မာမာအေး ရသဆောင်းပါးစုံ

မာမာအေး – ပြောပြစရာတွေလဲ တပုံကြီးရှိသေးတယ် – အမှတ် (၅၅၈)

မာမာအေး – ပြောပြစရာတွေလဲ တပုံကြီးရှိသေးတယ်  – အမှတ် (၅၅၈)
ဒီဇင်ဘာ ၁၀၊ ၂၀၁၄ 

• လေးတင်ခန်း
သောတရှင်များ ကျန်းမာတော်မူကြပါစရှင် …။

မာအေးချစ်တဲ့သောတရှင်တွေ ဂီတဝါသနာရှင်တွေအားလုံး မာအေးရဲ့အသံလေးကြားရတဲ့အခါမှာ ကိုယ်ရောစိတ်ပါ ချမ်းသာကြပါစေလို့ ဆုမွန်ကေါင်းတောင်းလိုက်ပါတယ်။

သောတရှင်တို့ရေ၊ ရှေ့တပတ်တုန်းက မာအေးတို့ရဲ့ ဂေါတမဘုရားရှင်အလောင်းတော်ကို လုမ္ဗိနီအင်ကြင်းတော်မှာ ဖွားတော်မူခဲ့ပါတယ်လို့ ပြောထားပြီးပါပြီ.

လိုရင်းတိုရင်းပြောရရင် လက္ခဏာဝေဒ သားတော်လှအတွက် စစ်ကြတဲ့အခါ ပုဏ္ဏားတော်များက စင်္ကြာဝတေးမင်းဖြစ်လိမ့်မယ်လို့ ဟောကြ ပါတယ်၊။တဦးသော ‘ကောဏ္ဍည’ ခေါ် ပုဏ္ဏားတော်ကသာ ‘ဘုရားစင်စစ် ဧကန်ဖြစ်မယ်’ လို့  ဟောကြားခဲ့ပါတယ်။ နန်းသွေးနန်းရံသာလိုလား တဲ့ ဘုရင်ထီးဘုရား သုဒ္ဓေါသနဟာ သားတော်လေး သိဒ္ဓတ္ထ သံဝေဂမရလေအောင် အမျိုးမျိုးစီမံ ကြံဆောင်ထားခဲ့ပါတယ်ရှင်။

ONUNE က ဗုဒ္ဓလောင်းကိုတော့ ‘သူတော်စင်’ ဖြစ်မယ်လို့သာ ပရောဟိတ်ကြီးက ဟောပါတယ်။ ရုပ်ရှင်သဘောရိုက်ထားတာဖြစ်တဲ့ အတွက် အပိုတွေ ဖြည့်ဆည်းထားတာတွေ ပါလည်း ပါပေါ့လေလို့ဘဲ လျှော့တွက် လျှော့ကြည့်ခဲ့ရပါတယ်။ အလောင်းတော်မင်းသားဟာ၊ ဒေဝဒတ်မင်းသားနဲ့အတူ  အဌာရသတွေကို ဗိုလ်ရှုသဘင်မှာ ယှဉ်ပြိုင်တိုက်ပွဲဝင်နေရရှာပါတယ်။ သူ့မိထွေးတော်၊ သူ့ဂုရု၊ သူ့သူငယ်ချင်းမ လိုဖြစ်နေတဲ့ ယသော်ဓရာ၊ နန်းရင်ပြင်က တချို့အမတ်တွေနဲ့ နောက်ဆုံး ဆောင်ကြာမြိုင်လို အပျိုဆောင်က မိတ်ဆွေမအထိ၊ သူမသိ တာတွေ မေးခွန်းတွေထုတ်ပြီးရင်း ထုတ်နေတာမျိုး၊ ဇာတ်ကားရဲ့တဝက်လောက်တောင်ရှိမလားပဲ။ ဘုရားဖြစ်မှ ရပ်တော့တယ်။

မာအေးတို့အသိထဲ အမြဲရှိနေတဲ့ ဗုဒ္ဓလောင်းလျာ သိဒ္ဓတ္ထကုမာရမင်းသားကလေးမှာ ဆရာငါးပါးရှိတဲ့အကြောင်း၊ ဆရာကြီး ဦးသုခရေးထား ရစ်ခဲ့တဲ့ ‘သုခမှတ်စု’ ငါးပါးစုကဏ္ဍမှာ တွေ့ရပါတယ်၊ ဖတ်နိုင်ကြပါတယ်။ အဲဒါတွေကတော့ …

(၁) ဖွားတော်မူစက လက္ခဏာဖတ်ကြတဲ့ပုဏ္ဏားတော် ရှစ်ယောက်အစု။
(၂) ဖခင်ဘုရင်ကြီးက သဒ္ဓါကျမ်း၊ ဗျာကရိုဏ်းကျမ်းစတာတွေ သင်ပေးဖို့အပ်နှံခဲ့တဲ့ “သဗ္ဗမ္ဗိ္မတ ပုဏ္ဏား”။
(၃)ဘုရားလောင်းကို ထိတ်လန်ပသံဝေဂရအောင်ပြုတဲ့နတ်သား။
(၄) အာကိဉ္စ ညာယတနဈာန်ရဲ့ ပရိကံကိုကြားစေတဲ့ “အာဠာရ-ရသေ့”၊။
(၅) နေဝသညာ နာသညာ၊ သတနဈာန်ရဲ့ပရိကံကို ကြားစေတဲ့ “ဥဒက-ရသေ့” ပါတဲ့ရှင်။

ဉာဏဆရာတွေပေါ့။ ကာယဆရာတော့ မတွေ့မိဘူးလို့ မာအေးထင်တာပဲ။ ကိုယ့်အတွေးနဲ့ကိုယ် တွေးကြည့်နေတာပါ။

အဲ…သိဒ္ဓတ္ထမင်းသားလေး လူလားမြောက် အရွယ်တော်ရောက်လာပြီဆိုတော့ ထိုက်တန်တဲ့ သတို့သမီး မိဖုရားလောင်းရှာကြရတာပေါ့ရှင်။ သာကီဝင်မင်းမျိုးချင်းလည်းဖြစ်တဲ့ မယ်တော်မာယာရဲ့ မောင်လည်းဖြစ်တဲ့ “သုဗ္ဗဗုဒ္ဓ” ဘုရင့်သမီးတော်ကလေး “ယသော်ဓရာ ဗိမာဒေဝီ” ကိုတွေ့ကြပါတယ်။ ဒါပေမယ့် ဒေဝဒဟပြည့်ရှင်၊ ယသော်ဓရာရဲ့ ဖခင်ဟာ သူ့အစ်မတော် မာယာဒေဝီမိဖုရားကြီး ကိုယ့်ဝန်အရင့်အမာနဲ့ ပြန်လာတာမှာ၊ ခရီးကကြမ်း လူပင်ပမ်းနဲ့မို့ သေပန်းပွင့်ခဲ့ရတာ၊ သွားခွင့်မပြုသင့်တာကို ပြုခဲ့လို့ဖြစ်ရတာဆိုတာမျိုးနဲ့ အစွဲကြီးစွဲ ဒေါသအိုး ကွဲဖြစ်နေခဲ့ပါပြီ။ ‘လေတိုက်လို့ အမှိုက်လွင့်လာရင်တောင်မှ မီးရှို့ပစ်ရမယ်တဲ့ရှင့်။

ဒါကိုသိသော်လည်း နှစ်ပြည့် တပြည် ချစ်ကြည်ငြိမ်းချမ်းမေတ္တာလမ်းလို့တဲ့ သုဒ္ဓေါသနမင်းကြီးက  ယောက်ဖတော် မင်းသုဗ္ဗဆီကို သာကီဝင် မင်းတို့ အစဉ်အလာမပျက် သမီးကညာဆက်ပါလို့ ယသော်ဓရာကိုတောင်းဖို့ စေလွှတ်ခဲ့တာ၊ ဖွားဖက်တော် ကာဠုဒါယီအမတ်ဖြစ်ပါတယ်။ ကာဠုဒါယီဆိုတဲ့ အမတ်ငယ်ဟာ ဆင်ပြောင်ငါးစီးအားမာန်ကြီးတဲ့ ဖွားဖက်တော်ရင်းဖြစ်တာမို့ မင်းဘုရားချင်းသာ သွေးမတော်ရင်၊ ‘ယ သော်ခင်’ ခင်ကို တိုက်ယူပေးချင်စိတ်ပေါ်ခဲ့မှာ အသေအချာပါပဲ။ ကပိလက နှလုံးလှတဲ့ သိဒ္ဓတ္တအရှင် သူ့သခင်ကို ပျက်ရယ်ပုတ်ခတ် သူတို့သမီးကသာ မြတ်တယ်လို့၊ မနှစ်မြို့စရာ နာလောက်တဲ့စကားပမာကို နားထောင်သာကြည့်ကြပါတော့ရှင်။ သဘင်တို့ရှေ့ဆောင် ရွှေမန်းတင်မောင်တင်မက သူ့အဖွဲ့သားတွေပါအတူ မြန်မာမူစင်စစ် ဇာတ်စာတွေ ဟစ်တတ်ကြတာလည်း သိရအောင်ပေါ့နော်။ ဒေဝဒဟ ဘုရင်ရဲ့ ဓါးကြိမ်းကြိမ်းတဲ့ စာစကြးဖြစ်ပါတယ်ရှင်။

(ဒေဝဒဟဘုရင်စကါး) အသွင်တူမှအိမ်သူဖြစ်တာ၊ စနစ်ပုံထား ရှေးစကားအလို သူ့သားသိဒတ် ဘာတွေတတ်လို့ သိဒတ်ကြွေးကြော် သူ့အမည်ခေါ်ပါလိမ့်။ ယသော်နဲ့များ သူရည်ထား လားလားမျှမတန်၊ ကျုပ်ဖြစ်က ဒလပ်ချော်ပြီး ဓာတ်တော်ကြံသလို၊ ဝေဖန်၍ မထောက်၊ ကန်မင်းနန္ဒာ ကုဏ္ဍလာ ပဒုမ္မာသာပေါက်ရမပေါ့။ သို့ကလောက် ကန်ဇွန်းဟင်းရံ၊ သတင်းညံ့တဲ့ ပံ့သကူနဲ့ မတူမတန်၊ အမိမဲ့သား ပညာချို့တဲ့ နို့ပုန်းစားနဲ့၊ အမိမဲ့သားပညာချို့တဲ့ နို့ပုန်းစားနဲ့ ထိမ်းမြားမယ်မကြံပါဘူး၊ ထိမ်းမြားမယ်မကြံဘူး။ အဏဝါနဒီ သမုဒ်ပြင် ယမုန်အောက်၊ ယုန် ထောက်လို့ မီတဲ့ပြင်၊ ကပ္ပဌီတိ လနဲ့နေ ကွယ်ကာပစေတော့ ရနိုင်ဖို့မရှိပါဘူး။ မင်းသီရိသုဒ္ဓေါထံ ခုအမြန် ပြန်ကာကြားရအောင် နန်းပါးကထွက် ….။

နာသာခံခက်နဲ့ ပြန်ထွက်ခဲ့ရတဲ့ ကာဠုဒါယီရဲ့ လျှောက်ထားချက်ကြောင့် ဘုရင်ကြီး သုဒ္ဓေါဒနခမျာ သားသက်လျာကို မင်းတို့တတ်အပ်တဲ့ အဌာရဿ တဆယ့်ရှစ်ရပ်တော့ သင်ပါလို့ တိုက်တွန်းခဲ့ရှာပါတယ်။ သားကတတ်ပြီးသားပါလို့ ဖြေပါတယ်ရှင်။

ဒီနေရာမှာ ဆရာမကူ သမ္ဘူအရှင်ရယ်လို့ တင်စားတဲ့စကားကြားခဲ့ဖူးတာကို သတိရမိပါတယ်။ သိဒ္ဓတ္ထမင်းသားလေးက ဖခမည်းတော်ကို သူဟာ အလိုလျောက်တတ်မြောက်ပြီးသားမို့ ဖခင်ရှုစားလိုတဲ့ပညာ မျက်စေ့အောက်တွင် မြင်ရပါစေမယ်လို့ လျှောက်ထားခဲ့လို့ပါပဲ။ မာ အေးဟာ ဦးလေးရွှေမန်းတင်မောင်ကို အများကြီးလေးစားခင်မင်ခဲ့သူပါ။ ဒါပေမယ့် ဦးလေးတို့ပွဲတွေခင်းနေကြချိန်မှာ မာအေးကလည်း စင်ပေါ်တနေရာရာမှာရှိနေရတာကြောင့် ဦးလေးရဲ့သဘင်ကို တခါမှ ကိုယ်တိုင်ကြည့်ခွင့်မရခဲ့ပါဘူးရှင်။ ဦးလေးကလည်း အရွယ်မလွန်ခင် တောင်ကွယ်သွားလေတော့ အလွန်နှမျှောတသမိပါတယ်။

အခုလိုဇာတ်ပြော ဇာတ်စာတွေပျောက်ကွယ်လုလုအချိန်မှာ မြတ်ဗုဒ္ဓကို သဒ္ဒါဝမ်းမြောက် အထောက်အမ တစတပိုင်းကြုံလို့ တင်ပြရခြင်းကို ခွင့်လွှတ်နားလည်ပေးစေလိုပါတယ်ရှင်။ ဗုဒ္ဓဝင်ဖြစ်သော်လည်း ပျော်စရာ ရွှင်စရာ ဟာသလေးလည်းနှောက်ပါမှ အိပ်ငိုက်တာပျောက်နိုင် မှာမို့လည်း တကြောင်းမို့ထည့်သွင်း ပျော်တော်ဆက်ရတဲ့ သဘာဝလေးပါရှင်။ လေးတော်တင်ခန်း မြီးစမ်းကြည့်ရအောင် အဖနဲ့သားအကြား မှာ စကားသယ်တာ ပျော်စရာကောင်းလို့ပါ …။

(ဇာတ်စာများ- ရွှေမန်းအဖွဲ့)

သိဒ္ဓတ္ထ        ။    ။ လူတွင်ရုပ်ညတ်၊ မသိသူတို့အမှုရပ်၊ စွဲမှတ်ခြားနား ဖခင် သား ထင်ရှားပြပါမည်၊ သိပ္ပံလုံးစုံ ဆယ့်ရှစ်ဖုံကို  ဘယ်ပုံရှုလိုသည် ယခုမိန့်ပါဘုရား …။

အမတ်များ    ။    ။ အား….အကုန်တတ်ပြီးသားတဲ့ဗျား။

ဘုရင်ကြီး     ။    ။ အောင်မယ်လေး သားတော်၊ အဌရသပညာ တတ်တယ်လား။ ဗကအမတ်ကြီး ဘာမှမသင်ဘဲနဲ့ သူအကုန် တတ်သတဲ့။ သားအဖချင်းကြွားတာ ပြောတယ် (ရယ်သံများ) နေစမ်းပါဦးသားတော်ရဲ့ အဌရသပညာထဲက   ခမည်းတော်ရှုစားတော်မူလိုတာကို ပြနိုင်တယ်လား …။

သိဒ္ဓတ္ထ          ။    ။ မှန်ပါ့ဘုရား။

ဘုရင်ကြီး     ။    ။ ဗကအမတ်ကြီး၊ အဌရသပညာထဲ လေးအတတ် အခက်ဆုံးမှုတ်လား။ သားတော်ရဲ့ … ခမည်းတော်ကို  လေးအတတ် ပြစွမ်းနိုင်ပါ့မလား …။

သိဒ္ဓတ္ထ       ။    ။ မှန်လှပါ၊ ခမည်းတော်ဘုရား ရှုစားတော်မူလိုလျှင်၊ အကဏဝေဒိ၊ ဝါလဝေဒိ၊ သတဝေဒိ အမည်ရှိသော   လေးသမားလေးဦးကို ရှေ့တော်မှောက်ခေါ်ပြီးလျှင် သားတော်ကို လေးတောင်ကွာမျှကနေ ပစ်ပါစေဘုရား၊                 သားတော်ကလက်တွင်းမှာရှိတဲ့ မြှားတစင်းနဲ့ ဖယ်ရှားကာပစ်လို့မို့ ‘ ဆယ့်နှစ်ရပ်သော မြှားပစ်ခြင်းစာရင်း အကုန်ဇယားပုံကို၊ သားနန်းမှုံ ထင်စွာပြပါ့မယ်၊ နန်းမက ရှုစားတော်မူပါဘုရား’ …။

ဘုရင်ကြီး      ။    ။ လေးသမားလေးဦးက ဘေးကနေဝိုင်းပြီးတော့ပစ်၊ သားက ဒီမြှားတစင်းနဲ့ ခံမယ်လား၊

သိဒ္ဓတ္ထ          ။    ။ မှန်လှပါဘုရား၊

ဘုရင်ကြီး       ။    ။ တန်တော့ ဗကအမတ်ကြီး၊ အမတ်လေး- သူများကပညာမတတ်ဖူးဆိုတာနဲ့ ရှက်လို့  မြှားပစ်ခံသေမလို့ထင် တယ် …. (ရယ်သံများ)

အမတ် + ကာဠု    ။      ။ စမ်းသပ်တော်မူပါဘုရား၊ စမ်းသင့်ပါတယ်ဘုရား၊ စမ်းသင့်ပါတယ်ဘုရား၊ ကျွန်တော်မျိုး လေးအမှုထမ်းတွေ  ခေါ်လိုက်မယ်ဘုရား…. ဟဲ့ ဟဲ့..လေးသမားများ ..ရှေ့တက်ပြီးတော့ ခစားကြတဲ့ (မှန်လှပါဘုရား)

သိဒ္ဓတ္ထ + လေးသမားများ ။       ။ ဟဲ့… လေးသမားများ (ဘုရား) မောင်မင်းတို့ လက်ထဲမှာရှိတဲ့ မြှားနဲ့ ကိုယ်တော့်ကို မှန်အောင်ပစ် ရမယ် (မှန်ပါ) မှန်အောင်ပစ်ခဲ့လို့ရှိရင် ဆုလာဘ်ပကာပေးသနားမယ် (မှန်ပါ) မှန်အောင်မပစ်ခဲ့လို့ရှိ ရင် ကြီးလေးတဲ့အပြစ်ပေးခံရမယ် ..။ နားလည်လား (မှန်လှပါဘုရား)

ဘုရင်ကြီး + လေးသမားများ။        ။ ဟယ်… လေးသမားများ (ဘုရား) အမယ်လေး… မှန်အောင်မပစ်ကြနဲ့၊ မှန်အောင်ပစ်တဲ့ကောင်- သေဒဏ်ကွ ..။

အများ            ။     ။ ဒုက္ခပါဘဲ…ဒုက္ခဘဲ …

ကာဠု             ။    ။ ပစ်သာပစ်၊ ပစ်သာပစ်၊ စိတ်ချလိုက် မခဘူး၊ ကျွန်တော်မျိုး လေးတင်ဆက်ပါတယ်ဘုရား၊   လေးတော်ပါဘုရား၊ လေးတော်ပါဘုရား၊ မှန်လှပါဘုရား၊

သိဒတဆိုင်းဆင့်        ။    ။ လေးဓနု၊ ကိုင်းတခါပြလို၍၊ သိဒ္ဓတ္ထလောင်းဘဂ္ဂဝါ၊ သောင်းစက္ကဝါ တုမနှုံးသာဖို့၊ ဇမ္ဗူလုံးခြားလျက်  ကာသလိုယောင်္ကျား မြှားစင်္ကြာပြ။  ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts