Law Eh Soe စာစုတို

လောအယ်စိုး – ခရစ်စမတ် ၀တ်ပြုခေါ် ခေါင်းလောင်းကို ထိုးခွင့်ပေးပါ

 
လောအယ်စိုး – ခရစ်စမတ် ၀တ်ပြုခေါ် ခေါင်းလောင်းကို ထိုးခွင့်ပေးပါ
(မိုးမခ) ဒီဇင်ဘာ ၂၅၊ ၂၀၁၄
ခရစ်စမတ် သီချင်းသံများ ကြားနေရပေပြီ အလုပ်ကျောင်း ရုံးများ ပိတ်မည့် ရက်ကိုလည်းမျှော်၍ ပျော်သော သူတို့ ပျော်ရွှင်ကြ သည်။ ကာလအတန်ကြာ မိသားစု ရင်းနှီးသော မိတ်ဆွေများတို့ နှင့် ဝေးကွာနေသော သူတွေ ဝေးကွာနေဆဲသော သူများ ခရစ်စမတ်အချိန်ဆိုလျှင် အမညဖေါ်၍မရနိုင်သော ဝေဒနာတမျိုးကို ခံစားရသည်။
         မိသားစုများ.ဆုံစည်းရန်အတွက် အိမ်မပြန်နိုင်သော အိမ်ပြန်၍ မသင့်သေးသော အချိန်ကာလ တစ်စုံ တခုတို့ ကြောင့် ကွဲကွာနေရဆဲသူတွေ အများကြီးရှိသည်။ ကျနော်နေထိုင်သော ဒေသတွင် လွန်ခဲ့သော တလကျော်ကျော်ခန့်က နှင်းမုန်တိုင်းကြီး ကျရောက်၍ ဒေသခံများ ဒုက္ခရောက်ခဲ့ကြသည်။
          သွားလာရေး ခက်ခဲ့မှု့ အပြင် အခြားဒုက္ခအခက်အခဲများကို ရင်ဆိုင်ကြရသည်။ တိုးတက်ပါသည်ဆိုသော ကမ္ဘာအင်အားကြီး နိုင်ငံများတွင် အပါအ၀င်ဖြစ်သည့် အမေရိကန်နိုင်ငံမျိုးတွင်ပင် လူ(၁၃)ဦးတို့ ၏ အသက်များ ဤဒေသ အနီးတ၀ိုက်တွင် ဖိတ်စင်ခဲ့သည်။ အစိုးရမှလည်း ကြိုးစား၍ အစွမ်းရှိသလောက် ကယ်ဆယ်ရေးလုပ်ငန်းများကို လုပ်ဆောင်ခဲ့ပါသည်။ သို့သော် သဘာဝ ဘေးဒုက္ခဆိုးတို့ကို အသိဥာဏ်အရာတွင် မြင့်မားပါသည်ဆိုသော လူသားတို့ လက်မှိုင်ချ၍ အရှုံးပေးခဲ့ရသည့် အကြိမ်တွေကလည်း ကမ္ဘာသမိုင်းတွင် မရေမတွက်နိုင်အောင် ဖြစ်ခဲ့သည် မဟုတ်ပါလား။
           လွန်ခဲ့သော နှစ်ပေါင်း နှစ်ထောင်ကျော်ကလက ခရစ်တော်မွေးဖွားခဲ့ပါသည် ခရစ်ယာန်  ဘာသာဝင်တို့ကား ခရစ်တော်အား ထာဝရ ဘုရား၏ သားတော် ငြိမ်းချမ်းရေး၏ အရှင်ဟု ယုံကြည်ကြသည်။ လူသားတို့၏ လူမျိုးရေးအစွဲ အာဃာတအမုန်းတံတိုင်းကြီးများကို ခရစ်တော်၏ တရားတော်သည် ဖြိုခွဲခဲ့သည် ချစ်ခြင်းမေတ္တာသည် သူပင်ဖြစ်ကြောင်း အလင်းတရား တရားမျှတခြင်း ငြိမ်းချမ်းရေးတ၇ားတော်တို့ကို ခရစ်တော်သည် လောကအတွင်း အသက်ရှင်နေစဉ် ကာလအတွင်း ဟောကြားခဲ့သည် သူ၏ ရှင်သန်နေထိုင်ခြင်းဖြင့် ဥပမာပြခဲ့သည်။
          ဒီဇင်ဘာ လဦးပိုင်းသို့ ချည်းနင်းဝင်ရောက်လာကတည်းက ခရစ်စမတ်သီချင်းသံများကို ကြားရသည်။ လူသုံးကုန်ပစ္စည်း အမျိုးမျိုးတို့ကိုလည်း ခရစ်စမတ်ပွဲတော်အတွင်း ရောင်းချနိုင်ဖို့အတွက် ကုမ္ပဏီကြီးများက တနှစ်နှင့် တနှစ်မတူ တမူထူးခြားအောင်လုပ်ဆောင်ကြသည်။လက်ဆောင်အပြန်အလှန် လှဲလှယ်မှု့ အစီအစဉ်တွေ အတွက် ကြိုတင်၍ ရင်ခုန်သူတို့ကလည်း ရင်ခုန်ကြပေလိမ့်မည်။
         တိုးတက်မှု့ နှောင့်နှေးသည်ဟု သတ်မှတ်ထားသော တောင်တန်းဒေသများမှ ခရစ်စမတ် အကြိုနေ့ရက် ကာလများကို အဝေးေ၇ာက်နေသည့် သူတွေက တမ်းတကြသည်။ ရုပ်ဝထ္ထုပစ္စည်းများ ချို့တဲ့ နုံချာသော်လည်း မေတ္တာတ၇ားကြီးမားပြီး စေတနာသဒ္ဒါတ၇ား ချမ်းသာကြွယ်ဝလှသော တောင်တန်းဒေသများနှင့် ကျေးလက်တို့၏ နှလုံးသားတန်ဘိုးကို ထိတွေ့ မိခဲ့ သူတိုင်းဘယ်တော့မျှ မေ့နိုင်မည် မဟုတ်ပေ။
           “နှစ်တွေသာ တနှစ်ပြီး တနှစ်ပြောင်းသွားခဲ့ပေမဲ့ ငါ့ရဲ့ ဘ၀ဟောင်းက ဘာမှ လန်းဆန်းပြီး မပြောင်းလဲပါဘူးကွာ” ဆိုပြီး လောကဇတ်ခုံ ထောင့်တနေရာမှ အကျဉ်ခံလူသားတို့တွေလဲ မိမိတို့ဘ၀ကို ပို၍ ပြင်းလှသည့် ယမကာများနှင့်ရောကာ တခွက်ပြီး တခွက်မျှောချ ကြပေလိမ့်မည်။ အထီးကျန်များကို ဒီကာလအတွင်း သတိတရနိုင်ကြပါစေ။
         ကမ္ဘာ့သတင်းများထဲတွင် ပူပူနွေးနွေး အကြမ်းဖက်မှု့တွေ အပြစ်မဲ့ ကလေးသူငယ်များကို မည်ကဲ့သို့သော နှလုံးသားမျိုးဖြင့် ရက်ရက်စက်စက် သတ်ဖြတ်ခြင်း ပြုကြသနည်း ဆိုသောမေးခွန်းတွေကို သွေးအေးပြီး နှလုံးသားအေးစက်နေသည့် ကာယကံရှင် ကျူးလွန်သူတို့ ကသာ ဖြေဆိုနိုင်ကြပေမည်။
        ငြိမ်းချမ်းေ၇းချိုးငှက်ဟာ စစ်မီးလျှံများထဲတွင် ဒါဏ်ရာများနှင့် ကြိုးစား၍ ပျံသန်းနေဆဲ မြန်မာနိုင်ငံတွင် ရာစုနှစ် တ၀က်ကျော် လက်နက်ကိုင် ပဋိပက္ခများဖြစ်ခဲ့ပြီး မကြာမီ ကာလအတွင်း ချစ်ကြည်ငြိမ်းချမ်းမှု့ သဘောဆောင်သည့် ဘောလုံးပွဲကို ကျင်းပရန် အတွက် ပြင်ဆင်နေကြသည့် သတင်းကို ဖတ်လိုက်ရသသည် စစ်မှန်သည့် ငြိမ်းချမ်းရေးကို ဦးတည်ဖို့သာ အရေးကြီးသည်။
           သတင်းတွေနှင့် အခြေအနေ အမျိုးမျိုးကြောင့် ပြည်သူလူထုကြီးကလည်း ငြိမ်းချမ်းရေး ဆိုသည်များကို သံသယ ရှိနေကြဆဲ အားလုံးက ပြည်သူလူထုကြီးအတွက် ကြွေးကြော်နေပေမဲ့ မြန်မာနိုင်ငံမှ အခြေခံ လူထုကြီး၏ ဘ၀များတို့သည် ကြီးမားသော ပြောင်းလဲမှု့ ကြီးကို မျှော်လင့်တောင်းတနေကြခဲ့ တောင်းဆိုမှု့ အသံများ တိုက်ပွဲဝင်မှု့များကလည်း အဟုန်ပြင်းထန်နေဆဲ။
           တက္ကသိုလ်ကျောင်းသူ ကျောင်းသားများ ပညာရေး လွတ်လပ်မှု့ သပိတ်တိုက်ပွဲ တို့က မြန်မာနိုင်ငံငြိမ်းချမ်းရေးနှင့် တည်ငြိမ်မှု့တို့၏ သွေးခုန်နုန်းဖြစ်သည်။ လက်ပံတောင်းတောင် အရေးသည်လည်း တငွေ့ငွေ့ နှင့် လောင်ကျွမ်းနေဆဲ ကချင်ပြည်နယ်  ရှမ်းပြည်မြောက်ပိုင်းတို့တွင် တိုက်ပွဲများပြန်၍ ပြင်းထန်လာသည်။ အအေးဓါတ်ကြီးမားသော  ထိုဒေသတွင် မိမိတို့၏ နေရပ်များကိုစွန့်ပြီး အသက်ဘေးရန်စွယ်ကင်းသည့် နေရာများသို့  ရှောင်ပုန်း၇သူတို့၏ ဘ၀များကို ကျနော် လူသားအခြင်းခြင်း စာနာ ထောက်ထားပြီး ကရုဏာ ပွားကြဖို့ မေတ္တာရပ်ခံပါသည်။
            ဆန့်ကျင်ဘက် လက်နက်ကိုင်အဖွဲ့ အစည်းတို့တွင် အမှန်တရားကိုယ်စီ ရှိကြပေလိမ့်မည် သိုရာတွင် မည်သူ တဦးယောက်မျှ ငြိမ်းချမ်းစွာဖြင့် ရှင်သန်နေထိုင်ခြင်းဆိုသော အခွင့်အရေးကို လက်လွှတ်ဆုံးရှုံး မခံလိုကြပါ။
               ခရစ်ယာန်ဘာသာဝင်တို့ကလည်း ခရစ်စမတ်လို အခါသမယတွင် ငြိမ်းချမ်းစွာဖြင့်  ဘုရားကျောင်းများ နေအိမ်များတို့တွင် ၀တ်ပြု ကိုးကွယ်မှု့ ကို ပြုလုပ်လိုကြပေသည်။ အမိမြန်မာပြည်ကြီး၏ တစိတ်တဒေသ ဖြစ်သော မိမိတို့၏ အရပ်ဒေသကို စစ်မက်ငြိမ်းအေးသော နေရာအရပ် ဖြစ်စေလိုကြောင်း ဆုမွန်ကောင်း တောင်းကြပေလိမ့်မည်။ မကြာမီ ရောက်ရှိလာတော့မည့် နှစ်ဦးကာလကို အမုန်း သံသယ နာကျည်း ကြေကွဲမှု့ ခံစားမှု့ တို့ ဖြင့် မကြိုလိုကြ။
               ခ၇စ်စမတ်တေးသီချင်းတို့၏ သံစဉ်များ ခ၇စ်ယာန် ဘုရားကျောင်းများတို့မှ ပျံ့လွင့်လာသော ခေါင်းလောင်းသံစဉ်များတို့ကို  ဗုဒ္ဓဘာသာဝင် ညီအကိုမောင်နှမများနှင့် ခရစ်ယာန်မဟုတ်သော မြန်မာပြည်ဖွား ပြည်သူပြည်သားတို့က ကြည်နူးမုဒိတာ ဖြစ်သော စိတ်မနောများဖြင့် ဝေမျှ ခံစားလိုကြပေမည်။
                   ကျနော်တို့ ချစ်သော အမိမြန်မာပြည်ကြီး ရာစုနှစ် တ၀က်ကျော်ကျော် အနိဌာရုံများနှင့် ကြုံတွေ့ နေရဆဲ ဖြစ်သောကြောင့် ကလေးငယ်များ အာဃာတအမုန်းနှင့် အကြောက်တရားများ ကင်းစင်ပြီး လွတ်လပ်ပျော်ရွှင် ငြိမ်းချမ်းစွာ အန္တရာယ်ကင်းစွာ ဆော့ကစားနိုင်ကြပါစေ။
                      ခရစ်စမတ် ဓမ္မသီချင်းသံများနှင့် ၀တ်ပြု ကိုးကွယ်ခြင်း ခေါင်းလောင်းသံစဉ် လှိုင်းတို့ ယမ်းငွေအူနေပြီး သေနတ်သံလွှမ်းသောဒေသများကို ဖုံးလွှမ်းကာ တကဲ့စစ်မှန်သောငြိမ်းချမ်းရေး သတင်းကောင်းများကို ဆော်သြနိုင်ကြပါစေ..
လောအယ်စိုး
၁၂. ၂၂. ၂၀၁၄

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts