ကိုသန်းလွင် ရသဆောင်းပါးစုံ

ကိုသန်းလွင် ● အီဂျစ်မှနောက်ထပ် ဖါရိုဘုရင်

ကိုသန်းလွင် ● အီဂျစ်မှနောက်ထပ် ဖါရိုဘုရင်
(မိုးမခ) မတ်လ ၁၉၊ ၂ဝ၁၉

(၁)
အီဂျစ်ပြည်တွင် ဖါရိုဘုရင်ကြီး ဟုတင်စားခေါ်ဝေါ်ခြင်းခံရသူ ဟော့စနီမူဘာရက် (Hosni Mubarak) အနှစ် ၃ဝ ကြာ အုပ်စိုး နေခြင်းကို ပြည်သူလူထုက လမ်းများပေါ်ထွက်၍ဆန္ဒပြခြင်းဖြင့် လွန်ခဲ့သောရှစ်နှစ်က အဆုံးသတ်စေခဲ့ကြပါသည်။ ထို အချိန်မှစ၍ အီဂျစ်လူမျိုးသည် ရွေးကောက်ပွဲများကျင်းပခြင်းနှင့် ဆန္ဒခံယူပွဲများကျင်းပခြင်းကြောင့် (၉) ကြိမ်တိုင်တိုင် မဲများ ထည့်ခဲ့ကြပါသည်။ ယခု သမ္မတစီစီ (Abdel Fattah el-SiSi) မှာ လွန်ခဲ့သောနှစ် ဧပြီလက ရွေးကောက်ပွဲပြန်လည်အရွေးခဲ့ရပြီး နောက်ထပ် (၄) နှစ် သူ၏သက်တမ်းကို အတည်ပြုခဲ့ကြပါသည်။

၎င်းသည် သူ၏နောက်ဆုံးသက်တမ်းဖြစ်ရမည်ဟု အီဂျစ်တမျိုးသာလုံးက နားလည်ခဲ့ကြပါသည်။ ယခု ထိုသို့မဟုတ်တော့ပါ။

(၂)
ဖေဖော်ဝါရီလစောစောပိုင်းက အီဂျစ်ပါလီမန်က အဆိုပြုချက်တခုကို စောလျင်စွာ ပူးပေါင်းပြင်ဆင်၍ ဖွဲ့စည်းပုံအခြေခံဥပဒေ ကို ပြင်ဆင်ရန် အစပြုခဲ့ပါသည်။ သမ္မတ၏ လုပ်ဆောင်ပိုင်ခွင့်ပါဝါကို ပို၍ကျယ် ပြန့်စေသည့်အပြင် လေးနှစ်သက်တမ်းမှာလည်း မဟုတ်တော့ဘဲ (၆) နှစ်ဖြစ်သွားရပါသည်။ သမ္မတစီစီသည် ၂ဝ၃၄ ခုနှစ်အထိ သမ္မတအဖြစ်နေနိုင်မည်ဖြစ်ပါသည်။

ထိုပြင်ဆင်မှုများကိုတွေ့ရသောအခါ တူရကီနိုင်ငံ ၂ဝ၁၇ ခုနှစ်က ဖွဲ့စည်းပုံဥပဒေပြင်ဆင်ခဲ့သည်ကို သတိရစေပါသည်။ သမ္မ တဖြစ်သူ အက်ဒဝန် (Recep Tayyip Erdogan) က သူသမ္မတအဖြစ်နေခဲ့ပြီးသောနှစ်များကို ထည့်သွင်းစဉ်းစားခြင်းမရှိဘဲ ရှေ့ဆက်ရမည့်နှစ်များကိုသာရည်ရွယ်ပြီး ပြင်ဆင်ခဲ့ပါသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြင်ဆင်ခြင်းမှာ သမ္မတစီစီကို အသက်ရှင်နေသ၍သမ္မတ အဖြစ်နေစေပြီး အခြားဖါရိုဘုရင်တစ်ယောက်ကို ထပ်မံဖန်တီးပေးသလို ဖြစ်နေပါသည်။

ပါလီမန်တွင်ကန့်ကွက်သူ ၁၆ ယောက်ရှိပါသည်။ ၁၇ ယောက်ဟုလည်းပြောကြပါသည်။ သို့သော် ထောက်ခံမဲက ၄၈၅ မဲရှိရာ ဖွဲ့စည်းပုံပြင်ဆင်မည့်ဘက်က အနိုင်ရရှိသွားပါသည်။

ဖွဲ့စည်းပုံပြင်ဆင်ရေးမှာ စပ္ပါယ်ရှယ် ကော်မတီမှ ပြုပြင်ခြင်း၊ အပြန်အလှန် ဆွေးနွေးခြင်းတို့ပြုလုပ်ပေးရန်လိုပြီး ပါလီမန်ကိုပြန်လည်တင်ပြရမည်ဖြစ်ပါသည်။ ထို့နောက်မှ အတည်ဖြစ်ရန် ပြည်သူသို့ ဆန္ဒခံယူပွဲကျင်းပရမည်ဖြစ်ပါသည်။ ဤပြင်ဆင်ချက် တရပ်လုံးမှာ ဧပြီလလယ် (သို့မဟုတ်) မေလဆန်းတွင် ပြီးစီးမည် ဖြစ်ပါသည်။ မေးစရာ မေးခွန်းများရှိသည်မှာ မဲပေးပွဲတွင် ဘာတွေဖြစ်မလဲဆိုတာဖြစ်ပြီး မဲပေးပွဲ မတိုင်မီတွင်လည်း ဘာတွေဖြစ်ဦးမည်မသိဖြစ်နေပါသည်။

အချို့ကလည်း ဆန္ဒခံယူပွဲမှာအဖြေထွက်ပီးသား၊ မဟုတ်လျှင်လည်း အဖြေကိုမရ ရအောင် (Rig) လုပ်မည်ဟုဆုံးဖြတ်ထား ပြီးသားဟု အလွယ်တကူ ကောက်ချက်ချကြသည်။ မေးခွန်းမေးရန်ရှိသည်မှာ အီဂျစ်ပြည်သူများ၊ ဒေါက်တာများ၊ ပရော်ဖက်ဆာများMPများမှာဆန္ဒခံယူပွဲအဖြေကိုနားလည်နားလည် သဘောပေါက်ခြင်းရှိမရှိဖြစ်သည်။ သမ္မတစီစီသည်နောက်ထပ်၁၅နှစ်မျှကြာအောင်အီဂျစ်ကိုအုပ်ချုပ် ပါလိမ့်မည်။ ပြည်သူတို့သည် ၁၅ နှစ်ကြာအောင် ခံနိုင်ရည်ရှိမရှိ စဉ်းစားရပါသည်။

ကိုင်ရိုမြို့တော်၏ ဆင်ခြေဖုံးဒေသများ၊ တောင်ပိုင်းကျသောမြို့များ အလက်ဇန္ဒီးယား၊ မင်ရာမြို့များမှာ နိုင်ငံ၏ဆင်းရဲသား များနေထိုင်ရာနေရာများဖြစ်သည်။ ထိုသူတို့သည် ဖွဲ့စည်းပုံပြင်ဆင်ခြင်းကို အာရုံမစိုက်နိုင်ကြဘဲ နေ့စဉ်နှင့်အမျှ မြင့်တက်နေ သော ကုန်ဈေးနှုန်းကသာ အဓိကစိတ်ဝင်စားစရာ ဖြစ်နေသည်။ ၂ဝ၁၄ ခုနှစ်က မီးရထားလက်မှတ်သည် အီဂျစ်ငွေ ၁ ပေါင် မျှပေးရပြီးယခု ၇ ပေါင်ဖြစ်နေသည်။ ဆီတပုံးမှာ ၈ ပေါင်ပေးခဲ့ရပြီး၊ ယခုအခါ ပေါင် ၅ဝဖြစ်နေပြီ။

မကြာမှီက အိုင်အမ်အက်ဖ် (IMF) မှ ဒေါ်လာ ၁၂ ဘီလီယံချေးငွေကြောင့် ဤအခက်အခဲများဖြစ်လာရပြီး သူတို့သည် အ ပြောင်းအလဲကို မျှော်လင့်နေကြသည်။ ဤပြင်ဆင်မှုကို ဆန့်ကျင်ကြသူများအနေဖြင့် ဤပြင်ဆင်ချက်အပေါ်ဝေဖန်ခြင်း (Campaign) ကလုပ်၍ “နိုး” လုပ်ကြဖို့ နိုးဆော်ခြင်းစသည်တို့ကို မတွေ့ရပေ။ တိုင်းပြည်၏အတိုက်အခံအင်အားစုအတွက် တိုင်းပြည်ကိုလမ်းကြောင်း ပြောင်းပေးနိုင် သည့် အခွင့်အရေးတရပ်ဖြစ်ပေသည်။

သမ္မတထရမ့်ကစီစီကို ”Great guy” ဟုပြော လေ့ရှိပြီး စီစီလုပ်သမျှကိုထောက်ခံမည့်သဘောရှိနေသည်။ နိုင်ငံခြားရေးဝန်ကြီး ပွန်ပီရို (Mike Pompeo) ကမူသူ၏ ဇန်နဝါရီလ အလည်အပတ်လာရောက်စဉ်က သမ္မတကို ချီးချီးပပပြောသွားသည်။ ယခု သမ္မတထရမ့်မှာ သူ၏အရှုတ်တော်ပုံများနှင့် လုံးခြာလိုက်နေသဖြင့် တစုံတရာဝေဖန်ပြောဆိုရန် အလှမ်းဝေးသည်။

ကမ္ဘာ့ကုလသမဂ္ဂ (Atomic Energy Agency) တွင် တာဝန်ထမ်းဆောင်ခဲ့ပြီး နိုဘယ်ဆုချီးမြှင့်ခြင်းခံရသူ အယ်ဘာရာဒိုင်း (ElBaradei) မှာ အီဂျစ်နိုင်ငံ၏ ဒုတိယသမ္မတအဖြစ်တာဝန်ထမ်းဆောင်ခဲ့သည်။ စီစီ၏ စစ်သားများက ဆန္ဒပြသူ ၈ဝဝ ကျော်ကိုသတ်ဖြတ်သောကြောင့် ၂ဝ၁၃ ခု၊ သြဂုတ်လတွင် ရာထူးမှနုတ်ထွက်ခဲ့ပြီး ယခုအခါ ပြည်ပသို့ရောက်ရှိနေသည်။ သူက “အာရပ်နွေဦး နောက်ကြောင်းပြန်” နေပြီဟု တွစ်တာတွင်ရေးသားခဲ့သည်။

အီဂျစ်၏ လူ့အခွင့်အရေးဖေါက်ဖျက်မှုများမှာ သိသာလှသည်။ လူထောင်ပေါင်းများစွာကို ထောင်သွင်းအကျဉ်းချထားပြီး ဝက်ဘ်ဆိုက်ပေါင်းများစွာကို ပိတ်ပင်ခံရသည်။ သတင်းကိုမှောင်ချထားပြီး သတင်းမီဒီယာများမှာလည်း အစိုးရ၏ထိမ်းချုပ်မှုအောက်တွင်ရှိသည်။ အကျဉ်းထောင်များတွင် ညှဉ်းပန်းနှိပ်စက်မှုများကို လုပ်ဆောင်နေသည်ဟု လူ့အခွင့်အရေးအဖွဲ့များက ပြောကြသည်။

၂ဝ၁၁ ခုနှစ် မူဘာရတ်ပြုတ်ကျခဲ့သောတော်လှန်ရေးတွင် ဖေဖော်ဝါရီ  ၁ ရက်နေ့သည် အဓိကကျသည်။ ထိုနေ့တွင် အဓိက ရုဏ်းနှိမ်နင်းရေးပုဂ္ဂိုလ်များသည် မိမိတို့နေရာများကိုစွန့်ခွာပြီး ဆန္ဒပြသူများနှင့် ပူးပေါင်းခဲ့သည်။ ဆန္ဒပြသူများက “လူတ သန်းကျော်ချီတက်မည်” ဟု သန္ဓိဌာန်ချ၍ စည်းရုံးခဲ့ကြသည်။ ထိုနေ့က ယခင်က ကြောက်ရွံ့၍ရှောင်တိမ်းနေခဲ့ကြသော မိ သားစုများ၊ ဆင်းရဲသားများအားလုံးက စုပေါင်းဆုံးဖြတ်လိုက်ကြသောနေ့ဖြစ်သည်။ ထိုအချက်များ စုပေါင်း၍ မူဘာရက် ပြုတ်ကျခဲ့ရခြင်းဖြစ်ပါသည်။

ယခုအချိန်သည်လည်း အီဂျစ်ပြည်သူအပေါင်းအတွက် ထိုကဲ့သို့စည်းလုံးညီညွတ်စွာဖွဲ့စည်ပုံ ပြင်ဆင်ရေးကို ဆန့်ကျင်ကြရ မည်အချိန်ဖြစ်ပါသည်။

(၃)
ကမ္ဘာတွင် အမေရိကန်၏ဦးဆောင်မှု ဆုတ်ရုတ်လာနေချိန်တွင် လူ့အခွင့်အရေးချိုးဖောက်မှုများကို ကျယ်ကျယ်ပြန့်ပြန့်လုပ် ဆောင်နေကြပါသည်။ ဖိလိပိုင်တွင် လူမြောက်များစွာကို ဆေးမှုဖြင့်သတ်ခဲ့သော သမ္မတက ဂျာနယ်လစ်များကို ဖမ်းဆီး ထောင်ချနေသည်။ ကမ္ဘောဒီးယားတွင် အရှည်ကြာဆုံးအာဏာရှင်ကြီးက အမတ်အများစုကို ထိမ်းချုပ်ထားသည်။ တရုတ်၊ အီဂျစ်၊ ယူဂန္ဓာ၊ ရုရှားနှင့် တူရကီတို့တွင် ခေါင်းဆောင်များက သူတို့အသက်ရှိသ၍ ခေါင်းဆောင်လုပ်မည်ဟု ကြွေးကြော် နေကြပါသည်။ ဆော်ဒီအိမ်ရှေ့မင်းသားမှာဂျာနယ်လစ်တစ်ယောက်ကိုသတ်သည်ဟုသံသယရှိနေကြပြီး ပိုလန်၊ ဘရာဇီး၊ ဟန်ဂေရီတို့မှာ အာဏာကိုမက်သောခေါင်းဆောင်များကြောင့် ဒီမိုကရေစီမှာ နောက်တန်းရောက်နေရသည်။

သူတို့သည်ယခင်က “ငါတို့ဒီလိုလုပ်ရင် အမေရိကန်ကဘာပြောမလဲ” ဟု မှန်ရှေ့တွင် မေးခဲ့ကြပါသည်။ အမေရိကန်တို့က ” လုပ်ချင်ရာလုပ် ငါတို့စိတ်မဝင်စား” ဟုသာ ဖြေပါလိမ့်မည်။

ကိုသန်းလွင်
Ref: El-Sisi May Rule Egypt Until 2034, Under Parliamentary Plan by Declan Walsh New York Times February 14 2019


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts