ရသဆောင်းပါးစုံ

အရှင်သြသဓ (ဟပ်မွန်းဗေး) – နွေက သံယောဇဉ် ဟေမာန်တွင်လည်း ဆုံစမြဲ

အရှင်သြသဓ (ဟပ်မွန်းဗေး) – နွေက သံယောဇဉ် ဟေမာန်တွင်လည်း ဆုံစမြဲ
(မိုးမခ) ဒီဇင်ဘာ ၂၆၊ ၂၀၁၄

စာရေးသူတို့ ဓမ္မာနန္ဒကျောင်းတွင် လူငယ်လေးများ ဆောင်းရာသီ ၃-ရက်တရားစခန်း လုပ်လာခဲ့သည်မှာ ယခု ဆိုလျှင် ၅-ကြိမ်မြောက် ရှိသွားပေပြီ။ ယခုနှစ်တွင် ဒီဇင်ဘာ ၂၀-ရက်မှ ၂၃-ရက်နေ့အထိ ပြုလုပ်ခဲ့ကြ၏။ နွေရာသီ် ဗုဒ္ဓဘာသာသင်တန်းတွင် ကလေးများကို စာကိုသာ အဓိကထားပြီး သင်ပေး၏။ အရွယ်ငယ်သေးသော ကလေးများပါနေ၍ တရားကြာကြာ မထိုင်နိုင်ကြသေး။ ထို့ကြောင့် တရားထိုင်ချိန်ကား အတန်းမစမီ ၅-မိနစ်၊ ညမအိပ်ခင် မိနစ် ၃၀-မျှသာ ထိုင်ကြရ၏။ ထိုကလေးများ နွေရာသီသင်တန်းမှ အတန်းများ ဆုံးသွားသောအခါ သူတို့အတွက် နောက်ထပ်တက်စရာ အတန်းမရှိတော့ပေ။ သူတို့က တရားထိုင်သည့် သင်တန်းလေးတစ်ခု စီစဉ်ပေးပါရန် တောင်းဆိုလာကြ၏။ သို့ဖြစ်၍ လူငယ်များအတွက် ဆောင်းရာသီ တရားစခမ်းကို စတင်၍ ပြုလုပ်ခဲ့ခြင်း ဖြစ်ပေသည်။

ထို့အပြင် နွေရာသီသင်တန်းတွင် ၆-နှစ်လောက် ဗုဒ္ဓဘာသာဆိုင်ရာ တရားတော်များကို လေ့လာပြီးသောအခါ ဤကျောင်းတော်ကြီးကို ပြန်လည်၍ ပေးဆပ်လိုကြ၏။ ကူညီလိုကြ၏။ နောက်ရောက်လာကြသော ကျောင်းသားသစ်လေး များကို ပြန်လည် သင်ပေးလိုကြ၏။ ထို့ကြောင့် နွေရာသီသင်တန်းတွင် ဆရာအဖြစ် လုပ်အားပေးလုပ်ချင်သူများကို ဤ ဆောင်းရာသီ တရားစခန်းသို့ မဖြစ်မနေဝင်ဖို့ သတ်မှတ်ပေးထား၏။ သို့မှသာ သူတို့ကိုယ်တိုင်လည်း စာတွေ့ရော လက်တွေ့အားထုတ်မှုပါ နှစ်မျိုးလုံး သိရှိနားလည်မည် ဖြစ်သည်။ ထိုသို့ နှစ်ဖက်လုံး သိရှိနားလည်မှလည်း သူတစ်ပါးကို ကောင်းစွာ သင်ပေးနိုင်မည်။ ထို့ကြောင့် မိမိကိုယ်ကို အရည်အသွေး ပြန်တင်သောအားဖြင့် ပြန်လည် လာရောက်ကြခြင်း ဖြစ်၏။

ယခုနှစ်တွင် စာရင်းအရ ၄၃-ယောက်ရှိ၍ ကျောင်းသားအများဆုံးနှစ်ဟု ဆိုရပေမည်။ များသောအားဖြင့် နွေရာသီသင်တန်းတွင် ဆရာပြုလုပ်နေကြသူများနှင့်၊ အဆင့်မြင့်တန်း ပြီးဆုံးပြီးသော ကျောင်းသားများဖြစ်သည်။ နွေရာသီသင်တန်း မတက်ဖူးသေးသော်လည်း ၁၅-နှစ်မှအထက် စိတ်ပါဝင်စားသော လူငယ်များကိုလည်း လက်ခံပေး၏။ တစ်ယောက်တစ်လေမှလွဲ၍ ကျန်ကျောင်းသားအားလုံးသည် နွေရာသီ ဗုဒ္ဓဘာသာသင်တန်းမှ ဆက်တက်ကြသော ကျောင်းသားဟောင်းများသာ ဖြစ်၏။ ထို့ကြောင့် တစ်ယောက်နှင့်တစ်ယောက် ရင်းရင်းနှီးနှီး သိရှိကြပြီးသား ဖြစ်၏။

ခြောက်နှစ်လောက် အတူတကွ နွေရာသီသင်တန်း တက်လာကြပြီးသောအခါ သူတို့ချင်းလဲ အတော့်ကို ခင်မင်ရင်းနှီးသွားကြသည်ကို တွေ့ရ၏။ တစ်ယောက်နှင့်တစ်ယောက် ဓမ္မသင်တန်းကို အကြောင်းပြု၍ ချစ်ခင်ရင်းနှီးမှု သံယောဇဉ်လေးများ ရှိလာကြ၏။ ထို့ကြောင့် သူတို့ချင်းလဲ ပြန်တွေ့နိုင်အောင်၊ တရားသင်တန်းလဲ တက်ပြီးသားဖြစ်အောင် ဒီဆောင်းရာသီ တရားသင်တန်းတက်ဖို့ သူတို့ချင်း သတင်းပို့ကာ တစ်ယောက်နှင့်တစ်ယောက် ဆွဲဆောင်ခေါ် လာကြသည်ကိုလဲ တွေ့ရ၏။

၂၀၀၆-ခုနှစ်လောက်ကစ၍ နွေရာသီသင်တန်းတက်ခဲ့ကြသော ကျောင်းသားများသည် ယခုအခါ တက္ကသိုလ်၊ ကောလိပ်များသို့ ရောက်နေကြ၏။ တချို့ဆိုလျှင် ဘွဲ့တောင် ရကုန်ပြီဖြစ်၏။ သို့သော် သူတို့ ခုထိ ပြန်လာကြသေး၏။ တစ်ယောက်ဆိုလျှင် ဒီဇင်ဘာ ၂၀-ရက်၊ စနေနေ့ ဘွဲ့ယူစရာရှိ၍ ညနေပိုင်း မဝင်နိုင်လိုက်သော်လည်း ၂၁-ရက်၊ တနင်္ဂနွေ မနက်အစောကြီး ရောက်လာ၏။ ကာလီဖိုးနီးယားတောင်ပိုင်း တက္ကသိုလ်များသို့ သွားရောက်တက်နေကြသော ကျောင်းသားများလည်း အမှီပြန်လာကြ၏။ ဗေးဧရိယာ အနီးတစ်ဝိုက်တက္ကသိုလ်များ၌ တက်နေကြသော ကျောင်းသား များလည်း ပြန်ရောက်လာကြ၏။ တစ်ချို့ ဟိုက်စကူးအတွက် ပြင်ဆင်ရန် သင်တန်းတက်စရာရှိသော ကျောင်းသားများ သည်ပင် သင်တန်းမတက်ဘဲ ဒီတရားစခန်းဘက်ကို ရောက်လာကြ၏။ ဤသည်များကို တွေ့ရသောအခါ သူတို့၏ စေတနာ,သဒ္ဓါ တရားများကို စာရေးသူ မချီးမွမ်းဘဲ မနေနိုင်ပါ။

တရားစခန်း နောက်ဆုံးအချိန်တွင် ဒီသင်တန်းနှင့်ပတ်သက်၍ သူတို့တွေ့ရှိချက်နှင့် အကြံဉာဏ်များကို မေးမြန်း သောအခါ ကောလိပ် ကျောင်းသား အများစုက ဝိပဿနာအကြောင်းကို ကောင်းကောင်းနားလည်သွားသဖြင့် အကျိုးရှိ ကြောင်း၊ ယခင် လေ့လာခဲ့သည့် အရာများလည်း ပို၍ လေးလေးနက်နက် သဘောပေါက်သွားကြောင်း လျှောက်ထားကြ ၏။ နောက်ပြီး ကျောင်းသားသုံးယောက်လောက်က တရားအားထုတ်လို့ အရှိန်လေးရလာခိုက် ရပ်လိုက်ရသဖြင့် နောက် နှစ်များတွင် တစ်ရက်လောက် တိုးပေးရန်ပင် တောင်းပန်လျှောက် ထားကြ၏။ ဤသည်ကို ကြည့်လိုက်သောအားဖြင့် ဒီကျောင်းသားလေးများသည် ဓမ္မရသကို တွေ့ထိမိလိုက်ပြီဟု ယုံကြည်မိပါသည်။

တရားစခန်း နောက်ဆုံးညတွင် စာရေးသူ တရားဟော၏။ ည ၇-နာရီမှ ၁၀-နာရီအထိ ကြာသွား၏။ တရားဟောချိန် ၁-နာရီခွဲ၊ အမေးအဖြေချိန် ၁-နာရီခွဲ၊ ပေါင်း ၃-နာရီကြာသွား၏။ ကြားမှာ ဘရိတ် ၁၅-မိနစ်သာ ပေး၏။ ဤမျှပင် ကြာသော်လည်း သူတို့သိချင်သော အကြောင်းအရာများဖြစ်နေ၍ တစ်ယောက်မျှ ငိုက်နေသူ မရှိ။ အားလုံး တက်ကြွနေ ၏။ မေးခွန်းများ တစ်ခုပြီးတစ်ခု တက်လာကြ၏။ အရွယ်ရောက်သူများဖြစ်၍ သူတို့မေးခွန်းများမှာလည်း လေးနက်၏။ သူတို့ တရားနှင့်ပတ်သက်၍ ဤကဲ့သို့ လေးလေးနက်နက် မေးခွန်းများ မေးလာတတ်သည်ကိုပင် မိမိမှာ ဖြေရင်း ကျေနပ် နေမိ၏။ “ငါ့ကျောင်းသားတွေ ဘာသာရေးအတွေးအခေါ် မြင့်လာပြီ”ဟူ၍ စိတ်ထဲမှာလည်း သဘောကျနေမိ၏။ “ဒါကြောင့် သူတို့ ဓမ္မအပေါ်မှာ သံယောဇဉ်တွယ်တာပြီး ရောက်လာကြတာကိုး”ဟူ၍လည်း သဘောပေါက်လာမိ၏။
သံယောဇဉ်ဟူသည် အာရုံတစ်ခုကို စွဲစွဲလမ်းလမ်းဖြစ်ပြီး အာရုံ၏ လွှမ်းမိုးခြင်းကို ခံနေရခြင်းပင် ဖြစ်၏။ ထို့ကြောင့် အများအားဖြင့် အနှုတ်လက္ခဏာဆောင်သည့် နေရာများ၌သာ ပြောဆိုသုံးစွဲကြ၏။ သို့သော် စာရေးသူအမြင်တွင် ကုသိုလ်ရေးလုပ်ငန်းများ၌ သံယောဇဉ် ရှိနေခြင်းကိုတော့ အပေါင်းလက္ခဏာဆောင်သည်ဟုပင် ဆိုချင်ပါသည်။ ကုသိုလ်ရေး လုပ်ငန်းများ၌ သံယောဇဉ်လဲ ထားသင့်၏။ အာရုံငါး ပါးနှင့် စပ်သည့် အရာများကို သံယောဇဉ်ထားသည်နဲ့ စာလျှင် များစွာ ကောင်းပေသည်။ ဓမ္မသင်တန်းသားခြင်း ခင်မင်ရင်းနှီးမှု သံယောဇဉ်၊ နောက်နောက် လာရောက်သင်ယူကြ မည့် ကျောင်းသားသစ်လေးများအပေါ် သံယောဇဉ်၊ ကျောင်းတော်ကို ပြန်လည်ကျေးဇူးဆပ်လိုသော သံယောဇဉ်၊ ထိုမှ တစ်ဆင့်တက်၍ ဖြူစင်သော သံယောဇဉ်၊ ဤသံယောဇဉ်များသည် ထိုသူများအတွက် ပစ္စုပ္ပန်,သံသရာ၊ အတ္တ,ပရ နှစ်ဖြာ ကောင်းကျိုးများကိုသာ ဖြစ်ထွန်းနိုင်သဖြင့် ကောင်းသော သံယောဇဉ်များပင် ဖြစ်သည်။ ထိုမှတဆင့် ရင့်ကျက်လာသော အခါ အနှောင်အဖွဲ့မှလွတ်သော ဝိမုတ္တိရသဆီကို ဓမ္မသံယောဇဉ်ကပင် သူ့လမ်းသူခင်းကာ ပို့ဆောင်ပေးသွားပေ လိမ့်မည်။

ထို့ကြောင့် ကောင်းမြတ်သောအလုပ်မှန်သမျှ၌ အာရုံထဲ စွဲစွဲမြဲမြဲ ဖြစ်နိုင်လောက်သည်အထိ ဓမ္မသံယောဇဉ်လေးများ ထားနိုင်ကြပါစေ ကြောင်း ပတ္ထနာလောင်းအပ်ပါ၏။

၂၀၁၄-ခုနှစ်၊ ဒီဇင်ဘာလ ၂၅-ရက်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts