွေးပေါ်မိပါတယ်။  “ခင်ဗျားတို့ ဗမာစကားဟာ ဒါလောက်ဆင်းရဲသလား၊ ဒီ စကားလုံးလေးတွေ လောက်ကိုတောင်မှ ကိုယ့်ဘာသာစကားနဲ့ မရှိဘူးလား” စသဖြင့် အမေးခံရမှာကို တွေးရှက်မိပါတယ်။  ဒီအထဲမှာ အင်္ဂလိပ်စာလုံးပေါင်းမှားတာတွေကလည်း မနည်းလှတော့ နှစ်ခါပြန်ရှက်ရတာပေါ့။

ရုပ်ရှင်မင်းသမီး အင်တာဗျူးကအစ နိုင်ငံတကာရေးရာအလယ် သဘောတရားအသစ်တွေ အကြောင်းရေးရာအထိ ဘိုစာ တွေ ပွစာကြဲနေပါတယ်။  ပြောသူ (အင်တာဗျူး)၊ ရေးသူများကလည်း ဒီလိုပြောလိုက်ရ၊ ရေးလိုက်ရလို့ အတော်လေးအာတွေ့၊ လက်တွေ့နေတဲ့ သဘောတွေ တွေ့ရတဲ့အပြင် အယ်ဒီတာများကလည်း အင်္ဂလိပ်စာနဲ့တင်လိုက်ရတာကို ကျေနပ်နေ ဟန်ရှိပါတယ်။  ဒါကြောင့် “ရေချမ်းချမ်း တခွက်ပေးပါ” ဆိုတဲ့ အသုံးအနှုန်းမျိုးတွေ မကြာခင်တွေ့ရ တော့မလား တွေးနေမိပါ တယ်။

ကျနော်ခပ်ငယ်ငယ်က ကျနော်တို့ရဲ့ သတင်းစာတိုက်ကို နေ့စဉ်လိုလို မပြတ်လာနေကြတဲ့ လူငယ်တွေရှိပါတယ်။  စာပေအနု ပညာရှင် ပညာတတ်တွေပါ။ သူတို့ဟာ အယ်ဒီတာခန်းထဲက လူတွေနဲ့ လေကန်လိုက်၊ အမေ့အခန်းထဲဝင် စကားပြောလိုက်၊ ဆွေရင်းမျိုးရင်းလို ရင်းနှီးသူတွေဖြစ်ကြပါတယ်။ သူတို့က အဲဒီလို မြိန်ရည်ရှက်ရည်ပြောကြရင်း သူတို့စကားထဲမှာ အင်္ဂလိပ် စကားတွေ ညှပ်ပြောတတ်ပါတယ်။  အဲဒီလိုပြောတာများလာရင် အမေက “မောင်- – – – ရယ်၊ မင်းပြောတဲ့ အင်္ဂလိပ်စကား တွေကို ဗမာလိုပြောရင်လည်း ရတယ်ထင်ပါတယ်” လို့ သတိပေးလေ့ရှိတာကို မှတ်မိနေပါတယ်။  အမေက သတိပေးတာဆို တော့ အဲဒီလူတွေက (အခုထက်ထိ စာတွေ ရေးနေကြပါသေးတယ်) “အကျင့်ဖြစ်နေလို့ပါ ဒေါ်ဒေါ်ရယ်၊ ဆောရီးပါ” လို့ဆိုလို့ အမေက “ဟောလာပြန်ပြီ တခွန်း” လို့ သတိပေးရပြန်ပါသေးတယ်။

ဆိုလိုတာက အရင်က ဗမာပြည် လူ့အဖွဲ့အစည်းမှာ အင်္ဂလိပ်လို ညှပ်-ညှပ်ပြောတာကို လူတွေက အထင်မကြီးဘူး။ တချို့ဆိုရင် လက်တောင်မခံချင်ဘူးဆိုတဲ့ အကြောင်းဖြစ်ပါတယ်။  ဒါ့အပြင် အဲဒီလိုပြောသူကို သာမန်လူထုကရော၊ တကယ့် ပညာတတ်တွေကပါ နှာခေါင်းရှုံ့တာလည်း မကြာ မကြာ ကြုံရဖူးပါတယ်။

ဒါပေမဲ့ အခုတော့ ဘယ်လို ဖြစ်ကုန်တာလဲ။ ဗမာပြည်မှာ အင်္ဂလိပ်စကား ဒါလောက်တွင်ကျယ်လာတာကို ထောက်ရင် ဒီ နိုင်ငံမှာ အင်္ဂလိပ်စာ ရေချိန်တိုးတက်လာလို့လား။  ကြည့်ပါဦး။ လူနာမည်၊ ဆိုင်နာမည်၊ ဟော်တယ် နာမည်စတာတွေတင် မကဘဲ မဂ္ဂဇင်း ဂျာနယ်တွေရဲ့ နာမည်တွေပါ အင်္ဂလိပ်လိုဖြစ်နေကြပါလား။ နအဖ စစ်တပ်ကထုတ်နေတဲ့ ဂျာနယ်တခုရဲ့ နာမည်ကတောင်မှ နော့သင်းစတားတဲ့။

အဲဒါကြီးကို ဗမာလို ဘာသာပြန်လို့မရဘူးလား။  ပြန်စဉ်းစားလိုက်ပါ။  (၁၉၈၈) ခုနှစ် မတိုင်ခင်က ဗမာပြည် စာနယ်ဇင်း သမိုင်းမှာ အင်္ဂလိပ်နာမည်နဲ့ထုတ်ဝေတဲ့ သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်းရယ်လို့ ဘယ်နှစ်စောင်များ ရှိဖူးလို့လဲ။  တိုးတက်ရေး၊ သူရိယ၊ ရန်ကုန်၊ ကြေးမုံစတဲ့ နာမည်တွေထက် အခုဘိုနာမည်တွေကပိုပြီး  နားထောင်ကောင်းတယ်၊ သားနားတယ်လို့ ထင်နေကြဟန်တူပါတယ်။

ဒီနေရာမှာ ‘ကွန်ပြူတာ’၊ ‘မော်တော်ကား’၊ ‘ဘရိတ်’ စတဲ့တွင်ကျယ်ပြီးသား မွေးစားဝေါဟာရတွေကိစ္စကို မဆိုလိုဘူးဆိုတာ အထူးပြောဖို့မလိုဘူးထင်ပါတယ်။

အခုပြောနေတာက — “music’ ဟာ ‘beat’ တခုတည်းနဲ့ ဖန်တီးလို့မရ သလို ‘lyric’ တခုတည်းနဲ့ ဖန်တီးလို့ မရဘူးဆိုတာ သိရပါမယ်” ဆိုတဲ့ ရေးနည်းမျိုးပါ။  အဲဒီ အင်တာဗျူးမှာ စာ တကော်လံကို အင်္ဂလိပ်စာလုံး (၅၀) ကျော် ပါပါတယ်။  တလုံးမှ ဗမာလို ဘာသာပြန်မထားပါဘူး။

ဘာကြောင့် ဒီလို တမင်လုပ်နေကြတယ်ဆိုတာကို ဒီနေရာမှာမစောကြောလိုပါဘူး။ ဒါပေမဲ့ ကိုလိုနီခေတ်တုန်းက ဗမာပြည် ကစာပေပညာရှင်တွေရော၊ စာရေးသူတွေပါ ဗမာစာနဲ့ အင်္ဂလိပ်စာကိုရောရေးတာ လုံးဝမလုပ်ဘူးဆိုတဲ့အချက် ကိုတော့ ထောက်ပြလိုပါတယ်။  ပီမိုးနင်း၊ ရွှေဥဒေါင်း၊ ဇော်ဂျီ၊ မင်းသုဝဏ် စတာတို့လို အဲဒီတုန်းက ဆရာကြီးတွေဟာ အင်္ဂလိပ်စာ အရာမှာ အခုဘိုလို ညှပ်ရေးနေသူတွေထက် မညံ့ဘူးလို့ထင်ပါတယ်။ ဒါနဲ့တောင်မှ သူတို့ရေးသမျှဟာ မြန်မာနံ့ ထုံမွှန်းပြီး မြန်မာ့ဟန်၊ မြန်မာ့အသံ လွှမ်းမိုးနေကြတာကို အားလုံး သတိရကြပါလိမ့်မယ်။

ခေတ်နောက်ကျလှတဲ့ ပဒေသရာဇ် လူ့အဖွဲ့အစည်းထဲကို နောက်ဆုံးပေါ် အရင်းရှင်စနစ်၊ ဆိုရှယ်လစ်စနစ်က အရာတွေ တင်သွင်းပေး၊ မိတ်ဆက်ပေးရာမှာ သူတို့ဟာ ဝေါဟာရတွေကို မြန်မာမှုပြုတာ၊ ဘာသာပြန်တာကို တာဝန်တခုလို ဂရုစိုက် လုပ်ခဲ့ကြပါတယ်။  အဲဒီ ခေတ်တုန်းက အသစ်ဆိုတာဟာ အခုခေတ် အသစ်ဆိုတာထက် အများကြီးပိုများပါတယ်။

တခုတော့ ပြောစရာရှိပါတယ်။  အဲဒီတုန်းက ဝေါဟာရတွေကို မြန်မာမှုပြုတယ်၊ ဘာသာပြန်တယ်ဆိုရာမှာ ပညာတတ်တွေ ကချည်း လုပ်တာမဟုတ်ဘဲ လူထု ကလည်း နေ့စဉ်ဘ၀ထဲမှာ လုပ်နေကြတာဖြစ်ပါတယ်။  ဒါကြောင့်လည်း ပညာရှင်မဆန်တဲ့၊ အသုံးတည့်တဲ့ စကားလုံး ဝေါဟာရတွေ အမြောက်အများ ပေါ်ထွက်ခဲ့ပြီး ‘ဓာတ်ပြား’၊ ‘ဓာတ်လှေခါး’၊ ‘စက်ဘီး’၊ ‘လေယာဉ်ပျံ’ စတာတွေဟာ လူထုပါးစပ်ထဲကနေ လျှောခနဲ၊ လျှော်ခနဲ ထွက်လာနေတာပါ။  သူတို့ရင်ထဲ၊ ခေါင်းထဲမှာက “ဗမာစာသည် ဒို့စာ၊ ဗမာစကားသည် ဒို့စကား”ဆိုတဲ့ စိတ်ဓာတ်ဟာ သံမှိုနှက်သလို စွဲနေပြီး ဖြစ်ပါတယ်။ ကိုယ်က သူတို့လို ခေတ်မီ သင်္ဘောကြီးတွေ၊ လေယာဉ်ပျံကြီးတွေမလုပ်နိုင်သေးပေမဲ့ သူတို့လို စကားလုံးဝေါဟာရတော့ တီထွင်နိုင်ရမပေါ့ဆိုတဲ့ စိတ် ထားမျိုး ရှိကြပါတယ်။

အခုတော့ “ဗမာစာသည် လူညံ့တွေရဲ့စာ၊ အင်္ဂလိပ်စာသည် (ငါဒို့) လူတော်တွေရဲ့စာ”လို့များ ပြောချင်နေကြသလား မသိပါ ဘူး။

တကယ်ဆိုရင် စကားလုံးတခုကို ကိုယ်က ဘာသာပြန်ရာမှာ ကိုယ်မကျေနပ်လို့ရှိရင် အင်္ဂလိပ်မူရင်းကို နံဘေးမှာ ကွင်းစ ကွင်းပိတ်နဲ့ ထည့်ပေးတာမျိုး လုပ်နိုင်ပါတယ်။  အခုတော့ ဘိုလိုမှ ဘိုလိုလုံးလုံး၊ နည်းနည်းမှ ရေမရောဘူး။  ဗမာစာလုံး တ လုံးမှမပါဘဲ ရေးထားတာတွေ တွေ့နေရပါတယ်။ နောက်ပြီး လူနာမည်တွေကိုတောင်မှ အင်္ဂလိပ်လိုပဲ ရေးပါတယ်။ ဗမာလို အသံထွက်လေးတောင်မရေးဘူး။  ဒါလောက်လေးမှ မဖတ်တတ်ရင် သူတို့ရေးတဲ့စာကို မဖတ်နဲ့လို့ ဆိုနေသလိုပါပဲ။

တကယ်တော့ ဒီနေ့ဖြစ်နေတာဟာ ဗမာစာပေလောကမှာ ရေကာတာကြီး ကျိုးပေါက်သလို အင်္ဂလိပ်ဝေါဟာရတွေ မလို အပ်ဘဲ ဒလဟောထိုးဆင်းလာနေတာပါ။ ဒါကို အခုတ်အထစ် နာမည်ကြီးလှတဲ့ စစ်အစိုးရ နအဖရဲ့ စာပေကင်ပေတိုင် ဆိုတာက မတားပါဘူး။ သူတို့နဲ့ မဆိုင်သလို လက်ပိုက်ကြည့်နေပါတယ်။ ဗိုလ်သန်းရွှေတို့ ထိပ်သီးပိုင်းကကော ဒါတွေ ကိုမမြင်ဘူးလားဆိုတော့ သူတို့ထိပ်ပိုင်းမှာ ဘယ်နှစ်ယောက်ကများ ပြည်တွင်းထုတ်စာပေတွေကို ဖတ်ကြသလဲ စဉ်းစားစရာ ဖြစ်ပါတယ်။

ဗမာစာပေရဲ့သမိုင်းကြောင်းသဘောနဲ့ ပြောရရင်တော့ ဒီလိုဖြစ်လာဟာ ဘာမှမကြာလှသေးပါဘူး။  နအဖတက် လာပြီးတဲ့ နောက်ပိုင်းမှ ပေါ်ပေါက်လာတဲ့ပြဿနာပါ။ ဒါပေမဲ့ ဒါဟာ နအဖခေတ်မှာ ဗမာနိုင်ငံသားတွေရဲ့ အင်္ဂလိပ်စာရေချိန် တိုးတက် လာတဲ့ လက္ခဏာတော့ မဟုတ်တာသေချာပါတယ်။  လူငယ်တွေ နိုင်ငံရေးမလုပ်ရင်ပြီးရော မူးယစ်ဆေးဝါးသုံးသုံး၊ လောင်း ကစားလုပ်လုပ်၊ ကြည့်သာနေလိုက်ဆိုတဲ့ သဘောထားနဲ့တနွယ်ထဲ ဆက်နေတဲ့ စီမံချက်တွေကနေ နောက်ဆက်တွဲဖြစ် ပေါ်လာတာတွေဖြစ်ပါတယ်။

နအဖခွင့်ပြုထားတဲ့အကြောင်းတခုက ဗမာစာပေလောကကို အဲဒီလိုပြဿနာ အသေးအမွှားလေးတွေထဲမှာ လုံးလား ထွေး လား ရစ်ပတ် ရှုပ်ထွေးနေစေချင်တာရယ်၊ နောက်တချက်က အဲဒီလို ဘိုဝေါဟာရညှပ်ထားတဲ့ ဗမာစာနဲ့ရေးထားတဲ့ အကြောင်းအရာတွေဟာ သူတို့အတွက် အကျိုးရှိနေတာရယ်တို့ကြောင့် ဖြစ်ပါတယ်။

နအဖခေတ်မှာ ဗမာစာရေချိန် တိုးတက်လာသလား၊ ကျဆင်းနေသလား ဆိုတာကတော့ အလွယ်ပြောလို့ရတဲ့ ကိစ္စမဟုတ် ပါဘူး။  ဒါပေမဲ့ ဗမာစာဟာ ကပြား ရုပ်ပေါက်လာတာတော့ တကယ်တွေ့နေရပါပြီ။  ဗမာနိုင်ငံသားတွေဟာ တပတ်ရစ်ကား တွေပဲ စီးနေကြရသလို စာပေ ယဉ်ကျေးမှုအနုပညာမှာလည်း တပတ်ရစ် စာပေယဉ်ကျေးမှုအနုပညာနဲ့ ကျေနပ်နေရတာဟာ အမှန်ပဲ ၀မ်းနည်းစရာ ကောင်းလှပါတယ်။

ဖိုးသံ (လူထု)
(၂၀၁၃) ခုနှစ်၊ စက်တင်ဘာ

Than Joung Po Facebook:
https://www.facebook.com/thanjoung.po


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa Old Archives

Similar Posts

3 thoughts on “ဖိုးသံ (လူထု) – ဘိုလိုတော့ခ် ရောဂါ
  1. အစိုးရအားပေးမှုအများကြီးရနေတဲ့ Sky Net ကကောင်မလေးတယောက်ကသူနံမည်ကို Hanny Tun လို့ ရေးထားပါတယ်။ Honey ဆိုတဲ့အဓိပ္ပါယ်ကိုမသိတော့မြန်မာအသံထွက်နဲ့ ရေးနေတာထင်ပါတယ်။

  2. Happy to have read again this crucial piece by Saya Po Than Joung. This ‘bo lo talk’ syndrome has nowadays been out of control in our country. In psychological term it is known as ‘colonised mess abnormality’. In common parlance it is called ‘slave mentality’. The sufferers of this condition mostly are empty-headed and have no knowledge whatsoever about their own history and literature. And they do hero-worship those who tend to ‘bo lo talk’ fluently as good as their old colonised-masters.

    Saya Po Than Joung is a man who is a worthy to be proudly called a son of Daw Amar, one of our national treasures.

  3. At the same time, we should allow freedom of speech. People should be allowed to write and express whatever they want. Of course they should not make a fool out of themselves. And please don’t give me any lecture about Burmese literature. I read and write Burmese very well.

Comments are closed.