ရသဆောင်းပါးစုံ လှကျော်ဇော

လှကျော်ဇော ● တပ်ပြုပြင်ပြောင်းလဲရေး – ဆောင်းပါးအမှတ် (၁၄)

လှကျော်ဇော ● တပ်ပြုပြင်ပြောင်းလဲရေး – ဆောင်းပါးအမှတ် (၁၄)
ဗမာ့လွတ်လပ်ရေးတပ်မတော် (ဘီအိုင်အေ)
(မိုးမခ) နိုဝင်ဘာ ၂၀၊ ၂၀၁၈


၁၉၄၁ ဒီဇင်ဘာ (၂၇) ရက်နေ့ ထိုင်းနိုင်ငံဘန်ကောက်မြို့မှာ ဗိုလ်ချုပ်အောင်ဆန်းအမှူးပြုတဲ့ ရဲဘော်သုံးကျိပ်ဝင်များဟာ ဗမာ့လွတ်လပ်ရေးတပ်မတော် (Burma IndependenceArmyB.I.A) ကို ဖွဲ့စည်းခဲ့ကြပါတယ်။ ဂျပန်တွေရဲ့ ပူးတွဲကူညီမှု တွေပါတဲ့ အပြင်စစ်သားသစ်များကိုလည်း အဲဒီဒေသရောက်နေတဲ့ ဗမာအဆက်တွေ ထိုင်းစပ်ဗမာတွေ ရှမ်းတွေ ရသ လောက်စုဆာင်း လက်ပူတိုက် လေ့ကျင့်သင်ကြားပြီး တပ်ဖွဲ့ခဲ့တာပါ။ ဒီနောက်စစ်ကြောင်းများခွဲပြီး ဗမာပြည်တွင်း ဝင်ခဲ့ ကြပါတယ်။  ဗမာပြည်တွင်းရောက်ပြီး ချီတက်ရာ လမ်းတလျှောက်မှာ ဗမာ့လွတ်လပ်ရေးအတွက်ဆိုတဲ့ ရည်မှန်းချက်ကြီးနဲ့တပ်သားသစ်တွေလှိမ့်ဝင်လာလို့ ဘီအိုင်အေတပ်ကြီး ခဏလေးနဲ့ သောင်းချီရှိသွားပါတယ်။ ဝတ်စုံအပြည့်အစုံ မပေးနိုင်လို့ တယောက်တပေါက်ရှိရာ ဝတ်ရပါတယ်။ တောတွေတောင်တွေထဲ ကျောချစရာ နေရာရှိရင် ထိုးအိပ်ကြရပါတယ်။ အစား အသောက်ကလည်း ရွာလေးဘာလေးရှိရင် သိပ်မဆိုးလှပေမယ့် ချီတက်ရာ လမ်းတလျှောက်တွေ့ရတဲ့ သစ်ဥသစ်ဖု ဝါး ပြုတ် မျှစ်ပြုတ်တွေကို စားကြရတာပါ။ ဗမာပြည်အတွင်းပိုင်း ရောက်လာတော့ တချို့ရွာကြီးတွေဆို ကောင်းကောင်းဧည့်ခံ သတဲ့။ အင်္ဂလိပ်တပ်များကလည်း အောင်မြင်စွာ တဆုတ်ထဲဆုတ်နေကြလို့ ဘာမှဟုတ်တိ ပတ်တိမတိုက်လိုက်ရပဲ ဘီ အိုင်အေတပ်မတော်ကြီး ရန်ကုန်ဝင်လာကြပါတော့တယ်။ (မှတ်ချက်-စစ်ကြောင်းတချို့မှာတော့ အသင့်အတင့်တိုက်ရတာ တွေလည်း ရှိတော့ရှိပါတယ်။)

အင်္ဂလိပ်များကဆုတ်ရာမှာ တပ်များသာမက အုပ်ချုပ်ရေးပိုင်းဆိုင်ရာ အရာရှိများပါ ပါသွားလို့ ဘီအိုင်အေတပ်တွေမြို့တွေ ၀င်တော့ မြို့ကတချို့လူကြီးများနဲ့ပူးပေါင်းပြီး အုပ်ချုပ်ရေးတာဝန်တွေဝင်ယူရပါတယ်။ ဒီမှာတင် ဘီအိုင်အေတပ်နာမည်ပျက်လိုက်လာပါတယ်။ တချို့နေရာတွေမှာဆို  ဘီအိုင်အေကို ဓားပြတိုက်လို့တောင် ခေါ်တာတွေရှိလာပါတယ်။

အဲဒီခေတ်က ဘီအိုင်အေ ကပ်တယ်ဆိုတဲ့စကားပေါ်ဘူးပါတယ်။ အင်္ဂလိပ်တွေအပြေးမှာ ကျန်နေခဲ့တဲ့ပစ္စည်းများ (အိမ်၊ ကားစသဖြင့်) ကို ဘီအိုင်အေလို့ရေးထားတဲ့စာတမ်းကပ်လိုက်ပြီး စစ်တပ်ကသိမ်းပြီး လိုအပ်သလိုသုံးခဲ့တာပါ။ ဒီအာဏာကို တချို့တပ်တွေက အလွှဲသုံးစားတွေလုပ်လာပါတယ်။

တကယ်တော့ ဗိုလ်ချုပ်အောင်ဆန်းဟာ ဗမာ့တပ်မတော်ကို အကြိမ်ကြိမ်ပြုပြုင်ပြောင်းလဲဖွဲ့စည်းတာတွေ လုပ်ပါတယ်။ အ အောင်မြင်ဆုံးလုပ်ငန်းကတော့ ဂျပန်တော်လှန်ရေးအတွက် (ဖတပလ-နောင်ဖဆပလ) တပ်ပေါင်းစုဖွဲ့ပြီးနောက် တပ်မ တော်တွင်းသို့ နိုင်ငံရေးပညာပေးဖို့ နိုင်ငံရေးသမားများ (အများအားဖြင့် ဗမာပြည်ကွန်မြူနစ်ပါတီမှ) သွင်းလိုက်နိုင်ခြင်းပါပဲ။

ဗမာ့လွတ်လပ်ရေးအတွက် တိုက်ပွဲအဆင့်ဆင့်ရေရှည်ဆင့်နွှဲဖို့ တပ်မတော်သားများကို အတွေးအခေါ်အရ ပြင်ဆင်ရာမှာ အလွန်ထိရောက်ခဲ့ပါတယ်။ ဒါ့ကြောင့်ပဲ ဂျပန်တော်လှန်ရေးနီးလာတဲ့အခါ တပ်မတော်တရပ်လုံး စည်းလုံးညီညွတ်တည်ငြိမ်သွားပါတော့တယ်။ တော်လှန်ရေးကြီးကာလအတွင်း (မှတ်ချက် ။ ။ ၁၉၄၅ မတ်လမှစပြီး ဂျပန်တွေလက်နက်ချတဲ့ သြဂုတ်လ မှာတောင် တချို့တိုင်းတွေမှာ တိုက်ပွဲတွေဆက်ဖြစ်နေခဲ့ပါသေးတယ်။) တပ်မတော်တရပ်လုံး ပြည်သူလူထုကြီးနဲ့ လက်တွဲ ပြီး ဂျပန်တွေကိုအောင်မြင်စွာတိုက်ခိုက်ချေမှုန်းပြီး ဗမာ့မြေက နှင်ထုတ်နိုင်ခဲ့ပါတော့တယ်။

ဒီဂျပန်တော်လှန်ရေးကြီးအောင်မြင်ရတဲ့အကြောင်းရင်းကြီးကတော့ ဗိုလ်ချုပ်အောင်ဆန်းခေါင်းဆောင်တဲ့ တပ်မတော်ဟာ ဖတပလညီညွှတ်ရေးတပ်ပေါင်းစုကြီးရဲ့ နိုင်ငံရေးဦးဆောင်မှုအလံအောက်မှာ တခြားနိုင်ငံရေးပါတီအဖွဲ့အစည်းတွေ၊ လူမှု ရေးအဖွဲ့အစည်းတွေ တိုင်းရင်းသားအဖွဲအစည်းတွေ ဒေသအသီးသီးက ပြောက်ကျားတပ်ဖွဲ့တွေအားလုံးအပါ-တပြည်လုံး စည်းလုံးညီညွတ်စွာ ပူးပေါင်းပြီးတိုက်ခိုက်ခဲ့လို့ ဖြစ်ပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းက ဂျပန်တော်လှန်ရေးအတွက်ပြင်ဆင်စဉ် ဗမာပြည်ကြီးကို စစ်တိုင်းများခွဲရာမှာ တိုင်းအလိုက် စစ်တိုင်း မှူးများအပြင် နိုင်ငံရေးတာဝန်ခံ (နိုင်ငံရေးမှူး) ကိုပါ သတ်မှတ်ပေးခဲ့ပါတယ်။ (သခင်တင်မြရဲ့ ဖက်ဆစ်တော်လှန်ရေးဌာနချုပ် နှင့်တိုင်းကြီး ၁၀ တိုင်း)

ဒီသမိုင်းဝင်ဖြစ်ရပ်ကြီးအခိုင်အမာရှိရက်နဲ့ ၁၉၉၄ ခုနှစ်ထုတ် တပ်မတော်သမိုင်း (ဒုတိယတွဲ) မှာ တိုင်းအလိုက်စစ်ရေးခေါင်း ဆောင်များကိုသာဖေါ်ပြထားပြီး နိုင်ငံရေးတာဝန်ခံများကို အကုန်ဖျောက်ထားပါတယ်။ (တော်လှန်ရေးတွင်းတိုက်ပွဲဖြစ် စဉ်များကို ဖေါ်ပြတဲ့နေရာတွေမှာတော့ တချို့နိုင်ငံရေးတာဝန်ခံတွေကို အနည်းငယ်ထည့်ထားတာတွေ့ရပါတယ်။)

ပြည်သူသာအမိ-ပြည်သူသာအဖ ဆိုတဲ့စိတ်ဓာတ်ကိုအခြေခံပြီး ဖွဲ့စည်းခဲ့တဲ့ ဗမာ့တပ်မတော်ကြီးကို တပ်မတော်သာအမိ-တပ်မတော်သာအဖ ဆိုတဲ့စိတ်ဓာတ်တွေသွင်းပေးပြီး ပစ်မိန့်ပေးတာနဲ့ ဘယ်သူ့ကိုမဆို (တိုင်းရင်းသားများအပါ ပြည်သူလူ ထုကြီး တရပ်လုံးကို) ပစ်ခတ်သတ်ဖြတ်နှိပ်စက် စော်ကားအနိုင်ကျင့်ရဲတဲ့တပ်ကြီးဖြစ်သွားအောင် ဘယ်သူတွေက လုပ်ခဲ့ သလဲ။

နောက်ဆောင်းပါးမှာ ဆက်ရေးပါဦးမယ်။

လှကျော်ဇော
၁၄၊ ၁၁၊ ၂၀၁၈။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts