MoeMaKa VDO အင်တာဗျူး

မင်းကိုနိုင် သမ္မတကြီး လုပ်မှာလား ဆိုတဲ့ … အမေး ၊ အဖြေ မင်းကိုနိုင်၊ ဂျပန်မြန်မာမိသားစု တွေ့ဆုံပွဲ

မင်းကိုနိုင် သမ္မတကြီး လုပ်မှာလား ဆိုတဲ့ … အမေး အဖြေ မင်းကိုနိုင်၊ ဂျပန်မြန်မာမိသားစု တွေ့ဆုံပွဲ
(ဖေ့စ်ဘွတ်) ဒီဇင်ဘာ ၁၀၊ ၂၀၁၄

https://www.facebook.com/thanyar.khin/about

ဒီဇင်ဘာ ၆၊ ဂျပန်နိုင်ငံ မြန်မာမိသားစုနဲ့ တွေ့ဆုံ မေးမြန်းခန်း ဖြစ်ပါတယ်။

မေးခွန်း ။    ။ ကိုမင်းကိုနိုင်ကို တကယ်လို့ လူထုကဝိုင်းဝန်းပြီး သမ္မတကြီးအဖြစ် ရွေးချယ်တင်မြှောက်မယ်ဆိုရင် လုပ်မှာလားရှင်..။

(ပြီးရော.. သူ့ထက်ရှင်းတဲ့မေးခွန်းတောင် သူ့လောက်မရှင်းဘူး)

ကိုမင်းကိုနိုင်။    ။ အမှန်တရားဟာ နည်းနည်းတော့ ခါးချင်ခါးမယ်။ ရုတ်တရက်လည်း လက်ခံချင်မှလက်ခံမယ်။ ဒါကတော့ စဉ်းစားပါ။ ကျနော်လည်း စဉ်းစားစေချင်တာကိုပြောတာပါ။ နောက်တစ်ခုက လူနဲ့တော့ မစဉ်းစားပါနဲ့ လို့ကျနော် ထပ်ကာထပ်ကာ မေတ္တာရပ်ခံထားတယ်။ ဂျပန်နိုင်ငံမှာ ဝန်ကြီးချုပ်သည် အာဏာအရှိဆုံး။ ဒါပေမယ့် ဂျပန်ဝန်ကြီးချုပ်ကို ကျနော်တို့ မမှတ်မိတော့ဘူး။ လေးနှစ်ကို ခြောက်ယောက်လောက်ပြောင်းနေတော့။ အိုကေ.. ကျနော်တို့ ဒါပဲလိုချင်တာ..။ ဘယ်သူက ဘာရာထူးရသွားတာကအရေးမကြီးပါ။ အဲ့ဒီတိုင်းပြည် စနစ်ခိုင်မာနေပြီဆိုရင် အဲဒီတိုင်းသူပြည်သားတွေ အာမခံချက်ပြည့်ဝတယ်။ ရတယ် အဲဒါဆိုရင်။

အဲဒီတော့ အနာဂတ်မှာ ဘယ်သူ.. ပြောရတာ နည်းနည်းတော့အားနာတယ်။ အဲဒီတော့ ဘယ်သူက ဘာရာထူးရတယ်ဆိုတာက အဓိကမဟုတ်ဘူး၊ စနစ်ဘယ်လောက် အပေါင်းလက္ခဏာဆောင်သွားတယ်၊ လူ့အခွင့်အရေး ဒီမိုကရေစီ ဘယ်လောက်ပြည့်ပြည့်ရသွားတယ်ဆိုတဲ့ အချက်က ပဓာနလို့ ကျနော် မြင်တယ်။

နောက်တစ်ချက်ပြောပါဦးမယ်။ ဒီမေးခွန်းက လူတွေတော်တော်များများ သိချင်ကြတဲ့ ကိစ္စပါ။ အနာဂတ်ကို လူတွေက အနည်းဆုံးက စိတ်ကူးနဲ့ ပုံဖော်ချင်ကြတာပေါ့။ အဲဒီအချိန်မှာ ကိုယ်သိထားတဲ့ဇာတ်ရုပ်တွေပဲ ထိုးထည့်တာပေါ့။ ဇာတ်လမ်းတစ်ခုကို ဖတ်တယ် ၊ ဖတ်ပြီး ဘယ်မင်းသားနဲ့ လိုက်တယ်ဆိုတာ ကိုယ်ကအပြင်ကလူကို မစဉ်းစားတတ်ဘူးလေ၊ ကိုယ်သိတာက နာမည်ထင်ရှားတဲ့သရုပ်ဆောင်တွေပဲ သိထားတော့ အဲဒီလူကိုကောက်ထည့်တယ်၊ ဘယ်သူနဲ့လိုက်တယ်။ ဘယ်သူနဲ့လိုက်တယ် အဲလိုဖြစ်တာကိုး။ တကယ့် တကယ်က တချို့ကားတွေက အရပ်သူ အရပ်သမလေးတွေနဲ့ရိုက်ပြီး အောင်မြင်သွားတာတွေ အများကြီးပါ။ အသစ်တွေထည့်ရိုက်လို့ အောင်မြင်သွားတာတွေလည်း အများကြီးပါ၊ အဲလိုလည်း တွေးပေးပါ။

ကျနော်ကတော့ အရည်အချင်းကိုပဲ ပြောချင်တယ်။ အရည်အချင်းပြည့်မီတဲ့ သူသာလျင် ဖြစ်သင့်တယ်။ ကျနော် chess စစ်တုရင် စကားနဲ့ပြန်ပြောမယ်။ ကျနော်က Bishop ဖြစ်နေရင် မြင်းလိုခုန်လို့မရဘူး။ အဲဒါလေးတော့နည်းနည်းတွေးပေးလေ.. နော် ..ဒါ။ ကျနော့်ပင်ကိုယ်သဘောက အနုပညာကလာပါတယ်။ ကျနော်သေချာပေါက် အနုပညာကို ပြန်သွားမယ့်သူပါ။ ဒါတော့ ကျနော်မညာချင်ဘူး၊ မလိမ်ချင်ဘူး။ အမှန်အတိုင်းပြောထားတာကောင်းမယ်၊ ဒါပေမယ့် ကျနော် ကြောင့်ကြမဲ့တော့မနေပါဘူး။ မျက်နှာလွှဲခဲပစ် မနေပါဘူး။ နိုင်သမျှတော့ကျနော်လုပ်ပေးမှာ။ အားလုံးနဲ့ အတူတူရှိနေချင်တယ်။

နောက်တစ်ခုက နှစ်မျိုးရှိတယ်။ တိုင်းပြည်အတွက်လုပ်ကြတဲ့နေရာမှာ စနစ်ပြောင်းရင်ပြီးရောကွာဆိုပြီး ဝင်ပြောင်းတာ… တော်လှန်ရေးကာလတွေမှာ ဒီလိုပါပဲ၊ ပုဆိုးကွင်းသိုင်းပြီးတိုက်ကြတယ်။ ပြီးတော့ လွတ်လပ်ရေးရတယ် အောင်မြင်တဲ့အခါမှာ ကိုယ့်မိရိုးဖလားအလုပ်ကို ပြန်လုပ်ကြတယ်။ တချို့က အစိုးရထဲဝင်ကြတယ်။ ကောင်းပြီး… နှစ်မျိုးလုံးလိုပါတယ်။ လွှတ်တော်ထဲဝင်ကြမယ်၊ နောက်ဆုံး ရွေးကောက်ခံအဖြစ်.တိုင်းပြည်တာဝန်ကြီးကြီးထမ်းမယ်။ လူငယ်ထဲမှာလည်းရှိတယ်။ နိုင်ငံရေးထဲမှာလည်းရှိတယ်။ သူတို့ဖြည့်ဆည်းရလိမ့်မယ်။ အဲလူတွေ မဖြည့်ဆည်းဘဲနဲ့တော့ မရဘူး။ စီးပွားရေးကို မလေ့လာချင်လို့ မရဘူး။ ကျနော်ပျင်းတယ် ကျနော မလေ့လာချင်ဘူး။ ဒါအမှန်အတိုင်းပြောတာ။ အဲလိုလူမျိုးတွေရှိတယ်။ ကျနော့်လိုလူမျိုးတွေ၊ Freedom Fighter လွတ်မြောက်ရေးအတွက် တိုက်ပွဲဝင်တဲ့သူတွေဟာ ဒီပုံစံရှိတယ်။ ဒါသူတို့ကိုနားလည်ရမယ်။ ကျနော်တို့အပါအဝင်ပေါ့နော်။

နောက်တစ်ခုက တိုင်းပြုပြည်ပြုပုဂ္ဂိုလ်တွေအနေနဲ့ တည်ဆောက်မယ့်သူတွေရှိတယ်။ နှစ်မျိုးလုံးကိုသန်တဲ့သူဆို အကောင်းဆုံးပဲ။ ကျနော်တို့ကတော့ ဖြိုချ ဖျက်ဆီးတာကို အားသန်မိပါတယ်ဗျာ။ အရေးကြီး အန္တရာယ်ရှိအဆောက်အဦးကို ဖြိုချတယ်။ အသစ်တည်ဆောက်မယ့်အပိုင်းကြရင် နောက်မျိုးဆက်ကို ပိုမျှော်တယ်၊ ဘာလို့လဲ သူတို့ဟာ သူတို့လွတ်လပ်တဲ့အတွေးအခေါ်ကနေ အကျင့်ပျက်ခြစားမှုကနေ လွတ်ပါစေလို့ စိတ်ဆန္ဒပြုတာပေါ့နော်။ အဲဒါလေးတွေလိုတယ်။ အဲ့ဒီတော့ ပုံသေကားကျတော့မတွက်ပါနဲ့။ တိုင်းပြည်ကောင်းရင် ပြီးရောမဟုတ်လားလို့ ကျနော်က ပြန်မေးရလိမ့်မယ်။ ပိုပြီးသာတဲ့ ပိုကောင်းတဲ့ အနာဂတ်ရှိအောင်တော့ ကျနော် အစွမ်းရှိသမျှ ကြိုးစားပါ့မယ်။

ဒါပေမယ့် မှန်တာပြောရရင် ကျနော်လူတွေကြားထဲမှာပဲ နေချင်တယ်။ ကျနော် ငါးဟာ ရေနဲ့ဝေးရင်မရဘူး။ ကျနော်သိတယ်။ ကျနော် လူတွေကြားထဲမှာပဲ နေချင်တယ်။ လူတွေရဲ့ ဆန္ဒတွေ၊ ဖြစ်စေချင်မှုတွေ အစွမ်းသတ္တိတွေကို ကျနော်ဖော်ထုတ်ပေးချင်တယ်။ အဲဒီတော့ ပြန်ပြီးတော့ ချုပ်ပါပြီ၊ ကျနော့်ကိုတိုက်ရိုက်မေးတဲ့မေးခွန်းမို့လို့ ကျနော်တိုက်ရိုက်ပြန်ဖြေတာပါ။ ကျနော် မကင်းကွာအောင်နေပါ့မယ်။ တာဝန်ယူမှုလည်း ထိုက်သင့်သလောက်လုပ်ပါ့မယ်။ ဒါပေမယ့် ခုနကလို အာဏာကိုယူတဲ့အထိတော့ ကျနော့်မှာ အစကတည်းက ရည်ရွယ်ချက်မရှိလို့..မို့လို့.. လမ်းတွေ့ရင် ကျနော့်ကျောကုန်းကြီးကို “ဗုန်း”ဆို ရိုက်ပြီး နှုတ်ဆက်လို့ရမယ့် အခွင့်အရေးကို တန်ဖိုးထားပါ။ ကျေးဇူးတင်ပါတယ်။

သက်ဆိုင်ရာ ယူကျ ဗီဒီယို (ဇေယျာ၏ ယူကျုစာမျက်နှာ)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

One thought on “မင်းကိုနိုင် သမ္မတကြီး လုပ်မှာလား ဆိုတဲ့ … အမေး ၊ အဖြေ မင်းကိုနိုင်၊ ဂျပန်မြန်မာမိသားစု တွေ့ဆုံပွဲ
  1. ယုံကြည်ချက်ခိုင်မာ အခွင့်အရေးသမားမဟုတ် လေလှုပ်ရင်ကြွေမဲ့ အာဏာမက်သူမဟုတ် ဆိုတာ သမိုင်းတင်လုပ်တွေက သက်သေတည်လျက်..

Comments are closed.