ရသဆောင်းပါးစုံ

မောင်မောင်လတ် (ရွှေအင်းလေးစာပေ) – သေလျှင် မြေကြီး … ရှင်လျှင် ရွှေထီး

မောင်မောင်လတ် (ရွှေအင်းလေးစာပေ) – သေလျှင် မြေကြီး … ရှင်လျှင် ရွှေထီး
(မိုးမခ) ဒီဇင်ဘာ ၂၆၊ ၂၀၁၄

ဘယ်နေရာ၊ ဘယ်ကဏ္ဍ၊ ဘယ်အကြောင်းအရာတွေကို နှိုင်းယှဉ် ဥပမာပြု လေ့လာသုံးသပ်နေမှာလဲ ..? အသွင်ပြောင်း အယောင်ဆောင် စစ်အာဏာရှင်အစုအဖွဲ့ရဲ့ အတွင်းသရုပ် … ပုံမှားရိုက် လိမ်လည်  လှည့်ဖျားနေတာတွေ .. သိုလှောင်ခိုးဝှက်ထားတဲ့ ငွေကြေးဓနပစ္စည်း အစုစုတွေကို ဘက်ပေါင်းစုံကာကွယ်နေတာတွေ .. စဉ်ဆက်မပြတ် သားစဉ်မြေးဆက်ကောင်းစားရေးကို ရှေ့တန်းတင် ဦးစားပေးလုပ် နေတာတွေ ၄ နှစ်လောက် နဖူးတွေ့ ဒူးတွေ့ ပြတ်ပြတ်သားသား ရှင်းရှင်းလင်းလင်း တွေ့ကြုံပြီးမှတော့ ပိုးလည်းကုန် အချိန်လည်းကုန်လာခဲ့ ပြီးမှတော့ …. ပြည်သူအများ စောင်းတီးတတ်ရောပေါ့။

အလာကောင်းပေမဲ့ အခါနှောင်းခဲ့ရသလို သာယာအေးငြိမ်တဲ့ ဆောင်းတေးသံဟာ ပူလောင်သောက ပင်လယ်ဝေနေတဲ့ပြည်သူတွေအ တွက် သမုဒ္ဒရာဝမ်းတထွာအတွက် ခက်ခက်ခဲခဲ ပင်ပင်ပမ်းပမ်းရှာဖွေရုန်းကန်နေတဲ့ တောင်သူဦးကြီးတွေအတွက်၊ မသေရုံတမယ် မဝရေ စာ မစို့မပို့လုပ်ခတွေနဲ့ ခေါင်းပဖြတ်ခံနေရတဲ့ အခြေခံအလုပ်သမားတွေအတွက်၊ မစဲနိုင်သေးတဲ့ သေနတ်သံတွေကြား ပြေးလွှားပုန်းခို ကြောက် လန့်နေတဲ့  တိုင်းရင်းသားတွေအတွက်၊ အနိုင်နိုင် အရပ်ရပ်ရောက်  ကျွန်သဘောက်ဘဝနဲ့ အနှိမ်ခံ အဖိနှိပ်ခံနေရတဲ့  ရွှေနိုင်ငံ သား အယောက်ပေါင်း ၄ သန်းကျော်အတွက် ….. အတွက်တော့ … နားဝင်မချိုနိုင်တော့။ ခံစားမကြည်နူးနိုင်တော့။ အေးချမ်းမှုကို မပေး နိုင်တော့…၊၊

ဒီနေ့ပြီးရင် နောက်တနေ့အတွက် …… ဒီခေတ်စနစ်ဆိုးပြီးရင်  အားလုံးတန်းတူညီမျှတဲ့ ခေတ်စနစ်အတွက် ဒီမျိုးဆက်ပြီးရင်  နောင်လာမယ့် မျိုးဆက်အတွက် သာယာငြိမ့်ညောင်းတဲ့ တေးသွား သံစဉ်တွေနဲ့ မဖြစ်တော့ပါ။ ကောင်းရာနိုးနိုး ဆေးမြီးတိုနဲ့လည်း အလုပ်မဖြစ်တော့        ထင်ရာမြင်ရာ ကောင်းမယ်ထင်တဲ့ဆေးတွေနဲ့ကုဖို့ အချိန်မပေးနိုင်တော့။ ခပ်ပြင်းပြင်း ခပ်မြန်မြန် တပွဲထိုးဆေးကြမ်းကြမ်းနဲ့မှသာ ဖြစ်ပါ တော့မယ်ဆိုတာ အချိန်အခါမလင်ခင် အမြန်ဆုံး ဆုံးဖြတ်ရတော့မှာပါ။

ရောဂါလည်းကျွမ်း လူနာလည်းပမ်း အချိန်ကလည်း မရှိတော့။ တိုင်းပြည်လည်း အဖတ်ဆယ်မရ ပြည်သူတွေလည်း ဖွတ်ဖွတ်ကြေ..အ တွင်းကြေ၊ တွင်းထွက်သယံဇာတတွေလည်းကုန်၊ မစဲနိုင်တဲ့ ပြည်တွင်းစစ်နဲ့ နှစ်ဖက်စလုံး သေကြ ကြေကြ ပြေးကြ။ ပတ်ဝန်းကျင်မှာလည်း အောက်ကျနောက်ကျ။ ဒါတွေ ဒါတွေရဲ့ အဓိကလက်သည် မြစ်ဖျားခံရာ ရောဂါလက္ခဏာဖြစ်တဲ့   စစ်အာဏာရှင်စံနစ်ဆိုးကြီးကို  အမြစ်ဖျက် ချေမှုန်းဖျက်စီးဖို့ ခပ်ပြင်းပြင်း ဆေးကြမ်းတခွက်တိုက်ဖို့ အချိန်အခါ သင့်နေပါပြီ။

အချိန်အခါအတွက်တော့ ၂၀၁၅ ခုနှစ် တနှစ်ထဲသာ ကျန်ပါတော့တယ်။ မထူနိုင် မထနိုင် အာဏာရှင်စနစ်ဆိုးကြီးကို နှစ်ပေါင်း ၅၀ ကျော် တမြေ့မြေ့ခံစားခဲ့ရတဲ့ ဒီနေ့မြန်မာနိုင်ငံအဖို့ ရောဂါဝေဒနာ အရှင်းပျောက်ဖို့ နောက်ဆုံးဆေးကြမ်းကတော့ သေလျှင်မြေကြီး ရှင်လျှင် ရွှေ ထီးဆိုတဲ့  ဆေးကြမ်းခါးခါးတခွက်ပါဘဲ။ ဟုတ်ပါတယ်။ ရောဂါကျွမ်းလုလု အားပြတ်မဲ့ဆဲဆဲလူနာရှင် မြန်မာနိုင်ငံအတွက် နောက်ဆုံး ဆေးကြမ်းခါးခါးတခွက် တိုက်ပေးရမှာကလွဲပြီး အခြားအားကိုးစရာမရှိ။ ယုံစားမျှော်လင့်ဖို့လည်းမဖြစ်နိုင်။ ယတြာကိုလည် မျှော်ကိုးမရနိုင် တော့။

ပညာရေး၊ ကျန်းမာရေး၊ စီပွားရေး၊ အလုပ်သမားရေး၊ တောင်သူလယ်သမားရေး၊ ငြိမ်းချမ်းရေး၊ နိုင်ငံရေးဆွေးနွေးပွဲစကားဝိုင်း အစစ ရှိတဲ့ နယ်ပယ်အသီးသီးက အယောင်ပြ ထင်ယောင်ထင်မှား လှည့်စားနေတာတွေ ၂၀၁၄ ခုနှစ်မှာ ထားရစ်ခဲ့ပြီးတဲ့နောက် အဆုံးအဖြတ် အလှည့် အပြောင်းဖြစ်မယ့် ၂၀၁၅ ခုနှစ်အတွက် တတိုင်းပြည်လုံးရှိ ပြည်သူတရပ်လုံး သေလျှင် မြေကြီး ရှင်လျှင် ရွှေထီး ထုံးနမူနာနဲ့ အထွေထွေ သပိတ်တိုက်ပွဲဝင်ဖို့ကလွဲပြီး အခြားဘာမှမရှိတော့။

တိုင်းပြည်ရဲ့ အနာဂတ်အတွက် နောင်မျိုးဆက်တွေအတွက် အများသဘောမတူ ခေတ်စံနစ်နဲ့ အံဝင်ခွင်ကျမဖြစ်တဲ့ အမျိုးသားပညာရေး ဥပဒေကြမ်းကို ကန့်ကွက်ဆန္ဒပြရင်း  ရက် ၆၀ ရာဇသံပေး စောင့်ဆိုင်းမယ့်အစား ၂၀၁၅ ခု အထွေထွေသပိတ်တိုက်ပွဲကြီးအတွက်  အားလုံး နဲ့အတူ တပါတည်း တစုတပေါင်းတည်း ပါဝင်အားဖြည့်ဖို့ အသင့်အနေအထားနဲ့ သွေးပူလက်စ သွေးမအေးစေလို အစုအဖွဲ့ အင်အားမကွဲ စေလို။ ချိတ်လက်စ အချိတ်အဆက်တွေလည်း မလျော့မပြတ်စေလိုချင်တော့ပါ။ အနိုင်အရှုံးပြိုင်ပွဲက လက်တကမ်း ရှေ့တလှမ်းမှာ အသင့် စောင့်ကြိုနေပါပြီ။

တိုင်းပြည်ရဲ့  ၇၀ ရာခိုင်နှုန်းသော အခြေခံ ကျေးလက်တောင်သူတွေအနေနဲ့လည်း  စားဝတ်နေရေးအတွက် အနှစ်နှစ်အလလ အပင်ပန်းခံ ဒုက္ခခါးစည်းခံလာခဲ့ရုံမက လက်ရှိ ထမင်းတလုပ် ဟင်းတဆုပ်အတွက်  မတရားအသိမ်းစည်းခံ လယ်ယာမြေအတွက် ထောင်အကျခံ တရားတဘောင်နဲ့ ရုန်းမထွက်နိုင်တဲ့ နွံကနေ  လာလတ္တံ ၂၀၁၅ ခု တတိုင်းပြည်လုံးရဲ့ အထွေထွေသပိတ်ကြီးကို ခွန်အားသစ်   အားမာန်သစ် တွေနဲ့စုစည်းအသင့်စောင့်နေပါစို့လား…။ ခေတ်အဆက်ဆက်  ဆင်းရဲနွမ်းပါး နိမ့်ကျ  အနှိမ်ခံဘဝဆိုးကနေ ဘဝတခုလုံး ပြောင်းလဲပစ်စေမယ့် ၂၀၁၅ ခု အထွေထွေ သပိတ်ကြီးက မနက်ဖြန်ဆို ရောက်လာပါပြီ။

အခြေခံ လက်လုပ်လက်စား  စက်ရုံလက်ရုံအလုပ်သမားတွေကလည်း တနေ့နေ့ တိုးလာနိုး ပြငှာန်းလာနိုးနဲ့ မျှော်လင့်တကြီး စောင့်ဆိုင်း နေတဲ့  အခြေခံလစာဥပဒေကလည်း ရေပေါ် အရုပ်ဆွဲသလို အရာမထင် ရုပ်လုံးမပေါ် အကြောင်းမထူးခဲ့ရပြီမို့ သူတလူ  ငါတမင်း၊ သူတ နေရာ ငါတနေရာနဲ့ ဆန္ဒတွေထုတ်ဖော်နေမယ့်အစား  သမင်မွေးရင်း ကျားစားရင်းဆိုသလို နိုးကြားတက်ကြွတဲ့ အလုပ်သမားခေါင်းဆောင်တွေ အဖမ်းခံ အလုပ်ထုတ်ခံနေရမယ့်အစား လာမယ့် ၂၀၁၅ ခု အထွေထွေသပိတ်ကြီးအတွက် ကျရာနေရာ ကြုံရာအခန်းကဏ္ဍကနေ တပူး တပေါင်းထည်းပါဝင်ဖို့ အင်အားတွေ စုစည်းသင့်နေပါပြီ။ ကြုံခဲ့သမျှ အတွေ့အကြုံကောင်းတွေ ရင်ဆိုင်ခဲ့သမျှ အခက်အခဲတွေ စုစည်း အခြေခံပြီး လာမယ့်တိုက်ပွဲကြီးအတွက် အဆင်သင့်ပြင်ဆင် စောင့်ဆိုင်းပါစို့လား။

စကားလုံးအဓိပ္ပါယ်ဖွင့်ဆို ငြင်းခုံနေနေကြတဲ့ တာတိုအပြေးပြိုင်ပွဲလို မရပ်မနား တလစပ်ကျင်းပနေတဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲ၊ အပစ် ခတ်ရပ်စဲရေး ဆွေးနွေးပွဲတွေအတွက် မောလှရောပေါ့။ အချိန်တော်တော်ကြာ စကားလုံးအသုံးအနှုန်းအမျိုးမျိုး၊ အဓိပ္ပါယ်မဲ့ မျှော်လင့်ချက် တွေနဲ့ လှည့်စားနေတဲ့အချိန်ဆွဲနေတဲ့ မာရသွန်ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေကို ရပ်တန့်ကျောခိုင်းလိုက်ပါတော့လား။ ငွေကုန် အချိန်ကုန် လူပမ်း ရလဒ်ဗလာနဲ့ သွေးကွဲ အဖွဲ့ကွဲတာပဲ အဖတ်တင်ကျန်ရစ်တာကလွဲပြီး  အကျိုးမရှိတဲ့ ဆွေးနွေးတွေ့ဆုံတာ အဆုံးသပ်ပြီး မြန်မာ့ သမိုင်းမော်ကွန်းသစ်တင်မယ့် အထွေထွေ သပိတ်ကြီးဖက် မျက်နှာမူ ဆုံးဖြတ်ချက်တခု ချလိုက်ပါတော့လား။ နှစ်ပေါင်း ၅၀ ကျော် လက် နက်ကိုင် တော်လှန်ခဲ့တဲ့တိုင်းရင်းသားအဖွဲ့အစုတွေ အရေးကြီးဆုံးချမှတ် ဆုံးဖြတ်ရမဲ့အချက်က တခုတည်း တခုတည်းပါပဲ။

လာမဲ့ ၂၀၁၅ ခု အာဏာရှင်စံနစ်ဆိုးကြီးကို အပြီးတိုင်ချေမှုန်းမြေမြှုပ်မယ့် ပြည်သူတရပ်လုံး တစုတစည်းထဲ သေလျှင် မြေကြီး  ရှင်လျှင် ရွှေထီး စိတ် ဓါတ်နဲ့ တွန်းလှန်မယ့် အထွေထွေသပိတ်ကြီးကို အနောက်ကနေ  မားမားမတ်မတ်ရပ်တည် တွန်းအားပေးမှာလား …?

နံဘေးကနေ အတူလက် ချင်းချိတ် ရင်ဘောင်တန်း ရင်ဆိုင်တွန်းလှန်မှာလား …?

ရှေ့ ကနေ ပြတ်ပြတ်သားသား ဦးဆောင်ချီတက်မှာလား …?

နှစ်ပေါင်း ၅၀ ကျော် လက်နက်ကိုင်တော်လှန်ရေးအတွက် နောက်ဆုံးမေးခွန်းတခုပါ။ ဒီမေးခွန်းရဲ့ အဖြေရလဒ် ပေါ်ထွက်လာတဲ့ တနေ့နေ့မှာ တော့ ..   တိုင်းရင်းသားစည်းလုံးညီညွှတ်ရေး၊ တန်းတူညီမျှရေးနဲ့ ကိုယ်ပိုင်ပြဌာန်းနိုင်ခွင့် အစစရှိတာတွေကို   ကြယ်ငါးပွင့်ဟော်တယ်ခန်းမ ကြီးမှာတောင် မဆွေးနွေးဘဲ လယ်ကွင်းပြင်ထဲက  သစ်တပင် ဝါးတပင်အောက်မှာ  ပျော်ပျော်ပါးပါး စုဝေးဆုံးဖြတ်နိုင်ပါတယ်။ တိုင်းရင်းသား အားလုံး ပြည်သူတွေအားလုံး တရင်းတနှီး တပျော်တပါး မြေကြီးပေါ်ဝိုင်းထိုင် ဆွေးနွေးလို့ရတဲ့ သာမန်အကြောင်းအရာတခုပါ။

တူတာတွေ မတူညီတာတွေ  အတင်းကာရောစုစည်း ဆွေးနွေး ညီလာခံလုပ် သတင်းစာရှင်းလင်းပွဲတွေနဲ့ ရွှေးကောက်ပွဲတွေနဲ့ အလုပ်များ နေတဲ့  အခြေခံပြည်သူတွေအပေါ် လှည့်မကြည့်အားနိုင်သေးတဲ့ နိုင်ငံရေးပါတီ အစုအဖွဲ့အသီးသီးအဖို့လည်း အဖြူအမဲ အရှုံးအနိုင် သဲသဲ ကွဲကွဲဖြစ်မယ့် မြန်မာ့နိုင်ငံရေးသမိုင်းရဲ့ နောက်ဆုံးဗိုလ်လုပွဲကို နောက်တနေ့မိုးအလင်းမှာ နဖူးတွေ့ ဒူးတွေ့ တွေ့ရတော့မှာ မလွဲဧကန် မုချ။ မတူတာခွဲလုပ် တူတာတွေပေါင်းလုပ်မယ်ဆိုတဲ့ မူကတော့ အလျှော့ပေး အကြိုက်လိုက်လျှောခဲ့လို့ အလုပ်မဖြစ်။      တိုင်းရင်းသားစည်းလုံး ညီညွှတ်ရေးအတွက်  ယုံကြည်မှုတည်ဆောက်ကြမယ်ဆိုတဲ့ ကြွေးကြော်သံ  ခံယူချက်လည်း မအောင်မြင်။ လွှတ်တော် တွင်းပြင် ဟန်ချက် ညီညီနဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေးကလည်း အရာမထင်။ တွေ့ဆုံဆွေးနွေးဖို့တောင်းဆိုနေတာကိုလည်း အကြောင်းမပြန်။ ရှေ့တိုးမရ။ နောက် ဆုတ်လို့လည်း မဟုတ်။ မုန့်လုံးစက္ကူကပ် အဖြေရှာမရတဲ့အဆုံး အနာဂတ် ဖယ်ဒရယ်ဒီမိုကရက်တစ် မြန်မာနိုင်ငံတော်သစ်ကြီးအတွက်       အနှစ်နှစ်အလလ ဒုက္ခပေါင်းစုံ ခါးစည်းခံ လူလုံးမလှ  အပူမီးတောက်နေတဲ့ သန်း ၅၀ ကျော်သော ပြည်သူအားလုံးအတွက် လာမယ့် ဆွေ စဉ်မျိုးဆက် အစဉ်အဆက်တွေအတွက် အကြမ်းမဖက် ငြိမ်းချမ်းတဲ့အထွေထွေသပိတ် တိုက်ပွဲစပါတော့ရယ်လို့  ဖွင့်ဟတိုက်တွန်းလိုက်ပါ တော့လား။

မတရားတာကို မတရားတာမှန်းသိ ခေါင်းငုံမခံတော့တဲ့ ဒီနေ့အလုပ်သမားအင်အားစုတွေက တက်တကကြွကြွ။ မသိနားမလည်တာကို အခွင့်ကောင်းယူ အာဏာနဲ့ခြိမ်းခြောက်ခဲ့တာကို ရင်ဆိုင်အံတုနေရတဲ့ တောင်သူဦးကြီးတွေကလည်း နိုးနိုးကြားကြား။ အစဉ်အဆက် သမိုင်းဂုဏ်ရည် ပြောင်မြောက်ခဲ့တဲ့ နိုးကြားတက်ကြွတဲ့ ကျောင်းသူ ကျောင်းသားတွေကလည်း လာမယ့်ဘေးအတွက် ရဲရဲဝံ့ဝံ့။ အစဉ်အ ဆက် အေးအတူပူအမျှ အတူတူနေလာခဲ့တဲ့တိုင်းရင်းသားတွေထဲက ပအိုဝ့်အမျိုးသားများ တစုတဝေးထဲ ပထမဦးဆုံး ဆန္ဒထုတ်ဖော် အင် အားပြခဲ့တာလည်း ညီညီညာညာ။ ၂၀၁၅ ခု အထွေထွေသပိတ်တိုက်ပွဲအတွက် အစပထမအကြိုအဖြစ် တလမ်းလုံးပြည် မန္တလေး ကျောက်ဝိုင်းမိသားစုဆန္ဒဖေါ်ထုတ်ပွဲက လှလှပပ။

ဆိုတော့ ပြည်သူတွေက အဆင်သင့် ……
တိုင်းရင်းသားတွေလည်း အဆင်သင့် …..
အလုံးစုံချုပ်ငြိမ်းအေးချမ်းဖို့အတွက်  အဆင်သင့် …
သေလျှင် မြေကြီး  ရှင်လျှင် ရွှေထီးအတွက်လည်း အဆင်သင့် ….

မဟာအောက်တိုဘာတော်လှန်ရေးအတွက် ပထမဦးဆုံးအချက်ပြသင်္ကေတ၊ အမြှောက်သံတချက် လိုအပ်သလို … အာဏာရှင်စနစ်ဆိုး အောက် လွတ်မြောက်ဖို့ ၂၀၁၅ ခု အကြမ်းမဖက် ငြိမ်းချမ်းတဲ့ အထွေထွေသပိတ်တိုက်ပွဲအတွက် တိုင်းရင်းသားလက်နက်ကိုင် အစုအဖွဲ့ နဲ့ ပါတီနိုင်ငံရေးအစုအဖွဲ့ တို့ရဲ့  ရဲဝံ့ပြတ်သားတဲ့ ဆုံးဖြတ် တောင်းဆိုသံအချက်တခုကလွဲပြီး ကျန်တာတွေအားလုံး အဆင်သင့်၊၊


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Advertise on MoeMaKa

Similar Posts