Suu 67 စုစည်းမှု အတွေးအမြင်

ဒေါ်အောင်ဆန်းစုကြည် – ဒီစကား


ဒေါ်အောင်ဆန်းစုကြည် – ဒီစကား
ဒီစကား၊ ဒီလှိုင်းဂျာနယ်၊ အတွဲ(၃) အမှတ်(၄၈)၊ ဒီဇင်ဘာ ၁၀၊ ၂၀၁၄

(ထပ်ဆင့်မျှဝေပေးခြင်းအတွက် “မေတ္တာရိပ်” မှ ကျေးဇူးအထူးတင်ရှိပါတယ်။)

သောကြာနေ့ (ဒီဇင်ဘာ ၅ရက်)က ကမ္ဘာလုံးဆိုင်ရာ အမျိုးသမီးများ ဖိုရမ်ဖွင့်ပွဲနေ့ကို နေပြည်တော်မှာ ကျင်းပခဲ့ပါတယ်။ လွှတ်တော်ရဲ့ ၁၁ကြိမ်မြောက်အစည်းအဝေးက နိုဝင်ဘာ၂၈က ပြီးသွားခဲ့ပြီမို့ ကျွန်မလည်း ရန်ကုန်ပြန်ရောက်နေပါပြီ။ ဒါပေမဲ့ ရန်ကုန်က တက်ရောက်ဖို့ ဖိတ်ကြားထားသူအားလုံးကို လေယာဉ်တစ်စီးငှားပြီး နေပြည်တော်အရောက်ခေါ်တာနဲ့ ကျွန်မလည်း ပါသွားပါတယ်။ ဒီလိုအစည်းအဝေးအမြောက်အများ တက်ဖူးပြီးပါပြီ။ ဆွေးနွေးပြောဆိုတာတွေဟာ စိတ်ဝင်စားစရာရှိသလို ထပ်တလဲလဲကြားပြီးစကားတွေလည်း ပါပါတယ်။ အမျိုးမျိုးပါပဲ။ ကျွန်မအတွက် တန်ဖိုးအရှိဆုံးက နိုင်ငံတကာမှ ရောက်လာတဲ့မိတ်ဆွေတွေနဲ့ ပြန်တွေ့ရခြင်းပါပဲ။

ကိုယ့်နိုင်ငံရဲ့ သာယာဖွံ့ဖြိုးရေးအတွက် ကိုယ်ကြိုးစားတာ ဘာမှမထူးဆန်းပါဘူး။ ကိုယ်တိုင်အကျိုးခံစားပိုင်ခွင့်ရမယ်ဆိုတာတောင် အန္တရာယ်များတဲ့အခါမှာ မလုပ်ရဲ၊ မလုပ်နိုင်တာတွေရှိပါတယ်။ ဒီလိုအခါမျိုးမှာ တရားဥပဒေရဲ့ကာကွယ်မှုနဲ့ လူ့အခွင့်အရေးအပြည့်အ၀ခံစားရရှိတဲ့ နိုင်ငံက ပုဂ္ဂိုလ်တွေ၊ အဖွဲ့အစည်းတွေဟာ တက်အားသမျှ ယုံကြည်ချက်အရ အားပေးကူညီတာတွေ ရှိတတ်ပါတယ်။ တချို့က ဒီလိုအားပေးကူညီတာ ရိုးမှရိုးရဲ့လား၊ ဘာများလိုချင်လို့ ဒီလောက်ဒုက္ခခံလုပ်ပေးနေကြပါလိမ့်လို့ တွေးတာတွေရှိပါတယ်။ တွေးတာလည်း အမြင်မှားတယ်လို့ မဟုတ်ပါဘူး။ ရေရှည်အကျိုးအမြတ် မျှော်ကိုးပြီးလုပ်တဲ့သူတွေပါတာလည်း ရှိပါတယ်။ စီးပွားရေးအကျိုးအမြတ်၊ နိုင်ငံဆက်ဆံရေးအကျိုးအမြတ်တွေကြည့်ပြီး ကူညီကြတာ ရှိခဲ့ပါတယ်။ ဒါပေမဲ့ တကယ့်ကို ကိုယ်ကျိုးမပါ၊ လူသားချင်းစာနာစိတ်၊ မေတ္တာဂရုဏာစိတ်တို့နဲ့ အားပေးကူညီတဲ့ သူတွေလည်းရှိပါတယ်။ ဒီလိုပုဂ္ဂိုလ်တွေရဲ့ ထိပ်တန်းမှာ အမျိုးသမီးတွေရှိနေတယ်လို့ ကျွန်မထင်မိပါတယ်။

တင်းကြပ်ခက်ခဲတဲ့အနေအထားမှာ ကျွန်မတို့ရုးန်ကန်နေရစဉ် နည်းအမျိုးမျိုးနဲ့ ကျွန်မတို့ကိုထောက်ခံအားပေးခဲ့တာ လပိုင်းမက၊ နှစ်ပိုင်းမက၊ ဆယ်စုနှစ်နဲ့ချီပြီး မယိမ်းမယိုင်ရပ်တည်ခဲ့တဲ့ နိုင်ငံတကာအမျိုးသမီးရဲဘော်ရဲဘက်တွေကို ကျေးဇူးတင်လို့ မဆုံးနိုင်ပါဘူး။ တချို့အမျိုးသမီးတွေက မိမိတို့ကိုယ်တိုင် အာဏာရှင်စနစ်အောက်မှာ ဒုက္ခအမျိုးမျိုးခံစားခဲ့ရလို့ ကိုယ်ချင်းစာနာစိတ်နဲ့ ရိုင်းပင်းပါတယ်။ အချို့ကြတော့ တစ်သက်လုံး လုံခြုံတဲ့ ဒီမိုကရေစီအသိုင်းအ၀ိုင်းထဲ ကြီးပြင်းနေထိုင်ခဲ့ရလို့ကို မိမိတို့လိုအေးချမ်းစွာ နေထိုင်ခွင့်မရှိသူတွေအပေါ် ဂရုဏာပွားပြီး ကူညီချင်ကြပါတယ်။ တချို့ကျတော့ မိမိတို့ လူ့အသိုင်းအ၀ိုင်းရဲ့ ဆုံးမသွန်သင်မှုတွေကြောင့် လူလူချင်း နားလည်ကြင်နာရမယ်။ အမှန်တရားဖက်က ရပ်တည်ရမယ်ဆိုတဲ့ စေတနာအပြည့်အ၀နဲ့ လုပ်ဆောင်ကြတာဖြစ်ပါတယ်။ သူတို့အတွက်အကျိုးအမြတ်ဆိုတာကတော့ လုပ်သင့်လုပ်ထိုက်တာကို သူတို့လုပ်နေတယ်ဆိုတဲ့ ကျေနပ်မှုပါပဲ။

အရင်အပတ်က အမျိုးသမီးဖိုရမ်ကို ဦးဆောင်ကျင်းပခဲ့တဲ့ ပြင်သစ်အမျိုးသမီးကြီးဟာ အင်မတန်မှ ပွင့်လင်းနွေးထွေးချစ်ဖို့ကောင်းပါတယ်။ ကျွန်မကို ဆွေမျိုးရင်းခြာလို မေတ္တာတွေနဲ့ လွှမ်းခြုံပေးတဲ့ တစ်ချိန်တည်းမှာ နိုင်ငံရေးခေါင်းဆောင်တစ်ယောက်လိုလည်း အလေးအနက်ထားဆက်ဆံပါတယ်။ ကျွန်မတို့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးဖြစ်စဉ်တွေကို စိတ်ဝင်စားလေ့လာပြီး အခြေနေကောင်းတယ်ထင်ရင် မုဒိတာပွား၊ မကောင်းဘူးဆိုရင်တော့ စိုးရိမ်တကြီးနဲ့ ဘယ်လိုကူညီရမလဲ စဉ်းစားပါတယ်။ မိမိရဲ့ဘ၀က ဖူလုံပြီးမို့ ဒီဘက်က ဘာမှမလိုချင်ပါဘူး။ လေးစားစရာပါပဲ။

ဒီလို နိုင်ငံတကာက အမျိုးသမီးမိတ်ဆွေတွေဟာ ကျွန်မကို အားဖြည့်ပေးတယ်လို့ ခံစားမိပါတယ်။ လုပ်တတ်၊ ကိုင်တတ်၊ နေတတ်တွေပါ။ ကူညီဖို့ အဆင်သင့်ဆိုပေမယ့် ဘယ်တော့မှ အတင်းမတိုးဘူး။ နေတတ်တယ်။ အခြေအနေကို အသိအမှတ်ပြုဖို့လည်း မတောင်းဆိုဘူး။ ဒါပေမဲ့ စစ်မှန်တဲ့ မေတ္တာစေတနာဆိုတာ ဘယ်လိုမှ အသိအမှတ်မပြုလို့မရဘူး။ ခံစားရတာကိုး။

အမျိုးသမီးဖိုရမ်ရဲ့ ရန်ကုန်မှာကျင်းပတဲ့ ဒုတိယနေ့ကို ကျွန်မမတက်နိုင်ခဲ့ပါဘူး။ ဒါပေမဲ့ မိတ်ဆွေတွေတစ်မြို့တည်းမှာ ရောက်နေတယ်ဆိုတဲ့အသိ ကျေနပ်မှုပေးပါတယ်။ အမျိုးသမီးတွေအကြား သွေးစည်းညီညွတ်မှု၊ နိုင်ငံရေးယုံကြည်ချက်တူသူများအကြား သွေးစည်းညီညွတ်မှု၊ နှစ်ရှည်လများ တစ်ဦးကိုတစ်ဦး ဖေးမကူညီခဲ့တဲ့သူများရဲ့ သွေးစည်းညီညွတ်မှု၊ ဒီလိုသွေးစည်းညီညွတ်မှုဆိုတာ ဘယ်ဖိုရမ်ကမှ မဖန်တီးနိုင်ပါဘူး။ နှစ်ပေါင်းများစွာ ဆက်ဆံရေးက ဖန်တီးထားတာပါ။

ဒီတစ်ပတ်တော့ ဒီမျှသာ။ ။

အောင်ဆန်းစုကြည်

(ဓာတ်ပုံ – အင်န်အယ်ဒီပါတီ ဥက္ကဌ၏ ဖေ့စ်ဘွတ်စာမျက်နှာ)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts