ခရီးသွား ဆောင်းပါး ရသဆောင်းပါးစုံ

သာထက်အောင် ● လူရောင်စုံ၊ ဘဝရောင်စုံ၊ ဒုက္ခရောင်စုံ (၆)

သာထက်အောင် ● လူရောင်စုံ၊ ဘဝရောင်စုံ၊ ဒုက္ခရောင်စုံ (၆)
(မိုးမခ) မတ်လ ၁၉၊ ၂၀၁၉


ဒီဇင်ဘာ ၇ – ၈ – ၉ သုံးည လွိုင်ကော်မှာအိပ်ပြီး (၁၀) ရက်နေ့မနက် ရန်ကုန်ပြန်ရောက်လာတဲ့ ကျွန်တော် ရန်ကုန်မှာ မပျော် ဘူး ဖြစ်နေတယ်။ နယ်မှာနေရတဲ့အရသာနဲ့ ရန်ကုန်မှာနေရတဲ့ဒုက္ခကို နှိုင်းယှဉ်ပြီး မျက်စိနောက်နားနောက်နေရာကနေ ထွက်ပြေးဖို့ဟန်တပြင်ပြင် ဖြစ်နေပါတော့တယ်။ ဆစ်ဒနီကရပ်ကွက်တခုမှာ ဘူတာဟိုဖက်ခြမ်း ဒီဖက်ခြမ်းနေလာတဲ့ မောင်သန်းဝင်းက မန်းတလေးပြန်ပြီး စီးပွားရေးနဲ့ကြီးပွားလတ္တံ့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ပြန်သွားတာ (၂) နှစ်တောင်ကျော်ပြီ ထင်ပါရဲ့။ သူ့ကိုဖုံးဆက်ပြီး ဟိုတယ်ဘွတ်ကင်လုပ်ခိုင်းတော့ မန်းတလေးမှာ ဟိုတယ်မှအများကြီး၊ လာသာလာခဲ့ပါဆိုတာနဲ့ ၁၂ ရက်နေ့ ည ၁ဝ နာရီထွက်တဲ့ ရွှေမန်းတလေးကားကြီးနဲ့ မန်းမြို့ကိုချီတက်လာပါတယ်။ မဆိုးပါဘူး။ ကားထွက်တာ အ ချိန်မှန်ပါတယ်။ မောင်သန်းဝင်းသင်ကြားထားတဲ့အတိုင်း (1 +) ကိုဝယ်ပါဆိုလို့ ကားဂိတ်မှာ ဝမ်းပလပ်စ် လက်မှတ်ဝယ်ခဲ့ ပါတယ်။ သူတို့ရှင်းပြမှ ဝမ်းပလပ်စ်ဆိုတာ ဒရိုင်ဘာရဲ့နောက် ရှေးဆုံးတန်းခုံ၊ ဘယ်သူနဲ့မှတွဲထိုင်ရတာမဟုတ်တဲ့အတွက် ပိုလွတ်လပ်တယ်။ ရှေဆုံး (၆) ခုံပဲ၊ First Class ဆိုပါတော့။ ဈေးလည်းပိုကြီးတယ်၊ ၃ သောင်းခွဲပေးရပါတယ်။ နောက်က နှစ်ယောက်တွဲခုံတွေကိုတော့ တူးပလပ်စ်လို့ခေါ်ပါသတဲ့။ ဗဟုသုတအများကြီးရပါတယ်။

ခုခေတ်ခရီးသွားရတာ ကျွန်တော်တို့ငယ်ငယ်တုန်းကနဲ့ ဘာမှမဆိုင်တော့ဘူး။ ကားကြီးတွေက ကောင်းလည်းကောင်း၊ ထွက်ချိန်လည်းမှန်ပြီး ကားပေါ်မှာ ရေတဘူး၊ ကော်ဖီတခွက်၊ ဘီစကစ် ၂ ချပ်နဲ့ ခြုံစရာစောင်တထည်ပေးပါတယ်။ နောက် ကိုလှန်လို့ရတဲ့ခုံနဲ့ အဲယားကွန်းနဲ့ဆိုတော့ သိပ်မပင်ပမ်းလှပါဘူး။ ဟိုတုန်းကများတော့… မရေးပါရစေနဲ့ဗျာ။ သာယာဝပြော တဲ့လူ့ဘောင်သစ်ကြီးကို ချီတက်မယ့် မဆလခေတ်ကြီးကိုမှီခဲ့တဲ့ ၆ဝ ကျော် ၇ဝ တန်းတွေကောင်းကောင်းသိပါတယ်။ မှောင်ခိုခေတ်လို့ခေါ်တဲ့ ၇ဝ ခုနှစ်ဝန်းကျင်လောက်က ကျောက်ပန်တောင်းကြေးနီရထားတို့၊ မော်လမြိုင်ရန်ကုန်ရထားတို့ဆို တာ လူ့ဂုဏ်သိက္ခာနဲ့မလျော်ညီတဲ့ ခရီးလမ်းတွေပေါ့။ ကျွန်တော်တို့ကျောင်းသားဘဝ ကျောင်းဖွင့်လို့ ရန်ကုန်ပြန်တဲ့ခရီး ခု ခေတ်ကလေးများသိအောင် နည်းနည်းတော့ရေးပြပါရစေ။

ဆင်ဖြူကျွန်းဆိုတာ မြစ်အနောက်ဖက် စလင်းမြို့နယ်ထဲပါတဲ့ တောမြို့ကလေးပါ။ ရန်ကုန်သွားမယ်ဆိုရင် ချောက်ကိုမော် တော်စီး၊  ချောက်ကမှကြေးနီ (သို့) ကျောက်ပန်းတောင်းရထားစီး။ အဲဒါမှမသွားချင်ရင် ရေနံချောင်းကို မော်တော် (သို့)အစုန်လေးလို့ခေါ်တဲ့ ပြည် – မန်းတလေး ဆွဲတဲ့နှစ်ထပ်သင်းဘောကို စောင့်စီး။ ဒီသင်းဘောကလည်း ဘယ်အချိန်ဆိုက် ရောက်လာမယ်ဆိုတာ ဘယ်သူမှအတပ်မပြောနိုင်။ သင်းဘောမလာလို့ မြင်းလှည်းနဲ့အိမ်ပြန်လာရတဲ့အခေါက်မျိုးတွေ လည်းရှိပါတယ်။ ရေနံချောင်းမှာ တညအိပ်ပြီး နောက်နေ့ထွက်မယ့် နာမည်ကျော်ထွန်းပဝင်းဆိုတဲ့ စစ်ကျန်ချက်ပလက် ဘတ်စ်ကားကြီးနဲ့ ရန်ကုန်ကို ၂၄ နာရီအတွင်းရောက်တယ်ဆိုရင် တော်တော်ကုသိုလ်ထူးလို့ပါ။ ဘီးပေါက်တာ၊ ရှပ်ကျိုးတာ ၊ ပန်ကာကြိုးပြတ်တယ်ဆိုတာကတော့ စာမဖွဲ့လောက်ပါဘူး။ ကားပျက်လို့ လမ်းဘေးအိပ်ခဲ့ရတာတွေ၊ ထမင်းငတ်ခဲ့ရတာ တွေနဲ့ကြုံခဲ့ဖူးပြီး ကားပေါ်မှာဒူးကွေးပြီး ငပိသိပ် ငချဉ်သိပ် လိုက်ခဲ့ရတာတွေဟာ ငယ်တုန်းမို့ပါ။ ခုအရွယ်နဲ့ဆို ကားပေါ်တင် လျောသွားနိုင်ပါတယ်။ ဒီလမ်းတွေမကြိုက်လို့ မကွေးကနေသွားချင်ရင်လည်း ရပါတယ်။ အဲ…တံတားတွေမထိုးရသေးတဲ့ ခေတ်ဆိုတော့ မုန်းတို့ မန်းတို့ဆိုတဲ့ချောင်းတွေကို ပုဆိုးမ ထမိန်မပြီး ခဲရာခဲဆစ်ကူးရတာလေးတော့ရှိသပေါ့လေ။ ထားပါ တော့။ ခု .. သူများနိုင်ငံတွေလို ကျည်ဆန်ရထားတွေ၊ မိုးပျံတံတားကြီးတွေ မသုံးနိုင်ဦးတော့ ဟိုတုန်းကလိုတော့ ဒုက္ခဆင်းရဲ မခံစားရတော့ပါဘူး။

အဝေးပြေးဂိတ်ကို မောင်သန်းဝင်းလာကြိုပါတယ်။ ဘယ်ဟိုတယ်ကောင်းလဲမေးတော့ ဘယ်ဟိုတယ်မှမသွားနဲ့။ ကျနော်မှာ အခန်းလွတ်တွေ အများကြီးရှိတယ်။ ကြိုက်တဲ့အခန်းမှာ ကြိုက်သလောက်နေဆိုပြီး သူ့ရဲ့ ၈၄ လမ်းပေါ်က တိုက်ခန်းတွေဆီ ခေါ်လာပါတယ်။ ခဏနား၊ ရေမိုးချိုး ဘရိတ်ဖတ်စားပြီး နှစ်ယောက်သား မန္တလေးတောင်ကို ထွက်ခဲ့ပါတယ်။ မရောက်တာ ကြာတောင်း ကြာလှပါပကော။ ၆၉ ခုနှစ် ကျောင်းသားဘဝရောက်ခဲ့ဖူးပေမယ့် ခုလိုကားနဲ့ တက်လို့ မရသေး။ တောင်ပေါ် ခြေလျင်ခြေလျင်လျောက်တက်မှ တောင်တက်ခြင်းအရသာ ခံစားရပေမပေါ့။ ခု တက်ပါ့လားဆိုရင် တက်နိုင်တော့မည်မ ထင်။ ဘုရားဝတ်ပြုပြီး တောင်ပေါ်ကနေ ဟိုး.. အဝေးကိုငေး နေမိပါတယ်။ ဒီရှုခင်း ဒီအလှတွေ နဲ့ဝေးခဲ့တာကြာလို့ထင်ပါရဲ့။ကြည့်လို့မဝနိုင်။ ဟိုးမှာ..စိမ်းစိမ်းညိုညိုတောင်တန်းတွေ၊ မန္တလေးရဲ့အသည်းနှလုံး နန်းမြို့ရိုးက တည်ငြိမ်ရင့်ကျက်စွာ။ တောင်ပေါ်စေတီက ဆည်းလည်းသံလွင်လွင်၊ တောင်အောက်ကစေတီဘုရားတွေက မန္တလေးတောင်ဝန်းကျင်ကို ပိုမိုကြည် ညို၊ အလှကိုတိုးစေ။

မန္တလေး …. ဒို့ရွှေမန္တလေး။ မြန်မာ့ထီးနန်း နောက်ဆုံးမင်းဆက်တည်ရာမြို့။ ကိုယ့်ထီး ကိုယ့်နန်း ကိုယ့်ကြငှန်းနဲ့ တင့်တယ်စွာ တည်ရှိခဲ့တဲ့မြို့။ အရှင်နှစ်ပါး ပါတော်မူတာတာကို မျက်ဝါးထင်ထင်မြင်လိုက်ရတဲ့မြို့။ မြန်မာ့ယဉ်ကျေးမှု အမွေအနှစ်တည် ရာမြို့။ မန္တလေးကို မသိရင် မြန်မာဆိုတာမသိလို့ ပြောရလောက်အောင် မြန်မာဆန်တဲ့မြို့။ ငေးကောင်း တွေးကောင်းနေတုန်း မှာပဲ အသံစာစာ ရယ်သံလွင်လွင်ကြားလိုက်လို့ လှည့်ကြည့်လိုက်တော့ ဆယ်ကျော်သက်ကလေးမလေးတသိုက်။ ဖြူဖြူ ချောချော သစ်သစ်လွင်လွင်နဲ့ ကြေးရည်တတ်ထဲကထင်ပါရဲ့။ မြန်မာစကားကို အညာဆန်ဆန်မပြောတတ်သေးတဲ့ စိန သွေး စပ်ကလေးမလေးတွေရဲ့အသံ အဝေးရောက်သွားမှ အတွေးစကပြန်ဝင်လာပါတယ်။

မန်းတလေးပြန်မရောက်တာကြာပြီဆိုပေမယ့် မန်းတလေးနဲ့ပတ်သက်တဲ့ သတင်းတွေကတော့ကြားပါတယ်။  မန်းတလေး မြို့ ကြီးကို မန်းတလေးမြို့ကြီးကို အသားဝါဝါ မျက်ပေါက်ကျဉ်းကျဉ်းတွေ ဝါးမြိုသွားပြီတို့၊ မြို့ထဲကဆိုင်တွေမှာ ဘူးသီးငါး ပေါင်းကြော်စာတွေပဲတွေ့ရတယ်တို့၊ မန္တလေးဟာ တရုတ်ရဲ့ကိုလိုနီဖြစ်သွားပြီတို့…စတဲ့ မြို့ခံတွေရဲ့မကျေနပ်သံ၊ မျိုးချစ်ဆိုသူအချို့ရဲ့ငြီးတွားသံတွေ မကြာမကြာ ကြားရပါတယ်။ အကြောင်းကြောင့် အကျိုးဖြစ်တယ်ဆိုတာကို ယုံကြည်ကြတဲ့ ဗုဒ္ဓ ဘာသာအများစုနေထိုင်ရာ မန်းတလေးမှာ ဘယ်လိုအကြောင်းတွေကိုအရင်းခံပြီး တရုတ်တွေ မန်းတလေးကိုရောက်လာ ကြသလဲ။ ရောက်လာတဲ့တရုတ်တွေက အရှေ့ပိုင်းဘီဂျင်း ရှန်ဟိုင်းတရုတ်တွေလား၊ ဒါမှမဟုတ် ဒီနားတဝိုက်က ယူနန်၊ ဝ၊ ကိုးကန့်တရုတ်တွေလား။ သူတို့ ဘယ်လိုအကြောင်းကြောင့် ဘယ်လိုနည်းနဲ့ရောက်လာကြသလဲ။ ဇစ်မြစ်ကိုလိုက်ရင်…ကျေးဇူးတော်ရှင် စစ်အာဏာရှင်တသိုက်ရဲ့ကောင်မှုတော်ကြောင့် မပင့်မဖိတ်ရပဲ တရုတ် (သို့) တရုတ်စကားပြောသော ဝ တို့ ကိုးကန့်တို့ အခြေချလာတာပါ။ နောက်ဆုံးတော့ နိုင်ငံရေးပါပဲ။

လောကနိဗ္ဗာန်ကိုတည်ဆောက်မယ့် မဆလပါတီကြီးနဲ့ အာဏာရူးစစ်ဗိုလ်တချို့ကြောင့် လောကငရဲ ခံစားနေကြရတဲ့ ပြည် သူတွေဟာ ၈၈ ခုနှစ်မှာ စစ်အာဏာရှင်စနစ်ကို ရိုက်ချိုးနိုင်ခဲ့ပေမယ့် ပြည်သူတွေရဲ့အသက်သွေးချွေးများစွာ စတေးခဲ့ရပါ တယ်။ အရာရာကို လက်နက်နဲ့သာဖြေရှင်းတတ်တဲ့ စစ်အာဏာရှင်တွေဟာ ၈၈ အရေးကိုလည်း လက်နက်နဲ့ဖြေရှင်းခဲ့တဲ့ အတွက် ကမ္ဘာ့အလယ်မှာ အထီးကျန်ဘဝနဲ့ကိုးရာမဲ့ ကယ်ရာမဲ့ဖြစ်ခဲ့ရပါတယ်။ အဲဒီအချိန်မှာ အိမ်နီးချင်းဖြစ်တဲ့ တရုတ် ပြည်ကြီးက တံခါးဖွင့်ပေါ်လစီနဲ့ စီးပွားရေး အရှိန်ရနေပါပြီ။ တကမ္ဘာလုံးက အောကြောလန်ပြီး ပိတ်ဆို့ဒဏ်ခတ်နေချိန်မှာ သယံဇာတပေါကြွယ်လှတဲ့ရွှေပြည်ကြီးကို တရုတ်က စာနာမေတ္တာထားပြီး ကုလသမဂ္ဂမှာ ဗီတိုအာဏာ လှိုင်လှိုင်သုံးပြီး အကာအကွယ်ပေးခဲ့ပါတယ်။ ၉ဝ ခုနှစ်ရွေးကောက်ပွဲရလဒ်ကို မျက်နှာပြောင်တိုက်ပြီး အနိုင်ရပါတီကို အာဏာလွဲမပေးတဲ့ အပြင် ရွေးကောက်ခံကိုယ်စားလှယ်တွေကို ထောင်ထဲသိမ်းကြုံးထည့်ခဲ့ပါတယ်။ မိုက်လက်စနဲ့ မိုက်တွင်းနက်ဖို့ဆုံးဖြတ်ထားတဲ့စစ်ဗိုလ်တွေဟာ ဒေါ်စုကို လုပ်ကြံသတ်ဖြတ်ဖို့အထိ ကြံစည်လာပါတော့တယ်။

အဲဒီလိုစိတ်ပျက်ဖို့ကောင်းလှတဲ့နိုင်ငံရေးအခင်းအကျင်းမှာ တရုတ်က စစ်ဗိုလ်တွေနောက်က မားမားမတ်မတ်ရပ်တည်ပေး ပြီး တခြားကမ္ဘာ့နိုင်ငံကြီးတွေကိုတော့ သူများပြည်တွင်းရေးဝင်မစွက်ဖို့ပြောရင်း သူတနိုင်ငံတည်းကပဲ ဝင်ရောက်စွက်ဖက် လာပါတော့တယ်။ စီးပွားရးအရ၊ နိုင်ငံရေးအရ တရုတ်အပေါ် လုံးဝမှီခိုလိုက်ရတဲ့အခါ အချုပ်အခြာအာဏာကိုပါ ထိပါးလာ ပါတော့တယ်။ အုပ်ချုပ်သူတွေ ခြာတဲ့အခါ အာဏာကို သူများတွေဝင်ရောက်စွက်ဖက်တာကို ခံလိုက်ကြရပါတယ်။ ကျေးဇူးသိတတ်တဲ့စစ်ဗိုလ်ချုပ်များက သူတို့အာဏာတည်မြဲရေး၊ စစ်ခုံရုံးအတင်မခံရရေးတို့မှာ အများကြီးအကူအညီပေးခဲ့တဲ့ တရုတ်ကြီးများကို မြေပေါ်မြေအောက် သယံဇာတနဲ့သော်လည်းကောင်း၊ တဖက်သတ်အသာစီးယူထားတဲ့ စီမံကိန်းပရော ဂျက်များနဲ့သော်လည်းကောင်း၊ အတိုးကြီးကြီးချေးငွေများနဲ့သော်လည်းကောင်း ကျေးဇူးဆပ်ခဲ့ကြပါတယ်။ ဘိန်းဘုရင်ဖြစ်တဲ့ ဝတို့ ကိုးကန့်တို့နဲ့ ပူးတုံကွာတုံလုပ်ခဲ့တာလည်း ဒီ နဝတ၊ နအဖစစ်ဗိုလ်ချုပ်တွေပါပဲ။ ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံငယ်လေး တခုက ကမ္ဘာ့အချမ်းသာဆုံးစာရင်းဝင် နိုင်ငံကြီးတခုနဲ့ အိမ်နီးချင်းဖြစ်ကြပြီဆိုရင် နိုင်ငံငယ်လေးရဲ့ကံကြမ္မာကိုခန့်မှန်းလို့ရလောက်ပါတယ်။ အဝတ်အထည်၊ စားသောက်ကုန်၊ လူသုံးကုန်ပစ္စည်းအားလုံးလိုလို တရုတ်ကမှာယူတင်သွင်းနေရတော့ နှစ်နိုင်ငံကုန်သွယ်ရေးမှာ တဖက်စီးနင်းဖြစ်လာပြီး  နောက်ဆုံး နယ်စပ်က ယူနန်တရုတ်တွေ မတရားချမ်းသာလာပြီး မန္တ လေးမှာ အိမ်တွေခြံတွေဝယ်၊ မူးယစ်ဆေးနဲ့ကြီးပွားလာတဲ့ ဝ တွေ၊ ကိုးကန့်တွေက တိုင်းမှူးဆိုသူတွေကို ခါးပိုက် ထောင် ထဲထည့်ပြီး ခြစားနေတဲ့ဝန်ထမ်းတွေနဲ့ပေါင်း၊ ငွေလျံသူနဲ့ အာဏာထန်သူတို့ပေါင်းမိပြီး မိရိုးဖလာ မန္တလေးချက်မြှုပ်တွေက တော့ ဝေးရာလွင့်သွားရတဲ့အဖြစ်ဟာ ဇာတ်နာအောင်ရေးထားတဲ့ဝတ္ထုမဟုတ်ပါဘူး။
အင်္ဂလိပ်နယ်ချဲ့က စစ်ပွဲသုံးကြိမ်ဆင်နွှဲပြီးမှ ၁၈၈၅ မှ အရှင်နှစ်ပါးကို ဂေါဝိန်ဆိပ်က ကြက်ကလေး ငှက်ကလေးဖမ်းသလို ဖမ်းသွားတာကို ကိုယ်တွေ့ကြုံရဖူးတဲ့ မန္တလေးသားတွေ နောင်နှစ်ပေါင်း ၁၀၀ ကျော်တဲ့အခါ သေနတ်တချက်မှမဖောက်ရဘဲ တရုတ်ရဲ့ စီးပွားရေးကိုလိုနီ ကျွန်ပြုခြင်းကိုခံရပြန်ပါတယ်။

သေနတ်ဖောက်ပြီး နယ်ချဲ့တဲ့ခေတ် ကုန်ပြီကွ၊ ကုန်ပြီ .. မင်းသိလား ….
အကိုကြီး ဘာတွေပေါက်ကွဲနေတာလဲ …

ဘာမှမဟုတ်ပါဘူးကွာ … ပြန်ကြစို့ …

ရင်ထဲက စကားလုံးတွေ အန်ပွင့်လာတယ်ထင်ရဲ့။ မောင်သန်းဝင်းလှုပ်နှိုးမှ သတိပြန်ဝင်လာပြီး တောင်ပေါ်က ဆင်းခဲ့ကြပါ တယ်။ အားလုံးပုံမှန်ပါပဲ။ စားမြဲ သွားမြဲ ပျော်မြဲ မန်းတလေးကျုံးဘေးမှာ လူတွေ၊ နေရောင်အလင်းနဲ့ ဝင်းပလှပ်နေတဲ့ ကျုံးရေပြင် .. မြို့ရိုး ပြအိုး၊ ပစ္စင်၊ သမိုင်းတန်ဖိုး၊ ဇာတိမာန် … မိုက်မဲသူတစုရဲ့ အာဏာ အဝိဇ္ဇာအောက်မှာ တို့စုန်းစုန်းမြုပ်ခဲ့ရပြီ။ တရုတ်ကြီးလည်း ချမ်းသာ၊ဗိုလ်ချုပ်ကြီးများလည်း ချမ်းသာ၊ တိုင်းပြည်နဲ့လူမျိုးကတော့ ဆင်းရဲသွားပြီဆိုတဲ့စကားလုံးနဲ့ မလုံလောက်သေးပဲ မွဲပြာကျသွားပြီလို့ပြောမှ ကွက်တိကျပါလိမ့်မယ်။

ညနေစောင်းတော့ သူငယ်ချင်းခင်မောင်အုန်း ဆိုင်ကယ်လေးနဲ့ ပေါက်ချလာပါတယ်။ သူနဲ့ကျွန်တော်က ၆၉ ခုနှစ်တုန်းက နန်းရှေ့ဆောင်မှာ အတူနေခဲ့ကြဖူးပါတယ်။ ဆေးတက္ကသိုလ်အမှတ်မှီပေမယ့် မိဘတပါးက FRC ဖြစ်လို့ဆိုတဲ့ မဟာပညာ ကျော်များချမှတ်ခဲ့တဲ့စနစ်ကြောင့် ဘူမိအဓိကနဲ့ရောက်လာတာပါ။ အလွန်စာတော်တဲ့ကပြားတွေ ဘူမိမှာအများကြီးပါ။ ဘူမိနဲ့ကျောင်းပြီးလာတဲ့ သူငယ်ချင်းလည်း အစိုးရဝန်ထမ်းလုပ်ခဲ့ပုံမပေါ်။ ခုတော့ အသက်က ၇ဝ။ လူပျိုကြီးလို့ပြောတာပဲ။

“မင်း..ဘယ်သွားချင်သလဲမေးတော့”….”ကျောင်းသွားကြည့်ရအောင်”…။

၆၉ ခုနှစ် ပထမနှစ်ပြီး ရန်ကုန်တက္ကသိုလ်ကို ထရန်စဖါလုပ်ပြီးကတည်းက မန်းတက္ကသိုလ်ကိုပြန်မရောက်တော့။ ဆိုင် ကယ်နောက်ခွပြီး နှစ်ယောက်သား ကျောင်းဘက်ချီတက်လာပါတယ်။ ဆိုင်ကယ်တွေများလှတဲ့မြို့၊ ယာဉ်စည်းကမ်း လမ်း စည်းကမ်းထက် နားလည်မှုနဲ့မောင်းတဲ့မြို့၊ ကိုယ့်လူကလည်း အသက်က ၇ဝ၊ မျက်မှန်သမား။ ကိုယ်ကလည်း ဆိုင်ကယ် စီးကျင့်မရှိသူဆိုတော့ နောက်ကဘုရားစာရွတ်လိုက်ရပါတယ်။ ကျောင်းဝရောက်တော့ စားပွဲတလုံးနဲ့လုံခြုံရေးလား ဂိတ် စောင့်လားမသိတဲ့ ကောင်မလေးတယောက်က ကျောင်းထဲအထိ ဆိုင်ကယ်စီးလို့မရဘူးဆိုတာနဲ့ လမ်းဘေးမှာဆိုင်ကယ် ထားခဲ့ပြီး ဟိုဟိုသည်သည်ကြည့်နေတဲ့ ကျွန်တော်တို့ကို “ဦးတို့က ဧည့်သည်တွေလား” တဲ့။ ကောင်မလေးကစပ်စုတော့ “အေး…တို့က ဒီကျောင်းက ကျောင်းသားဟောင်းတွေပါ၊ ကျောင်းကိုလွမ်းလို့ပြန်လာကြည့်တာ။ ” ဘယ်နှစ်ကတက်ခဲ့တာလဲ ဦး” လွန်ခဲ့တဲ့နှစ်ပေါင်း ၅ဝ က ဆိုတော့ ကောင်မလေး ကျွန်တော်တို့ကိုကြည့်ပြီး အံသြနေပုံပေါ်ပါတယ်။ အနားကဖြတ် သွား တဲ့အမျိုးသမီးတယောက်ကို”.. ဆရာမ…ဟောဒီမှာ ကျောင်းသားဟောင်းတွေ..အလည်လာကြည့်တာတဲ့” …

“ကျမက …ဌာနက ဒုတိယပါမောက္ခပါ။ ဦးတို့ကျောင်းတက်တော့ ကျမတခါလည် သမီးရှိသေးတယ်”။ သြော် ..ကုန်လွယ် လိုက်တဲ့အချိန်တွေ။ ဒီကျောင်းတော်ကြီးမှာတက်ခဲ့တုန်းက ဆယ်ကျော်သက်၊ ခု ပြန်လာကြည့်တော့ ဇရာအိုဖြစ်နေပြီ။ ကျွန်တော်တို့ကျောင်းတက်စဉ်က ဦးကိုလေးရုပ်တုတို့၊ ဦးရာဇတ်ရုပ်တုတို့မရှိသေး။ ကိုယ်တက်ခဲ့တဲ့နေရာလေး အလွမ်း ပြေသွားကြည့်တော့ စိတ်မကောင်းဖြစ်ရပြန်ရော။ ခြုံနွယ်ပိတ်ပေါင်းတွေဖုံးပြီး သံဇကာကာ သော့ခတ်ထားတဲ့ ဒဿနိကနဲ့ စိတ်ပညာဌာနကိုကြည့်ပြီး ဒီဘာသာရပ်တွေသင်ချင်တဲ့ကျောင်းသားတွေ ရှိမှရှိသေးရဲ့လားလို့ တွေးမိပါသေးတယ်။ မြန်မာ ပြည်မှာ မြန်မာစာအဓိကနဲ့ ဘွဲ့ယူချင်သူသိပ်မရှိတော့။ ၁ဝ တန်းကို စိတ်ကြိုက်မြန်မာစာနဲ့ဝင်ဖြေတဲ့သူ လက်ချိုးရေလို့ရ တယ်။ သမိုင်းဌာနဆိုတာ ကြာရင်ရှိပါဦးမလားမသိ။ ဘယ်တော့များမှ ကမ္ဘာကရိုသေလေးစားလောက်တဲ့ တက္ကသိုလ်တွေ ၊ ပညာရေးစနစ်ကောင်းတွေပေါ်လာမလဲလို့စဉ်းစားရင်း ငယ်စဉ်က ပညာရင်နို့သောက်စို့ခဲ့တဲ့ အမိမန်းတက္ကသိုလ်ကို သမင် လည်ပြန်တချက်ကြည့် လက်ြပနှုတ်ဆက်ခဲ့ပါတယ်။

(ဆက်ရေးပါဦးမည်)

သာထက်အောင်
၁၆၊ ၃၊ ၂၀၁၉


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts