သတင်းဆောင်းပါး နိုင်ငံတကာရေးရာ

မောင်လူပေ – ရှန်ဟိုင်း စတော့ညွှန်းကိန်း ငါးရာခိုင်နှုန်း ထိုးကျသွားတယ် ဆိုလို့

မောင်လူပေ – ရှန်ဟိုင်း စတော့ညွှန်းကိန်း ငါးရာခိုင်နှုန်း ထိုးကျသွားတယ် ဆိုလို့

(သူ့ဖေ့စ်ဘွတ်) ဒီဇင်ဘာ ၁၀၊ ၂၀၁၄

စတော့ညွှန်းကိန်းဆိုတာ ထိပ်တန်းစတော့ရှယ်ယာတွေကို ပျမ်းမျှခြင်းချပြီး ရတဲ့ကိန်းဂဏန်းကို ခေါ်တာ။ ဒါကြောင့်မို့ တရုတ်စတော့ဈေးကွက်ရဲ့ တန်ဖိုး ငါးရာခိုင်နှုန်းကျော် ကျဆင်းတာပဲ။ နှစ်သုံးဆယ်ကျော်အတွင်း အကြီးမားဆုံးကျဆင်းမှု။ ဆက်ကျရင် တရုတ်စတော့ဈေးကွက် ပျက်မှာမို့ အားလုံးထိတ်လန့်နေကြပြီ။

အကြောင်းကတော့ ပြည်နယ်အစိုးရတွေကို ငွေချေးတာတွေ တင်းကြပ်လိုက်လို့ပါပဲ။

တရုတ်မှာ ဂျီဒီပီလို့ ခေါ်တဲ့ စီးပွါးတိုးတက်မှုနှုန်း အရမ်းမြင့်တယ်။ ဒီလို ကိန်းဂဏန်းတွေမြင့်ဖို့ ပြည်နယ်အစိုးရတွေက အတိုးမြင့် ငွေတွေချေးပြီး မြို့သစ်တွေ တစ်နှစ် အလုံးနှစ်ဆယ်လောက်တည်ဆောက်နေတယ်။ လူတွေလည်း အလုပ်ရတယ်ပေါ့။

ပြသနာက ဒီမြို့သစ်တွေက သာမန်တရုတ်တွေ မဝယ်နိုင်တဲ့ဈေးနဲ့ ရောင်းတာပဲ။ ချမ်းသာတဲ့ တရုတ်တွေက အိမ်ခန်းတွေ ဝယ်။ ဈေးကစား ပြန်ရောင်းနဲ့ အိမ်မြေဈေးတွေခေါင်ခိုက်။ ဆင်းရဲ ချမ်းသာက ကွန်မြူနစ်ဆိုတဲ့ တရုတ်မှာ ကြောက်စရာကောင်းအောင် ကွာဟလာတယ်။

နှစ်တိုင်း မြို့သစ်တွေ ဆောက်လိုက်တာ ခုတော့ အခန်းတွေ ဝယ်သူမရှိတော့ဘူး။ လူမနေတဲ့ အခန်းတွေ သန်းငါးဆယ်ကျော်ရှိသတဲ့။ ဆင်းရဲသားတွေကလည်း မဝယ်နိုင်။ ဒီတော့ ပြည်နယ်အစိုးရတွေက ချေးငွေတွေ ပြန်မဆပ်နိုင်နဲ့ တရုတ်လည်း အကြွေးပတ်လည်ဝိုင်းလာတော့တယ်။

ဗဟိုအစိုးရက သူ့ငွေတွေကို ဒီအတွက် မသုံးနိုင်ဘူး။ တရုတ်က စီးပွားရေးတိုးတက်လာပေမဲ့ လူတွေရဲ့ အခြေခံလိုအပ်ချက်တွေ အများကြီး လုပ်ပေးရဦးမယ်။ ဒီအတွက်ငွေတွေလိုမယ်။ လူအိုတွေများလာတဲ့အတွက် ငွေတွေလိုမယ်။ ဒါကြောင့် ဒီလို ချေးငွေ ကိစ္စတင်းကြပ်လိုက်တာပဲ။

အကျိုးဆက်ကတော့ ဆောက်လုပ်ရေးလုပ်ငန်းတွေ ဒုက္ခရောက်မယ်။ လူတွေ အလုပ်ပြုတ်မယ်။ ဗဟိုအစိုးရကတော့ တောပြန် လယ်လုပ် ထောက်ပံ့မယ်လို့ဆိုတယ်။ တောမှာလည်း အရွယ်မရောက်တဲ့ကလေးနဲ့ အဖိုးအဖွားတွေပဲကျန်တော့လို့ လယ်သမားရှားပါးနေပြီ။

တရုတ်စတော့ဈေးကွက်ပျက်မှုက ၂၀၀၈ အမေရိကန်စတော့ဈေး ပျက်မှုနဲ့ ဆင်တူနေတယ်။ တရုတ်က အမေရိကန်ကို ဝေဖန်နေပေမဲ့ စီးပွါးရေးမှာ အမေရိကန်ကို ပုံတူကူးပြီးတိုးတက်လာတာမို့ အမေရိကန်လို စီးပွါးပျက်ကပ်ဆိုက်မှာ အားလုံးစိုးရိမ်နေကြတယ်။

မီးရထားကြီးလို ချိတ်ထားတဲ့ ကမ္ဘာ့ စီးပွားရေးက ထိပ်ကတွဲတွေရပ်ရင် အကုန်ရပ်ကုန်မှာပဲ။ အမေရိကန်က ခုမှ စီးပွားပျက်ကပ်က နလံထစ။ ဥရောပက စီးပွားပျက်ကပ်ထဲက ရုန်းထွက်နေရဆဲ။ မပျက်ဖူးဆိုပြီး တင်းခံခဲ့တဲ့ တရုတ်က ခု စလှုပ်လာပြီ။

ဂျပန်စတော့ညွှန်းကိန်းသုံးရာနှုန်းကျော်ကျသွားပြီ။ အမေရိကန်ကတော့ ရာနှုန်းဝက်လောက်ပဲ ကျသေးတယ်။ ဥရောပလည်း နှစ်ရာနှုန်းကျတယ်။

နောက်နေ့တွေ ဆက်မကျပါစေနဲ့လို့ ဝိုင်းဆုတောင်းနေကြတယ်။ ဘယ်နိုင်ငံကမှ ကျဆုံးမှုကို မမြင်ချင်ဘူး။ အမေရိကန်က ကူညီမယ်လို့ဂတိပေးထားတယ်။

တရားအားထုတ်နေရတဲ့ ဗမာအစိုးရကြီးလည်း တရုတ်ကို ကူညီပါလိမ့်မယ်။ ကုန်သလောက်ရှိနေတဲ့ သယံဇာတတွေနဲ့တော့ ထပ်မကူညီမိစေဖို့ ဆုတောင်းရတာပဲ။ မြစ်ဆုံကိစ္စ၊ ကျောက်ဖြူရေနံ ဓါတ်ငွေ့ပိုက်လိုင်းကိစ္စ၊ လက်ပန်းတောင်းကြေးနီတောငိကိစ္စတွေ မပြီးခင် နောက်ထပ် ပြသနာသစ်တစ်ခု မီးမွှေးမယ်တော့ မထင်ရပါဘူး။ သူတို့ပိုင်ဆိုင်မှုတွေထဲကနေ ကျေးဇူးရှင်ကြီးကို ကျေးဇူးဆပ်ရင်တော့ ပြောစရာမရှိပါ။

ဗမာပြည်သားအပေါင်း စီးပွားပျက်မဲ့ဘေးမှ ကင်းဝေးကြပါစေ။

ချစ်ခြင်းအားဖြင့်
မောင်လူပေ


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts