သတင်းဆောင်းပါး

ဇာနီကြီး – နောက်ကွယ်ကလက်မဲကြီးများ

 ဇာနီကြီး – နောက်ကွယ်ကလက်မဲကြီးများ
ဇန်န၀ါရီ ၁၂၊ ၂၀၁၅

ယခင်က မြန်မာနိုင်ငံသည် စစ်အာဏာရှင်စနစ်ဖြစ်သောကြောင့်၊ စစ်တပ်ထိပ်ပိုင်းခေါင်းဆောင်များအလိုကျ နိုင်ငံရေး၊ စီးပွားရေးတို့လုပ်ဆောင်ရင်း၊ ပြည်သူလူထု ပညာရေး၊ ကျန်းမာရေးတို့မှာ အာရှတိုက်တွင်သာမကတော့ပဲ ကမ္ဘာ့အနိုမ့်ဆုံဖြစ် သွားရပြီး၊ အာဏာနှင့်ငွေသာလျှင်ပဓါန စိတ်ဓါတ်ပိုင်းဆိုင်ရတွင် ကမ္ဘာ့အနိမ့်ဆုံး ခြအစားဆုံးနိုင်ငံဖြစ်သွားခဲ့ရသည်။ အားလုံးလဲ သိပြီးဖြစ်သော်လည်း ယခု လေးနှစ်ပြုပြင်ပြောင်းလဲမှုခရီးတွင် ဒီမိုကရေစီ၊ ဝိသမစီးပွားရေးစနစ်သို့ ခြေလှမ်းဦး တည်နေသည်ကို အားလုံးမျက်ဝါးထင်ထင် တွေ့ရပြီးဖြစ်သည်။ သယံဇာတ၊ ရေနံဓါတ်ငွေ၊ မိုဘိုင်းဖုန်း၊ သွင်း/ထုတ်ကုန် လုပ်ငန်း ..စသည့် လိုင်စင်၊ ပါမစ်များကို အုပ်စီးထားသူများ၊ နိုင်ငံဘတ်ဂျတ်ကို ဥပဒေမဲ့သုံးစွဲနေသူများအား နောက်ကွယ်မှ လက်မဲကြီးများ ဟု သတ်မှတ်ပါမည်။

● မြန်မာလူမျိုးနှင့် အခြားလူမျိုးများ နှိုင်းယှဉ်ခြင်း
တခြားနိုင်ငံနဲ့ မနှိုင်းယှဉ်သင့်..မြန်မာ့နည်း မြန်မာ့ဟန် ..ဟူသောစကားလုံး၊ စည်းကမ်းရှိသော ဒီမိုကရေစီ ..စသဖြင့် စကား လုံးလှလှလေးများ၊ အပြောကောင်းကောင်းဖြင့် အုပ်ချုပ်လာကြသည်။ လူထုကတော့ မမှတ်ပါ။ ဆင်းရဲမွဲတေနေသောကြောင့် မခံနိုင်ပါက လူမျိုးရေး၊ ဘာသာရေး လှို့ဆော်ပေးသူများ အလိုကျ၊ မဆီမဆိုင်၊ လမ်းဘေးက ခွေးကို ပိတ်ကန်သည့်အလုပ်များ၊ လုပ်ခဲ့သည်များကို ရပ်တန်းကရပ်ဖို့ အလွန်အရေးကြီးလှပါသည်။ မြန်မာနိုင်ငံမှ၊  ဗုဒ္ဒဘာသာ၊ ခရစ်ယာန်၊ မွတ်ဆလင် မှန်ကန်သော၊ ဘာသာရေးခေါင်းဆောင်ကြီးများ ပြောဆိုချက်များအရ.. မြန်မာပြည်တွင်လူနည်းစု ဖြစ်သော်လည်း၊ ကမ္ဘာလုံး က ကြောက်ရွံ့ရသည့် အကြမ်းဖက်သမားများ မြန်မာနိုင်ငံကို ဦးတည်ထား တိုက်ခိုက်လာလျှင် .. မတွေးဝံ့စရာဖြစ်သည်။ နိုင်ငံခြားသွားရောက် လုပ်ကိုင်စားသောကနေရသော မြန်မာနိုင်ငံသား ၅ သန်းအရေအတွက်လည်း မနည်းလှပါ။ မြန်မာနိုင် ငံတွင် နောက်ကွယ်က လက်မည်းကြီး အုပ်စုရှိနေသည်ကို အစိုးရကိုယ်တိုင် ကြေငြာရသည်။  မြန်မာနိုင်ငံသားအားလုံးသိကြ ပါသည်။

တိုင်းပြည်ကို ဖွင့်မပေးသောကြောင့် တဟုန်ထိုး၊ စီးပွားရေး၊ စစ်အင်အားကြီးမားလာသော တရုတ်နိုင်ငံကြီးက မြန်မာနိုင်ငံကို ဘင်္ဂလားပင်လယ်ထွက်ပေါက်၊ အသုံးချဖို့ မဟာဗြူဟာအဖြစ် မြစ်ဆုံရေအားလျှပ်စစ်မှ၊ နိုင်ငံတဝက် ဖြတ်သန်းသော ဓါတ် ငွေ့ပိုက်လိုင်းနှင့်ရထားလမ်းဆောက်လုပ်ရေး အကောင်ထည်ပေါ်လာသည်။ ထိုအခါမှ အာဏာရှင်ဦးသန်းရွှေ သူ့လူများက၊ သူ့ကို ပြန်သုတ်သင်မည့် အခြေအနေကို သိမြင်သွားပြီး၊ သံဃာတော်များသာမက၊ သဘာဝ နာဂစ်မုန်တိုင်းကြီးကပါ သတိ ပေးလိုက်သောကြောင့် ပြုပြင်ပြောင်းလဲဖို့၊ စစ်အာဏာရှင်စနစ် ရပ်ခဲ့ရသည်။

သမ္မတဦးသိန်းစိန် အစိုးရတက်လာခါစ အားလုံးပျော်ကြသည်။ အထူးသဖြင့် ပြည်ပရောက် မြန်မာလူမျိုး ၅ သန်းကျော်က ပြည်တော်ပြန်လိုလှသောကြောင့်၊ မြန်မာနိုင်ငံတွင်းမှာ နေ့ချင်းညချင်း အလုပ်ကိုင်တွေ ပေါများလာတော့မယ်။ နိုင်ငံခြား ကုမ္ပဏီများစွာ အလုပ်ကိုင်တွေ ပေါ်လာတော့မယ်…၊ တောင်ကိုးရီးယား၊ တိုင်ဝမ်၊ တရုတ်ပြည်တို့ကဲ့သို့ တိုးတက်လာမည်ဟု  အကောင်းမြင် မျှော်လင့်ချက်များစွာ ဝမ်းသာခဲ့ရသည်။ ၂ နှစ်အကြာ မြန်မာ့နည်းမြန်မာ့ဟန်၊ နောက်ကွယ်မှလက်မဲကြီးများ အုပ်စုကြောင့် ယခုအခါ မျှော်လင့်ချက်များ မှေးမှိန်သွားရပြန်သည်။

● နောက်ကွယ်ကလက်မဲကြီးများရဲ့ ရည်ရွယ်ချက်

နောက်ပြန်ဆွဲနေသူလိုသူများတွင် ပြည်တွင်းမီဒီယာတစ်ခု၏ မှတ်ချက်အရ၊ ဦးသိန်းစိန်၊ ဦးရွှေမန်းနှင့် ယခု အစိုးရနှင့် လွှတ်တော်တွင် ဦးဆောင်နေသူ ကြံခိုင်ရေးပါတီခေါင်းဆောင်များ၊ ကာ/ချုပ် ဗိုလ်မင်းအောင်လှိုင်နှင့် ထိပ်ပိုင်းခေါင်းဆောင်များ မပါဝင်၊ နောက်ဆုံး အNငိမ်းစားယူသွားသော ဗိုလ်သန်းရွှေလည်းမပါဝင်ဟု ဆိုသည်။ ဆိုလိုသည်မှာ ထိုင်းနိုင်ငံ စစ်အာဏာ သိမ်းမှုကဲ့သို့ နောက်တက်လာသော စစ်ဗိုလ်ချုပ်လေးများကို စစ်အာဏာသိမ်းစေပြီး၊ နောက်ကွယ်မှလက်မဲကြီးများက သူတို့ပိုင်ဆိုင်မှုနှင့်လုပ်ပိုင်ခွင့်များကို ဆက်လက်အုပ်ချုပ်၊ လက်ဝါးကြီးအုပ်သွားမည့် ခြေလှမ်းဖြစ်ကြောင်း .. လယ်ပြင်မှာ ဆင်သွားသလို ထင်းထင်းလင်းလင်း မြင်နေရပြီ ဖြစ်ပါသည်။ အမေရိကန်မှ ဘလက်လစ်လုပ်ခံရသော နောက်ကွယ်မှ လက်မဲတစ်ဦးဖြစ်သူ ဦးအောင်သောင်း၊ လွှတ်တော်မှ အရေးတကြီးမဲစနစ်ဖြင့်၊ အမေရိကန်ကို ကန့်ကွက်ကြောင်း ထုတ်ပြန်ရ လေသည်။ ထိုနောက်ကွယ်မှလက်မဲများ အုပ်စုလိုက်ဗိုလ်ကျနေသည်ကို လက်ရှိအစိုးရကလည်း လက်မှိုင်ချနေရသလို၊ အတိုက်ခံ အင်အယ်ဒီပါတီကြီးကလည်း လွှတ်တော်မဲခွဲရာတွင် ငြိမ်နေရှာသည်။ တိုင်းရင်းသား လက်နက်ကိုင်အုပ်စုများ ကလည်း ငြိမ်နေရသည်။

● လက်မဲကြီးများ၏ စံနမူနာဒီမိုကရေစီနိုင်ငံများ (အာဖရိက)
နိုင်ငံ (၃) ခု ဥပမာရေးလိုပါသည်။ အနောက်အာဖရိက ရေနံ၊သယံဇတများစွာ ထွက်သောနိုင်များမှ စံနမူနာ ကွန်ဂိုဒီမိုကရက် တစ် ဖြစ်သည်။ အနားပတ်ဝန်းကျင် ဂါဘွန်၊ အင်ဂိုလာ၊ ကွန်ဂိုရီပါးဘလစ် .. အားလုံးသည် နောက်ကွယ်လက်မဲကြီးများ အုပ်ချုပ်နေသော ဒီမိုကရေစီနိုင်ငံများဖြစ်သည်။ တနည်းအားဖြင့် စည်းကမ်းရှိသောဒီမိုကရစီကို ကျင့်သုံးပါသည်။ လက်ရှိမြန် မာနိုင်ငံကဲ့သို့ သတင်းစာ၊ မီဒီယာ လွတ်လပ်ခွင့်၊ စီးပွားရေးလွတ်လပ်ခွင့် ရှိသောလည်း လက်ရှိမြန်မာနိုင်ငံကဲ့သို သယံဇာတ၊ ရေနံဓါတ်ငွေ၊ မိုဘိုင်းဖုန်း၊ သွင်း/ထုတ်ကုန်လုပ်ငန်း ..စသည့် လိုင်စင်၊ ပါမစ်များကို အခွန်မပေးပဲ၊ လုပ်စားသောသော ကုမ္ပဏီကြီးများ၊ (တနည်းအားဖြင့် နောက်ကွယ်မှလက်မဲကြီးများ) ကြီးစိုးနေကြသည်။ တက်လာသမျှ နိုင်ငံရေးခေါင်း ဆောင်များလည်း ထိုလက်မဲကြီးများလက်အောက်သို့ ၂ နှစ်ခန့်အကြာ အညံ့ခံသွားရသည်။ လက်မဲကြီးများမှ အစွမ်းထက် လှသည်။

ကွန်ဂိုဒီမိုကရက်တစ်နိုင်ငံသည် လွန်ခဲ့သောအနှစ်၅၀ကျော်က၊ အာဖရိကတိုက်တွင် တောင်အာဖရိကပြီးလျှင် အချမ်းသာဆုံး ပြင်သစ်ကိုလိုနီနိုင်ငံဖြစ်ခဲ့သည်။ မြန်မာနိုင်ငံကဲ့သို့ တိုင်းရင်းသားများစွာရှိပြီး၊ သယံဇာတ မြန်မာနိုင်ငံထက် ၁၀ ဆခန့် ကြွယ်ဝပါသည်။ လူဦးရေလည်း ၆၇သန်းရှိပြီး အကျယ်ဝန်းမှာ မြန်မာပြည်ထက် ၂ ဆမျှ ကြီးသည်။  ကမ္ဘာ့အကောင်းစား စိန် တွင်းကြီးများရှိသလို၊ ကျောက်မျက်၊ ယူရေနီယံကဲ့သို့ ဓါတ်သတ္တုများစွာ ထွက်သဖြင့် လွတ်လပ်ရေးရပြီး၊ ဒီမိုကရေစီအစိုးရကို စစ်အာဏာရှင် မူဘိုတို အာဏာသိမ်းပြီး၊ အနှစ်၃၀ခန့် ဒီမိုကရေစီ၊ အာဏာရှင်စနစ်ဖြင့် ဗိုလ်ကျအုပ်ချုပ်သည်။ အမေရိ ကန်နှင့်လည်း တည့်အောင်ပေါင်းသင်းသဖြင့် ကမ္ဘာ့လက်ဝှေ့ ဗိုလ်လုပွဲကြီးများကိုပင် လူထုထောက်ခံမှုရရန် ငွေဒလေဟော သုံးပြီး ကျင်းပခဲ့သည်။ နောက်တော့ လူအခွင့်ရေးချိုးဖောက်၊ လာဘ်စားမှုများဖြင့် တိုင်းရင်းသားလက်နက်ကိုင်များက တိုက်ခိုက်ဖြုတ်ချလိုက်သည်။ နယ်စပ်ထွက်ပြေးပြီး သေဆုံးသွားသည်။ ယခု အသစ်တက်လာသော တော်လှန်းရေး ဒီမိုက ရေစီအစိုးရသည် ကွန်ဂိုနောက်ကွယ်မှလက်မဲကြီးများ၏ ငွေကြေး၊ လာဘ်ငွေနောက်ပါသွားပြီး၊ စစ်အာဏာရှင်ကျဆုံး သော်လည်း တိုင်းပြည်လူထုမှ ကမ္ဘာ့အမွဲတေဆုံး၊ ငတ်ပြတ်နေဆဲ ဖြစ်သည်။

ဥပမာတစ်ခု DHL ပစ္စည်းတခု နိုင်ငံခြားတိုင်းပြည်တစ်ခုမှ ကွန်ဂိုနိုင်ငံကို ပို့ပါက ပို့ခ ၂ ဆ၊ ၃ ဆ ပေးရပြီး၊  အကောက်ခွန်၊ ဆိပ်ကမ်း များစွာပေးကမ်းနေရသည်။ အလာတူ မြန်မာနိုင်ငံတွင် ဖြစ်နေပါသည်။ နိုင်ငံခြားမှ ပစ္စည်းတင်ပို့ပါက အကောက်ခွန်နှင့်အစိုးရဝန်ထမ်းများကို လက်ဆောင် (လာဘ်) ပေးရသည်။  ကမ္ဘာ့လာဘ်စားမှု (ယဉ်ကျေးစွာပြောပါက – အစိုရဝန်ထမ်း များ လက်ဆောင်ပေးရခြင်း) ကို အမေရိကန်နိုင်ငံမှ ပညာရေးအဖွဲ့အစည်းတခုက2 နှစ်စဉ်အဆင့် ထုတ်ပြန်ပါသည်။ မြန်မာ နိုင်ငံ ၂၀၁၁ တွင် ကမ္ဘာနိုင်ငံပေါင်း ၁၇၂ နိုင်ငံတွင် အဆင့် ၁၇၁ ရှိခဲ့ပါသည်။ ထိုစဉ်ကာလ၊ စာမေးပွဲကိုပင် ပိုက်ဆံပေးပြီး ဂုဏ်ထူးမှတ် ရနိုင်သည်ဟု ဆိုသည်။ ၂၀၁၃ တွင် နိုင်ငံခြားသား အဝင်အထွက်ရှိသော လူဝင်ကြီးကြပ်ရေးတွင် လက်ဆောင် ပေးရမှု နည်းပါးလာခဲ့သည်။ တိုးတက်လာသည်ဟု ပြောနိုင်သည်။ သို့သော် ၂၀၁၄ တွင် မတိုးတက်တော့ပဲ တံ့နေသည်။

● မြန်မာပြည်မှ အစိုးရထိပ်တန်းခေါင်းဆောင်များ
စစ်မှန်သော မီဒီယာသမားများက နောက်ကွယ်မှလက်မဲကြီးများ ကြီးစိုးနေသည်ကို သိသည်။ ယခုအခါ ပြည်သူလူထု အား လုံးသိနေပြီ ဖြစ်သည်။ နိုင်ငံခေါင်းဆောင် လွှတ်တော်ကိုယ်စားလှယ်များနှင့် တတ်သိနားလည်သူ ပညာရှင်များ မစို့မပို့၊ ဒေါ်လာလေးရတာနဲ့ ခရိုနီလက်အောက် ခေါင်းငုံ့အလိုကျလုပ်နေသူများ .. ငြိမ်နေကြသည်ကို စိတ်ပျက်မိပါသည်။ .

အားလုံးငြိမ်နေလျှင် ၁၇ရာစု အတွေးခေါ်ရှင်၊ အက်ဒမန်ဘရွတ် ပြောခဲ့တဲ့ “ဝိသမသမား၊ လူဆိုးတွေတွင်ကျယ်နေတာ လူ ကောင်းတွေ ငြိမ်နေလို့ဖြစ်ပါတယ်”1 ဆိုတဲ့ ဆိုစကားကို သတိရမိပါသည်။ လူကောင်းလို့ သတ်မှတ်ခံထားရတဲ့ ဦးသိန်းစိန်၊ ဦးရွှေမန်းနဲ့ ကာ/ချုပ် ဗိုလ်မင်းအောင်လှိုင် (ဘွဲ့ထူးတွေ ရှည်ရှည်မရေးချင်လို့) သူတို့ကလည်း ငြိမ်နေကြတဲ့အပြင် နောက် ကွယ်က လက်မဲတစ်ယောက်မှ ဖော်ထုတ် အပြစ်ပေးခြင်းမခံရဘူး။ မဆီမဆိုင် လက်မဲဖေါ်ထုတ်တော့မဲ့ ဝန်ကြီးဦးဆန်းဆင့်ကို သိန်းတစ်ရာ လာဘ်စားတယ်၊ အမိန့်မနာခံဘူး.. တရားရုံတင်ပြီး ထောင်ချပစ်လိုက်သည်။ ယခင်က ရာထူးမှ ရုတ်တရက် ပျောက်သွားပြီး အထူးခုံရုံးနှင့်တရားစီရင် ထောင်ချသောခေတ်မှ တိုးတက်လာသည်ကို ဝန်ခံပါသည်။

● လက်မဲကြီးများ၏ စံနမူနာဒီမိုကရေစီနိုင်ငံများ (အရှေ့တောင်အာရှ)
အာဖရိကတိုက်ကို စံနမူနာထားလို့ မဖြစ်ပါ။ ဥရောပ ချက်နိုင်ငံ၊ စလိုဗက်နိုင်ငံများ တိုးတက်နေပြီး၊ ဆလားဗီးယားနိုင်ငံ၊ ရူမေးနီးယားနိုင်ငံ စသည်တို့ကိုလည်း စံနမူနာမဖြစ်နိုင်ပါ။ တောင်၊ မြောက် အမေရိကားမှ ချီလီ၊ ကိုလံဗီယာ စသည် ဒီမိုက ရေစီ နိုင်ငံကောင်း၊ နိုင်ငံဆိုးများလည်း နမူနာမဖြစ်နိုင်ပါ။ မြန်မာတို့အဖို့ နမူနာနိုင်ငံသည် အရှေ့တောင်အာရှ နိုင်ငံဖြစ်ရပါ မည်။ နိုင်ငံနှစ်ခု ရွေးချယ်တင်ပြလိုပါသည်။ ထိုင်း၊ ဖိလစ်ပိုင် ဖြစ်သည်။

မြန်မာနိုင်ငံသည် စင်ကာပူလို ကမ္ဘာ့ထိပ်တန်းဖြစ်ဖို့၊ တောင်ကိုးရီးယားလိုဖြစ်ဖို့ စိတ်ကူးကြည့်လျှင် ပျော်စရာဖြစ်သည်။ စင်ကာပူ၊ တောင်ကိုးရီးယား နိုင်ငံများတွင် အလုပ်လုပ်ပြီး၊ အဆင်ပြေ၊ တနည်းအားဖြင့် ဇိမ်ကျနေသော ပညာ၊စီးပွား၊ သတ္တိ ရှိသူများကတော့ ငါတို့ စင်ကာပူမှာ၊ ငါတို့ တောင်ကိုးရီးယားမှာ ပြောပြချင်လိုပါသည်။ အမေရိကန်ရောက် မြန်မာများကတော့ ငါတို့ အမေရိကားမှာ ပြောသူ ရှိကောင်းရှိနိုင်သည်။

မြန်မာအစိုးရ ထိပ်ပိုင်းခေါင်းဆောင်များကို နောက်ကွယ်ကလက်မဲအုပ်စုက ဥရောပဆို ဂျာမဏီပစ္စည်း၊ အာရှဆို ဂျပန်ပစ္စည်း၊ အထင်ကြီးအောင်လုပ်ထားသည်။ ဘဝင်မြင့်နေကြသည်။ ပြည်သူလူထုမှ မွဲသထက်မွဲလာပြီး .. နောက်ကွယ်မှလက်မဲကြီးများ လက်ဝေကျ စစ်အာဏာသိမ်းခံရပါလျှင် မြန်မာနိုင်ငံသည် ဖိလစ်ပိုင်နိုင်ငံကဲ့သို့ ဖြစ်လာမည်။ ဖိလစ်ပိုင်နိုင်ငံသည် နောက် ကွယ်လက်မဲ များစွာရှိပြီး ဆင်းရဲ-ချမ်းသာ ကွာခြားမှုများလှသည်။

မြန်မာနိုင်ငံသည် တရုတ်နိုင်ငံ၏ စီးပွားကျွန်ဘဝမှ လွတ်မြောက်လျှင်လဲ ထိုင်းနိုင်ငံကဲ့သို့ မကြွယ်ဝပဲ၊ ဖိလစ်ပိုင်ကဲ့သို့ အိမ် ဖေါ်၊ ကမ္ဘာအလုပ်သမား တင်ပို့သည့်နိုင်ငံဖြစ်ဖို့ အလားလာကောင်းနေသည်။ စိတ်ပျက်စရာဖြစ်သည်။

● နောက်ကွယ်လက်မဲများ အစိုးရစစ်တပ်ကိုကိုင်တွယ်ပုံ
အင်ဒိုနီးရှားနိုင်ငံ နယ်သာလန်နိုင်ငံ (ဒက်ခ်ျ) ကိုလိုနီအဖြစ်က လွတ်လပ်ရေးရပြီးတဲ့နောက် မြန်မာပြည်မှ  ဗိုလ်ချုပ်အောင် ဆန်းကဲ့သို့ စစ်ဗိုလ်ဆူကာနို စတင်အုပ်ချုပ်ခဲ့ပါသည်။ အင်ဒိုနီးရှား နောက်ကွယ်လက်မဲကြီးများက စစ်တပ် အရာရှိငယ်များကို မြှောက်ပင့်ပေးပြီး၊ စစ်ခေါင်းဆောင်ကြီးများကို လုပ်ကြံသတ်ဖြတ်လိုက်ပါသည်။ လက်ရှိစစ်ဗိုလ်ချုပ် လူကောင်းများကို ကွန် မြူနစ်များဟု ပြောပြီး အာဏာသိမ်းသည်။ ဒီမိုကရေစီအစိုးရသည် အာဏာပြိုင်ဆိုင်မှုများနှင့် နောက်ကွယ်က လက်မဲကြီးများ အလိုကျ စစ်အာဏာရှင် ဆူဟာတို (မြန်မာနိုင်ငံဗိုလ်နေဝင်းလိုလူမျိုး) သမ္မတအဖြစ် တက်လာပါတော့သည်။ ထိုသူလဲ ပထမပိုင်း လူကောင်းဖြစ်သည်။ သို့သော် နောက်ကွယ်က လက်မဲအုပ်စုကြောင့် သမ္မတဆူဟာတို စစ်အာဏာရှင် ဖြစ်လာပြန် သည်။ အင်ဒိုနီးရှားနိုင်ငံ ရေနံတွေ ဒလဟောထွကသော်လည်း ပြည်သူလူထုက အလွန်ဆင်းရဲမွဲတေသွားရပါသည်။ ဆူဟာ တို အနှစ် ၂၀ ကျော် အုပ်ချုပ်မှုကို ဖြုတ်ချ၊ ပြုပြင်ပြောင်းလဲပြီး ယခု ၂၀၁၄ တွင် လူထုခေါင်းဆောင် ဂျိုကိုဝီဆိုသူ ရွေးကောက် ပွဲအနိုင်ရရှိပြီး၊ သမ္မတဖြစ်လာသောကြောင့် အလားအလာကောင်းနေပါသည်။ အင်ဒိုနီးရှာ နောက်ကွယ်မှလက်မဲများ အကြောင်း အနည်းကျဉ်းဖြစ်သည်။

ထိုင်းနိုင်ငံ လတ်တလော အရေးအခင်းကတော့ မြန်မာများ ပိုပြီးမှတ်မိမှာ ဖြစ်ပါတယ်။ လူထု ရွေးကောက် အစိုးရကို နောက် ကွယ်က လက်မဲများက နည်းမျိုးစုံနဲ့ဖြုတ်ချလိုက်၊ စစ်အာဏာ တစ်နှစ်သိမ်းလိုက်၊ ရွေးကောက်ပွဲလုပ်လိုက်နဲ့ ..အခုတော့ ထိုင်းနိုင်ငံ နောက်ကွယ်ကလက်မဲများက စစ်တပ်ခေါင်းဆောင်သစ်များကို အပြီးအာဏာသိမ်းခိုင်းလိုက်ပါပြီ။ လူထုခေါင်း ဆောင် ဦးသက်ဆင်နဲ့ သူ့ညီမ ဒေါ်ရင်လတ်တို့ကိုလည်း တရားစွဲခံ ဖြစ်နေပါတယ်။ ဒါပေမဲ့ ထိုင်းနိုင်ငံက နောက်ကွယ် လက်မဲကြီးများလို့ပြောရမဲ့အစား လက်အညိုရောင်လို့ခေါ်တာက ပိုသင့်လျှော်ပါတယ်။ နောက်ကွယ်က ကြိုးကိုင်ပေမဲ့ မြန် မာပြည်က လက်မဲကြီးများကို ဘလိုင်း၊ အသားလွတ် ဝိသမစီးပွားရှာကြတာတော့ မဟုတ်ဘူး။ မြန်မာပြည်လို သယံဇာတ၊ ရေနံဓါတ်ငွေ၊ မိုဘိုင်းဖုန်း၊ သွင်း/ထုတ်ကုန်လုပ်ငန်း ..စသည့် လိုင်စင်၊ ပါမစ်များကို အုပ်စီးထားသူများ၊ နိုင်ငံဘတ်ဂျတ်ကို ဥပဒေမဲ့သုံးစွဲနေသူများအား အိမ်ခြံမြေဈေးကြီးအောင်လုပ်သူများကို ထိုင်းနိုင်ငံမှ အမျိုးသားစိတ်ဓါတ်ရှိသူ၊ ပညာရှင်များက ထိန်းချုပ်ထားနိုင်ဆဲဖြစ်သည်။

● နိဂုံး
မြန်မာနိုင်ငံတွင် အတိုက်အခံ အင်အယ်ဒီနှင့် ကြံခိုင်ရးပါတီ၊ တိုင်းရင်းသားလက်နက်ကိုင်များ၊ မွတ်ဆလင်လူမျိုးရေးများ ရှုပ်ထွေးနေခြင်းကို အခွင့်ရေးယူပြီး၊ လက်ရှိခေါင်းဆောင်အားလုံးကို စစ်အာဏာသိမ်းခြင်း ဖြစ်လာအောင် နောက်ကွယ်မှ လက်မဲကြီးများက လုပ်ဆောင်နေသည်။ ထိုလက်မဲကြီးများ အုပ်စုက အနိုင်ရသွားလျှင် ဆူပူမှုများစွာ ပေါ်ပေါက်လာပြီး၊ စစ်တပ်မှ ထိုင်းနိုင်ငံကဲ့သို့ အာဏာသိမ်းမည်။ ဗိုလ်မင်းအောင်လှိုင်အပါအဝင် ဦးသန်းရွှေ၊ ဦးသိန်းစိန်၊ ဦးရွှေမန်း၊ ဒေါ်အောင်ဆန်းစုကြည် .. အားလုံးတို့ နိုင်ငံရေးစင်မြင့်မှ ပျောက်ကွယ်သွားစေမည်။ ထိုသို့ ဖြစ်လာမှ နောက်တက်လာသည် ဘာမှအုပ်ချုပ်ရေးမကြွမ်းကျင်သောစစ်အုပ်စု (၁၉၈၈ ဗိုလ်စောမောင်ကဲ့သို့) စစ်အစိုးရတက်လာပြီး၊ နောက်ကွယ်က လက် မဲကြီးများအလိုအတိုင်း အစိုးရအဖွဲ့ဖြစ်လာမည်။

● လက်မဲကြီးများအား ရပ်တံ့ရန်နည်းလမ်း

အကောင်းမြင် ဝါဒရှိသူများစွာက လက်ရှိအစိုးရသည် လက်မဲကြီးများကို အောင်နိုင်ရမည်ဟု မျှော်လင့်သည်။ ဘာသာ ရေးယုံကြည်သူများက ဆုတောင်းကြသည်။ ဦးသိန်းစိန်အစိုးရ၊ ဦးရွှေမန်းလွှတ်တော်နှင့် အတိုက်ခံ ဒေါ်အောင်ဆန်းစုကြည်၊ တိုင်းရင်းသား လက်နက်ကိုင်များငြိမ်းချမ်းရေးတို့ အခြေအနေကောင်းသည်။ ၂၀၁၅ ရွေးကောက်ပွဲကို တရားမျှတစွာ ကျင်းပမည်။ လွှတ်တော်က နောက်သမ္မတ အသစ်တစ်ဦးကို ရွေးကောက်မည်။ စသဖြင့် အကွက်ဆင်ထားသလို ဖြစ်လာမည် ဟု မျှော်လင့်မည်။ သို့သော် ထိုသို့အကွက်ဆင်ထားသလို၊ ဆုတောင်းသလို အလွယ်တကူမဖြစ်လာပါ..ဟု စာရေးသူ ရဲရဲကြီးအာမခံပါသည်။ ထူးခြားသော ဖြစ်ရပ်များစွာ ဖြစ်ဦးမည်။ နောက်ကွယ်က လက်မဲကြီးများကို အမျိုးသားစိတ်ဓါတ်ရှိသူ ခေါင်းဆောင်များ၊ တတ်သိပညာရှင်များ ပြိုင်ပွဲကို ပိတ်ကားပေါ်တွင် ကြည့်ရပေမည်။ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌကြီး ပြောသော ဇီးသီးဗန်းမှောက်ခြင်းများကို၊ ပြန်ကြားရေးဝန်ကြီးက စကားစစ်ထိုးမှု ရပ်လိုက်ပြီး၊ မြန်မာနိုင်ငံ ဗဟိုစာရင်းစစ်အဖွဲ့ သြဇာအာဏာ ကြီးထွားလာအောင် ၊ လက်မဲကြီးများ ဥပဒေလက်တလုံးခြား၊ အခွန်မရှောင်နိုင်အောင် .. ဝိုင်းဝန်းပံ့ပိုးရပါမည်။ အတူပူးပေါင်းကာကွယ်ဖို့ လုပ်ကြရပါမည်။  နိုင်ငံတကာယုံကြည်မှုရအောင် ခေါင်ကစပြီး မိုးလုံရန် အခြေခံဥပဒေ၊ မိုးကျ ရွှေကိုယ် ဗဟိုဦးစီးစနစ်ကို ပြင်ရပါမည်။

နောက်ကွယ် လက်မဲများ ယခုလက်ရှိအခြေနေ ၂၀၁၄ ကဲ့သို့ သူတို့ပဲ၊ ဆက်လက်အုပ်စီးနေမှုကို ကာကွယ်ရန် နည်းလမ်းမှာ တစ်ခုတည်းရှိပါသည်။ သယံဇာတ၊ ရေနံဓါတ်ငွေ၊ မိုဘိုင်းဖုန်း၊ သွင်း/ထုတ်ကုန်လုပ်ငန်း ..စသည့် လိုင်စင်၊ ပါမစ်များကို အုပ်စီးထားသူများ၊ နိုင်ငံဘတ်ဂျတ်ကို ဥပဒေမဲ့သုံးစွဲနေသူများအား ပြတ်ပြတ်သားသား တစ်ယောက်ပြီးတစ်ယောက်၊ အရေးယူရန်၊ ထောင်ချ၊  ပိုင်ဆိုင်မှု ထိန်းချုပ်ခြင်းသာ ဖြစ်ပါသည်။

ထိုသို့လုပ်ရန် နမူနာ ၁၇ရာစု အတွေးခေါ်ရှင်၊ အက်ဒမန်ဘရွတ် ဆိုစကား “ဝိသမသမား၊ လူဆိုးတွေတွင်ကျယ်နေတာ လူကောင်းတွေ ငြိမ်နေလို့ဖြစ်ပါတယ်”1 ကိုလက်တွေ့ကျင့်သုံးနေသော အိမ်နီးချင်းနိုင်ငံ၊ တရုတ်အစိုးရ၊ နမူနာရှိပါသည်။ လူကောင်းတွေ အများကြီး ထလုပ်စရာမလိုပါ။ မဖြစ်နိုင်သော်လည်း ရေးလိုက်ချင်ပါသည်။ စစ်အာဏာရှင်ဟောင်းကြီး ဦးသန်းရွှေကို သတင်းပို့ပြီး သမ္မတဦးသိန်းစိန် ကိုယ်တိုင်က ထိုငါးကြီးတစ်ကောင်ကို အရေးယူလိုက်ပါ။ သူ၏ ပိုင်ဆိုင်မှု များကို ထိမ်းချုပ်လိုက်ပါက၊ အခြေနေကောင်း၊ လမ်းကြောင်းမှန်သွားမည် ဟု ယုံကြည်ပါသည်။

ဇာနီကြီး ဇန္နဝါရီ၊ ၂၀၁၅

1. Edmund Burke: ‘The only thing necessary for the triumph of evil is for good men to do nothing.’
2. Transparency International http://www.transparency.org/cpi2014/results


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts